← Chapters

ကိုယ့်ကိုယ်ကိုယ်နဲ့ တွေ့ဆုံခြင်း…

Vol. 121 Ch. 1664

ကိုယ့်ကိုယ်ကိုယ်နဲ့ တွေ့ဆုံခြင်း…

Vol. 121 Ch. 1664

ဤကား ဝမ်လင်း ကျောက်နိုင်ငံမှ ထွက်လာခဲ့တာ သုံးဆယ့်ငါးနှစ်မြောက် ပြည့်တော့မည့် အချိန်ပင်။

ဟိုဖန်နိုင်ငံ၌ ဆောင်းဦးလေများသည် ပင်လယ်ပြင်ကို ဖြတ်၍ ကျောက်နိုင်ငံထံ တိုက်ခိုက်နေရင်း ဆောင်းရောက်လာခဲ့ပြီ။ ကျောက်နိုင်ငံတစ်ခုလုံးသည် နှင်းများ ပြည့်ဖုံးနေ၏။

ရထားလှည်းသည် တရွှေ့ရွှေ့ အကွာအဝေးတစ်ခုထံ ဖြည်းဖြည်းချင်း လာနေသည်။

လမ်းတစ်လျှောက်တွင် တည်းခိုခန်းတစ်ခု ရှိ၏။ ထိုတည်းခိုခန်းမှာ နှင်းများဖြင့် သိပ်သည်း ဖုံးလွှမ်းနေသည်။ အတွင်း၌ လူတစ်ယောက်မှ ရှိမနေပေ။

တည်းခိုးခန်းတစ်ဝက်ကျော်မှာ လွန်ခဲ့သောဆယ်နှစ်ကျော်တည်းက ပျက်စီးသွားခဲ့ပြီး ဖြစ်ကာ ထိုစဉ်က တည်းခိုးခန်းရှိ လူတော်တောများများ ဒဏ်ရာ ရခဲ့သေးသည်။။ ပိုင်ရှင်မှာလည်း မင်းမှူထမ်းများ၏ အဖမ်းခံရကာ အကျဉ်းထောင်ထဲတွင် သေဆုံးသွားခဲ့သည်။ စားပွဲထိုးလေးကတော့ ထွက်သွားခဲ့ပေပြီ။ သူ ဘယ်ရောက်နေလဲ၊ အသက်ရှင်နေသေးလားကိုမူ မသိရပါ။

တချိန်တုန်းကတော့ ထိုတည်းခိုခန်းထဲ၌ မဟာပညာရှိဖြစ်လာမည့် ဝမ်လင်းကို မူးစေခဲ့သော နေရာတစ်ခုပင်။ ခုတော့ ၎င်းတည်းခိုခန်းမှာ အပျက်အစီးပုံ ဖြစ်သွားလေပြီ။

ရထားလှည်းသည် ထိုတည်းခိုခန်းရှေ့တွင် ခဏရပ်သည်။ ရထားလှည်း လိုက်ကာစ မြင့်တက်သွား၏။ အဖြူရောင်ဝတ်စုံဖြင့် အဘိုးအိုတစ်ယောက်သည် ရထားလှည်းအတွင်းကနေ ပျက်စီးနေသောတည်းခိုခန်းကို ကြည့်လိုက်သည်။

သူ့မျက်လုံးထဲ၌ အတိတ်ကို အောက်မေ့မှုများ ပြန်ပေါ်လာသည်။ အချိန်အတန်ကြာပြီးနောက် သူသည် သက်ပြင်းချကာ လိုက်ကာစကို ပြန်ချလိုက်သည်။

“ဝမ်အာ…ဒီမှာ တည်းခိုခန်းတစ်ခု ရှိခဲ့တယ်။ ငါ အဲ့နေရာမှာ နိုးထလာခဲ့တာလေ…” ရထားလှည်းအတွင်းမှ သူ၏အိုမင်းသောအသံ ထွက်ပေါ်လာရင်း လှည်းသည် အဝေးသို့ ဖြည်းဖြည်းချင်း ဆက်မောင်းသွားသည်။

အဘိုးအိုတစ်ယောက်၏ အချိန်မှာ တိုတောင်းလွန်း၏။ သူတို့သည် အပြာရောင်ကောင်းကင်၊တိမ်ဖြူဖြူများ၊ နှင်းကျဆင်းနေသည်တို့ကို ကြည့်ကာ ဘဝနေဝင်ချိန်ကို ရေတွက်သည်။ တချိန်တည်းမှာ အဘိုးအိုတစ်ယောက်၏ အချိန်သည် အဆုံးမရှိလေပေ။ အဆုံးမရှိသည်မှာ သူတို့၏မှတ်ဉာဏ်များ ဖြစ်၏။ သူတို့၏မှတ်ဉာဏ်များအတွင်း၌ အဘိုးအိုတစ်ယောက်သည် သေဖို့ကိုပင် မေ့ကောင်းမေ့နေနိုင်သည်။

ရထားလှည်း၏အရှိန်မှာ မမြင်ပေ။ ၎င်းလှည်းသည် ဖြေးဖြေးမှန်မှန် ဟုန်ယွီတောင်အောက်ရှိ ရွာလေးတစ်ရွာထံ ဦးတည်နေသည်။ ဒုတိယမြောက် နေဝင်ချိန် ရောက်လာပြီ။ သို့သော် နှင်းများက ရပ်တောမ့ည့်ဟန်မရှိဘဲ ဆက်တိုက် ကျဆင်းနေသည်။

ရထားလှည်းတစ်စင်းကတော့ တောင်ခြေရွာနှင့် နီးသထက် နီးလာနေသည်။

သူတို့၏မျက်လုံးရှေ့တွင် ထိုရွာလေး ပေါ်လာချိန်၌ ညမရောက်သေးပေ။ ထိုရွာလေးမှာ ငြိမ်သက်တိတ်ဆိတ်နေ၏။ နှင်းများကျကာ အေးစက်နေသဖြင့် ရွာရှိ ခွေးများသည်ပင် အိမ်ခြံဝန်းထဲ၌ အောင်းနေကြ၏။ ရထားလှည်းသံ ကြားလျှင်ပင် ဟောင်မည့်ပုံ မရပေ။

အိမ်တိုင်းသည် မီးဖိုထားကြ၏။ အေးစက်သည့်ည၌ သူတို့သည် မီးဖိုဘေးတွင် မိသားစုများနှင့် အတူတူ ထိုင်ကာ နွေးနွေးထွေးထွေးနေကြမည်ပင်။

ရွာထဲရှိ အိမ်များကြား၌ အိမ်တစ်လုံး ရှိ၏။ထိုအိမ်ထံမှ မီးအလင်းရောင် ခပ်ဖျော့ဖျော့ ထွက်ပေါ်နေသည်။ ထိုအလင်းက နှင်းပွင့်များပေါ် ကျဆင်းသည့်အခါ နေဝင်ချိန်အလား ထင်မှတ်ရစေသည်။

ထိုမီးဖိုထားသည့်နေရာ၌ ခါးကိုင်းနေပြီ ဖြစ်သော ပုံရိပ်တစ်ခု ရှိနေသည်။ ထိုသူသည် မီးမငြှိမ်းသေသွားအောင် ထင်းစများ ပစ်ထည့်ပေးနေ၏။

ထိုပုံရိပ်မှာ အဘိုးအိုတစ်ယောက်ပင်။ သူသည် မီးဖိုကို ထိုင်၍ စိုက်ကြည့်နေ၏။ အချိန်အတန်ကြာပြီးနောက် သူ့အပေါ်ဝတ်အနွေးထည်ကို ခပ်တင်းတင်း ဆွဲလိုက်၏။ ထို့နောက်သူသည် သူ့ညာလက်ကောက်ဝတ်ကို ကြည့်သည်။ သူသည် ဖိုးကံကောင်း ဖြစ်သည်။

“နှစ်ပေါင်းများစွာ ရှိပြီ။ သူ ပြန်လာသင့်ပြီ…” ဖိုးကံကောင်းသည် ရွှေရောင်လက်ဝါးရာ ခပ်ရေးရေး လင်းလက်နေသော သူ့ညာလက်ကောက်ဝတ်ကို ကြည့်နေ၏။ သူသည် သူ့လက်ကောက်ဝတ်ကို အနည်းငယ် လှုပ်ခါလိုက်ပြီး အတိတ်ကို ပြန်စဉ်းစားမိသည်။

သူ ဒီနေရာတွင် စောင့်နေသည်မှာ သုံးဆယ့်ငါးနှစ် ရှိခဲ့လေပြီ။ သူသည် ဝမ်လင်းက သူ့ကို ပြန်လာသည့်အချိန်ထိ စောင့်နေဖို့ ပြောခဲ့သောနေ့ကို မှတ်မိနေသေးသည်။

“နောက်တကြော သုံးဆယ့်ရှစ်နှစ် ရှိလာမှာ မဟုတ်ဘူးလို့တော့ သူ ပြောခဲ့တယ်။ ဒါ့ကြောင့် သိပ်မကြာခင် သူ ပြန်လာသင့်ပြီ…” ဖိုးကံကောင်းသည် ပင်ပန်းသည့်ဟန် ပေါ်နေ၏။ သူသည် တောင်ဝှေးအကူအညီနှင့် မားမားရပ်နေသည်။ သူ အနားယူတော့မည် ဖြစ်၏။

ရထားလှည်းသံသည် အဝေးမှ ခပ်ရေးရေး ထွက်ပေါ်လာပြီး သည်ခြံဝန်းအပြင်ဘက်တွင် ရပ်တန့်သွား၏။ ရထားလှည်း တံခါး ပွင့်ဟလာကာ ဝမ်လင်းသည် လေနှင့်နှင်းတို့ကို ရင်ဆိုင်ကာ အပြင်သို့ လှမ်းလျှောက်ထွက်လာသည်။

သူ့နောက်တွင် အဘွားအိုလီမူဝမ်က ညင်သာစွာ ပြုံး၍ လိုက်ပါလာ၏။ သူမသည် ဝမ်လင်းနှင့်အတူ ရပ်ကာ ခြံဝန်းကို ကြည့်သည်။

ခြံဝန်းအတွင်းဘက်မှ ခြံတံခါးဖွင့်သံ ထွက်ပေါ်လာ၏။ ဖိုးကံကောင်းသည် နေရာတွင်ရပ်ကာ ခြံဝန်းအပြင်သို့ မင်သက်စွာ ကြည့်နေ၏။ သူသည် ဝမ်လင်းကို တွေ့မြင်သည်။

“ငါ ပြန်ရောက်ပြီ…” ဝမ်လင်းသည် အိုမင်းနေပြီ ဖြစ်သော ဖိုးကံကောင်းကို ကြည့်ကာ ပြုံး၏။

သခင်နှင့်အစေခံတို့သည် နှစ်ပေါင်းသုံးဆယ့်ငါးနှစ်ကြာ ခွဲခွာပြီးနောက် ခုထပ်မံ ပြန်ပေါင်းစုံကြလေပြီ။

ယနေ့ည၌ လေပြင်းများ တိုက်ခတ်နေသဖြင့် အေးစက်လှ၏။ သို့သော် အိမ်အတွင်း၌ ရှိနေသော သုံးယောက်ကမူ အအေးဓာတ်ကို မခံစားရဘဲ ထိုအစား နွေးထွေးမှုကိုသာ ခံစားမိသည်။

နံနက်ခင်းအစောပိုင်း၌ နှင်းကျတာ ကြဲပါးသွား၏။ နေအလင်းသည် နှင်းများပေါ် ပက်ဖြန်းလာသည်။ သို့သော် နေရောင်ခြည်သည် နှင်းများကို အရည်မပျော်စေပေ။ လူတစ်ယောက်သည် လတ်ဆတ်မှုကို ခံစားရနိုင်မည် ဖြစ်၏။

နေအလင်း မြေပြင်ထက်သို့ ပက်ဖြန်းလာသည့်အခါ နှင်းများထံမှ အလင်းပြန်သဖြင့် မျက်လုံးဖွင့်ကြည့်ဖို့ ခက်လှသည်။ မနက်ခင်းပိုင်း၌ ဝမ်လင်းသည် လီမူဝမ်နှင့် ဖိုးကံကောင်းတို့ကို ခေါ်ကာ ရွာဘေးရှိ သူ့မိဘများ၏ အုတ်ဂူထံ သွားရောက်သည်။

အုတ်ဂူရှေ့တွင် သူ ဒူးထောက်၏။ လီမူဝမ်ကလည်း သူ့ဘေးတွင် ဒူးထောက်နေသည်။ သူတို့နှစ်ယောက်သည် အချိန်အတန်ကြာ အုတ်ဂူရှေ့တွင် ငြိမ်သက်တိတ်ဆိတ်နေကြ၏။

“အဖေနဲ့အမေ…သူမရဲ့နာမည်က လီမူဝမ်တဲ့။ သူမဟာ သင်တို့ရဲ့ ချွေးမပဲ…။ သင်တို့ တွေ့ရဖို့ သား သူမကို ဒီကို ခေါ်လာခဲ့တာပါ…” ဝမ်လင်းသည် မငိုခဲ့ပေ။ သူသည် လီမူဝမ်၏ လက်ကို ဆွဲကာ အုတ်ဂူထံ ဂါဝရပြု၏။

ရက်အတော်အတန်ကြာပြီးနောက် ရထားလှည်းမှာ ဒီရွာလေးကနေ ထွက်လာခဲ့ကာ စုမြို့ထံ ဦးတည်လေ၏။

ရထားလှည်းပေါ်တွင် ဝမ်လင်းသည် လိုက်ကာစကို ပင့်တင်ကာ နှင်းများ ဖုံးလွှမ်းနေသော သူ့အိမ်ကို ကြည့်လိုက်၏။

ထို့နောက် သူသည် သက်ပြင်းချကာ လိုက်ကာစကို ပြန်ချလိုက်၏။ ရထားလှည်းသည် အဝေးသို့ ဦးတည်လေတော့သည်။

သူ ပထမဆုံးအကြိမ် အိမ်ကထွက်လာခဲ့သည့်အချိန်မှစ၍ ခုနစ်ဆယ့်လေးနှစ်မြောက်၌ ထိုရထားလှည်းမှာ စုမြို့သို့ ရောက်လာခဲ့၏။ စုမြို့တွင် နွေဦးရာသီ ကျရောက်နေသည်။

နွေဦးရာသီ၌ အရာအားလုံးသည် သက်ဝင်လှုပ်ရှားလာ၏။ နှင်းများ အရည်ပျော်သွားပြီးနောက် မြက်ပင်ရိုင်းရနံ့များ၊ ပန်းရနံ့များသည် လူတစ်ယောက်၏ စိတ်နှလုံးအတွင်း ဝင်ရောက်လာမည် ဖြစ်ကာ မမေ့နိုင်ဖွယ်ပင်။

ဝမ်လင်းသည် ထိုရနံ့နှင့် အတော်လေး ရင်းနှီးသည်။ သူ စုမြို့သို့ ပထမဆုံးအကြိမ် ရောက်လာခဲ့စဉ်တုန်းကလိုပင် သူသည် လှေတစ်စင်းငှားကာ ပန်းအရက်ကို ဝယ်ယူခဲ့သည်။ သူသည် လီမူဝမ်နှင့်အတူ ထိုင်ကာ အရက်သောက်လျက် နေဝင်နေထွက်အချိန်ကို ကြည့်ကာ ဘဝကို တွေ့ကြုံခံစားသည်။

ဖိုးကံကောင်းကတော့ အရင်တုန်းကလိုပင်။ သူသည် ဘေးတစ်ဖက်တွင် ထိုင်ကာ ဝမ်လင်းကို ပြုံး၍ ကြည့်နေ၏။

“တွေ့ရမယ့်အချိန်ပဲ။ သူ ကျိန်းသေပေါက် ရောက်လာလိမ့်မယ်…” ဝမ်လင်းသည် အရက်အိုးကို ကိုင်ထား၏။ သူသည် ဘဝနေဝင်ချိန် ရောက်နေခဲ့ပြီ ဖြစ်သည်။ သူသည် တွန့်ရှုံ့နေသောလက်ဖြင့် အရက်အိုးကို ကိုင်ကာ မော့လိုက်သည်။

ကုချင်းသံ ပဲ့တင်ထပ်လေ၏။ လီမူဝမ်သည် ကုချင်းတီးခတ်နေသည်။

တနေ့ပြီးတနေ့ ကုန်ဆုံးလာသည်။ လပေါင်းများစွာ ကုန်ဆုံးလာပြီးနောက် စုမြို့၏ နွေဦးရာသီ ကျော်လွန်လာကာ ခြောက်လပိုင်းတိုင်လာခဲ့ပြီ။

ဝမ်လင်း လှေဦးပိုင်းတွင် ထိုင်နေရင်း သစ်ရွက်ခြောက်များ ထပ်မံ ပျံဝဲလာ၏။ သူက ပန်းအရက်ကို မော့နေသည်။

“ဒီလောကဟာ သက်ရှိအားလုံးအတွက် တည်းခိုးခန်းတစ်ခုပဲ။ အချိန်ဟာ ခေတ်တွေရဲ့ ဧည့်သည်…။ သေခြင်းရှင်ခြင်းကြားက ကွာခြားချက်ဟာ အိပ်မက်တစ်ခုကနေ နိုးထလာတာနဲ့ ဆင်တူတယ်…” လှေသည် မြစ်အတိုင်း စုန့်ဆင်းနေရင်း ဝမ်လင်းက ရယ်မောလိုက်၏။ သူ့ရှေ့တွင် ကျောက်တံတားတစ်ခု ရှိနေ၏။ သို့သော် ထိုကျောက်တံတားပေါ်တွင် မည်သူမျှ ရှိမနေပေ။ သို့ရာတွင် အဖြူရောင်ငှက်တစ်ကောင် ထိုတံတားပေါ်တွင် ဝဲနေသည်။

ထိုငှက် ပေါ်မလာခဲ့သည်မှာ အချိန်ကြာလွန်းခဲ့လေပြီ။ ခု ပေါ်လာကာ ၎င်းငှက်က တံတားကို ပတ်၍ ပျံဝဲနေ၏။ တံတားပေါ်ရှိ လမ်းသည် ဝေဝါးလာ၏။ ထိုအခိုက်တွင် သည်လောကရှိ အရာအားလုံးသည် ဝေဝါးလို့လာသည်။

တံတားနှင့်ငှက်သာ အရှင်းလင်းဆုံး ကျန်ရစ်သည်။

လှေ နီးကပ်လာကာ ဝမ်လင်း၏မျက်လုံးထံမှ သည်နှစ်ပေါင်းခုနစ်ဆယ်ကျော်အတွင်း အတောက်ပဆုံးအလင်း လှစ်ဟပေါ်သည်။ သူသည် မတ်တပ်ထရပ်ကာ ကျောက်တံတားကို ကြည့်သည်။

ဝမ်လင်းသည် ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “သူ ရောက်လာပြီ…”

ထိုအခိုက်တွင် အဖြူရောင်ငှက်နီးကပ်လာကာ တံတားပေါ်သို့ ခြေချသည်။ ငှက်ထံမှ အဖြူရောင်အလင်းတန်းတစ်ခု ပျံ့နှံ့လာသည်။ အဝေးမှ ကြည့်ပါက ၎င်းမှာ အဖြူရောင်ဝဲကတော့တစ်ခုအလား။ ထိုဝဲကတော့ထံမှ လူတစ်ယောက် ဖြည်းဖြည်းချင်း လှမ်းလျှောက်ထွက်လာသည်။

ထိုလူမှာ တခေါင်းလုံးဖြူနေသော လူငယ်တစ်ယောက် ဖြစ်၏။ သူ့အေးစက်စက်မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးမှုအပြည့်ဖြင့် သူ့ပတ်ဝန်းကျင်ကို ရီဝေစွာ ကြည့်သည်။ လှေနီးကပ်လာချိန်၌ ထိုလူငယ်သည် ရုတ်တရက် လှေထံသို့ ကြည့်လိုက်ရာ လှေပေါ်ရှိ ဝမ်လင်းကို တွေ့မြင်သည်။

သူတို့နှစ်ယောက်၏ အကြည့်ချင်း ဆုံသည့်အခါ ဒီလောကမှာ ဝေဝါးလာသည်။ ချက်ခြင်းပင် အချိန်ပါ ရပ်တန့်သွားသည်ဟု ထင်မှားရသည်။ ပို၍ တိတိပပဆိုရသော် သည်လောကရှိ အချိန်မှာ ရပ်တန့်သွားခြင်းပင်။

လီမူဝမ်၏ လက်သည် ကုချင်းပေါ်တွင် တောင့်တင်းသွားသည်။ ကုချင်းသံ ရပ်တန့်သွား၏။ ဖိုးကံကောင်းသည် ဘေးတွင် ထိုင်ကာ သူ့လက်ကောက်ဝတ်ကို ကြည့်သည်။ မြစ်သည် စီးဆင်းရာကနေ ရပ်တန့်ကာ ကောင်းကင်ထက်ရှိ သစ်ရွက်ကြွေများပါ ရပ်တန့်သွားသည်။

သည်လောကရှိ အရာအားလုံးသည် ဤအခိုက်တွင် လုံးဝ ရပ်တန့်သွားလေသည်။

ကျောက်တံတားပေါ်ရှိ လူငယ်တစ်ယောက်နှင့် လှေပေါ်ရှိ ဝမ်လင်းတို့သာ မူမပျက် ရှိနေ၏။

“ဒီကို လာပြီးတော့ ဘာလို့ မင်းကိုယ်မင်းနဲ့ မသောက်ရတာလဲ…” ဝမ်လင်းသည် ပြုံးလိုက်ပြီး ဘေးတစ်ဖက်တွင် ထိုင်ချလိုက်သည်။

ကျောက်တံတားပေါ်ရှိ ဆံဖြူလူငယ်သည် ငြိမ်သက်စွာ စဉ်းစားသွားပြီးနောက် လှေဦးပေါ်သို့ ခုန်ဆင်းလာသည်။ သူသည် ထိုင်ချကာ အရက်တစ်အိုးကို ကောက်ယူလိုက်၏။ တစ်ငုံ သောက်လိုက်ပြီးနောက် သူသည် အိုမင်းနေသောသူ့ကိုယ်သူကို မကြည့်ဘဲ အဘွားအိုဖြစ်နေသော လီမူဝမ်ကိုသာ ကြည့်လိုက်သည်။

***

All Chapters