ထူးမခြားနားနေ့ရက်များ
Vol. 46 Ch. 644
ဟွမ်းချန်မြို့တော်၌
ပထမအတန်း၏ တာဝန်မှာ မြို့၏စစ်သည်တော်များနှင့်အတူ သွေးမျိုးနွယ်စုအား တိုက်ခိုက်ရန်ဖြစ်ပြီး ၎င်းတို့သည် မြို့တော်ဆယ့်လေးခုတိတိ ဖျက်စီးနိုင်ခဲ့သောကြောင့် လုပ်ဆောင်စရာများ မရှိတော့ပဲ ပျင်းရိနေကြရသည်။
အချို့သော ကျောင်းသားများသည် အနက်ရောင်စိမ့်တောထဲ ဆက်လက်တိုးဝင်ရန် အကြံပေးကြပါသော်လည်း ဓားအင်မော်တယ်လင်းရှောင်မှာ မည်သို့မျှ လက်မခံပေ။ သွေးမျိုးနွယ်စုသည် လက်ရှိအခြေအနေများအတွက် စတင်တုံ့ပြန်လာပြီ ဖြစ်သောကြောင့် မဆင်မခြင် လှုပ်ရှားလိုက်ပါက ဒုက္ခတွေ့နိုင်သည်။
မြို့တော်များစွာအား ဖျက်စီးနိုင်ခဲ့ကာ ဟွမ်းချန်မြို့တော်သာမက အနီးနားရှိ အခြားသော မြို့တော်များကိုပါ ကောင်းကျိုးပြုနိုင်ခဲ့ပြီး ကျောင်းသားများမှာမူ တစ်ရက်တစ်ရက် ပျင်းရိနေရလေပြီ။
ယခင်က သွေးမျိုးနွယ်စု၏ ကင်းထောက်စစ်သားအချို့ကို တွေ့မြင်နိုင်ပါသော်လည်း ယခုအခါ ခြင်တစ်ကောင်ပင် မတွေ့ရတော့ပေ။
တစ်ရက်တွင် အန်လင်းမှာ မြို့နံရံပေါ်ရှိ စားပွဲတွင် မာကျောက်ဝိုင်းတစ်ခု ပြုလုပ်ခဲ့သည်။
မြို့တော်၏ စုံစမ်းစစ်ဆေးရေးမှူးသည် သူ၏တပည့် ဖြစ်သည်။ ရှောင်ဇယ်သည် ဟင်းလင်းပြင်သို့အပြန် ကျင့်ကြံသူဖြစ်ပြီး အံ့ဖွယ်အာရုံလည်း လွန်စွာကောင်းမွန်သောကြောင့် ပထမအဆင့် ဂိုဏ်းတစ်ခုအား တာဝန်ပေးထားသည်ထက် အဆပေါင်းများစွာ ပိုမိုသာလွန်သည်။
..........
စုရှောင်လန် ခပ်ဖွဖွ ပြုံးလိုက်သည်။
"ငါနိုင်ပြီ။"
အန်လင်း၊ တပိုင်နှင့် ရွှမ်းယွမ်ချန်တို့မှာ သက်ပြင်းချလိုက်ကြပြီး ရှောင်ချိုးမှာ စိတ်မကောင်းခြင်းများစွာနှင့် တပိုင်၏လျစ်လျူရှုခြင်းခံရသော အစာသွပ်ပေါက်စီများကို ပေးလိုက်ရသည်။
အနားတွင် ရှိနေသော ကျောင်းသားများမှာလည်း မျက်ဝန်းများ မီးဟုန်းဟုန်းတောက်နေသည်။ ၎င်းတို့သည်လည်း မာကျောက်အား စားသောက်လိုသည်။ အဲလေ.....အစာသွပ်ပေါက်စီများအား စားသောက်လိုသည်။
ပေါင်းခံခွက်တစ်ရာ ရှိနေသောကြောင့် အစာသွပ်ပေါက်စီ တစ်ထောင်ရှိပြီး ၎င်းတို့တစ်နေကုန် ဆော့ကစားရန် လုံလောက်သည်။
အန်လင်းသည် စုချန်းရန်၏ အိမ်မက်ဆန်လောက်သော မျက်ဝန်းလေးများတွင် လိုချင်တောင့်တမှုများ မြင်နေရသောကြောင့် သူ၏နေရာအား ဖယ်ပေးလိုက်သည်။
"လာလေ...မင်းလာဆော့လိုက်။"
"ဟင်....အဲ့လိုရရဲ့လား။ ငါကဆော့တာ သိပ်မတော်ဘူး။"
စုချန်းရန်မှာ မာကျောက်ဝိုင်းအားကြည့်ကာ စိတ်မသက်မသာဖြစ်ခြင်းနှင့် စပ်စုလိုခြင်းများ ရောယှက်လာသည်။
"အဆင်ပြေပါတယ်။ ရှုံးရင်လည်း အစာသွပ်ပေါက်စီ ဆုံးရုံပဲဟာ။"
အန်လင်း ပြုံးကာအားပေးလိုက်သည်။
ထိုသို့ဖြင့် စုချန်းရန်မှာ အန်လင်း၏ နေရာအား အစားထိုးလိုက်လေသည်။
ကျောင်းသားများမှာလည်း မာကျောက်ကစားဝိုင်း၏ စည်းမျဉ်းစည်းကမ်းများအား နားလည်သွားပြီး ၎င်းတို့အတွက် မာကျောက်အချို့ ဖန်တီးလိုက်ကြသည်။ လောင်းကြေးအတွက် တပိုင်၏လျစ်လျူရှုခြင်းခံရသော အစာသွပ်ပေါက်စီများအစား စိတ်ဝိဉာဉ်ကျောက်တုံးနှင့် ဆေးလုံးများကို အသုံးပြုကြမည် ဖြစ်သည်။
မြို့ရိုးနံရံပေါ်တွင် မာကျောက်ကစားဝိုင်းများကသာ နေရာယူထားသည်။
ထိုအချိန်တွင် ဓားအင်မော်တယ်လင်းရှောင်နှင့် မြို့စားမင်း ချန်ဖေးတို့လည်း မြို့ရိုးနံရံပေါ် ရောက်ရှိလာကြသည်။
"ဟားဟား.....ဆရာလင်းရှောင်ရဲ့ ကျောင်းသားတွေက တကယ့်ကို လူငယ်ပါရမီရှင်တွေပဲ။ အဲ့လိုတော်လွန်းတဲ့ ကျောင်းသားတွေက ကောင်းကင်ဘုံခုံရုံးရဲ့ ကြယ်ပွင့်လေးတွေ ဖြစ်လာမှာ သေချာတယ်။ တစ်နေ့နေ့ကြရင် ကိုးပြည်ထောင် တစ်ခုလုံးကို တောက်ပစေဦးမှာပဲ။"
မြို့စားမင်း ချန်ဖေးမှာ စိတ်လိုလက်ရ ချီးကျူးခန်းဝင်နေသည်။
ဓားအင်မော်တယ်လင်းရှောင်မှာ လွန်စွာဂုဏ်ယူမိပါသော်လည်း တည်တည်ငြိမ်ငြိမ်သာ ပြုံးလိုက်သည်။
"မြှောက်ပင့်လွန်းနေပါပြီ။ သူတို့ရှေ့ဆက်လျှောက်ရမယ့်လမ်းက အရှည်ကြီး ကျန်ပါသေးတယ်။ ခင်ဗျားရဲ့ စစ်တပ်ကလည်း သေသေချာချာ လေ့ကျင့်ပေးထားတာမို့ နယ်စပ်ဒေသကို စောင့်ရှောက်နိုင်မှာပါ။ သူတို့ကလေ့ကျင့်သက် မကြာလောက်သေးဘူးထင်တယ်။ ဒါတောင်မှ အရမ်းစည်းလုံးပြီး စစ်ဗျူဟာတွေမှာ ထူးချွန်နေတယ်။ သူတို့တွေကြောင့်ပဲ ကိုးပြည်ထောင်ရဲ့ နယ်စပ်ဒေသတွေကလုံခြုံနေရတာပါ။"
၎င်းတို့နှစ်ဦးမှာ တစ်ဦးနှင့်တစ်ဦး မြှောက်ပင့်ပြောဆိုနေရင်း မြို့ရိုးနံရံထိပ်သို့ ရောက်လာကြလေပြီ။
ထို့နောက် စီးကြိုနေသော မြင်ကွင်းကြောင့် ကြက်သေသေသွားတော့သည်။
"ဖောင်..."
"ဟားဟား.....မင်းကတော့ သေပြီပဲ။"
"ပစ်တယ်။"
"ပစ်တယ်.....ပစ်တယ်....ပစ်တယ်။"
"ဖောင်ပဲဟေ့...."
"ငါနိုင်ပြီ။"
"ယီးလား.....မင်းမှာ တစ်တုံးလိုနေသေးတယ်လေ။ စည်းကမ်းတွေကိုရော နားလည်ရဲ့လား။"
(မာကျောက်မှာ ဖောင်၊ ချောင်၊ ကောင်ဆိုပြီး ရှိပါတယ်။ ဖောင်က နဂါးပုံသုံးခု စသဖြင့် အတုံးသုံးခု တူသွားတာပါ။ ပစ်တယ်ဆိုတာကတော့ ဘယ်ဘက်ကလူက ပစ်တဲ့အတုံးကို ညာဘက်ကလူက ယူလို့ရပါတယ်။ ညီမလည်း မကစားတတ်လို့ သိပ်မသိပါဘူး။ အတတ်နိုင်ဆုံး ရှာရေးပေးထားပါတယ်ရှင့်။)
...........
ကျောင်းသားများအားလုံးမှာ အဖွဲ့များခွဲ၍ လောင်းကစား လုပ်နေကြသည်။
မာကျောက်ဆော့နေကြသော ကျောင်းသားများအပြင် တိတ်တိတ်ဆိတ်ဆိတ်နှင့် တုံ့တိကျူ ကစားနေကြသူများလည်း ရှိသည်။
(တုံ့တိကျူဆိုတာ တရုတ်ဖဲဝိုင်းပါ။)
ဓားအင်မော်တယ်လင်းရှောင်မှာ ထိုမြင်ကွင်းအား မယုံကြည်နိုင် ဖြစ်နေမိသည်။
မြို့စားမင်း ချန်ဖေးမှာလည်း မျက်စိမျက်နှာ ပျက်သွားရသည်။ အားပါးတရ ချီးကျူးနေခဲ့သော ကျောင်းသားများမှာ ဆိုးသွမ်းလူငယ်များအလား လောင်းကစား ပြုလုပ်နေကြသည်။
ဓားအင်မော်တယ်လင်းရှောင်မှာ မြို့နံရံပေါ်ရှိ စစ်သည်တော်များအား တစ်ချက်မျှ ကြည့်ရှုလိုက်သည်။ ၎င်းတို့သည် ကျောင်းသားများအား မကြာခဏ လှမ်းကြည့်တတ်ပါသော်လည်း နေရာမှမခွာပဲ တာဝန်ကိုသာ ထမ်းဆောင်နေကြသည်။ တနည်းဆိုသော် ထိုစစ်သည်တော်များမှာ သူ၏ကျောင်းသားများထက် ပိုမိုသာလွန်ပေသည်။
ကံကောင်းထောက်မစွာဖြင့် ဓားအင်မော်တယ်လင်းရှောင်သည် ကျောင်းသားများနှင့်ပက်သတ်၍ ဝံ့ဝံ့ကြွားကြွား မပြောခဲ့မိပေ။ မြို့စားမင်း ရှေ့မှောက်၌သာ မာနတခွဲသားနှင့် ဂုဏ်ယူပြခဲ့ပါက ရှက်ရွံ့လွန်းသောကြောင့် သေမိပေလိမ့်မည်။
မည်သို့ပင်ဆိုစေကာမူ ကျောင်းသားများသည် အသက်နှစ်ဆယ် ဝန်းကျင်သာ ရှိသေးပြီး ၎င်းတို့၏ အချိန်အများစုကို ကျင့်ကြံရေးအတွက် ပေးဆပ်ထားကြသည်။ ၎င်းတို့သည် စစ်တပ်လေ့ကျင့်ရေးပုံစံနှင့် အသားမကျသောကြောင့် စစ်သည်တော်များနှင့် ၎င်းတို့ကြား ကွာခြားနေသည်မှာ မထူးဆန်းလှပေ။
"အဟမ်း...ကျောင်းသားတွေ ဘာလုပ်နေကြတာလဲ။"
ဓားအင်မော်တယ်လင်းရှောင် ဒေါသကိုထိန်းကာ မေးလိုက်သည်။
"ဖောင်...."
"ချောင်...."
"ဟားဟား...."
ဓားအင်မော်တယ်လင်းရှောင်မှာ ပေါက်ကွဲတော့မလို ဖြစ်နေလေပြီ။
ထိုအချိန်တွင် ကျောင်းသားတစ်ဦး လက်ထောင်ပြလာသည်။
"အတန်းပိုင်ဆရာကို တင်ပြပါတယ်။ ကျွန်တော်တို့ မာကျောက် ကစားနေတာပါ။"
ဓားအင်မော်တယ်လင်းရှောင် ရှုံ့မဲ့သွားရသည်။
ယီးလား....မင်းတို့ ဘာလုပ်နေလဲ မသိချင်ဘူးကွ....ငါစိတ်အလိုမကျကြောင်းပြဖို့ မေးနေတာ.....
ကျင့်ကြံရေးကြောင့် အလိုက်ကမ်းဆိုးတောင် မသိတော့ဘူးလား.....
ကျောင်းသားအချို့မှာ ဓားအင်မော်တယ်လင်းရှောင် မျက်နှာပျက်သွားသည်ကို သိလိုက်ကြသည်။
"စီနီယာရှောင်ဇယ်က စုံစမ်းစစ်ဆေးရေးမှူးပါ။ သူ့ရဲ့ အံ့ဖွယ်အာရုံက အရမ်းကောင်းတယ်လေ သူတောင် ဘာမှမထောက်လှမ်းမိရင် ကျွန်တော်တို့ဆို ပိုဆိုးမှာပေါ့။ အဲ့ဒါကြောင့် တခြားဟာတွေပဲ လုပ်နေတာပါ။"
ဓားအင်မော်တယ်လင်းရှောင်မှာ အဓိပ္ပါယ်ရှိသော ဖြေရှင်းချက်ကြောင့် ဒေါသအနည်းငယ် လျော့ကျသွားသော်လည်း မည်သို့ဆူရမည်ကိုပင် မသိတော့ပေ။
သူသည် မြို့နံရံတစ်နေရာအား ကြည့်ရှုလိုက်သောအခါ မျက်လုံးမှိတ်ကာ ငြိမ်သက်စွာ ထိုင်နေသော လူငယ်တစ်ဦးကို တွေ့လိုက်ရသည်။
ထိုလူငယ်လေးမှာ ဟွမ်းချန်မြို့အား စောင့်ရှောက်ပေးနေသော ရှောင်ဇယ် ဖြစ်သည်။
ရှောင်ဇယ်၏ ခန္ဓာကိုယ်သည် အနည်းငယ် ယိမ်းထိုးနေသောကြောင့် ဓားအင်မော်တယ်လင်းရှောင်မှာ ထူးဆန်းသလို ခံစားလိုက်ရသည်။
ထို့ကြောင့် ရှောင်ဇယ်ထံ သွားလိုက်သောအခါ သွားရည်များပင် စီးကျနေသည်ကို တွေ့လိုက်ရလေသည်။
ဓားအင်မော်တယ်လင်းရှောင်မှာ ရင်ဘတ်တစ်ခုလုံး လေးလံသွားရသည်။
ဟွမ်းချန်မြို့တော်ရဲ့ လုံခြုံရေးကို ဒီလိုကာလနဂါးလက်ထဲ အပ်ထားရတာလား.....
ဘုရားရေ.....
ဒင်းတို့ကို သင်ခန်းစာပေးမှ ဖြစ်တော့မယ်.....
ဓားအင်မော်တယ်လင်းရှောင်သည် ကျောင်းသားများအား သင်ကြားပေးရမည့် အချိန်ဖြစ်ကြောင်း ခံစားလိုက်ရသည်။
အန်လင်းမှာ တီနာထံ သွားလိုက်သည်။ တီနာသည် မျက်ဝန်းများ ပိတ်ထားပါသော်လည်း အိပ်ပျော်နေခြင်း မဟုတ်ပဲ တရားထိုင်နေခြင်းသာ ဖြစ်သည်။
အန်လင်းသည် နွေးထွေးနူးညံ့သော တီနာ၏ ပါးလေးအား လက်ညှိုးဖြင့် ထိုးလိုက်သည်။
တီနာမှာ မျက်ဝန်းလေးများ ပွင့်လာကာ အန်လင်းအား ကြည့်ရှုလိုက်သည်။
"အံ့ဖွယ်ကြေးမုံပြင်ကမ္ဘာရော အခြေအနေ ဘယ်လိုရှိလဲ။"
အန်လင်း မေးမြန်းလိုက်သည်။
"အင်း...."
တီနာ အန်လင်း၏ နဖူးအား လက်ဖြင့်ထောက်လိုက်သည်။
"ဘာလို့ကိုယ့်ဘာသာ သွားမကြည့်တာလဲ။"