အိမ်မက်ဆိုးမကောင်းဆိုးဝါးများ
Vol. 46 Ch. 647
ထိုသို့ဖြင့် အံ့ဖွယ်ကြေးမုံပြင်ကမ္ဘာ၏ တောင်ဘက်ပိုင်းတွင် ကြီးမားသော ဂိတ်တံခါးဝတစ်ခု ပွင့်ဟလာသည်။
ဝိဉာဉ်ဝါးမြိုသားရဲ၏ ဒုတိယမျိုးဆက်များ ထွက်ပေါ်လာပြီး ယခင်ကလို "ဦးနှောက်စားချင်တယ်။"ဟု မအော်ဟစ်တော့ပဲ "လက်စားချေရမယ်"ဟုသာ တိုးညင်းစွာ ရွတ်ဆိုနေကြသည်။ ၎င်းတို့သည် အရှိန်အဝါများအား လေလွင့်နေသော စိတ်ဝိဉာဉ်များသဖွယ် ဖိနှိပ်ထားကြပါသော်လည်း စင်စစ်တွင်မူ လွန်စွာကြောက်မက်ဖွယ်ကောင်းကြပြီး လုပ်ကြံသတ်ဖြတ်သူများအလား အရိပ်ထဲတွင် ကျွမ်းကျင်စွာ ပုန်းကွယ်နိုင်ကြသည်။
အန်လင်းနှင့် တီနာတို့သည် စိတ်ကျေနပ်နေသော အမူအရာဖြင့် ဝိဉာဉ်ဝါးမြိုသားရဲ ဒုတိယမျိုးဆက်အား ကြည့်ရှုနေကြသည်။ ထိုမကောင်းဆိုးဝါးများသည် မျိုးနွယ်စုကိုးခုအတွက် အိမ်မက်ဆိုးတစ်ခု ဖြစ်လာပေလိမ့်မည်။
တီနာသည် တည်ရှိနေပြီးသား ဝိဉာဉ်ဝါးမြိုသားရဲများကိုသာ ပြုပြင်ပြောင်းလဲပေးရခြင်း ဖြစ်သောကြောင့် စွမ်းအင်များစွာ ချွေတာနိုင်ကာ အချိန်စီးဆင်းမှုကိုပင် လျင်မြန်စေနိုင်သေးသည်။
ပထမ ငရဲတံခါးဝအား မျိုးနွယ်စုကိုးခုမှ ချိပ်ပိတ်နိုင်ခဲ့ပြီး ခေတ်အဆက်ဆက် အကြီးမားဆုံးသော အောင်မြင်မှုအဖြစ် မှတ်တမ်းတင်ခံရကာ ဝိဉာဉ်ဝါးမြိုသားရဲများနှင့် မဟာစစ်ပွဲ အကြောင်းကိုလည်း ပြောမဆုံး ဖြစ်နေခဲ့ကြသည်။
သို့သော် ထိုအောင်မြင်ပျော်ရွှင်မှုများမှာ အချိန်ကြာမြင့်စွာ မတည်မြဲခဲ့ပေ။
အစပိုင်းတွင် တောအုပ်များထဲ၌ သန္ဓေပြောင်းသားရဲများကို အမဲလိုက်လေ့ရှိသော ကျင့်ကြံသူများ ဆန်းကြယ်စွာ ပျောက်ကွယ်သွားကြသည်။ ခရီးဝေးသို့ သွားလာကြသော ကျင့်ကြံသူများလည်း တစ်ဦးစ၊ နှစ်ဦးစ စတင်ပျောက်ကွယ်လာပြီး နောက်ပိုင်းတွင် ထိုဖြစ်ရပ်များမှာ ပုံမှန်ကဲ့သို့ ဖြစ်လာသည်။
နောက်ဆုံးတွင် တော်ဝင်သိုင်းကလန်၏ အကြီးအကဲမှာ ထိုပြဿနာအား အစဆွဲထုတ်နိုင်ခဲ့သည်။
သူသည် မြစ်ကမ်းဘေးတွင် အလွန်သန်မာသော မကောင်းဆိုးဝါး တစ်ကောင်အား တွေ့ဆုံခဲ့ရသည်။ ထိုမကောင်းဆိုးဝါးသည် အရှိန်အဝါအား ကျွမ်းကျင်စွာ ဖုံးကွယ်ထားပြီး လျင်မြန်မှုမှာလည်း ထိတ်လန့်ဖွယ်ရာပင်ကောင်းသည်။ ထိုအကြီးအကဲသည် စိတဝိဉာဉ်ပျိုးထောင်ခြင်း အထွဋ်အထိပ် အဆင့်သို့ ရောက်ရှိနေသောကြောင့်သာ မကောင်းဆိုးဝါးထံမှ လွတ်မြောက်လာခြင်း ဖြစ်သည်။
ပြင်းထန်လှသော တိုက်ပွဲအား တိုက်ခိုက်ပြီးသည့်နောက် တော်ဝင်သိုင်းကလန် အကြီးအကဲသည် ထိုမကောင်းဆိုးဝါးအား ဖမ်းစီးကာ မြို့တော်ထဲ ခေါ်ဆောင်လာနိုင်ခဲ့သည်။ ထိုမကောင်းဆိုးဝါးသည် ၎င်းတို့နှင့် ရင်းနှီးကျွမ်းဝင်နေသော ဝိဉာဉ်ဝါးမြိုသားရဲပင်။
ဝိဉာဉ်ဝါးမြိုသားရဲများ ပြန်လည်ပေါ်ထွက်လာသော သတင်းသည် မျိုးနွယ်စုကိုးခုကိုသာမက လူသားများကိုပါ ရုတ်ရုတ်သဲသဲ ဖြစ်သွားစေခဲ့သည်။
ယခု ဝိဉာဉ်ဝါးမြိုသားရဲများသည် ယခင်ကထက်လည်း ထက်မြက်လာကြပုံပေါ်သည်။
၎င်းတို့သည် ဉာဏ်ရည်မြင့် သတ္တဝါများအား မဆင်မခြင် မတိုက်ခိုက်ကြတော့ပေ။ ထိုအစား အရိပ်များ၊ ပင်လယ်အောက်ခြေများနှင့် တိမ်စိုင်များကြားထဲရှိ ကျွမ်းကျွမ်းကျင်ကျင် ပုန်းကွယ်နေထိုင်တတ်လာသည်။
မျိုးနွယ်စုကိုးခုမှာ အန္တရာယ်ရှိလာသော အခြေအနေကြောင့် တည်တည်ငြိမ်ငြိမ် မနေနိုင်တော့ပေ။
ထင်မှတ်ထားသည့်အတိုင်း အကြောက်တရားမှာ ၎င်းတို့၏ တိုက်ပွဲစိတ်ဆန္ဒများကို လွှမ်းမိုးသွားပြီး မကောင်းဆိုးဝါးများထံမှ လွတ်မြောက်ရန် မျိုးနွယ်စုများမှာ အချင်းချင်း ပူးပေါင်းလာကြသည်။
မျိုးနွယ်စုကိုးခု၏ ပိုင်နက်များတွင် စစ်ပွဲများ စတင်ဖြစ်ပေါ်လာသည်။
"ဝေါင်း..."
ကျားအသွင်ရှိသော ဝိဉာဉ်ဝါးမြိုသားရဲတစ်ကောင်မှာ မြွေဝိဉာဉ်ကလန်၏ ကျင့်ကြံသူတစ်ဦးအား ခုန်အုပ်လိုက်သည်။
"သတိထား...."
အမျိုးသားတစ်ဦး အော်ဟစ်ကာ မီးလက်ဝါးဖြင့် ကျားအားတိုက်ခိုက်လိုက်သည်။
ဝိဉာဉ်ဝါးမြိုကျားသားရဲမှာ အတောင်ပံများ ထွက်ပေါ်လာပြီး တိုက်ခိုက်မှုအား ရှောင်ရှားလိုက်ချိန်မှာပင် အခြားသော မြေဝိဉာဉ်ကလန် ကျင့်ကြံသူများမှာ ၎င်းအား တိုက်ခိုက်လိုက်ကြသည်။
ပေါ့ပါးသော လေပြေတစ်ခုနှင့် အနက်ရောင်သက်ရှိတစ်ကောင်မှာ တောအုပ်ထဲ ထွက်ပေါ်လာသည်။
ထိုသည်မှာ အမြှီးခြောက်ချောင်း မြေခွေးတစ်ကောင်ဖြစ်ပြီး ကျားသားရဲနှင့် တိုက်ခိုက်နေသော မြွေဝိဉာဉ်ကလန် ကျင့်ကြံသူများထံ ရောက်ရှိလာခြင်း ဖြစ်သည်။ ၎င်းသည် ထက်ရှလှသော အမြှီးခြောက်ချောင်းအား ဖြန့်ကားကာ မြွေဝိဉာဉ်ကလန် ကျင့်ကြံသူငါးဦးအား တိုက်ခိုက်လိုက်တော့သည်။
...........
ညအချိန်၌
ဗာမီလီယမ်ငှက်တစ်ကောင်သည် ခရီးဝေး ပျံသန်းလာရသောကြောင့် သစ်ပင်ကြီးတစ်ပင်ပေါ် အနားယူနေလိုက်သည်။ ၎င်း၏ခန္ဓာကိုယ် ပတ်ပတ်လည်တွင် တောက်လောင်နေသော မီးလျှံများသည် နွေးထွေးရုံသာဖြစ်ပြီး သစ်ပင်အတွက် မည်သည့်အန္တရာယ်မှ မရှိပေ။
ထိုဗာမီလီယမ်ငှက် အနားယူတော့မည့် အချိန်မှာပင် အမှောင်ထုထဲမှ စပါးအုံးကြီးတစ်ကောင် ထွက်ပေါ်လာသည်။
ဗာမီလီယမ်ငှက်မှာ မဲ့ပြုံးပြုံးလိုက်ပြီးနောက် ကောင်းကောင်ထက်သို့ ပျံဝဲကာ စပါးအုံး၏ တိုက်ခိုက်မှုအား ရှောင်ရှားလိုက်သည်။
ဝိဉာဉ်ဝါးမြိုသားရဲတွေက အစွမ်းထက်လာတော့ရော ဘာဖြစ်လဲ..... ငါကပျံနိုင်တယ်လေ.....သူတို့ရဲ့ တိုက်ခိုက်မှုတွေကို ရှောင်လို့ရနေတာပဲ.....
ထိုအတွေးတွေးပြီး မကြာမီမှာပင် နောက်ကွယ်မှ တိုက်ခိုက်မှုအား ခံစားလိုက်ရသည်။
ဗာမီလီယမ်ငှက်မှာ ကမ္ဘာပျက်မတတ် ကြောက်မက်ဖွယ် အရှိန်အဝါအား ခံစားလိုက်ရသည်။ ထိုသည်မှာ အတောင်များပါသော ဝိဉာဉ်ဝါးမြိုငါးသားရဲဖြစ်ပြီး ၎င်း၏ချွန်ထက်လှသော ဆူးတောင်များနှင့် ဗာမီလီယမ်ငှက်၏ ရင်ဘတ်အား ထိုးဖောက်ကာ အသက်နုတ်လိုက်ခြင်းပင်။
ဝိဉာဉ်ဝါးမြိုသားရဲ၏ ပထမမျိုးဆက်သည် ဆယ်ပြားလိုနေသောကြောင့် မျိုးနွယ်စုကိုးခုမှာ လေးလေးနက်နက် မတွေးတောခဲ့ကြပေ။
သို့သော် ဝိဉာဉ်ဝါးမြိုသားရဲ၏ ဒုတိယမျိုးဆက်သည် ထင်မှတ်ထားသည်ထက် ကြောက်မက်ဖွယ်ကောင်းကြောင်း စတင်လက်ခံလာကြသည်။
၎င်းတို့အား တိုက်ခိုက်ရန် စေလွှတ်ခံရသော အဖွဲ့များသည် အနိုင်ထက် အရှုံးပိုများနေပြီး စိတ်ဝိဝိဉာဉ်ပျိုးထောင်ခြင်းအဆင့် ခေါင်းဆောင်သာ ပါမသွားပါက အပြတ်ရှင်းခံရလုနီးပါး အခြေအနေများနှင့် ကြုံတွေ့လာရသည်။ ထို့နောက် ယင်းအဖွဲ့များအား ပြန်လည်ခေါ်ဆောင်ထားရတော့သည်။
မကောင်းဆိုးဝါးများအား တကိုယ်တည်း သတ်ဖြတ်ကာ သူရဲကောင်း ဖြစ်လိုသူများလည်း ရှိသည်။ သို့သော် ကံကောင်းထောက်မသူများမှလွဲ၍ အများစုမှာ အသက်နှင့်ရင်းကာ သင်ခန်းစာ ရရှိသွားကြသည်။
မျိုးနွယ်စု ကိုးခုသည် ကမ္ဘာကြီးအား အုပ်စိုးနိုင်သည်အထိ မသန်မာသေးကြောင်း နားလည်သဘောပေါက်လာသည်။ ဤကမ္ဘာပေါ်တွင် ရှင်သန်လွတ်မြောက်ရန် အင်အားကြီးနေမှ ဖြစ်လိမ့်မည်။
ဝိဉာဉ်ဝါးမြိုသားရဲများနှင့် မျိုးနွယ်စုကိုးခု၏ စစ်ပွဲမှာ ဆက်လက်ဖြစ်ပွားနေပြီး အင်အားနည်း ကျင့်ကြံသူများမှာ ပါဝင်ဆင်နွှဲနိုင်ခြင်း မရှိကြပေ။
မျိုးနွယ်စုကိုးခုသည် ဖြည်းညင်းစွာဖြင့် ပိုင်နက်ပတ်ပတ်လည်တွင် မြင့်မားသော နံရံကြီးများ စတင်တည်ဆောက်လာသည်။
"အရေးကြီးတာတွေ ဖြစ်လာတော့မယ်။"
တီနာ စကားဆိုလိုက်သည်။
အန်လင်းမှာလည်း စပ်စုလိုစိတ်များ ပြင်းပြနေလေပြီ။
........
တစ်နေ့၌
စစ်မှန်မိစ္ဆာမျိုးနွယ်စု ကျင်ကြံသူများအား ဝိဉာဉ်ဝါးမြိုသားရဲများမှ ဝန်းရံထားသည်။ ဝိဉာဉ်ဝါးမြိုသားရဲများသည် နေရာအနှံ့တွင် ရှိနေပြီး စိတ်ဝိဉာဉ်ပျိုးထောင်ခြင်းအဆင့် စစ်မှန်မိစ္ဆာငါးဦးမှာ ယခုထက်ပို၍ အချိန်ကြာကြာ တောင့်ခံနိုင်တော့မည် မဟုတ်ပေ။
"ဒီကနေ ထွက်သွားလိုက်ပါ အဖွဲ့ခေါင်းဆောင်....ကျွန်တော်တို့ လမ်းလုပ်ပေးလို့ ရပါတယ်။ ကျွန်တော်တို့ အသက်နဲ့ ရင်းရလည်း ပြဿနာ မရှိပါဘူး။"
စစ်မှန်မိစ္ဆာတစ်ဦး စကားဆိုလိုက်သည်။
မည်သို့ပင်ဆိုစေကာမူ အဖွဲ့ခေါင်းဆောင်မှာ ခွန်းတုံ့မပြန်ပဲ မဟူရာနဂါးများ ထွက်ပေါ်စေကာ ခုခံမှုကိုသာ မြှင့်တင်လိုက်သည်။
ထို့နောက် ရုတ်ချည်းဆိုသလို ထိုင်ချလိုက်လေသည်။ တိမ်စိုင်များမှာ ၎င်း၏ပတ်ပတ်လည်တွင် ဝေ့ဝဲလာတော့သည်။
ပတ်ဝန်းကျင်ရှိ သက်ရှိစွမ်းအင်များလည်း ပြင်းထန်လာသည်။
ဘာတွေဖြစ်နေတာလဲ.....
အဖွဲ့သားများ နားမလည်နိုင် ဖြစ်ကုန်ကြသည်။
"ဖြစ်နိုင်မလား...."
အဖွဲ့သားတစ်ဦး ရေရွတ်လိုက်သည်။
အခြားသူများလည်း အသက်ရှူသံများ ပြင်းထန်လာသည်။ အဖွဲ့ခေါင်းဆောင်သည် မည်သူမှ မကျော်ခဲ့ဖူးသော အဆင့်သို့ ရောက်ရှိတော့မည်လော။
အန်လင်းသည်ပင် စိတ်လှုပ်ရှားလာသည်။
"ဒါက မိုးကြိုးကပ်ဘေးလား။ ဒီကမ္ဘာမှာ စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ ရှိလာတော့မှာလား။"
တီနာ ခပ်ဖွဖွပြုံးသည်။
"မိုးကြိုးကပ်ဘေးဆိုတာ တစ်စုံတစ်ယောက်က ကမ္ဘာကြီး လက်ခံနိုင်စွမ်းထက် လွန်သွားလို့ နတ်ဘုရားပြစ်ဒဏ် တစ်ခုအဖြစ် သက်ဆင်းလာတဲ့အရာပဲ။ ဒါပေမယ့် မိုးကြိုးကပ်ဘေးကို ခံယူလိုက်တာက လောကကြီးကို ဆန့်ကျင်ပြီး အင်မော်တယ်လမ်းစဉ် လျှောက်လှမ်းမယ့် လမ်းစလည်း ဖြစ်နိုင်တယ်။ သူ့ရဲ့ မိုးကြိုးကပ်ဘေးက ဖြစ်နိုင်ခြေတွေ အများကြီးကို သယ်ဆောင်လာမှာ အသေအချာပဲ။"
အန်လင်း ခေါင်းညိတ်ကာ စစ်မှန်မိစ္ဆာအား ကြည့်ရှုလိုက်သည်။
ဝုန်း.....
မိုးကြိုးလျှပ်စီးများ ဆင်းသက်လာပြီး စစ်မှန်မိစ္ဆာမှာလည်း ပြင်းထန်စွာ တုန်ခါသွားသည်။
အဖွဲ့သားများမှာ မိုးကြိုးကပ်ဘေးအား မမြင်ဖူးသောကြောင့် ကောင်းကင်အားကြည့်ကာ အော်ဟစ်ဆဲဆိုကြတော့သည်။
"ငါတို့ခေါင်းဆောင်ကို ဘယ်ကောင်သမလိုက်တာလဲ။ ထွက်ခဲ့စမ်းပါ။ သူတောင်းစား....ယီးနဲ့ထိုးပစ်မယ်။"
အန်လင်း: " ......."
(မင်္ဂလာပါ။ အန်လင်းက စာရေးသူဆီမှာ စာစဥ်၅၀ထိ ရနေပါပြီရှင့်။ စိတ်ဝင်စားလို့ အားပေးချင်တယ်ဆိုရင် telegramမှာ 'ယွီရှင်း' လို့ရိုက်ရှာပြီး ပေါ်လာတဲ့ channelမှာ လာရောက်အားပေးနိုင်ပါတယ်။)