ဗလာနယ်ရဲ့ မူလ
Vol. 121 Ch. 1662
အဖြူရောင်ငှက် အဝေးသို့ ပျံသန်းထွက်သွားသည်ကို ကြည့်လိုက်ပြီး ဝမ်လင်းက သူ့အကြည့်ကို ပြန်ရုတ်သိမ်း၏။ သူသည် မီးတောင်သေကို အချိန်အတန်ကြာ စိုက်ကြည့်နေသည်။ ထို့နောက် သူသည် လှည့်ထွက်ကာ အဝေးသို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းသွားတော့သည်။
ယနေ့သည် သူ ကျောက်နိုင်ငံကနေ ထွက်လာပြီးနောက် ဆယ့်ကိုးနှစ်မြောက် ဖြစ်၏။ သူ အသက်ရှစ်ဆယ်ပြည့်သည့်နှစ်လည်း ဟုတ်သည်။
ဟိုဖန်နိုင်ငံအပြင် သည်ကုန်းမြေပေါ်၌ တခြားနိုင်ငံများလည်း ရှိကြသေး၏။ သို့သော် ဝမ်လင်းသည် မသွားတော့ပေ။ ဟိုဖန်နိုင်ငံသည် သူ နောက်ဆုံး လာရောက်သည့်နေရာပင်။
သည်တောင်ရှိ တစ်နေရာတွင် လီမူဝမ်၏ ကလန်အပြင်ဘက်၌ ပျက်စီးနေသော အိမ်တစ်လုံး ရှိ၏။ ၎င်းကို ဟိုးလွန်ခဲ့သော အချိန်မည်မျှက ဆောက်ခဲ့သည်ကိုမူ မသိရပေ။ မည်သူတို့ ဆက်၍ နေသည်ကိုလည်း မသိရပေ။ ဝမ်လင်းသည် သည်နေရာတွင် နေထိုင်မှု စတင်၏။
သည်နေရာကနေ သူသည် လီမူဝမ် ရှိနေသော ကလန်ကို မြင်နိုင်မည်။ သူမ၏ တည်ရှိမှုကို ခံစားနိုင်မည်ပင်။
“ကံမ္မဆိုတာ ဘာလဲ…။ မတွေးနဲ့၊ မစဉ်းစားနဲ့။ နေဝင်နေထွက်တာကို ကြည့်။ မိုးရွာတာကို မြင်ရလိမ့်မယ်၊ နှင်းကျတာကို မြင်ရလိမ့်မယ်။ ရာသီတွေ ပြောင်းလဲနေတာ တွေ့ရလိမ့်မယ်။ ဒါဟာ မှန်လားမှားလား မတွေးနဲ့။ သေခြင်းရှင်ခြင်းကြားလည်း စိတ်ရှုပ်မခံနဲ့။ မင်းဘဝရဲ့ ကျန်တဲ့အချိန်ကို ငြိမ်သက်တိတ်ဆိတ်စွာနေ…”
မိုးကုပ်စက်ဝန်းထက်၌ နေဝင်သွားသည်ဖြစ်စေ၊ နေထွက်လာသည်ဖြစ်စေ ကျောက်တုံးတစ်ခုပေါ်တွင် အမြဲထိုင်ကာ အဝေးရှိ တောင်ကို ငြိမ်သက်စွာ ကြည့်နေသော အဘိုးအိုတစ်ယောက် ရှိလေသည်။
“ဘဝရဲ့ ကံမ္မအားလုံးဟာ မင်း ဒါကို ကံမ္မအကြောင်းရင်းလို့ ပြောနေသ၍ ကံမ္မအကြောင်းရင်းပဲ။ မင်း ကံမ္မအကျိုးဆက်လို့ ပြောနေသ၍ ကံမ္မအကျိုးဆက်ပဲ။ ဘာကြောင့်များ အကြောင်းရင်းတစ်ခုကို အပင်ပန်းခံပြီး ရှာဖို့ လိုမလဲ…” ဝမ်လင်းသည် တစ်နှစ်ပြီးတစ်နှစ် ထိုတောင်ကို ကြည့်ကာ တည်ငြိမ်နေသည်။
သူသည် မစားပေ။ စားစရာလည်း ရှိမနေပေ။ သူသည် ဆာလောင်သည်ကိုလည်း မေ့နေပြီ။ အရာအားလုံးကို မေ့ထားလေပြီ။
ဝမ်လင်းသည် လောကကို ကြည့်နေ၏။ သည်နှစ်များအတွင်း ကလန်မှ ကျင့်ကြံသူများစွာ ပျံသန်းနေသည်ကို မြင်သည်။ ထိုသူများထဲတွင် လီမူဝမ်လည်း ပါသည်။
“ဒီလောက…ဒီကြယ်ရောင်စုံကောင်းကင်…ဒါတွေအားလုံးဟာ ကံမ္မအစုအပေးတစ်ခုကြောင့် ဖြစ်ပေါ်နေတာပဲ။ ဒါဟာ ကံမ္မရေစက်ပဲ…” ဝမ်လင်းသည် အိပ်မက်အလား တစ်နှစ်ပြီးတစ်နှစ်၊တစ်ရက်ပြီးတစ်ရက် ဖြတ်သန်းနေသည်။
အချိန်ကုန်လွန်လာသည်။ မျက်စိတစ်မှိတ်အတွင်း ခုနစ်နှစ် ရှိသွားခဲ့ပြီ။ သည်နှစ်များအတွင်း ဝမ်လင်းသည် အတော်များများကို သင်ယူခဲ့ကာ လောကအကြောင်း နားလည်ဆင်ခြင်ခဲ့သည်။
သည်နှစ်များအတွင်း လီမူဝမ်၏ကလန်ကလည်း သူ့ကို တွေ့ကြသည်ပင်။ ကလန်၏အကြီးအကဲများက သူ့ရှိ ရောက်လာတတ်ကြ၏။ သူတို့က ဝမ်လင်း၏အခြေအနေနှင့် သူ့ဟာသူ တီးတိုးပြောနေသော စကားများကို ကြားသည့်အခါ တုန်လှုပ်မိကုန်သည်။
ဝမ်လင်းသည် ဒီတောင်တွင် တစ်ယောက်တည်း မဟုတ်တော့ပေ။ သိပ်မကြာခင်တွင် သူ့ပတ်လည်၌ ကျင့်ကြံသူများစွာ ဝိုင်းထိုင်ကြလေပြီ။ မည်သည့်ကျင့်ကြံသူကမျှ ပြန်မထွက်သွားကြပေ။
သူတို့သည် ဝမ်လင်းပတ်လည်တွင် ထိုင်ကာ တာအိုကို လိုက်လံရှာဖွေနေသည့်အလား။
တစ်နှစ်ပြီးတစ်နှစ် ဟိုဖန်နိုင်ငံမှ ကျင့်ကြံသူများ နေရာဒေသအသီးသီးကနေ ပိုပို ရောက်လာကြသည်။
ထိုကျင့်ကြံသူများကြားတွင် အချို့က အခြေခံတည်ဆောက်ခြင်းအဆင့်သို့ပင် မရောက်ကြသေးပေ။ အချို့ကတော့ စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်တွင် ဖြစ်၏။ အာဏာတက်ခြင်းအဆင့်သို့ ရောက်သည့်သူတော့ မပါဝင်ပေ။ သို့သော် သူတို့၏ ကျင့်ကြံမှုအဆင့်ကို မည်သို့ပင်ဖြစ်စေဖြစ်စေ သူတို့သည် ဝမ်လင်းအတွက် သာမညပင်။
မည်သည့်ကျင့်ကြံမှုပင် ဖြစ်စေ သူတို့သည် တောင်ရှိ တစ်နေရာတွင် ထိုင်ကြရ၏။ နေရာအတွက် တိုက်ခိုက်ကြသည်လည်း မရှိပေ။ သူတို့သည် နေရာတွင် ငြိမ်သက်စွာ ထိုင်၍ ဝမ်လင်း၏ စကားများကို နားထောင်ကြ၏။
ဝမ်လင်း စကားမပြောသည့်အခါ သူတို့သည် ကျင့်ကြံကြသည်။
“ကံမ္မရေစက်ဟာ အတူတကွ စုဝေးကြတယ်။ တဖြည်းဖြည်းနဲ့ ကံမ္မအကျိုးဆက် ဖြစ်လာတယ်။ ဒါဟာ ကံမ္မပဲ။ ငါ ကံမ္မကို နားလည်ဖို့ ဆယ်စုနှစ်တွေကြာ ကုန်ဆုံးခဲ့တယ်။ ငါဟာ ကံမ္မအကြောင်းရင်းနဲ့အကျိုးဆက်ရဲ့ကြားကို ရှာတွေ့ခဲ့တယ်။ ဒါဟာ ကံမ္မရေစက်ပဲ…”
“ရေစက်သာ မရှိရင် ကံမ္မဆိုတာလည်း မရှိဘူး…” ဝမ်လင်းသည် ပြုံး၍ စကားဆိုသည်။
တောင်ပေါ်တွင် ပိုများပြားသော ကျင့်ကြံသူများ ထိုင်နေကြပြီ။ သိပ်မကြာခင်တွင် တောင်ခြေ၌ နေရာလွတ် မရှိတော့ပေ။ ဝမ်လင်း ရှိနေသော တောင်ပတ်လည်ရှိ ကီလိုမီတာဒါဇင်ချီတွင် ကျင့်ကြံသူများဖြင့် ပြည့်နေကြလေပြီ။
သည်ကုန်းမြေပေါ်ရှိ ကျင့်ကြံသူအားလုံးနီးပါးသည် သည်နှစ်များအတွင်း ထူးဆန်းစွာ ခံစားမိရာကနေ ဒီနေရာသို့ တဖြည်းဖြည်း ရောက်လာကြခြင်း ဖြစ်၏။ သည်နေရာတွင် ကျင့်ကြံသူမြောက်များစွာ ရှိနေကြပြီး ဝမ်လင်းကို အလေးအမြတ် ပြုနေကြ၏။
အချို့ကျင်ကြံသူများဆို တခြားကုန်းမြေကနေ ပင်လယ်ကိုဖြတ်၍ သို့မဟုတ် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်များမှ တဆင့် ရောက်လာကြခြင်း ဖြစ်သည်။ ထိုအထဲတွင် စိတ်ဝိညာဉ်သန့်စင်ခြင်းကလန်မှ သွန်းထျန်၊နန်ထျန်နှင့် ထိုကလန်၏ တပည့်များစွာ ပါဝင်၏။
ရွှယ်ယွဲ့နိုင်ငံမှ ကျင့်ကြံသူများလည်း ရှိကြ၏။ အေးစက်စက်အမျိုးသမီး၏ ဦးဆောင်မှုအောက်တွင် သူတို့သည် ထူးဆန်းသောခံစားမှုကြောင့် ရောက်လာကြခြင်းပင်။ သူတို့သည် ထိုင်၍ ငြိမ်သက်စွာ တာအိုကို ရှာဖွေကြသည်။
ထိုအမျိုးသမီးသည် ဘယ်သောအခါမှ ကြီးပြင်းမလာသည့်ပုံရသော ကလေးမငယ်လေးကို ချီထား၏။
ကျိုးဝူထိုင်နှင့် တခြား ဝမ်လင်း သိရှိသော လူများလည်း ရောက်လာကြသည်။ ယွမ်ချွဲဇီသည်ပင် အကွာအဝေးတစ်ခုတွင် ထိုင်နေ၏။
ထျန်ဟွယွမ်၊ ဟောင်လုံ၊ ရှုဖေး၊ ကျိုးယု၊ ဝမ်ကျိုးနှင့် တခြား ဝမ်လင်း မသိသော လူအများလည်း ရောက်နေကြသည်။ သူတို့သည် အကွာအဝေးတစ်ခုတွင် ထိုင်နေကာ ဝမ်လင်းကို ကြည့်နေကြ၏။
အဆုံးသပ်၌ ကျူးချွဲဇီသည်ပင် လေဟာနယ်ကို ချိုးဖျက်ကာ ရောက်လာခဲ့၏။ သူသည် ဝမ်လင်း၏ အထက်တွင် ရှိနေပြီးနောက် ငြိမ်သက်စွာ အချိန်အကြာကြီး စဉ်းစားနေသည်။ ထို့နောက် သူသည် နေရာလွတ်တစ်ခုကို ရှာကာ ထိုင်ချလိုက်သည်။
“လျှိုမေနဲ့ငါ တွေ့ဆုံခဲ့တာ။ ကံမ္မကို ဖန်တီးခဲ့တာဟာ ကံမ္မရေစက်ကြောင့်သာ ဖြစ်တယ်…”
“စိတ်ဝိညာဉ်သန့်စင်ခြင်းကလန်နဲ့ ပတ်သတ်မှုဟာလည်း ကံမ္မရေစက်ကြောင့်ပဲ…”
“အနီရောင်လိပ်ပြာဖြစ်ဖြစ် ဒါမှမဟုတ် တခြား ဒီလောကရဲ့ ဘာပဲဖြစ်ဖြစ် အားလုံးသော ကံမ္မဟာ ရေစက်ကြောင့်သာ ဖြစ်တယ်။ ဒီလောကထဲမှာ အရာအားလုံးဟာ အမှန်တရားပဲ။ ရေစက်…ရေစက်…ရေစက်…”
“ဒီရေစက်ဟာ ပြင်ပသက်ရောက်မှုအားတစ်မျိုးပဲ။ ၎င်းကြောင့်သာ ကံမ္မအကြောင်းရင်း ဖြစ်တာ။ ပြီးတော့ ဒီနှစ်ခု ပေါင်းစပ်ပြီး ကံမ္မအကျိုးဆက် ဖြစ်ပေါ်တာ။ ယောက်ျားနဲ့မိန်းမ ပေါင်းဖက်ပြီး ကလေးတစ်ယောက် ရသလိုမျိုးပေါ့။ ယောက်ျားနဲ့မိန်းမဟာ ကံမ္မအကြောင်းရင်း၊ သူတို့နှစ်ယောက် ပေါင်းဖက်ရတာကတော့ ကံရေစက်ကြောင့်။ ကလေးရတာဟာ ကံမ္မအကျိုးဆက်ပဲ…” ဝမ်လင်းသည် ပြုံး၍ ညင်သာစွာ သက်ပြင်းချလိုက်၏။
သည်အခိုက်အတန့်တွင် တောင်ပေါ်ရှိ ကလန်မှ လူတစ်ယောက် လှမ်းလျှောက်လာသည်။ သူမသည် အရင်ကလိုပင် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမသည် နူးညံ့ညင်သာသောဟန်အမူအရာ ပိုင်ဆိုင်ထား၏။ သူမသည် လီမူဝမ်ပင်။
“လာခဲ့ပါ…” ဝမ်လင်းသည် ပို၍ပင် အိုစာလာခဲ့၏။ သို့သော် သူ့အိုမင်းသောခန္ဓာကိုယ်မှ ကောင်းကင်နှင့်မြေကြီး၏ အရှိန်အဝါ ပေးစွမ်းနေသည်။ သည်နှစ်များအတွင်း ဉာဏ်အလင်းရပြီးနောက် သူကိုယ်တိုင်ပင် ကောင်းကင်နှင့်မြေကြီး ဖြစ်လာသည့်နှယ်။
သူသည် ညာလက်ကို ဆန့်ထုတ်ကာ လီမူဝမ်ကို ခေါ်လိုက်၏။ ဝမ်လင်း၏မျက်လုံးထဲတွင် ကြင်နာမှုတို့ ရှိနေ၏။ သူ့အသံသည်ပင် တွယ်ငြိမှု ကပ်ပါနေသည့်ဟန် ရသည်။
လီမူဝမ်၏ မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးမှုတို့ ပြည့်နေ၏။ သူမ၏စိတ်နှလုံးအတွင်းမှ ဝမ်လင်းကို အလွန်ရင်းနှီးသလို ခံစားမိနေ၏။ သည်လိုရင်းနှီးမှုမျိုးက သူမ၏နှလုံးသားထဲတွင် စွဲထင်နေသည့်အလား။ သံသရာတစ်လျှောက်လုံး ကပ်ပါလာမည့်အလား။
သူမသည် ဝမ်လင်းဘေးနားသို့ ရောက်လာခဲ့၏။ ဝမ်လင်းက သူမလက်ကို ဆွဲလိုက်ပြီး မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ ရှေ့တွင်ပင် ကျောက်တုံးအပေါ် သူနှင့်အတူ ထိုင်စေလိုက်သည်။
“ဒါပေမဲ့လို့ ရေစက်ကြောင့် စတင်ခဲ့တဲ့ ကံမ္မဟာ ဒီလောကကနေ တဖြည်းဖြည်း ပျောက်ကွယ်သွားလိမ့်မယ်။ ဒါဟာ ဗလာနယ်ပဲ။ ပျောက်ကွယ်သွားရတဲ့ အကြောင်းရင်းဟာ ဒီရေစက်က အစပိုင်းမှာပဲ တည်ရှိဖို့ လိုအပ်လို့ ဖြစ်တယ်။ မတည်ရှိရင် မပျောက်ကွယ်ဘူး။ ရှိခဲ့ရင်လည်း ဒါဟာ ဗလာနယ်ပဲ။ ဒါဟာ ကံမ္မရဲ့အဆုံးသပ်ကို ငါ နားလည်တဲ့ အရာလည်း ဟုတ်တယ်…”
“ဒါပေမဲ့ ဒါက အဆုံးသပ် မဟုတ်တာလည်း ဖြစ်နိုင်တယ်။ မတည်ရှိတာလည်း ဖြစ်နိုင်တယ်။ ဒါဟာ ဗလာနယ်တစ်ခုသာပဲ…”
ဝမ်လင်းသည် ပြုံးလိုက်၏။ သူ့ဘယ်လက်ကို လီမူဝမ်၏ မျက်ခုံးနှစ်ခုကြားသို့ တင်လိုက်သည်။
ထိုလက်တင်လိုက်မှုတွင် မည်သည့်စွမ်းအားမှ မပါဝင်ပေ။ သို့သော် သူ့လက် ကျရောက်သွားသည်နှင့် သူမ၏စိတ်ထဲရှိ ချိပ်ပိတ်မှုတစ်ခုမှာ ပျက်စီးသွားသည်။ လီမူဝမ်၏ ခန္ဓာကိုယ်သည် တုန်ယင်လာကာ သူမသည် သူ ပြုလုပ်ထားသော ဒီလောကရှိ မှတ်ဉာဏ်များထံမှ ပထမဆုံး နိုးထလာသူ ဖြစ်လာခဲ့တော့သည်။
“ဝမ်လင်း…” လီမူဝမ်၏ မျက်လုံးထဲတွင် မျက်ရည်များ ပြည့်လျှံ့လာ၏။ မျက်ရည်စီးကြောင်းနှစ်ခု လိမ့်ဆင်းကျလာသည်။ သူမသည် ဝမ်လင်း၏ အိုမင်းသောမျက်နှာကို ကြည့်ကာ သူမ၏လက်ကို ပင့်မြှောက်၍ သူ့မျက်နှာကို ထိကိုင်သည်။ မျက်ရည်များ ပိုစီးကျလာသည်။
သို့ရာတွင် သည်မျက်ရည်များမှာ ပျော်ရွှင်မှုနှင့်နွေးထွေးမှုအငွေ့အသက်တို့ ပါဝင်ချေ၏။ သူမသည် ဝမ်လင်းအိုမင်းသည်ကို ဂရုစိုက်မနေဘဲ သူ့အား တင်းကြပ်စွာ ဖက်လိုက်၏။
“ငါဟာ မတည်ရှိဘူး။ အားလုံးဟာလည်း မတည်ရှိဘူး။ ဒါ့ကြောင့်ပဲ ပျောက်ကွယ်တယ် ဆိုတဲ့ စကားတစ်ခွန်းကသာ တည်ရှိတယ်။ ဒီစကားထဲမှာ အစစ်အမှန်နဲ့အတုအယောင်၊ သေခြင်းနဲ့ရှင်ခြင်းလည်း ပါဝင်တယ်…”
“ကံမ္မ…အမှန်နဲ့အမှား၊ သေခြင်းနဲ့ရှင်ခြင်းအားလုံးဟာ ဗလာနယ်ထဲကနေ အမှန်တကယ် ထွက်လာတာ။ ပြီးတော့ နောက်တစ်ခွန်းသာ ငါ ဆိုလိုက်ရင် ဒီအိပ်မက်ဟာ အဆုံးသပ်သွားလိမ့်မယ်…” ဝမ်လင်းသည် လီမူဝမ်ကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
ဤကား အိပ်မက်တစ်ခုပင်။ သူ ကျောက်နိုင်ငံရှိ တည်းခိုးခန်းတစ်ခု၌ လူငယ်အဖြစ် မူးသည့်အချိန်မှစ၍ နောက်ထပ် နှစ်ပေါင်းခြောက်ဆယ်အထိမှာ အိပ်မက်တစ်ခုသာ ဖြစ်သည်။
ပိုပိုများပြားသော ကျင့်ကြံသူများသည် တောင်ပတ်လည်သို့ စုဝေးလာကြပြီး
တစ်ကြိမ်မျှသာ မြင်တွေ့ခဲ့ဖူးလျှင်ပင် သူ့အိပ်မက်ထဲ၌ တွေ့ကြုံခဲ့သည့် ကျင့်ကြံသူအားလုံးပါ ရောက်လာကြပေပြီ။ သူတို့အားလုံးသည် တောင်ရှိ ကျောက်တုံးပေါ်တွင် ထိုင်နေသော ဝမ်လင်းနှင့်လီမူဝမ်တို့ကို ကြည့်နေကြသည်။
အချိန်သည် ထာဝရ ကြာမြင့်မည့်အလား။ ဝမ်လင်း လီမူဝမ်ကို ပွေ့ဖက်ထားသည်မှာ အချိန်မည်မျှ ကြာသွားသည်ကို မသိရပေ။ သူတို့သည် နေထွက်ချိန်၊နေဝင်ချိန်တို့ကို အတူတကွ ကြည့်နေကြပြီး နှစ်ယောက်သား ကုန်ဆုံးလာသည့်နှစ်များကို ရေတွက်ကြ၏။
“ကံမ္မ…ဒါဟာ ဗလာနတ္တိဖြစ်တဲ့အတွက် ဖြတ်တောက်လို့ မရနိုင်ဘူး။ ကံမ္မဟာ ကံမ္မပဲ။ ကံမ္မရေစက်က ဒီဗလာနယ်ထဲမှာ ပျံ့ကျဲနေရာကနေ စုဝေးကြတယ်…” ဝမ်လင်း၏အသံသည် လောကတစ်ခွင် မရေမတွက်နိုင်သော သစ်ရွက်ကြွေများအဖြစ် ပြောင်း၍ ပျံ့နှံ့လေသည်။ သူ့စကားသံများ (ဝါ) သစ်ရွက်များသည် မည်သည့်နေရာကနေ မည်သည့်အရပ်သို့ သွားမည်ကို မသိရလေပါ။
ပူးနေသော သစ်ရွက်နှစ်ရွက်ကတော့ ဝမ်လင်းနှင့်လီမူဝမ်တို့ရှေ့သို့ ဖြည်းဖြည်းချင်း ကျရောက်လာ၏။ ယင်းသစ်ရွက်များက တစ်ယောက်လက်ကို တစ်ယောက် ဆုပ်ကိုင်ကာ မည်သည့်အခါမျှ မခွဲခွာတော့သည့်အလား ထင်မှားရလေ၏။
“ငါ မျက်လုံးမှိတ်လိုက်တဲ့အခိုက် အဲ့နေ့တုန်းက နင့်ရဲ့ ဝမ်းနည်းတဲ့အသွင်ဟန်ပန်ဟာ ငါ့စိတ်နှလုံးသားထဲမှာ စွဲထင်နေခဲ့တယ်…”
“ဒီအိပ်မက်ထဲမှာ ငါဟာ နင်နဲ့အတူ ရှိခဲ့တယ်။ နင် ထွက်သွားတာကို စောင့်ကြည့်ခဲ့တယ်။ နင် နိုးထလာတာကို စောင့်ကြည့်နေခဲ့တယ်။ ငါဟာ အိပ်မက်ထဲမှာပဲ ရှိနေတုန်းပဲ။ နင့်ကို စောင့်နေတုန်းပဲ…” လီမူဝမ်သည် ဝမ်လင်းကို ကြင်နာဟန်အပြည့်ဖြင့် ကြည့်လိုက်၏။ သူမသည် ဝမ်လင်း၏ ပါးရေနားရေတွန့်နေပြီ ဖြစ်သော မျက်နှာအိုကို ပွတ်သပ်ကာ ခပ်ဖွဖွဆိုနေ၏။