မကောင်းဆိုးဝါးဒုတိယအသုတ်
Vol. 46 Ch. 646
အန်လင်း သက်ပြင်းချကာ ဖမ်းခံထားရသော ဝိဉာဉ်ဝါးမြိုသားရဲများအား စိတ်မကောင်းခြင်းများစွာနှင့် ကြည့်ရှုလိုက်သည်။
"ငါတို့ဘာလုပ်ကြမလဲ။ ထပ်ကြိုးစားကြမလား။"
တီနာ ဒေါသထွက်စွာ ခါးထောက်လိုက်သည်။
"မျိုးနွယ်စုကိုးခုက ဝိဉာဉ်ဝါးမြိုသားရဲတွေကို ဖြေရှင်းနိုင်သွားတော့ အရင်လို ပြန်ဖြစ်သွားတာပဲ။ စစ်ပွဲတွေ ထပ်ဖြစ်နေကြပြန်ပြီ။ သူတို့က မတိုက်ခိုက်ရရင်ကို စိတ်မကျေနပ်ကြဘူး ထင်တယ်။ လက်တလော တောင်ပံနက်မျိုးနွယ်စုက ချီလော့မြို့ကိုတွေ့ပြီး လူသားတွေကို မျက်စိကျနေတယ်။ အဆင့်နိမ့် သတ္တဝါတွေက ကျွန်ဖြစ်ဖို့ပဲ တန်တာတဲ့။"
"အဆင့်နိမ့် သတ္တဝါဟုတ်လား။ တောင်ပံနက်မျိုးနွယ်စုက ဘာလို့အဲ့လိုတွေးရတာလဲ။"
အန်လင်း အံ့သြသွားရသည်။
"သူတို့ပြောတာက လူသားတွေက တောင်ပံနက်မျိုးနွယ်စုနဲ့ တူပေမယ့် အတောင်မပါကြဘူး။ ငါ့မှာရှိပြီး နင့်မှာမရှိရင် နင်ကငါ့ထက် နိမ့်နေလို့ပဲပေါ့တဲ့....အဲ့လိုသဘောမျိုး ပြောကြတာ။"
တီနာ အေးစက်စွာ ရယ်မောလိုက်သည်။
အန်လင်း: "......"
ထိုအတွေးနှင့်ပက်သတ်၍ ပြောစရာစကားပင် မရှိတော့ပေ။
"လူသားမျိုးနွယ်စုနား နီးကပ်လာတဲ့ တောင်ပံနက်မျိုးနွယ်စုရဲ့ စွမ်းအင်တွေကို ကန့်သတ်ထားလို့သာပေါ့။ မဟုတ်ရင် လူသားတွေအားလုံး ကျေးကျွန်ဖြစ်နေလောက်ပြီ။"
တီနာသည်လည်း တောင်ပံနက်မျိုးနွယ်စုအား မကျေမနပ် ဖြစ်နေပုံရသည်။
လူသားတွေက အဆင့်နိမ့် သတ္တဝါ ဟုတ်လား......ထိုက်ချူကုန်းမြေမှာ သူတို့ဘယ်လောက်ကြမ်းလဲ မသိကြဘူးလား....
ငါ့ရဲ့သခင် ဘီလူးအန်လင်းတောင် လူသားတစ်ယောက်ပဲ....လူသားတွေက အဆင့်နိမ့် သတ္တဝါဆိုရင် အန်လင်းရဲ့ သားရဲငါက ပိုပြီးတောင် နိမ့်မကျနေဘူးလား......
တီနာသည် တောင်ပံနက်မျိုးနွယ်စု တစ်ခုလုံးအား ရှင်းထုတ်ပစ်ချင်ပါသော်လည်း ဖန်ဆင်းရှင် နတ်ဘုရားမ ဖြစ်နေသောကြောင့် စိတ်များကို မနည်းထိန်းချုပ်ထားရသည်။
တီနာအား ကြည့်ရုံမျှဖြင့်ပင် သူမသည် ပိုမိုသင့်တော်သော မကောင်းဆိုးဝါးများ ဖန်တီးလိုကြောင်း ထင်ရှားနေသည်။
မျိုးနွယ်စုကိုးခုသည် တီနာအတွက် သားသမီးလို ဖြစ်နေသောကြောင့် အချင်းချင်း တိုက်ခိုက်နေသည်ထက်စာလျှင် ပြင်ပရန်သူများကိုသာ အတူတကွ ပူးပေါင်းရှင်းထုတ်စေလိုသည်။
ယခုတစ်ကြိမ်တွင် သူမအနေဖြင့် ပြီးပြည့်စုံသော မကောင်းဆိုးဝါးကို ဖန်ဆင်းလိုသည်။ ထိုမှသာ ကြီးကျယ်ခမ်းနားသော မဟာစစ်ပွဲကြီး ဖြစ်ပေါ်လာကာ လူသားများနှင့် မျိုးနွယ်စုကိုးခုသည်လည်း ကမ္ဘာကြီး၏ လုံခြုံရေးအတွက် လက်တွဲဆောင်ရွက်ကြပေလိမ့်မည်။
သို့သော် လိုအပ်ချက်များနှင့် ကိုက်ညီသည့် မကောင်းဆိုးဝါးအား မည်သို့ဖန်ဆင်းကြမည်နည်း။
တီနာသည် မြစိမ်းရောင် မျက်ဝန်းလေးများ ပုတ်ခတ်ပုတ်ခတ်လုပ်ကာ အန်လင်းထံမှ အကြံကို စောင့်ဆိုင်းနေသည်။
အန်လင်းမှာ တီနာအားကြည့်ကာ ခေါင်းကိုက်လာရသည်။
"တကယ်တော့ ကျပ်ကလည်းမပြည့်၊ ဉာဏ်ရည်ကလည်းနည်း ဒါပေမယ့် ခွန်အားကြတော့ လူသားတွေနဲ့ မျိုးနွယ်စုကိုးခုထက်တောင် သန်မာပြီး ပတ်ဝန်းကျင်ကို မဖျက်စီးတတ်မယ့် မကောင်းဆိုးဝါးမျိုး ဖန်တီးဖို့ တော်တော်မလွယ်ဘူး။"
သူခေတ္တမျှ တွေးတောကာ အကြံတစ်ခု ရလာသည်။
"ဒီလိုဆိုရင်ရော ဘယ်လိုလဲ။ မျိုးပွားစွမ်းရည် အရမ်းကောင်းပြီး နေရောင်ခြည်နဲ့ အစာချက်၊ ဉာဏ်ရည်မြင့် သတ္တဝါတွေရဲ့ သွေးသောက်ရုံနဲ့ ရှင်သန်နိုင်တဲ့ မကောင်းဆိုးဝါး ဆိုရင်ရော။ ငါတို့ အရည်အသွေးကို အရည်အတွက်နဲ့ ဖုံးကြတာပေါ့။"
"အရိုင်းဆန်လွန်းတယ်။"
တီနာ ခေါင်းခါပြလိုက်သည်။
အန်လင်း၏ နှုတ်ခမ်းအစုံ ရှုံ့မဲ့သွားရသည်။
မကောင်းဆိုးဝါးတွေက ခေတ်မီဆန်းပြားနေရဦးမှာလား.....
သူဆက်တွေးနေရင်း ပိုမိုခေတ်မီသော မကောင်းဆိုးဝါး မျိုးနွယ်စုအား စဉ်းစားမိလာသည်။
"နာလေး.....ငါတို့ လောကနိယာမတွေကိုသုံးပြီး မကောင်းဆိုးဝါး ဖန်တီးလို့ရတယ်လေ။ ဥပမာ- တစ်ခါတည်းနဲ့ လူသုံးယောက် သတ်နိုင်တဲ့ တံစဉ်မကောင်းဆိုးဝါးမျိုး၊ ဒါမှမဟုတ်လည်း အားကောင်းတဲ့ ရေအမျိုးအစား မန္တာန်တွေနဲ့မှ သတ်လို့ရတဲ့ မီးလျှံမကောင်းဆိုးဝါးမျိုး၊ ဒါမှမဟုတ် သူတို့အနား ဆယ်မီတာလောက် ရောက်တာနဲ့ အလိုလို အားနည်းလာစေနိုင်တဲ့ မကောင်းဆိုးဝါးမျိုးပေါ့။"
တီနာ၏ မျက်ဝန်းများ တောက်ပသွားပါသော်လည်း ချက်ချင်းဆိုသလို ခေါင်းခါလိုက်ပြန်သည်။
"လောကနိယာမတွေနဲ့ သက်ရှိတွေကို ဆက်စပ်ပေးဖို့ ငါ့အစွမ်းက မလုံလောက်သေးဘူး။"
အန်လင်း အနည်းငယ် အံ့သြသွားရသည်။
"မဖြစ်စလောက် လောကနိယာမလေးတောင် မရဘူးလား။"
"လောကနိယာမက လောကနိယာမပဲ။ လောကနိယာမဆိုတာ သာမန်အစွမ်းတွေထက် အများကြီး သာလွန်တယ်။ လောကနိယာမမှာ မဖြစ်စလောက်တို့ဘာတို့ ကွဲပြားနေတာမျိုး မရှိဘူး။"
တီနာ ဥပမာပေးလိုက်သည်။
"ပြောရရင်ဟာ တကယ်လို့ တစ်စုံတစ်ယောက်က ရှောင်မင်နာမည်ရှိတဲ့ လူမှန်သမျှကို သတ်နိုင်တဲ့အစွမ်း ရှိတယ်ထားပါစို့။ အဲ့အစွမ်းက ဘာမှသုံးလို့ ရမှာမဟုတ်ဘူး။"
အန်လင်း ခေါင်းညိတ်ပြလိုက်သည်။
"အင်း....ဒီခေတ်မှာ ရှောင်မင်ဆိုတဲ့ နာမည်က သိပ်မှမသုံးကြတော့တာ။ အဲ့အစွမ်းလည်း ဘယ်အသုံးဝင်ပါ့မလဲ။"
တီနာ ခပ်ဖွဖွပြုံးသည်။
"အဲ့ဒါဆို နောက်ထပ်လူတစ်ယောက်က လူတိုင်းကို ရှောင်မင်ဆိုတဲ့နာမည် ပေးနိုင်တယ်ဟာ။ အဲ့အစွမ်းကလည်း သိပ်အသုံးမဝင်ဘူးမလား။"
အန်လင်း သဘောတူလိုက်သည်။
"အဲ့အစွမ်းက ဟာသကြီးလိုပဲ။"
ထို့နောက် တစ်စုံတစ်ခုကို သတိထားမိကာ မျက်ဝန်းများ ကျဉ်းမြောင်းသွားသည်။
တီနာ စကားဆက်လိုက်သည်။
"ဒါဆို သူတို့နှစ်ယောက် တွေ့သွားရင်ရော..."
အန်လင်းမှာ အသက်ရှူသံများပင် ပြင်းလာသည်။
"ပွဲကြီးပွဲကောင်းပဲပေါ့။"
"အဲ့ဒါကြောင့် နိယာမတွေမှာ အားနည်းတယ်၊ အားသာတယ် မရှိဘူးလို့ပြောတာ။ နိယာမဆိုတာ အရာအားလုံးထက် သာလွန်တဲ့ စွမ်းအင်တစ်ခုပဲ။ ဘယ်လိုအသုံးဝင်ပုံမျိုးပဲဖြစ်ဖြစ် မမျှော်လင့်ထားတဲ့ နောက်ဆက်တွဲတွေပါ ဖြစ်လာနိုင်တယ်။"
"အဲ့ဒါကြောင့် ငါအခုပိုပြီး သန်မာလာတော့မှ စမ်းကြည့်တာကောင်းမယ်။"
တီနာ၏ အမူအရာမှာ လွန်စွာလေးနက်နေသည်။
အန်လင်းသည်လည်း သူမကို နားလည်နေသောကြောင့် မကောင်းဆိုးဝါးများနှင့်ပက်သတ်၍ အခြားနည်းလမ်း တစ်ခုသာ စဉ်းစားရတော့သည်။
မကောင်းဆိုးဝါးများသည် ဉာဏ်ရည်နိမ့်ပါးသောကြောင့် ၎င်းတို့အား မြှင့်တင်ပေးရန် အတော်ခက်ခဲလှသည်။
အန်လင်းနှင့် တီနာ နှစ်ဦးလုံးမှာ ခေါင်းစားနေရလေပြီ။
၎င်းတို့မည်သို့ပင် တွေးတောပါစေ မကောင်းဆိုးဝါးများသည် ကျပ်မပြည့်သောကြောင့် တူညီသော ကံကြမ္မာသို့သာ ပြန်လည်ရောက်ရှိလိမ့်မည်ဟု ထင်မှတ်ရသည်။ ထိုအတွေးကြောင့် ၎င်းတို့သည်လည်း ဦးနှောက်ခြောက်နေလေပြီ။
ဝိဉာဉ်ဝါးမြိုသားရဲများသည် အတော်ပင် စိတ်ဒုက္ခပေးနိုင်သည်။
အန်လင်း ရုတ်ချည်းဆိုသလို လက်ခုပ်တီးလိုက်သည်။
"ငါတို့ ဝိဉာဉ်ဝါးမြိုသားရဲတွေကိုပဲ ပိုကောင်းအောင် လုပ်ပေးလိုက်ရင်ရော။"
"ဘယ်လိုမျိုးလဲ။"
တီနာ အူကြောင်ကြောင် ဖြစ်သွားသည်။
အန်လင်း ခပ်ဖွဖွပြုံးကာ တုံ့ပြန်သည်။
"ဝိဉာဉ်ဝါးမြိုသားရဲတွေက ဦးနှောက်မရှိဘူးမလား။"
တီနာ မျက်နှာပျက်သွားသည်။
"ရှိပါတယ်ဟဲ့။ သုံးစားမရတာလေး တစ်ခုပဲ။"
"ဘာပဲပြောပြော တူတူပဲလေ။ ကျပ်မှမပြည့်တာ။ ဒါပေမယ့် ဒိုင်နိုဆောတွေလည်း ဉာဏ်ရည်နိမ့် သတ္တဝါပဲ။ သူတို့တောင် ရှင်သန်နိုင်သေးရင် ဝိဉာဉ်ဝါးမြိုသားရဲတွေကရော ဘာလို့မဖြစ်နိုင်ရမှာလဲ။ ငါပြောချင်တာက...."
အန်လင်းမှာ အတွေးများ စုစည်းကာ စကားဆက်လိုက်သည်။
"ဝိဉာဉ်ဝါးမြိုသားရဲတွေ ဦးနှောက်ရှိရှိမရှိရှိ အရေးမကြီးဘူး။ သူတို့ကို သတ်ဖြတ်ချင်စိတ် ပြင်းထန်တဲ့ ကောင်တွေအဖြစ် ပြောင်းပေးလိုက်ရုံပဲ။"
"ဘာကွာလို့လဲ။"
တီနာ နားမလည်နိုင်သေးပေ။
"ကွာခြားချက်က အရင်တုန်းက သူတို့ရဲ့ ကိုယ်ပိုင်အစွမ်းတွေ တက်လာဖို့ ဉာဏ်ရည်မြင့် သတ္တဝါတွေကို အမဲလိုက်ရတယ်။ ဒါပေမယ့် သူတို့ဆီမှာ နည်းစနစ်တွေ အားနည်းပြီး ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်းလည်း မရှိဘူး။ အခု အဲ့ဒါကို ဖယ်ထုတ်လိုက်ပြီးတော့ သူတို့ကို ပုန်းကွယ်တာနဲ့ ပက်သတ်တဲ့ စွမ်းရည်တွေ ပေးလိုက်ရင် သားကောင်ကို အမဲမလိုက်ခင်အထိ အရိပ်ထဲ နေနိုင်သွားတာပေါ့။"
"အဲ့ဒါဆို မျိုးနွယ်စုကိုးခုသုံးတဲ့ ထောင်ချောက်ဆင်တဲ့နည်းကလည်း အသုံးဝင်မှာ မဟုတ်တော့ဘူး။ ဝိဉာဉ်ဝါးမြိုသားရဲတွေက ဉာဏ်ရည်မြင့် သတ္တဝါတွေကို မစဉ်းစားပဲ ခုန်အုပ်တော့မှာ မဟုတ်ဘူးလေ။ အဲ့ဒါအပြင် ဝိဉာဉ်ဝါးမြိုသားရဲတွေကို ရှာရခက်သွားတော့ မျိုးနွယ်စု ကိုးခုကလည်း အန္တရာယ်ထဲ နေရသလို ဖြစ်နေလိမ့်မယ်။"
"နေ့ဖြစ်ဖြစ်၊ ညဖြစ်ဖြစ် ရုတ်တရက် အမဲလိုက်ခံရနိုင်တယ်။ ဝိဉာဉ်ဝါးမြိုသားရဲတွေက မျိုးနွယ်စုတွေ အားလုံးကို စုစည်းစေလိမ့်မယ်။"
အန်လင်း စိတ်လှုပ်ရှားနေသည်။
တီနာ၏ မျက်ဝန်းများလည်း တလက်လက် တောက်ပလာသည်။
"အကြံကောင်းပဲ။ စမ်းကြည့်ရအောင်။"
၎င်းတို့နှစ်ဦးလုံးသည် ကျရှုံးခဲ့သော စမ်းသပ်ချက်အား ပြင်ဆင်ရန် ဝိဉာဉ်ဝါးမြိုသားရဲများကိုသာ ဆက်လက်ရွေးချယ်လိုက်ကြသည်။
ဝိဉာဉ်ဝါးမြိုသားရဲ ဒုတိယမျိုးဆက်သည် တုံးတုံးအအ ဖန်ဆင်းရှင် နတ်ဘုရားမနှင့် ရူးရူးပေါပေါ သူမ၏သခင်ဟူသော ဘွဲ့အမည်များအား ဖယ်ရှားပေးနိုင်ရန်သာ မျှော်လင့်ထားရတော့မည်။