မိန်းမလှ…
Vol. 121 Ch. 1663
လီမူဝမ်၏ နူးညံ့သောအသံသည် ဝမ်လင်း၏နားထဲသို့ တိုးဝင်လာသည်။ ဝမ်လင်း၏စိတ်နှလုံးမှာ တည်ငြိမ်သွား၏။ သူ့အိုမင်းသောမျက်နှာမှာ ရုတ်တရက် ငယ်ရွယ်သွားသည့်နှယ်။ သူသည် လီမူဝမ်ကို ကြည့်နေပြီး အချိန်ကာလကိုပါ မေ့နေတော့သည်။
ဝမ်လင်းသည် သူ၏ ဒီအိပ်မက်ထဲမှ လီမူဝမ်၏ စကားလုံးများကို သူ့သဏ္ဌာန်၌ စွဲထင်နေစေမည် ဖြစ်သည်။ သူသည် ယင်းစကားများကို လုံးဝ မေ့မည် မဟုတ်ပေ။ သူ့စိတ်ထဲတွင် သူတို့နှစ်ယောက် နှစ်များစွာ အတူရှိခဲ့သော တောင်ကြားတစ်ခု ပေါ်လာ၏။
ထိုတောင်ကြားတွင် ပန်းများ ပွင့်လန်းနေပြီး တနေ့ပြီးတနေ့၊ တစ်နှစ်ပြီးတစ်နှစ် ကုန်လွန်လာကာ ပန်းများ ခြောက်ကပ်သွားကာ သူတို့နှစ်ယောက်သည် ထာဝရ တည်ရှိတော့မည့်အလား။ ကုချင်းသံကလည်း အဖော်ပြုပေးနေသေးသည်။ သူ မနိုးထချင်ပေ။ ဝမ်လင်းသည် ထိုအခြေအနေကနေ မနိုးထလိုပေ။
ထိုတောင်ကြားထဲ၌ သူသည် လီမူဝမ် ဆံပင်များ ဖြူသွားသည်ကို ကြည့်နေခဲ့၏။ ထို့နောက် သူမ တဖြည်းဖြည်း အရိုးစုဖြစ်သွားခဲ့သည်။ ထိုရက်စက်ဖွယ်မြင်ကွင်းသည် သူ့နှလုံးသားကို မချိမဆန့်နာကျင်စေ၏။ ဝမ်းနည်းစေ၏။
သူသည် လီမူဝမ်ကို ထွေးဖက်ကာ ကောင်းကင်ထက်သို့ နာကျင်စွာ အော်ဟစ်ခဲ့သည်ကို မှတ်မိနေသေးသည်။
“ကောင်းကင်ဘုံက နင့်ကို သေစေချင်ရင်တောင်…ငါ နင့်ကို ပြန်ခေါ်ယူမယ်…”
အတိတ်တုန်းက ထိုစဉ်က သူ အော်ဟစ်ကြွေးခဲ့သော ထိုအသံသည် ဝမ်လင်း၏စိတ်ထဲတွင် အမြဲတမ်း ပဲ့တင်ထပ်နေခဲ့သည်ပင်။ ထိုအသံသည် ဒီအိပ်မက်ထဲကနေ ထွက်ပေါ်လာကာ ဝမ်လင်း၏ခွန်အားတစ်ခု ဖြစ်လာလေ၏။
“ဒီအိပ်မက်…နေ့ရက်တွေအဆုံးသပ်တဲ့အခါထိ ငါ့ကို နင်နဲ့အတူ ရှိခွင့်ပေးပါ…” လီမူဝမ်သည် ဝမ်လင်းကို တင်းကြပ်စွာ ထွေးဖက်ထား၏။ သူ ထွက်သွားမည်ကို သူမ စိုးကြောက်သည့်အလား။ သူမသည် ဝမ်လင်းအနား ခပ်ဖွဖွ ထပ်ခါထပ်ခါ ပြောရင်း မျက်ရည်များ စီးကျလာသည်။
သူမသည် အကြိမ်မည်မျှ ပြောခဲ့ပြီးသည်ကိုပင် မသိတော့ပေ။
ဝမ်လင်းက သူ၏အိုမင်းနေသော လက်ဖြင့် လီမူဝမ်၏ဆံနွယ်များကို သပ်ပေးလိုက်သည်။ သူ့အမူအရာသည် နူးညံ့နေပြီး သူ ခေါင်းညိတ်လိုက်သည်။
ထိုအမျိုးသမီး၊ သူမ သေဆုံးပြီးနောက် နှစ်ပေါင်းတစ်ထောင် ရှိခဲ့လျှင်ပင် သူမ၏ပုံရိပ်သည် ဝမ်လင်း၏စိတ်ထဲ၌ ပို၍ နေရာယူလာခဲ့သည်။ သူမသည် သူ့အတွက် အရာရာ ဖြစ်လာခဲ့သည်။
လျှိုမေဖြစ်စေ၊ လီချန်မေဖြစ်စေ တခြား သူနှင့် တွေ့ဆုံခဲ့သော မိန်းမလှများအားလုံးမှာ သူမ၏နေရာတွင် အစားထိုး နိုင်လိမ့်မည် မဟုတ်ပေ။ သူတို့သည် ဝမ်လင်း၏နှလုံးသားထဲ လျှောက်လှမ်းနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။
အတိတ်တုန်းက ဝမ်လင်းသည် လီမူဝမ်၏ခန္ဓာကိုယ်ကို ထွေးပွေ့ထားပြီး နာကျင်ပူဆွေးစွာ အော်ဟစ်ခဲ့ချိန်တည်းက သူ့နှလုံးသား သေဆုံးသွားခဲ့ပြီကို သူ သိပေသည်။
ဝမ်လင်းသည် ခေါင်းမော့ကာ ကောင်းကင်ထက်သို့ ကြည့်လိုက်သည်။ ကောင်းကင်ယံ၌ အဖြူရောင်ငှက်တစ်ကောင် ပျံဝဲကာ သူ့ကိုယ်သူ ခပ်တိုးတိုး ပြောလိုက်သည့်အလား ထင်မှတ်ရသည်။ “မင်း ဒီကံမ္မကို ဖြတ်တောက်ချင်သေးလား။ ဖြတ်တောက်နိုင်လား…”
ကျောက်နိုင်ငံကနေ ထွက်လာပြီး သုံးဆယ့်တစ်နှစ်မြောက်၌ ဝမ်လင်းနှင့်လီမူဝမ်တို့သည် ကျင့်ကြံသူမြောက်များစွာ ဝန်းရံ၍ ကျောက်တုံးတစ်ခုပေါ်တွင် ထိုင်နေလေပြီ။ ဝမ်လင်းသည် လီမူဝမ်ကို ပြုံး၍ သူမလက်ကို ဆုပ်ကိုင်ထားသည်။ သူသည် သူမနှင့်အတူ လောကကို ဆင်ခြင်လေ၏။
ဝမ်လင်းသည် စကား ပိုပိုနည်းလာသည်။
“ဗလနတ္ထိကနေ မူလအစ ဖြစ်လာတယ်။ ဒါဟာ ကံမ္မပဲ။ မင်းတို့အားလုံး နားလည်နိုင်မယ်ဆိုရင် တာအိုကို ဖြစ်ပေါ်နိုင်မယ်…” ကျောက်နိုင်ငံကနေ ထွက်လာပြီး သုံးဆယ့်နှစ်နှစ်မြောက်၌ ကောင်းကင်ထက်မှ နှင်းများ ကျဆင်းနေ၏။ ဝမ်လင်းသည် ကျောက်တုံးပေါ်တွင် ထရပ်၏။ သို့သော် သူ့ခန္ဓာကိုယ်မှာ အလွန်တရာ အားနည်းနေပြီ။ သူသည် သူ့သက်တမ်း အဆုံးသပ်တော့မည်ကို သိသည်။ သူ ဆန္ဒမရှိလျှင်ပင် သူ သေရပေတော့မည်။
သည်အိပ်မက်မှာ အလွန့်အလွန် အစစ်အမှန် ဆန်လွန်း၏။ သည်အိပ်မက်ထဲ၌ သူသည် သေမျိုးတစ်ယောက်သာ ဖြစ်သည်။
သေခြင်းတရား အဆုံးသပ်ပြီး အိပ်မက် အဆုံးသပ်မည်။ သို့သော် အလားတူပင် ၎င်းမှာ အရာအားလုံးကို ပြန်အစပြုခြင်း ဖြစ်၏။
လီမူဝမ်ကမူ ငယ်ရွယ်နုပျိုနေဆဲ ဖြစ်၏။ သူမသည် ဝမ်လင်းကို တွဲပေးထားပြီး သူနှင့်အတူ ကျောက်တုံးပေါ်တွင် ရပ်သည်။
လျှိုမေသည် အကွာအဝေးတစ်ခုတွင် ရှိနေ၏။ သူမသည် ဝမ်လင်းနှင့်လီမူဝမ်တို့ကို အဝေးကနေ ငြိမ်သက်စွာ ကြည့်နေသည်။ သူမမျက်လုံးထဲရှိ စိတ်ရှုပ်ထွေးမှုသည် ပိုပို၍ အားကောင်းလာခဲ့၏။ အဆုံးသပ်၌ သူမသည် ရှင်းမပြတတ်သော နာကျင်မှုကြောင့် ခေါင်းငုံ့မိလိုက်သည်။
ဝမ်လင်း၏အသံသည် ပို၍ အိုမင်းသံ ပေါက်လာ၏။ သူသည် တိုးညင်းစွာ ပြောလိုက်သည်။ “အိမ် ဘယ်နေရာမှာ ရှိလဲ နင် မှတ်မိသေးလား…”
လီမူဝမ်၏မျက်လုံးထဲတွင် မျက်ရည်များ ရစ်သီလာ၏။ သူမက ခေါင်းညိတ်လိုက်သည်။
“ငါ့ကို ခေါ်သွားပေးပါ…” ဝမ်လင်းသည် လီမူဝမ်၏ ဆံနွယ်များကို ညင်သာစွာ ထိုးဖွလိုက်၏။ သူ့အိုမင်းသော မျက်နှာထက်တွင် နှစ်ပေါင်းနှစ်ထောင် တွယ်ငြိမှု လှစ်ဟပေါ်နေ၏။
လီမူဝမ်သည် သူမ၏အောက်နှုတ်ခမ်းကို ကိုက်ကာ ဝမ်လင်းကို တွဲခေါ်ကာ ကောင်းကင်ထက်သို့ ပျံသန်းသွားသည်။ သူတို့သည် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ၏အောက်တွင်ပင် အဝေးသို့ ပျံသန်းသွားသည်။
သူတို့သည် မိုးကုပ်စက်ဝန်းအတွင်းသို့ ပျောက်ကွယ်သွားလေ၏။
လေများတိုက်ခတ်သဖြင့် ဝမ်လင်း၏ဆံပင်ဖြူများမှာ လွင့်ဝဲနေသည်။ သူ့ဆံပင်များက လီမူဝမ်၏မျက်နှာထက်သို့ ရိုက်ခတ်ကာ သူမ၏နက်မှောင်သောဆံပင်များနှင့် ရောထွေးယှက်လိမ်သည်။ အဖြူနှင့်အနက်သည် မခွဲခွာလိုတော့သည့်အလား ယှက်လိမ်လေ၏။
လီမူဝမ်၏အကြည့်သည် နူးညံ့မှုအပြည့်ပင်။ သူမသည် ရှေ့သို့ ဆက်လာနေရင်း ဝမ်လင်းကို ချစ်ခင်စုံမက်စွာ ကြည့်သည်။
ဝမ်လင်းက သူ့အောက်ရှိ မြေပြင်ကို ကြည့်၏။ သူသည် မီးတောင်များ၊ လွင်ပြင်များ၊ တောအုပ်များ၊ မြို့များ၊ သေမျိုးမြင်ကို အစက်အပြောက်များအဖြစ် အပေါ်စီးကနေ မြင်တွေ့ရသည်။
အချိန်မည်မျှ ကြာသွားမှန်း မသိပြီးနောက် သူတို့ရှေ့တွင် တောင်တန်းတစ်ခု ပေါ်လာ၏။ ထိုတောင်တန်းများကြား၌ တောင်ကြားတစ်ခု ရှိသည်။ ထိုတောင်ကြားသည် သူ့အိပ်မက်ထဲ၌ ကျောက်နိုင်ငံအပြင် သူ၏ဒုတိယမြောက်အိမ်ပင် ဖြစ်လေ၏။
ဤနေရာမှာ သူမနှင့်သူ၏ အိမ် ဖြစ်၏။
အလင်းတန်းတစ်ခုသည် မြေပြင်ထက်သို့ သက်ဆင်းလာသဖြင့် မြက်ပင်များ၊သစ်ပင်များ လှုပ်ခတ်သွားသည်။ သိပ်မကြာခင်တွင် လီမူဝမ်သည် ဝမ်လင်းနှင့်အတူ ပေါ်လာ၏။ သူတို့သည် တောင်ကြားအတွင်း ရောက်ရှိလာသည်။
ထိုတောင်ကြားတွင် မည်သည့်အရာမှ ရှိမနေ၊ နေရာတိုင်းတွင် ပေါင်းပင်များ ပြည့်နေ၏။ တောပန်းပင်အနည်းငယ်လည်း ပေါက်နေ၏။
“ငါတို့ အိမ်ပဲ…” ဝမ်လင်းသည် တောင်ကြားကို ကြည့်ကာ မိန်းမောသွားသည်။ သူ့စိတ်ဝိညာဉ်တွင်းမှ ဝမ်းနည်းမှု ထွက်ပေါ်လာ၏။ သူသည် ဘေးပတ်ပတ်လည်သို့ ကြည့်နေရင်း ဝမ်းနည်းဖွယ်အငွေ့အသက်ကို ခံစားမိသည်။ ထို့နောက် သူ့အကြည့်က လီမူဝမ်ပေါ်သို့ ကျရောက်သွားသည်။
လီမူဝမ်သည်လည်း ဘေးပတ်လည်သို့ ကြည့်သည်။ အချိန်အတန်ကြာပြီးနောက် သူမသည် ပျော်ရွှင်ဟန် ပြုံးလာ၏။
“ဝမ်လင်း…ငါတို့ ဒါကို အိပ်မက်တစ်ခု ဖြစ်တယ်ဆိုတာ မတွေးဘဲ နေကြစို့။ ငါတို့ ဒီမှာ နေထိုင်ကြမယ်။ အဆင်ပြေတယ်မလား…”
“အင်း…”
အချိန်သည် တဖြည်းဖြည်း ကုန်ဆုံး၏။ တောင်ကြားရှိ ပေါင်းပင်များအားလုံး ပျောက်ကွယ်ကာ ရိုးစင်းသည် အိမ်လေးတစ်အိမ် တောင်ကြားအတွင်း၌ ပေါ်လာခဲ့လေပြီ။ တနေ့ပြီးတနေ့ လှပသောကုချင်းသံသည် ဒီတောင်ကြားထဲ၌ ပဲ့တင်ထပ်လို့နေသည်။
ဝမ်လင်းသည် တောင်ဝှေးတစ်ချောင်းကိုင်ကာ မတ်တပ်ရပ်၍ ကုချင်းသံကို နားထောင်နေ၏။ သူ့ပုံပန်းသွင်ပြင်မှာ ပို၍ အိုမင်းလာ၏။ သူ့မျက်နှာထက်တွင် အရေးအကြောင်းများ ပြည့်နေသည်။
သူသည် လူအိုကြီးတစ်ယောက် ဖြစ်နေပေပြီ။
သူသည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားမြဲ ဖြစ်ပြီး လီမူဝမ်၏ ကုချင်းသံကို ပြုံး၍ နားထောင်သည်။ သူသည် လီမူဝမ်ကို ကြည့်နေ၏။
လီမူဝမ်၏ မျက်နှာမှာ သည်ကို ပထမဆုံး သူတို့ စရောက်လာခဲ့ချိန်တုန်းကကဲ့သို့ မနုပျိုတော့ပေ။ သူ့လိုပင် သူမသည်လည်း အဘွားအိုတစ်ယောက် ဖြစ်လာခဲ့ပြီ။
လီမူဝမ်သည် သူမကိုယ်သူမ အိုမင်းအောင် မန္တာန်တစ်ခုအသုံးပြုခဲ့၏။ သူမသည် သူမ ငယ်ရွယ်နုပျိုနေစဉ် ဝမ်လင်းက အသက်ကြီးအိုမင်းလာသည်ကို မလိုချင်ပေ။ သူမသည်လည်း သူ့လိုသာ ဖြစ်လို၏။ သေမျိုးတစ်ယောက်လိုသာ ဖြစ်လို၏။ သူတို့သည် တစ်ယောက်နှင့်တစ်ယောက် ဆံပင်ဖြူများ ရေတွက်ပေးရင်း အတူတကွ နေထိုင်ကြသည်။
ဝမ်လင်းသည် သူမ၏စိတ်ကို မသိဘဲ မည်သို့နေပါ့မည်နည်း။ သူက သူမကို မတားခဲ့ပေ။ သူသည် သူ့ဇနီးကို ကြင်နာစွာသာ ကြည့်၏။
သူတို့သည် ရုပ်ရည်သွင်ပြင်၊အိုမင်းမှုကို ဂရုမစိုက်ကြပေ။ သူတို့ ဂရုစိုက်သည်မှာ သူတို့မျက်လုံးထဲရှိ ဝိညာဉ်များကိုသာ ဖြစ်သည်။
သူတို့သည် အချိန်ကုန်ဆုံးမှုကိုလည်း အလေးမထားပေ။ သူတို့ ဂရုစိုက်သည်မှာ ဒီတွယ်ငြိရသည့် အခိုက်အတန့်ကိုပင်။
တောင်ကြားထဲ၌ နေဝင်လာစဉ် ကုချင်းသံ ပဲ့တင်ထပ်နေရင်း လူအိုနှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် ငြိမ်သက်စွာ ကြည့်နေကြမည်။ အဘိုးအို၏အပြုံးက အဘွားအို၏အပြုံးပင် ဖြစ်သည်။
သူသည် ကုချင်းတီးခတ်နေသော သူမကို ကြည့်မည်။ သည်လောကတွင် သူတို့နှစ်ယောက်ကလွဲ၍ မည်သည့်အရာမှ ရှိမနေတော့သည့်အလား။ သူတို့သည် ခွဲခွာခြင်းကိုလည်း မေ့ထား၏။ နေနှင့်လ အလှည့်အပြောင်းကိုလည်း မေ့သည်။ ကောင်းကင်ထက် အရောင်ပြောင်းသည်ကိုလည်း မေ့ထားသည်။ သူတို့ လူအိုစုံတွဲအတွက် ထိုအရာများသည် ပဓာနမကျလှပေ။
တစ်နှစ်ပြီးတစ်နှစ်။
အဖြူရောင်ငှက်သည် ထပ်မံ ပေါ်မလာတော့ပေ။ ၎င်းငှက်က သည်အိပ်မက်ထဲကနေ ထွက်ခွာသွားသည့်အလား။
တစ်ယောက်နှင့်တစ်ယောက် အကြည့်အောက်၊ ကုချင်းသံအောက်တွင် ဝမ်လင်းနှင့်လီမူဝမ်တို့သည် ဘဝအရသာကို ခံစားကြ၏။ နွေဦးရာသီ၏ သစ်ရွက်ကြွေများကနေသည် ဆောင်းဦးသစ်ရွက်များ ကြွေသည့်အခါထိ။
သူတို့သည် မိုးရွာတာ၊နှင်းကျတာကို အတူတကွ ကြည့်ကြသည်။ သည်နှစ်မှာ ဝမ်လင်း ကျောက်နိုင်ငံမှ ထွက်လာခဲ့တာ သုံးဆယ့်ငါးနှစ်မြောက် ဖြစ်လေ၏။ သည်နှစ်တွင် ဝမ်လင်းသည် သေခြင်းတရား၏ ခေါ်သံကို ခံစားမိသည်။ သူသည် မျက်လုံးမှိတ်လိုက်သည်နှင့် ဘယ်တော့မှ ထပ်ပြန်မဖွင့်နိုင်တော့လောက်သည်ကို သိသည်။ သူသည် ဒီအိပ်မက်လောကထဲကနေ ထွက်သွားရလိမ့်မည်။ ထိုနေ့သည် နီးသထက် နီးလာ၏။
ဒီနှစ်၏ဆောင်းဦးရာသီ သစ်ရွက်ကြွေများသည် ကောင်းကင်တွင် လွင့်ဝဲနေ၏။ ယင်းတို့သည် မြေပြင်တလျှောက် တဖြည်းဖြည့် လိမ့်ဆင်းကျလာသည်။ သို့သော် သစ်ရွက်တစ်ရွက်က မြေပြင်ထက် မကျဆင်းခင် ဝမ်လင်းခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာ၏။
ဝမ်လင်းသည် ထိုသစ်ရွက်ကို လက်ဖြင့် ဆုပ်ကိုင်လိုက်သည်။
“ဒီကြွေကျတဲ့သစ်ရွက်ဟာ ၎င်းရဲ့ ရင်းမြစ်ဆီ ပြန်တာပဲ။ ဝမ်အာ…ငါ သွားရတော့မယ်။ ငါ့ နောက်ဆုံးခရီးကို လိုက်ပို့ပေးပါ။ ငါ နင်နဲ့အတူ၊ ကျောက်နိုင်ငံမှာ နေချင်တယ်။ ပြီးရင် နင်ရယ်၊ငါရယ်၊ ဖိုးကံကောင်းရယ် စုမြို့ရှိ သွားပြီး ဒီအိပ်မက်ရဲ့ နောက်ဆုံးအရာကို ပြီးပြည့်စုံမယ်။ ငါ့ကိုယ်ငါနဲ့ နောက်ဆုံးတွေ့ဆုံမယ်…”
“အတိတ်တုန်းကတော့ သူ ရောက်မလာခဲ့ဘူး။ ဒီတစ်ကြိမ်တော့ သူ ကျိန်းသေပေါက် ရောက်လာလိမ့်မယ်…”
လီမူဝမ်သည် တခေါင်းလုံး ဆံပင်များ ဖြူဖွေးနေပြီ ဖြစ်သည်။ သူမသည် ဝမ်လင်းကို တွဲပေးထား၏။ သူမ၏မျက်လုံးထဲ တွယ်ငြိမှုတို့ ရှိနေ၏။ သူတို့သည် အကွာအဝေးတစ်ခုထံ ပျံသန်းသွားကြ၏။ အလင်းတန်းတစ်ခုသည် ပင်လယ်ပြင်ကိုဖြတ်၍ ကျောက်နိုင်ငံရှိရာ ကုန်းမြေထံသို့ ဦးတည်လေသည်။
သည်နေရာမှာ အိပ်မက်တစ်ခု ဖြစ်၏။ သို့သော် အိပ်မက်လည်း မဟုတ်နေပေ။ ဤလောကမှာ တာအိုသစ်သီး၏ အကူအညီဖြင့် ဝမ်လင်း၏တာအိုမန္တာန်ကြောင့် ဖြစ်ပေါ်နေခြင်းပင်။ သည်အိပ်မက်အတွင်းရှိ အချိန်သည် အပြင်ဘက်နှင့် အတူတူပင် ဖြစ်၏။
ဒီအိပ်မက်အပြင်ဘက်တွင်တော့ ကျင့်ကြံခြင်းမဟာမိတ်၊ ကြယ်အဖွဲ့အစည်းလေးခု၊ အတွင်းနယ်မြေနှင့်အပြင်နယ်မြေတို့ကြား နောက်ဆုံးတိုက်ပွဲ ဖြစ်သည်။
သည်ဆယ်စုနှစ်များအတွင်း အတွင်းနှင့်အပြင်နယ်မြေများသည် ရေနှင့်မီးအလား တိုက်ခိုက်နေကြ၏။ အပြင်နယ်မြေသည် ချိပ်ပိတ်နယ်မြေအရှင် သေဆုံးသွားပြီဟု သတင်းဖြန့်ခဲ့၏။ သူတို့၏စွမ်းအားအပြည့်ကို သုံး၍ အတွင်းနယ်မြေသို့ ကျူးကျော်လာသည်။
ရှေးဟောင်းကောင်းကင်ဘုံနယ်မြေ၏ စွမ်းအားကို ငှားယမ်း၍ ဖန်တီးခဲ့သော ချင်းလင်၏ အရံအတားမှာလည်း လွန်ခဲ့သောနှစ်ပေါင်းသုံးဆယ်တည်းက ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ အပြင်ဘက်နယ်မြေမှ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် တရကြမ်း ဝင်ရောက်လာကာ တိုက်ပွဲများ ထပ်ခါထပ်ခါ ဖြစ်ပွားသည်။ နှစ်ဖက်လုံးသည် အပြင်းအထန် ထိခိုက်ဆုံးရှုံးကြ၏။ ကောင်းကင်သည် သွေးဖြင့် ပြည့်နှက်သည်။ သွေးနံ့သည် ထူထပ်လှသည်။ ကြယ်အဖွဲ့အစည်းလေးခုလုံးသည် ငရဲတစ်ခု ဖြစ်လာသည်။
အသက်ရှင်ရတာ ပိုပို၍ ကြမ်းကြုတ် ရက်စက်လာရင်း အတွင်းနယ်မြေရှိ တတိယအဆင့်ကျင့်ကြံသူများသည် ဆင့်ခေါ်ခြင်းမြစ်နှင့်တိမ်ပင်လယ် ကြယ်အဖွဲ့အစည်းတို့ကို လက်လွှတ်ခဲ့ကြသည်။ သူတို့သည် သူတို့၏နောက်ဆုံး ရုန်းကန်မှုအနေဖြင့် အလုံးစုံကောင်းကင်နှင့် တောက်ပသောလေဟာနယ် ကြယ်အဖွဲ့အစည်းတို့တွင် အင်အားအပြည့် စုစည်းထားကြသည်။ ထိုအခြေအနေများသည် ပိုပိုဆိုးဝါးလာနေရင်း ချိပ်ပိတ်နယ်မြေအရှင် သေဆုံးသွားပြီ ဟူသော သတင်းစကားသည် အမြစ်တွယ်လာ၏။ ချင်းရွှေသည် ဝမ်လင်းအဖြစ် အသွင်ပြောင်းလဲခဲ့လျှင်ပင် ချင်းရွှေမှာ ကောင်းကင်ဘုံအရှင်လေဟာနယ်နတ်ဘုရားကြောင့် ဒဏ်ရာ အပြင်းအထန် ရခဲ့ကာ လွန်ခဲ့သောဆယ်နှစ်ကျော်တည်းက သေအံ့မူးမူး ဖြစ်ခဲ့ရသည်။
ထို့အတွက်ကြောင့် ချိပ်ပိတ်နယ်မြေအရှင်၏ သေဆုံးပြီဟူသော သတင်းစကားသည် ပိုပျံ့နှံ့လာခဲ့သည်။ ထိုအဖြစ်က အတွင်းနယ်မြေရှိ ကျင့်ကြံသူများအတွက် ပြင်းထန်သော ရိုက်ချက်တစ်ခုပင်။
လွန်ခဲ့သောတစ်လက တောက်ပသောလေဟာနယ်သည် ခက်ခဲသောရွေးချယ်မှုတစ်ခု လုပ်ခဲ့ရ၏။ သူတို့သည် ဒီကြယ်အဖွဲ့အစည်းကို လက်လွှတ်၍ နောက်ဆုံးတိုက်ပွဲအတွက် အလုံးစုံကောင်းကင်သို့ သွားသင့်သလား၊ သို့မဟုတ် ချိပ်ပိတ်နယ်မြေအရှင်၏ မွေးရပ်မြေဖြစ်သည့် ဒီကြယ်အဖွဲ့အစည်းတွင်ပင် ဆက်နေသင့်လားကို ဝေခွဲမရ ဖြစ်ခဲ့ရ၏။ ဟင်္သာပြဒါးဂြိုဟ်တွင် နေကာ သေသည့်အထိ တိုက်ခိုက်သင့်သလား။
***