သမိုင်းတလျှောက်အတုံးဆုံးမကောင်းဆိုးဝါးများ
Vol. 46 Ch. 645
အန်လင်းမှာ ချီလော့မြို့၏ ကောင်းကင်ထက်သို့ ရောက်ရှိသွားပြီးနောက် ဟိုဟိုသည်သည် ကြည့်ရှုကာ အံ့အားသင့်သွားရသည်။
"အထင်ကြီးစရာပဲ။ အခု လူတစ်ထောင်လောက်တောင် ဖြစ်နေပြီပေါ့။"
ထို့နောက် ရင်းနှီးနေသော အာဒမ်နှင့်ဧဝအား လူအုပ်များကြားထဲ တွေ့လိုက်ရသည်။ ဘိုးဘေးလူသားနှစ်ဦးသည် ကမ္ဘာကြီး၏ ကောင်းချီးအဖြာဖြာကို ရရှိထားသောကြောင့် ဘယ်သောအခါမှ အသက်မကြီးလာသည့်အလား ၎င်းတို့၏ ကလေးများထက်ပင် ငယ်ရွယ်နုပျိုနေသေးသည်။
အန်လင်းမှာ အာဒမ်နှင့်ဧဝ၏ ကလေးကိုးဦးကိုလည်း ကြည့်ရှုလိုက်သည်။ ကျင့်ကြံခြင်းကြောင့် လူသားများအားလုံး ဇရာပေါ်ခြင်း နှေးကွေးနေကာ တီနာသာ မိတ်မဆက်ပေးပါက အမေနှင့်သမီးကိုပင် သဲကွဲမည် မဟုတ်ပေ။
"အခု မျိုးဆက်ငါးဆက်ဆိုတော့ လူဦးရေလည်း တစ်ထောင်ဝန်းကျင် ရှိနေပြီ။ သူတို့ဆီက ထွက်လာတဲ့ အရှိန်အဝါတွေအရ အားလုံးနီးပါးက ကျင့်ကြံရေးလမ်းကို လျှောက်ကြတာပဲ။ အာဒမ်နဲ့ဧဝက တာအိုခန္ဓာ အထွဋ်အထိပ် အဆင့်တောင် ရောက်နေပြီ။ မြို့တော်တစ်ခုလုံးလည်း စည်ကားနေတာပဲ။"
အန်လင်း အံ့အားတကြီး ဖြစ်နေသည်။
တီနာ ခေါင်းခါပြလိုက်သည်။
"ဘီလူးအန်လင်း....နင်ကကြည့်လို့သာ မြန်တယ်ထင်နေတာ။ တကယ်တော့ နှစ်တစ်ရာကျော် ကြာသွားပြီလေ။ အချိန်တွေကို တွက်ကြည့်ရင် တိုးတက်နှုန်းက ပုံမှန်ပါပဲ။"
သူမသည် ရေကန်နားတွင် ရယ်ရယ်မောမောနှင့် ဆော့ကစားနေသော ကောင်လေးနှစ်ဦးအား ညွှန်ပြလိုက်သည်။
"သူတို့က ဘယ်သူတွေလို့ထင်လဲ။"
အန်လင်းသည် ထိုကလေးငယ်နှစ်ဦးအား ရင်းနှီးနေပါသော်လည်း မည်သို့မှ မမှတ်မိနေပေ။
"ဘယ်သူတွေလဲ။"
သူသိလိုစိတ်ပြင်းစွာ မေးလိုက်သည်။
"သူတို့က ချီလော့မြို့က ဝတ်ရုံနီ စောင့်ရှောက်သူနှစ်ယောက် လုချန်နဲ့ လော့ချန်လေ။"
တီနာမှာ ပါးချိုင့်လေးများပေါ်အောင် ချစ်စဖွယ်ကောင်းစွာ ပြုံးလိုက်သည်။
အန်လင်းလည်း ပြန်လည်အမှတ်ရသွားသည်။
"သူတို့ပဲ...တစ်ယောက်က ပိန်ပိန်ရှည်ရှည်၊ တစ်ယောက်က ပုပုဝဝ တကယ်ကို အရင်က ပုံစံအတိုင်းပဲ။"
အန်လင်း တီနာအားကြည့်ကာ မေးလိုက်သည်။
"သူတို့က လုချန်နဲ့လော့ချန်မှန်း ဘယ်လိုသိတာလဲ။"
တီနာ ရှင်းပြလိုက်သည်။
"သူတို့ကို ရှေးဟောင်းထိုက်ချူးကုန်းမြေက စွန့်ပစ်လိုက်ပေမယ့် ဒီကမ္ဘာမှာ ဆက်နေလို့ ရတယ်လေ။ သူတို့ရဲ့ စိတ်ဝိဉာဉ်တွေကို ဒီမှာလွှတ်ပေးလိုက်တာ။ အဲ့ဒါဆို သူတို့လည်း ဘဝအသစ် စနိုင်တာပေါ့။"
"အဲ့လိုလုပ်လို့ အဆင်ပြေရဲ့လား။ သူတို့က ဒီကမ္ဘာက မဟုတ်ဘူးလေ။"
အန်လင်း စိတ်ပူမိသွားသည်။
"ဘာမှမဖြစ်ပါဘူး။ ဒါက မူလချီလော့မြို့ရဲ့ ကြေးမုံတစ်ဖက်ခြမ်းပဲလေ။ သူတို့ရဲ့ စိတ်ဝိဉာဉ်တွေကို ကြေးမုံတစ်ဖက်ခြမ်း ပို့လိုက်ရုံပဲရှိတာ။ ချီလော့မြို့က လေလွင့်နေတဲ့ စိတ်ဝိဉာဉ်တွေ အားလုံးကို ဘဝအသစ်ပေးမှာ။"
တီနာသည် ကတိတည်နိုင်ခဲ့သောကြောင့် စိတ်ကျေနပ်နေသည်။
တီနာ စိတ်ဆုံးဖြတ်ထားသောကြောင့် အန်လင်းသည်လည်း ထိုကိစ္စနှင့်ပက်သတ်၍ မည်သည့်စကားမှ မပြောတော့ပေ။
အခြားကမ္ဘာမှ သက်ရှိအား ဤကမ္ဘာသို့ လွှတ်ပေးလိုက်သည်မှာ ပထမဆုံးအကြိမ်ဖြစ်ပြီး အောင်မြင်သည်ဟု ယူဆနိုင်သောကြောင့် သူကိုယ်တိုင်လည်း သဘောကျမိသည်။
"ဟုတ်သားပဲ....ဝိဉာဉ်ဝါးမြိုသားရဲတွေကရော အခြေနေ ဘယ်လိုရှိလဲ။"
အန်လင်း ရုတ်တရက် သတိရကာ မေးလိုက်သည်။
တီနာ၏ အမူအရာမှာ အံ့ဖွယ်ကြေးမုံပြင်ကမ္ဘာ၏ အခြေအနေအား မေးမြန်းစဉ်ကအတိုင်း ပြောင်းလဲသွားသောကြောင့် အန်လင်း၏ သိလိုစိတ်များမှာ ပိုမိုမြင့်တက်လာသည်။
"နင့်ကိုပြမယ်လေ။"
တီနာ သက်ပြင်းချကာ လက်အားဝေ့ယမ်းလိုက်သည်နှင့် ဝိဉာဉ်ဝါးမြိုသားရဲ အဖွဲ့များ၏ ပုံရိပ်များစွာ ထွက်ပေါ်လာတော့သည်။
အန်လင်းမှာ မြင်လိုက်ရသော မြင်ကွင်းကြောင့် သွေးတက်သွားရသည်။
"သူတို့ကဘာလို့ အချုပ်ထဲ ရောက်နေတာလဲ။"
ဝိဉာဉ်ဝါးမြိုသားရဲများအားလုံးမှာ ထောင်ချခံထားရသည်။
ထောင်အချို့သည် မှော်ပစ္စည်းများဖြင့် ပြုလုပ်ထားပြီး အချို့မှာ မန္တာန်ဝင်္ကပါများဖြင့် ဖွဲ့စည်းထားသည်။ ထောင်ထဲတွင် ရှိနေသော ဝိဉာဉ်ဝါးမြိုသားရဲများမှာ နားကွဲမတတ် ကျယ်လောင်စွာ အော်ဟစ်နေကြသည်။
"ဦးနှောက်စားချင်တယ်။"
ထိုမြင်ကွင်းများမှာ သနားစရာပင် ကောင်းလှသည်။
အန်လင်း: "....."
ဘာတွေဖြစ်နေတာလဲ... ယီးတွေဖြစ်နေတာလား.....
"တခြား ဝိဉာဉ်ဝါးမြိုသားရဲတွေရော ဘယ်မှာလဲ။ သူတို့အားလုံး အဖမ်းခံထားရတာလား။"
အန်လင်း ကူကယ်ရာမဲ့စွာ မေးလိုက်သည်။
တီနာ စိတ်ပျက်လက်ပျက်နှင့် မျက်ခုံးနှိပ်နေရသည်။
"ဟုတ်တယ်။ သေရင်သေ မသေရင် ဖမ်းခံထားရတဲ့ ကောင်တွေချည်းပဲ။"
အန်လင်း နားမလည်နိုင် ဖြစ်သွားမိသည်။
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ သူတို့က ကျပ်မပြည့်တာကလွဲရင် တခြားနေရာတွေမှာ တော်ပါတယ်။ ဘယ်လိုလုပ် ဒီလိုဖြစ်သွားရတာလဲ။"
"ပြဿနာက ကျပ်မပြည့်တာပဲ။"
တီနာ သက်ပြင်းထပ်ချလိုက်မိသည်။
"ဝိဉာဉ်ဝါးမြိုသားရဲတွေက အစကတော့ အသာစီး ရခဲ့တာပေါ့။ သူတို့တွေက ဉာဏ်ရည်မြင့် သတ္တဝါတွေကို သရဲမရဲစီးသလို အမဲလိုက်ကြတယ်။ သားကောင်ကို ရတာနဲ့ တစ်စစီဖြဲပြီး စားတော့တာပဲ။"
"သူတို့တွေက ဉာဏ်ရည်မြင့် သတ္တဝါတွေအတွက် အိမ်မက်ဆိုးလို ဖြစ်လာတယ်။ တော်တော်များများက ညဘက်ဆို အပြင်မထွက်ရဲတော့ဘူး။ အဲ့ဒါကြောင့်ပဲ မတူညီမှုတွေကို ဘေးဖယ်ထားပြီး မျိုးနွယ်စုတွေအားလုံး ပူးပေါင်းလိုက်ကြတယ်။"
"နောက်ကြတော့ ဝိဉာဉ်ဝါးမြိုသားရဲတွေရဲ့ အားနည်းချက်ကြီး တစ်ခုကို တွေ့သွားကြတယ်။ အဲ့ဒါက ဝိဉာဉ်ဝါးမြိုသားရဲတွေက ဉာဏ်ရည်မြင့် သတ္တဝါတွေကို တွေ့တာနဲ့ စိတ်လှုပ်ရှားလွန်းလို့ ဘာအစီအစဉ်မှ မရှိပဲ တစ်ခါတည်း ခုန်အုပ်တော့တာပဲ။"
"မျိုးနွယ်စုတွေက အဆင့်မြင့် ကျင့်ကြံသူတွေက အဲ့အချက်ကို အသုံးချပြီး ထောင်ချောက်တွေလုပ်တယ်။ မန္တာန်ဝင်္ကပါတွေ လုပ်ထားပြီးတော့ ဝိဉာဉ်ဝါးမြိုသားရဲတွေ မိတာနဲ့ ဆွမ်းကြီးဝိုင်းလောင်းကြတယ်။ အဲ့နည်းလမ်းက သေလောက်အောင် အလုပ်ဖြစ်လွန်းလို့ ဝိဉာဉ်ဝါးမြိုသားရဲတွေကို ဘယ်သူကမှ မကြောက်ကြတော့ဘူး။"
အန်လင်းမှာ ဖြစ်ပျက်နေသည်များကို နားလည်သဘောပေါက်သွားသည်။ ဝိဉာဉ်ဝါးမြိုသားရဲများသည် ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်း နည်းပါးသည့်အပြင် ဉာဏ်ရည်မြင့် သတ္တဝါများအပေါ် တုံ့ပြန်ချက် ပြင်းလွန်းသောကြောင့် အားနည်းချက်ကြီး တစ်ခုလို ဖြစ်သွားခဲ့ရသည်။
တီနာ စိတ်အလိုမကျဟန်ဖြင့် စကားဆိုလိုက်သည်။
"ဘီလူးအန်လင်း....ဒိုင်နိုဆောတွေက ဉာဏ်မကောင်းပေမယ့် သူတို့တောင် ကိုယ်ပိုင်အသိစိတ်နဲ့ အင်အားကြီး မျိုးနွယ်စုတွေဆီကနေ ရှောင်နိုင်သေးတယ်။ တသီးတသန့် ဖြစ်နေတဲ့ တောအုပ်အနက်ပိုင်းတွေမှာ သွားနေကြတော့ မျိုးတုန်းမှာကိုတောင် စိတ်ပူစရာ မလိုတော့ဘူး။"
"ဒါပေမယ့် ဝိဉာဉ်ဝါးမြိုသားရဲတွေက ကျပ်မပြည့်တဲ့အပြင် ခေါင်းထဲမှာလည်း ဦးနှောက်စားဖို့လောက်ပဲ သိကြတယ်။ သူတို့ကို နတ်ဘုရားတွေတောင် ကယ်နိုင်မှာ မဟုတ်ဘူး။ အဲ့ဒါကြောင့် မျိုးတုန်းမလို ဖြစ်နေတာ မထူးဆန်းတော့ဘူး။"
"သူတို့ဝင်လာတဲ့ ငရဲတံခါးကိုလည်း မျိုးနွယ်စုကိုးခုက ချိပ်ပိတ်လိုက်ကြပြီ။ ကျန်နေသေးတဲ့ ဝိဉာဉ်ဝါးမြိုသားရဲတွေကလည်း အဖမ်းခံရပြီး စမ်းသပ်ခန်းက ကြွက်တွေလို ဆက်ဆံခံနေရတယ်။ ဒီတိုက်ပွဲက နှစ်တစ်ရာတောင် မကြာလိုက်ဘူး။"
တီနာ သက်ပြင်းတချချ ဖြစ်နေသည်။
အန်လင်း အားယူကာ ပြုံးလိုက်ရသည်။
"သူတို့တွေက သမိုင်းတလျှောက် အတုံးဆုံး မကောင်းဆိုးဝါးတွေပဲ။ ကြည့်ရတာ ကျပ်မပြည့်ရင်လည်း သေလမ်းနီးပုံရတယ်။"
"သူတို့ကို ဖန်တီးမိတဲ့ ငါတို့ကမှ ငတုံးတွေ ထင်တာပဲ။"
အန်လင်း: "..... "
အန်လင်းသည် တီနာအား ထိုအတွေးများထံမှ ဆွဲထုတ်ပေးရန် ကြိုးစားလိုပါသော်လည်း လွယ်ကူမည့်ပုံ မပေါ်ပေ။ သူမပြောသည်မှာ အမှန်ပင် မဟုတ်လော။
အပြစ်တင်မည်ဆိုပါက တုံးတုံးအအ ဖန်ဆင်းရှင် နတ်ဘုရားမနှင့် ရူးရူးပေါပေါ သူမ၏သခင်ကိုသာ ပြောသင့်ပေသည်။