← Chapters

အိပ်မက်ကနေ နိုးထလာခြင်း

Vol. 121 Ch. 1665

အိပ်မက်ကနေ နိုးထလာခြင်း

Vol. 121 Ch. 1665

“မင်း ဘာကြောင့် သူမကို ဒီကို ခေါ်လာရတာလဲ…” အဖြူရောင်ဝတ်စုံဖြင့် လူငယ်သည် နောက်တစ်မော့ သောက်ကာ မျက်လုံးမှိတ်လိုက်၏။

“သူမ ဒီမှာ ရှိတယ်။ မင်း သူမနဲ့မင်းရဲ့ ကြားက ကံမ္မကို ဖြတ်တောက်နိုင်ရင် ဖြတ်တောက်ပါ…” ဝမ်လင်းသည် အရက်အိုးကို ကောက်ယူကာ ဖြည်းဖြည်းချင်း သောက်၏။

အဖြူရောင်ဝတ်စုံဖြင့်လူငယ်သည် ငြိမ်သက်စွာ စဉ်းစားပြီးနောက် အရက်တစ်အိုးလုံး မော့ပစ်လိုက်သည်။

“မင်း ငါ့ကို အပြစ်တင်နေတာလား…”

“မင်းဟာ ငါပဲ။ ငါကလည်း မင်းပဲ။ မင်းကို အပြစ်တင်တာဟာ ငါ့ကိုယ်ငါ အပြစ်တင်တာပဲ…” ဝမ်လင်းက တည်ငြိမ်စွာ ပြုံး၍ ဆိုသည်။

လူငယ်က တိုးညင်းစွာ ပြောလိုက်၏။ “ငါ အိပ်ပျော်နေတုန်းပဲ။ ငါဟာ လှည့်ဖြားခြင်းတာအိုကို အသုံးပြုပြီး ဒီလောကကို ဖန်တီးခဲ့တယ်။ ငါ မထိန်းချုပ်နိုင်ဘူး။ ဒါတွေအားလုံးဟာ တာအိုသစ်သီးသုံးလုံးရဲ့ ရှုပ်ထွေးလှတဲ့တာအိုဆန္ဒကို အသုံးပြုရာကနေ ဖြစ်ပေါ်လာတဲ့အရာတွေပဲ…”

ဝမ်လင်းသည် စကားပြန်မဆိုပေ။

သူတို့နှစ်ယောက် သို့မဟုတ် တစ်ယောက်တည်းက လှေပေါ်တွင် ထိုင်၍ လောက၏အချိန် ရပ်တန့်နေစဉ် အရက်သောက်နေ၏။

အချိန်ကုန်မသွားပေ။ သစ်ရွက်ကြွေများ မလှုပ်မယှက် လေထဲတွင် တန့်နေဆဲပင်။ သို့သော် သူတို့နှစ်ယောက် သောက်နေတာ များနေလေပြီ။

အချိန်အတန်ကြာပြီးနောက် အဖြူရောင်ဝတ်စုံဖြင့်လူငယ်သည် ခပ်တိုးတိုး ပြောလိုက်၏။ “ဒီဘဝက ဘယ်လိုလဲ…”

“မင်း ဘာလို့ ငါ့ကို မေးတာလဲ။ မင်းရော ဘယ်လို ခံစားရလဲ…” ဝမ်လင်းသည် အရက်အိုး ပြန်ချလိုက်၏။

“မင်း အဆင်သင့် ဖြစ်ပြီလား…” အဖြူရောင်ဝတ်စုံဖြင့်လူငယ်သည် သက်ပြင်းချကာ လီမူဝမ်ကို ကြည့်လိုက်၏။ သူ့မျက်လုံးသည် ဝေဝါးလာသည်။

“မင်း သွားနိုင်ပြီ…” ဝမ်လင်းသည် ဝန်လေးမှုတို့ ပြည့်နှက်နေသော လီမူဝမ်၏မျက်လုံးကို လှည့်ကြည့်လိုက်၏။ သူ မည်မျှမသွားချင်သည် ဖြစ်စေ သူ သွားရတော့မည်ကို သိ၏။ သည်အိပ်မက်မှာ အဆုံးသပ်ခါနီးလေပြီ မဟုတ်လား။

လုပ်ဆောင်ရမည့် အရာများစွာက စောင့်ဆိုင်းနေလေ၏။ သူ့ကို လူများစွာ စောင့်နေကြသည်။

“ငါ့ကို စောင့်နေပါ…ဝမ်အာ…ငါ နင့်ကို ပြန်နိုးထလာအောင် လုပ်မှာပါ…”

အဖြူရောင်ဝတ်စုံနှင့်လူငယ်၏ မျက်လုံးထဲတွင်လည်း ဝန်လေးမှုများ ပြည့်နေ၏။ သူသည် ငြိမ်သက်စွာ ထရပ်ကာ လီမူဝမ်ထံ လျှောက်လာသည်။ သူသည် ဒူးညွတ်ကာ သူမ၏ နှဖူးကို နမ်းလိုက်၏။ သူက သူ့ခန္ဓာကိုယ်တွင်း၌ ပြည့်နှက်နေသော ဝမ်းနည်းမှုနှင့်ဝန်လေးမှုတို့ကိုမူ ဖုံးကွယ်ထားသည်။ သူသည် ရုတ်တရက် လှည့်ကာ ကောင်းကင်ထက်သို့ လက်ဆန့်ထုတ်လိုက်သည်။ အရက်အိုးတစ်အိုး သူ့လက်ထဲတွင် ပေါ်လာသည်။

သူသည် ထိုအရက်အိုးကို ညင်ညင်သာသာ အောက်ချလိုက်၏။ အဖြူရောင်ဝတ်စုံဖြင့်လူငယ်သည် သက်ပြင်းချကာ ရှေ့သို့ ခြေလှမ်းလိုက်သည်။ သူ့ပုံရိပ်သည် အဖြူရောင်ငှက်အဖြစ်ပြောင်းကာ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။

သူ ထွက်သွားသော်လည်း သည်လောကရှိ အရာအားလုံးသည် မည်သို့မျှ ပြောင်းလဲမှု မရှိဘဲ ရပ်တန့်နေမြဲ ဖြစ်သည်။

အဘိုးအိုဝမ်လင်းသည် ငြိမ်သက်စွာ စဉ်းစားနေ၏။ အချိန်သည် ရပ်နေ၏။ သို့သော် သူက အကြာကြီး စဉ်းစားနေသည်။ ဝမ်လင်းသည် လီမူဝမ်နားသို့ ရောက်လာကာ သူမဘေးတွင် ထိုင်လိုက်၏။ သူ့လက်နှစ်ဖက်ကို ကုချင်းပေါ်သို့ တင်ကာ မျက်လုံးမှိတ်၍ ဖြည်းညင်းစွာ တီးခတ်သည်။

ကုချင်းသံ ထွက်ပေါ်မလာပေ။ သို့သော် ကုချင်းဂီတကတော့ ဝမ်လင်း၏စိတ်နှလုံးတွင်း၌ ပြည့်နေ၏။ သူ့နှလုံးသားထဲ၌ ဝမ်းနည်းမှု ပေါ်လာ၏။ အိပ်မက်ထဲရှိ သံစဉ်တစ်ပုဒ်သည် အဆုံးသပ်ရပေမည်။

“အဲ့နှစ်က…အဲ့နှစ်တုန်းက ငါတို့ နတ်ဆိုးပင်လယ်ရဲ့ အပြင်ဘက် ဟိုဖန်နိုင်ငံမှာ တွေ့ဆုံခဲ့တယ်…”

“နှစ်တွေ ကုန်လွန်လာခဲ့တယ်။ ငါတို့နှစ်ယောက်ဟာ ဒီအိပ်မက်ရဲ့ ထောင့်နှစ်ထောင့်မှာ ဖုန်မှုန့်လေးနှစ်ခုပဲ….။ ဒီအိပ်မက်ထဲမှာ နှစ်တွေကုန်လွန်လာခဲ့တဲ့နောက် ငါတို့တစ်ယောက်နဲ့တစ်ယောက် နောက်ဆုံးမှာတော့ ဆုံခဲ့ကြရတယ်…”

“ငါတို့ တွေ့ဆုံခဲ့တဲ့အချိန်ရောက်တော့ ဒီအိပ်မက်ဟာ အဆုံးသပ်ခါနီးနေပြီလေ။ ငါ ဘယ်လောက်ပဲ ဝန်လေးနေနေ…ဘယ်လောက် ဝန်လေးနေနေ…”

ဝမ်လင်းသည် သံစဉ်အဆုံးသပ်၌ မျက်လုံးဖွင့်လာ၏။ သူ့ညာလက်မှာ တုန်ယင်နေသည်။ သူသည် အရက်အိုးကို လှမ်းယူကာ လီမူဝမ်ကို ကြည့်သည်။ ထိုအကြည့်သည် အချိန်၏အဆုံးသပ်အလား။ ထိုအကြည့်သည် အိပ်မက်တစ်ခုကနေ နိုးထတော့မည့်အလား။

ဝမ်လင်းသည် အရက်အိုးကို ကိုင်ကာ ပါးစပ်နားတေ့လိုက်၏။ သူသည် သူ နှစ်ပေါင်းခုနစ်ဆယ်ကျော် ရှင်သန်နေထိုင်ခဲ့သော ဒီလောက၏ ကောင်းကင်နှင့်မြေကြီးကို ကြည့်သည်။ ထို့နောက် သူသည် အရက်တစ်အိုးလုံး အပြောင်အစင် မော့ချလိုက်တော့သည်။

ထိုအရက်သည် ရေကဲ့သို့လား။ ပူလောင်မှု ရှိမနေပေ။ သို့သော် ထိုအရက်မှာ မီးကဲ့သို့ ဖြစ်နေပြန်၏။ ထိုအရက် သူ့ဝမ်းဗိုက်အတွင်း ဝင်ရောက်သွားသည်နှင့် လောင်ကျွမ်းလေသည်။

“ကံမ္မဆိုတာ ဘာလဲ…။ ငါ လက်ဖြန့်လိုက်တဲ့အခါမှာ ဒါဟာ ကံမ္မအကြောင်းရင်း ငါ လက်ပြန်ဆုပ်လိုက်တဲအခါမှာ ဒါဟာ ကံမ္မအကျိုးဆက်…”

လောကသည် တုန်ဟည်းသွား၏။ ဝမ်လင်းရှိနေသောလှေမှာ ပျောက်ကွယ်သွားသည်။ လှေနှင့်အတူ ဒီမြစ်၊ ဒီကျောက်တံတား၊ မြစ်ပြင်ထက်ရှိ များပြားလှသော လှေများ၊ နောက် ကောင်းကင်ထက်ရှိ သစ်ရွက်ကြွေများအားလုံး ပျောက်ကွယ်သည်။

ဝမ်လင်းကို ဗဟိုပြု၍ မမြင်ရသောလှိုင်းဂယက်တစ်ခု အဘက်ဘက်သို့ ပျံ့နှံ့သည်။ စုမြို့ရှိ အဆောက်အဦအားလုံး လျှပ်တပြတ်အတွင်း ပျောက်ကွယ်သည်။ စုမြို့သာမက သည်ကျောက်နိုင်ငံတစ်ခုလုံး၊ တောင်များ၊မြစ်များ၊ ရွာများ၊ အရာအားလုံးသည် ဖျတ်ခနဲ ပျောက်ကွယ်ကုန်သည်။

ကျောက်နိုင်ငံ၏အပြင်ဘက် စိတ်ဝိညာဉ်သန့်စင်ခြင်းကလန်၊ ရွယ်ယွဲ့နိုင်ငံနှင့် တခြားနိုင်ငံများ၊ သည်လောကရှိ အရာအားလုံး ပျက်စီးပျောက်ကွယ်သည်။

ပင်လယ်ပြင်၊ ပင်လယ်ပြင်၏ တခြားတဖက်ရှိ ကုန်းမြေထု၊ လီမူဝမ်၏ မွေးရပ်မြေ…အားလုံးအားလုံး ပျောက်ကွယ်သွားသည်။ ဟိုဖန်နိုင်ငံလည်း ပျောက်ကွယ်သည်။ ရွှယ်ဝူနိုင်ငံ၊ နတ်ဆိုးပင်လယ်၊ ဝမ်လင်းနှင့်လီမူဝမ်တို့၏အိမ် အားလုံးသည် ပြာမှုန့်အဖြစ်သို့ ပျောက်ကွယ်သွားသည်။

သည်လောကရှိ အရာအားလုံးမှာ ပြန့်ကျဲပျောက်ကွယ်သည်။ သေမျိုးများနှင့် ကျင့်ကြံသူများသာ ကျန်ခဲ့လေ၏။ သူတို့သည် မပျောက်ကွယ်သွားခဲ့ပေ။ သူတို့သည် တည်ငြိမ်စွာဖြင့် ဒီလောကအနှံ့ ကျန်ရစ်ခဲ့သည်။ ဝမ်လင်းဘေးရှိ လီမူဝမ်နှင့်ဖိုးကံကောင်းတို့လို့ပင် ဖြစ်သည်။

“သေခြင်းရှင်ခြင်းဆိုတာ ဘာလဲ။ ငါ့ဘယ်လက်ဟာ ရှင်သန်ခြင်းဆို ညာလက်ဟာ သေဆုံးခြင်း…” ဝမ်လင်း၏မျက်လုံးထံမှ မျက်ရည်စီးကြောင်းနှစ်ခု ကျဆင်းလာ၏။ ထိုသို့ ဆိုလိုက်ပြီးနောက် မိုးကြိုးသံတုန်ဟည်းကာ ဟင်္သာပြဒါးဂြိုဟ်အထက်ရှိ ကောင်းကင်ယံတွင် လျှပ်စီးများ လင်းလက်သည်။

သူ ထိုသို့ ပြောလိုက်သည့်နောက် သူ့အနီးဆုံးရှိ လီမူဝမ်ကို လေပွေတစ်ခု ရိုက်ခတ်ကာ ပြာမှုန့်အဖြစ် ပြောင်းလဲသွားစေသည့်အလား ထင်ရသည်။သူမသာမက စုမြို့အတွင်းရှိ မရေမတွက်နိုင်သော သေမျိုးများပါ အမှုန့်အမွှားအဖြစ် ပျောက်ကွယ်ကုန်သည်။

ကျောက်နိုင်ငံတစ်ခုလုံးရှိ လူများလည်း ပျောက်ကွယ်သည်။ လျှိုမေသည် တောင်ထိပ်တစ်ခုပေါ်တွင် ရပ်နေခဲ့၏။ ထိုတောင် ပျောက်ကွယ်သွားခဲ့သည့်နောက် သူမမှာ လေထဲတွင် ရှိနေသေးသည်။ လေက သူမကို တိုက်ခတ်သွားပြီးနောက် သူမ၏ပုံရိပ်မှာလည်း ဝေဝါး ပျောက်ကွယ်သွားတော့သည်။

ရှုဖေးနှင့်ကျိုးယုတို့သည် အစတုန်းက လေထဲတွင် ပျံသန်းနေကြ၏။ သည်အခိုက်တွင် အချိန်သည် ရပ်တန့်သွားကာ လေတိုက်ခတ်သည်။ သူတို့၏ခန္ဓာကိုယ်များမှာ အမှုန့်အမွှားအဖြစ်သို့ ပြောင်းကာ လေ၏ဆောင်ယူခြင်း ခံလိုက်ရသည်။

ဟောင်လုံ၊ ထျန်မိသားစုဘိုးဘေး၊ ကျောက်နိုင်ငံရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ပျောက်ကွယ်သည်။ ကျောက်နိုင်ငံ အပြင်ဘက်ရှိ ကျိုးဝူထိုင်သည် သူ့ရှေ့ရှိ လူငယ်တစ်ယောက်ကို ကြည့်နေသည်။ ထိုလူငယ်မှာ သူ့တပည့်ပင်။

သူ့တပည့်ကို ကြည့်နေရင်းပင် ကျိုးဝူထိုင်သည် လေတိုက်ခတ်လာချိန်၌ သူရော၊ သူ့တပည့်ရော ပျောက်ကွယ်သွားသည်။

ယွမ်ချွဲဇီ၊ စိတ်ဝိညာဉ်သန့်စင်ခြင်းကလန်မှ သွန်းထျန်၊နန်ထျန်နှင့် ကျူးချွဲဇီတို့သည်လည်း ပျောက်ကွယ်ကုန်ကြသည်။

သည်အခိုက်၌ ဒီလောကတွင် မြေပြင်ထုဟူ၍၊ သက်ရှိဟူ၍ မကျန်တော့ပေ။ ကောင်းကင်တစ်ခုသာ ကျန်ရစ်လေတော့၏။

မပျောက်ကွယ်သွားသည်ဟူ၍ ဝမ်လင်းနှင့် ဖိုးကံကောင်းတို့သာ ရှိသည်။

လီမူဝမ် ပျောက်ကွယ်သွားချိန်၌ ဝမ်လင်း၏မျက်ရည်များသည် အဆုံးမဲ့ဗလာနယ်ထဲသို့ တိတ်တဆိတ် စီးကျသွားလေ၏။ ကောင်းကင်ထက်၌ မိုးကြိုးနှင့်လျှပ်စီးတို့ စုဝေးကာ ဧရာမဝဲကတော့တစ်ခု ပေါ်လာသည်။ ထိုဝဲကတော့အတွင်း၌ သွေးနီရောင်အလင်းအတွင်း ဆံဖြူလူငယ်တစ်ယောက် ထိုင်နေသည်။ သူ့မျက်လုံးများက မှိတ်နေသော်လည်း မျက်ရည်များ စီးကျနေသည်။

သူသည် မနိုးထလာချင်ပေ။ သို့သော် အိပ်မက်သည် အဆုံးသပ်သို့ ရောက်လာခဲ့ပြီ ဖြစ်ရာ သူ နိုးထလာရတော့မည်ပင်။ အနှေးနှင့်အမြန်သာ ကွာပေမည်။ သူ့ကိုယ်သူနှင့် တွေ့ဆုံကာ အရက်သောက်ပြီးသည့်နောက် ဒီအိပ်မက်မှာ တစစီ ဖြစ်ခဲ့လေပြီ။

“အမှန်နဲ့အမှားဆိုတာ ဘာလဲ။ ငါ ဝမ်လင်း မျက်လုံးဖွင့်တဲ့အချိန်ဟာ အမှန်။ ငါ မျက်လုံးမှိတ်လိုက်တဲ့အချိန်ဟာ အမှား…” ထိုသို့ပြောရင်း ဝမ်လင်းသည် ဖိုးကံကောင်း၏လက်ကို ဆွဲယူကာ သူ၏ ညာလက်ကောက်ဝတ်ပေါ်ရှိ ရွှေရောင်လက်ဝါးရာပေါ်သို့ သူ့လက်ကို ထပ်တင်လိုက်သည်။ သူ့အိုမင်းနေပြီ ဖြစ်သော မျက်လုံးများကို ဖြည်းဖြည်းချင်း မှိတ်လိုက်လေ၏။

သူ မျက်လုံးမှိတ်လိုက်သည့်အခိုက်တွင် သူ့ရှေ့တွင် မြင်ကွင်းမျိုးစုံ ပေါ်လာသည်။ ထိုမြင်ကွင်းများသည် သူ့ကို လက်မလွှတ်ချင်အောင် လုပ်နေ၏။ သို့သော် အဆုံးသပ်၌ ထိုမြင်ကွင်းများ တစ်ခုပြီးတစ်ခု ပျောက်ကွယ်သွားရလေသည်။

ထိုမြင်ကွင်းများထဲ၌ သူသည် သူကိုယ်တိုင်နှင့်လီမူဝမ်တို့သည် ဖိုးကံကောင်းနှင့်အတူ လှေပေါ်တွင် ထိုင်နေခဲ့သည်ကို တွေ့မြင်သည်။ သူသည် သူ့မွေးရပ်မြေ တောင်ခြေရွာသို့ နှင်းများကြားကနေ ဦးတည်သွားနေသော ရထားလှည်းတစ်စင်းကိုလည်း မြင်သည်။

သူသည် တောင်ကြားထဲရှိ အိမ်တွင် သူနှင့်လီမူဝမ်တို့ကို မြင်သည်။

သူသည် ကျောက်တုံးပေါ်တွင် ထိုင်ကာ လောကကို ဆင်ခြင်နေသော သူ့ကိုယ်သူကိုလည်း မြင်သည်။ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူထောင်သောင်းချီက သူ့ကို အလေးအမြတ် ပြုနေသည်ကိုပါ မြင်သည်။ ထိုကျင့်ကြံသူများကြား၌ မျက်ရည်ကျနေသော လျှိုမေ့ကိုလည်း မြင်သည်။

သူသည် သူ့အိပ်မက်ဘဝထဲ၌ သူ တွေ့ကြုံဖြတ်သန်းခဲ့ရသော အချင်းအရာ ပုံရိပ်များအားလုံးကို တွေ့မြင်သည်။

ကံမ္မကို ဖြတ်တောက်နိုင်မလား၊ မဖြတ်တောက်နိုင်ဘူးလား။

အဆုံးသပ်၌ သူသည် မိန်းလမ်းမဘေးရှိ တည်းခိုခန်းတစ်ခုကို မြင်သည်။ ထိုတည်းခိုခန်းအတွင်းရှိ စားပွဲတစ်ခုပေါ်တွင် မူး၍မှောက်နေသော လူငယ်တစ်ယောက်ကို တွေ့မြင်သည်။ ထိုလူငယ့်ဘေးတွင် စားပွဲထိုးလေးက မျက်မှောင်ကြုတ်ရပ်ကာ တွန်းနှိုးသည်။

“အစ်ကိုလေး…ထတော့…အား…သူက တကယ့်ကို ကျောင်းတော်သားပဲ။ နှစ်ခွက်လေး သောက်ပြီး မူးနေတယ်။ ငါ သန့်ရှင်းရေး လုပ်ရအုံးမယ်။ မြန်မြန်ထတော့…ထတော့…”

သူသည် မူးနေသောလူငယ်က ခေါင်းမော့ကာ စကားတစ်ခွန်း ပြောလိုက်သည်ကိုလည်း တွေ့မြင်သည်။

“ငါ မင်းကို ပြောလိုက်မယ်…။ ငါ အိပ်မက်မက်ခဲ့တယ်။ ငါ အင်မောတယ်တစ်ယောက် ဖြစ်တယ်လို့ အိပ်မက်မက်ခဲ့တယ်…”

အင်မောတယ်ဟူသော စကားလုံးကို ပြောလိုက်သည့်အချိန်၌ ထိုမြင်ကွင်းပုံရိပ်အားလုံးသည် တစစီဖြစ်ကာ ဝေဝါးသွားလေတော့သည်။

ဝမ်လင်းသည် လုံးဝ မျက်လုံးမှိတ်ထားသည်။ သူ မျက်လုံးမှိတ်လိုက်သည့်အခိုက်တွင် ကောင်းကင်သည် ပျက်စီးကာ အိပ်မက်ထဲရှီ အရာအားလုံးသည် လွင့်ပါးပျောက်ကွယ်သွားလေတော့သည်။

သည်အိပ်မက် အဆုံးသပ်သွားလေပြီ။

တစ္ဆေအိုကြီးကျန့် ပြောခဲ့သော နက်မှောင်သောလေဟာနယ်မှာ လှိုဏ်ဂူနံရံအလွှာတစ်ခု ဖြစ်၏။ ထိုနေရာတွင် သွေးရောင်အလင်းအတွင်း လှဲလျောင်းနေသော ဆံဖြူလူငယ်တစ်ယောက်ရှိနေသည်။ သူသည် မျက်လုံး ဖွင့်လာသည်။

“ကံရေစက်ဟာ ဗလာနတ္တိနယ်ထဲကနေ ဖြစ်ပေါ်လာပြီး ဗလာနယ်သာ တည်ရှိရမယ်…ငါ နားလည်ခဲ့ပြီ…”

***

All Chapters