ဒီနေရာက ကောင်းကင်ဘုံအင်မောတယ်ကုန်းမြေ…
Vol. 120 Ch. 1669
“မင်းတို့ အမှိုက်ကောင်တွေ။ ခုထိ မင်းတို့က ဒီနေရာကို မသိမ်းပိုက်နိုင်သေးဘူးပဲ။ ဒီအဘိုးအိုရဲ့ ကိုယ်ပွား ဒီနေ့ ဒီကို ရောက်လာခဲ့ပြီ။မင်းတို့အားလုံး ဒီနေရာသို့ သိမ်းပိုက်ဖို့ ငါ့နောက်လိုက်ခဲ့ကြ…” ထိုအဘိုးအိုသည် အေးစက်စက်နှာခေါင်းရှုံ့ကာ လေဟာနယ်ဂိတ်တံခါးထံမှ သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။ ထို့နောက် သူသည် ဟင်္သာပြဒါးဂြိုဟ်ထံသို့ ဦးတည်တော့သည်။
ထိုအဘိုးအိုသည် အလွန်ကျော်ကြား၏။ အတွင်းနယ်မြေမှ လူတိုင်းနီးပါးမှာ သူ့ကို ကောင်းကောင်းသိကြသည်။ သူသည် ရှေးဟောင်းကြယ်အဖွဲ့အစည်း၏ သခင်ငါးပါးထဲမှ တစ်ယောက် ဖြစ်သော ကောင်းကင်ဘုံအရှင်လေဟာနယ်နတ်ဘုရားပင်။
ဟင်္သာပြဒါးဂြိုဟ်အပြင်ဘက်၌ အလင်းလှိုင်းဂယက်တစ်ခု ပျံ့လွင့်လာကာ ပတ်ဝန်းကျင်ကို ခြုံလွှမ်းသည်။ ဂြိုဟ်ပတ်လည်ရှိ အစီအရင်မှာ ဆယ်စုနှစ်ချီ အားဖြည့်တင်းလာခဲ့သည် ဖြစ်၍ အလွန်အမင်း အားကောင်းနေပေပြီ။
ထိုလှိုင်းဂယက် ပျံ့နှံ့လာရင်း ကောင်းကင်ဘုံအရှင်လေဟာနယ်ဂိတ်တံခါးသည် နှာခေါင်းရှုံ့ကာ ဂြိုဟ်ထံသို့ ခြေလှမ်းလိုက်၏။ အစီအရင်သည် တုန်ဟည်းသွားသည်။ ကြည့်ရသည်မှာ ၎င်းသည် ပြိုလဲတော့မည့်အလား။
ထိုအဘိုးအို၏နောက်တွင် အစိမ်းရောင်ဝတ်စုံလူငယ်နှင့် ကျိုးကျင်တို့သည် လေဟာနယ်ဂိတ်တံခါးကြောင့် တုန်လှုပ်နေရာကနေ သတိပြန်ဝင်လာကြ၏။ သို့ပေမည့် သူတို့စိတ်ထဲရှိ တုန်ရီမှုကတော့ မပျောက်ပျက်သွားပေ။ ကျိုးကျင်သည် ဂိတ်တံခါးကို ကြောက်လန့်တကြား ကြည့်မိသည်။
ကျိုးကျင်က သူ့အကြည့်ကို ပြန်ရုတ်သိမ်းမည့် အခိုက်၌ သူ့မျက်လုံးသည် ရုတ်ချည်း ပြူးကျယ်သွား၏။ သူ့ခန္ဓာကိုယ်သည် ထပ်မံ တုန်ယင်ကာ နေရာတွင်ပင် တောင့်တင်းသွားသည်။
တစ်ချိန်တည်းမှာ အစိမ်းရောင်ဝတ်စုံလူငယ်က လေဟာနယ်ဂိတ်တံခါးထံ မော့ကြည့်လိုက်၏။ သူ့စိတ်မှာ တုန်လှုပ်သွားကာ မျက်လုံးထဲတွင်လည်း မယုံကြည်နိုင်မှုတို့ ပြည့်နှက်လာသည်။
“ခြောက်ခုမြောက်…အနှစ်သာရ…။ ဒီလောကမှာ ဘယ်သူကများ အနှစ်သာရခြောက်ခု ပိုင်ဆိုင်ထားတာလဲ…”
အရှင်လေဟာနယ်နတ်ဘုရား၏ မျက်လုံးသူငယ်အိမ်ပင် ကြုံ့သွား၏။ သူသည် လေဟာနယ်ဂိတ်တံခါးထံသို့ သုန်မှုန်စွာ ကြည့်လိုက်သည်။
အဆုံးမဲ့လေဟာနယ်အတွင်း၌ ဝမ်လင်းသည် သူ့ညာလက်ကို ဝေ့ယမ်းလိုက်ရာ ငါးခုမြောက်အနှစ်သာရ အမှန်နှင့်အမှားသည် ချိပ်ဟန်တစ်ခုအဖြစ် သိပ်သည်း၏။ သူ့ခြောက်ခုမြောက် မူလမန္တာန် အမှန်နှင့်အမှားချိပ်ဟန်။
ထိုချိပ်ဟန်၏စွမ်းအားမှာလည်း မခန့်မှန်းနိုင်လောက်အောင်ပင်။
အနှစ်သာရငါးခုကို ထုတ်လွှတ်ပြီးနောက် သူ့မျက်လုံးထဲ၌ အေးစက်မှု လင်းလက်၏။ သူ့ညာလက်ကို လေဟာနယ်ထဲ ဆန့်ထုတ်လိုက်ရာ သူ၏သိုလှောင်နေရာလွတ်ထဲမှ ဓားတစ်လက် ပျံသန်းထွက်လာသည်။
ထိုဓားသည် ချင်းရွှေ သူ၏သတ်ဖြတ်ခြင်းအနှစ်သာရဖြင့် ဖန်တီးခဲ့သော ဓား ဖြစ်၏။ ချင်းရွှေ သူ့ကို လက်ဆောင်ပေးခဲ့သော ဓား ဖြစ်၏။ ထိုဓားသည် သတ်ဖြတ်ခြင်းအနှစ်သာရ ဖြစ်သည်။ ထိုဓားကို ကိုင်ကာ ဝမ်လင်း၏မျက်လုံးထံမှ ဆန်းကြယ်သောအလင်း လှစ်ဟပေါ်သည်။ သူသည် ၎င်းဓားကို ခပ်ကြမ်းကြမ်း ညှစ်ချေလိုက်ရာ ဓားသည် အနီရင့်ရောင်မြူအဖြစ်သို့ ပျက်စီးသွားသည်။ ထိုမြူက ဝမ်လင်းကို ထွေးခြုံသွား၏။
ဝမ်လင်းသည် အကြိမ်အနည်းငယ် ရှိုက်၍ ထိုမြူများအားလုံးကို သူ့ခန္ဓာကိုယ်ထဲသို့ ရှုသွင်းလိုက်သည်။ ၎င်းမှာ ဝမ်လင်း၏ ခြောက်ခုမြောက်အနှစ်သာရ ဖြစ်လာသည်။ ခြောက်ခုမြောက်အနှစ်သာရမှာ သတ်ဖြတ်ခြင်းအနှစ်သာရ ဖြစ်၏။
သူ၏ပုံပန်းသွင်ပြင်မှာ သတ်ဖြတ်လိုစိတ်တို့ ပေးစွမ်းနေသည်။ ရုန့်ရင်းသော သတ်ဖြတ်ခြင်းအော်ရာသည် သူ့ခန္ဓာကိုယ်ထံမှ ပေါက်ကွဲထွက်လာ၏။
“ဒီနေ့…ငါ ဝမ်လင်းဟာ အနှစ်သာရခြောက်ခုကို အသုံးပြုပြီး လေဟာနယ်ဂိတ်တံခါးကို ဖွင့်လှစ်၊ တတိယအဆင့်ကို တက်လှမ်းမယ်…” ဝမ်လင်းသည် ပြုံး၍ သူ့ညာလက်ကို ဝေ့ယမ်းလိုက်၏။ သူ့ပတ်လည်ရှိ သွေးအလင်းသည် ပြိုပျက်စီးသွား၏။
သွေးအလင်း ပျက်စီးသွားသည်နှင့် ဝမ်လင်းသည် သတိမေ့နေသော အရူးကို သိမ်းဆည်းလိုက်၏။ သူ့လက်ကို ဝေ့ယမ်းလိုက်ရာ ထိုအနီရောင်အလင်းသည် အုပ်စိုးသူ သူ့ခန္ဓာကိုယ်မှ ခွဲထုတ်ခဲ့သော သွေးစက်အဖြစ်သို့ ပြန်သိပ်သည်းသွားလေ၏။
ထိုသွေးစက် ပေါ်လာသည်နှင့် ၎င်းထံမှ သွေးရောင်မပေးစွမ်းတော့ဘဲ အံ့ချီးဖွယ်ရွှေရောင်အလင်းနှင့် ကောင်းကင်ဘုံစွမ်းအင်တို့ကို ပေးစွမ်းလေသည်။ ထိုသွေးစက်သည် အင်မောတယ်ကောင်းကင်ဘုံခန္ဓာကိုယ် ပြည့်စုံစေနိုင်သည် မဟုတ်လား။
ထိုသွေးစက်ကို စိုက်ကြည့်လိုက်ပြီးနောက် ဝမ်လင်းက ၎င်းကို သူ့မျက်ခုံးနှစ်ခုကြားသို့ ဖိချလိက်၏။ သူက ၎င်းကို မပေါင်းစပ်ပေ။ သို့သော် သူ့မျက်ခုံးနှစ်ခုကြား၌ ရွှေရောင်အစက်တစ်စက် ပေါ်လာ၏။ ၎င်းသည် အကြိမ်အနည်းငယ် လင်းလက်ပြီးနောက် ပျောက်ကွယ်သွားလေ၏။
“အနာဂတ်မှာ ဒါဟာ ငါ့ရတနာတွေထဲက တစ်ခု ဖြစ်လာရမယ်…” ဝမ်လင်းသည် ခေါင်းမော့လိုက်ပြီး သူ နှစ်ပေါင်းခုနစ်ဆယ်ကျော် အိပ်ပျော်နေသော လေဟာနယ်နေရာသို့ ကြည့်လိုက်သည်။
ဝမ်လင်းသည် သက်ပြင်းချကာ ရှေ့သို့ လှမ်းလာ၏။ သူ ခြေလှမ်းလိုက်သည့်အခါ သူ့ရှေ့တွင် ဧရာမဝဲကတော့တစ်ခု ပေါ်လာ၏။ ထိုဝဲကတော့သည် တုန်ဟည်းကာ သူ၏ခြေလှမ်းမှာ သည်လေဟာနယ်ကို ချိုးဖျက်ကို လုံလောက်သည့်အလား။ လေဟာနယ်သည် ဝမ်လင်း၏ ခြေလှမ်းကို တောင့်မခံနိုင်ဘဲ ပျက်စီးရသည်။
သူ ဝဲကတော့ထဲဝင်ကာ ထွက်ခွာတော့မည့်အခိုက်၌ ဝမ်လင်းသည် အံ့အားတသင့် ဖြစ်သွား၏။ ဝဲကတော့သည် ရုတ်တရက် နှစ်ပိုင်းခွဲသွားကာ လမ်းကြောင်းနှစ်ခု ပေါ်လာချေသည်။
ထိုဝဲကတော့နှစ်ခုသည် မတူညီသောနေရာများသို့ ဦးတည်သည်။ ဝဲကတော့တစ်ခုသည် ဝမ်လင်းနှင့် ရင်းနှီးသော အော်ရာကို ပေး၏။ ၎င်းဝဲကတော့ ဦးတည်သည့်နေရာမှာ သူ ပျောက်ကွယ်သွားသော ဟင်္သာပြဒါးဂြိုဟ်ပင် ဖြစ်လေ၏။
နောက်ထပ်ဝဲကတော့တစ်ခုသည် ရွှေရောင်ခပ်ဖျော့ဖျော့နှင့် သိပ်သည်းသောကောင်းကင်ဘုံစွမ်းအင်ကို ပေးစွမ်း၏။ ၎င်းမှာ ဝမ်လင်း၏မျက်ခုံးနှစ်ခုကြား ကောင်းစွာ ကွယ်ဝှက်ထားသော ရွှေရောင်သွေးကို ဆွဲဆောင်လေ၏။
“ဒီနေရာက…” ဝမ်လင်း၏မျက်လုံးသည် ကျဉ်းမြောင်းသွားကာ သူသည် အနီးကပ် သေချာ ကြည့်လိုက်သည်။ သူ့ညာလက်ကို ပင့်မြှောက်ကာ ဝဲကတော့ထံသို့ လက်ညွှန်သည်။ ဝဲကတော့သည် ချက်ခြင်းပင် အရှိန်ကျသွားပြီး သူ့မျက်လုံးမှာ လင်းလက်သွား၏။ သူ့နတ်ဘုရားအာရုံသည် ဝဲကတော့ထံ ထိုးထွက်ကာ သူ မြင်လိုက်ရသော အပြင်ဘက်လောကကြောင့် လုံးဝ တုန်လှုပ်မိသွားရသည်။
ထိုနေရာသည် အဆုံးအဆမဲ့သည် လောကတစ်ခု ဖြစ်သည်။ ယင်းနေရာရှိ ကောင်းကင်ထက်တွင် နေကိုးစင်း ရှိ၏။ ယင်းတို့သည် အတိုင်းမသိ ကြီးမားလှသည်။ ကောင်းကင်ယံတွင် တွဲလွဲခိုနေရင်း အလင်းက ထိုဧရိယာကို ခြုံလွှမ်းထားသည်။
မိုးထိမြင့်မားသော တောင်ထိပ်များသည် ငွားငွားစွင့်စွင့် ရှိကြ၏။ အဆုံးအဆမဲ့ပင်လယ်များသည် မြစ်ချောင်းများနှင့်အတူ ရှိနေကြသည်။ ဝမ်လင်း၏နတ်ဘုရားအာရုံသည် ထိုဧရိယာတစ်ခုလုံးကို မဖုံးလွှမ်းနိုင်ပေ။ သူသည် ထိုနေရာ၏ သေးငယ်သောအစိတ်အပိုင်းတစ်ခုကိုသာ ခြုံလွှမ်းနိုင်၏။
ထိုကုန်းမြေသည် အတွင်းနယ်မြေ၊အပြင်နယ်မြေတို့ထက် အဆများစွာ ကျယ်ပြော၏။
ထိုနေရာရှိ ကောင်းကင်ဘုံစွမ်းအင်ပမာဏမှာ စိတ်ကူးနိုင်သည်ထက် ပိုသည်။ သူသည် ထိုနေရာတွင် မည်သည့်အပင်များ ပေါက်ရောက်သည်ကို မသိပေ။ ကောင်းကင်ဘုံစွမ်းအင်များ ပြည့်နှက်နေသော သားရဲငယ်များ ဟိုဒီပြေးလွှားလျက် ရှိ၏။ ယင်းတို့အားလုံး အစွမ်းထက်ကြသည်။
သူသည် ထိုနေရာရှိ အမျိုးမျိုးသောအစွမ်းထက်အော်ရာများကို ခံစားမိ၏။ ထိုအော်ရာများသည် အလွန်အမင်း အစွမ်းထက်သဖြင့် သူသည် ခုနစ်ရောင်စုံနယ်မြေ၌ သူ တွေ့မြင်ခဲ့သော ခုနစ်ရောင်စုံတာအိုပညာရှင်ကို ပြန်အမှတ်ရမိသွားလေ၏။
သူသည် အလင်းတန်းတစ်ခု ကောင်းကင်ထက်သို့ ပျံသန်းလာသည်ကို မြင်၏။ ထိုအလင်းတန်းသည် အပြာရောင်ဝတ်စုံဖြင့် မိန်းကလေးငယ်အဖြစ်သို့ ပြောင်းလဲသွား၏။
ထိုမိန်းကလေးငယ်မှာ အသက်ခုနစ်နှစ်၊ရှစ်နှစ်လောက်သာ ရှိဦးမည်။ သူမက အတော်လေး လှပ၏။ သူမ၏မျက်လုံးများသည် ပြစ်မျိုးမှဲ့မထင်ပင်။ တချက်ကြည့်လိုကရုံဖြင့် သူမ၏မျက်လုံးတို့က အရာအားလုံးကို ထွင်းဖောက်နိုင်သည်ဟု ထင်မှတ်ရပြီး ထိုကလေးမက ဝမ်လင်းကို မြင်သည်။
“ဒါက ဘယ်နေရာလဲ…” ဝမ်လင်း၏နတ်ဘုရားအာရုံသည် အရာအားလုံးကို မင်သက်စွာ ကြည့်နေမိ၏။ သို့သော် သူ့နတ်ဘုရားအာရုံဖြင့် ရှာဖွေကြည့်နေရင်း လေဟာနယ်ထံမှ အားတစ်ခု ထွက်ပေါ်လာကာ သူ့နတ်ဘုရားအာရုံ ဆက်၍ ဖြန့်ကျက်မရအောင် တားဆီးလေ၏။ ထိုအားက သူ့နတ်ဘုရားအာရုံကို နောက်ပြန်ကန်စေရုံသာမက အစောပိုင်းက သူ တွေ့မြင်ခဲ့သော အရာအားလုံးပါ ချက်ခြင်း ပျောက်ကွယ်သွားစေ၏။ ဝမ်လင်း၏နတ်ဘုရားအာရုံသည် ပြန်ရောက်လာ၏။ သူသည် လေဟာနယ်ထဲရှိ ဝဲကတော့နှစ်ခု ရှေ့သို့ ပြန်ရောက်လာသည်။
ဆန်းကြယ်လှသော လောကသို့ ဦးတည်သည့် ဝဲကတော့ကို ကြည့်ကာ ဝမ်လင်းသည် ငြိမ်သက်စွာ စဉ်းစားနေ၏။ အချိန်အတန်ကြာပြီးနောက် သူ့မျက်လုံးသည် တလက်လက် ဖြစ်ကာ သူသည် ဟင်္သာပြဒါးဂြိုဟ်ထံ ဦးတည်သည့် ဝဲကတော့ထံ လျှောက်လှမ်း၏။ သူ ယင်းဝဲကတော့ထဲသို့ ဝင်ရောက်တော့မည့်အချိန်တွင် ကလေးတစ်ယောက်၏ သာပျော်ဖွယ်အသံက သူ့စိတ်ထဲတွင် ပဲ့တင်ထပ်လာ၏။
“သင် ဘာကြောင့် ထွက်သွားရတာလဲ။ ဒါဟာ ကောင်းကင်ဘုံအင်မောတယ်ကုန်းမြေလေ…ငါ့နာမည်ကတော့ အရုပ်လေးပါ။ သင့် နာမည်ကရော…”
ဝမ်လင်း၏ခြေလှမ်း ရပ်သွား၏။ သို့သော် ထိုအသံမှာ ဝေဝါးလှသည်။ ၎င်းအသံမှာ အလွန်ဝေးသောနေရာမှာ ဖြစ်နေသည့်အလား တဖြည်းဖြည်း ပျောက်ကွယ်သွား၏။
“ကောင်းကင်ဘုံအင်မောတယ်ကုန်းမြေ…” ဝမ်လင်းသည် လှည့်၍ တခြားဝဲကတော့ထံ ကြည့်လိုက်၏။ သူသည် ဒီနာမည်ကို ကြားဖူးသည်မှာ ပထမဆုံးအကြိမ် မဟုတ်ပေ။ သူသည် ၎င်းနာမည်ကို အရင်တုန်းက အရူးထံကနေ ကြားခဲ့ဖူး၏။
အရူးသည် တစ်ချိန်တုန်းက သူ့မွေးရပ်မြေမှာ ကောင်းကင်ဘုံအင်မောတယ်ကုန်းမြေဟု ခေါ်တွင်ကြောင်း ပြောခဲ့ဖူးလေ၏။
ဝမ်လင်းသည် ငြိမ်သက်စွာ စဉ်းစားနေ၏။ သူသည် တစ်စုံတစ်ခုကို ခပ်ရေးရေး နားလည်သွား၏။ သူသည် အတွင်းနယ်မြေနှင့်အပြင်နယ်မြေနှင့် ပတ်သတ်၍ ကောင်းကင်ပြိုကျစေနိုင်လောက်သည့် လျှို့ဝှက်ချက်တစ်ခုကို ရှာတွေ့တော့မလို ဖြစ်သည်။ သို့ပေမည့် သူ့အတွေးမျှင်များ လုံးဝ မပြည့်စုံခင် ပါးလျပ်သော အရံအတားတစ်ခု ရှိနေဆဲသာ။
“ကောင်းကင်ဘုံအင်မောတယ်ကုန်းမြေ…၊ ခုနစ်ရောင်စုံတာအိုပညာရှင်၊ ချင်းရွှေ၊ အရူး၊ အုပ်စိုးသူ၊ တစ္ဆေအိုကြီးကျန့်၊ ကောင်းကင်ဘုံတာအို မြင့်တင်ခြင်း။ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့…။ တစ္ဆေအိုကြီးကျန့်က အုပ်စိုးသူနဲ့ စကားပြောခဲ့စဉ်က သူဟာ အတွင်းလှိုဏ်ဂူလို့ ပြောခဲ့ဖူးတယ်…။ ဒီအရာတွေအားလုံးကို တစ်ခုနဲ့တစ်ခု ချိတ်ဆက်နေတယ်။ ဘယ်လိုချိတ်ဆက်လဲတော့ ငါ မသိဘူး။ ငါ သေချာဆက်စပ်မိရင်တော့ ဒါဟာ အတွင်းနဲ့အပြင်နယ်မြေတို့ရဲ့ တုန်လှုပ်ဖွယ်လျှို့ဝှက်ချက်ကြီးတစ်ခု ဖြစ်လိမ့်မယ်…”
“ဖြစ်နိုင်တာက ငါ အိပ်မက်တာအိုကို အသုံးမပြုခင်က ဒီအကြောင်းကို သိဖို့ အရည်အချင်း မပြည့်မှီခဲ့လောက်ဘူး။ ဒါပေမဲ့ အခုတော့ ငါ လုပ်နိုင်ပြီ…” ဝမ်လင်း၏မျက်လုံးထဲတွင် အေးစက်မှု ဖျတ်ခနဲ လင်းလက်၏။ သူသည် ဟင်္သာပြဒါးဂြိုဟ်ထံ ဦးတည်သည့် ဝဲကတော့ဆီ လျှောက်လှမ်းလိုက်သည်။
သူ့ပုံရိပ်သည် ထိုဝဲကတော့နှင့် ပေါင်းစပ်ကာ ပျောက်ကွယ်သွားလေ၏။
ဟင်္သာပြဒါးဂြိုဟ်၏အပြင်ဘက် တောက်ပသောလေဟာနယ်တွင် လေဟာနယ်ဂိတ်တံခါးတစ်ခု ပေါ်လာခဲ့ပေပြီ။ ၎င်းကို အနှစ်သာရခြောက်ခုက ဝန်းပတ်ထားသည်။ ၎င်းမှာ အရင်က လုံးဝ မပေါ်ဖူးခဲ့သော အထွတ်အထိပ်တည်ရှိမှုတစ်ခု ဖြစ်လေ၏။
ထိုလေဟာနယ်ဂိတ်တံခါးကသာ ပေါ်လာသည်။ သို့သော် ၎င်းကို ချိုးဖျက်မည့် လူမှာ ခုထိ မလှမ်းထွက်လာသေးပေ။ ၎င်း၏ လွှမ်းမိုးနိုင်မှုကို အရှင်လေဟာနယ်နတ်ဘုရားကဲ့သို့လူမျိုးသည်ပင် ခံစားကြည့်နိုင်၏။
“သေစမ်း…။ တကယ့်ကိုပဲ အနှစ်သာရခြောက်ခုလား။ အုပ်စိုးသူတောင် ဒီလိုမလုပ်နိုင်ဘူး။ ဒီလူသာ ဂိတ်တံခါးကို ချိုးဖျက်နိုင်ခဲ့ရင် သူဟာ နိဗ္ဗာနလေဟာနယ်အစောပိုင်းအဆင့်မှာပဲ ရှိနေသေးရင်တောင် သူဟာ ဆန်းကြယ်လေဟာနယ်အဆင့် ကျင့်ကြံသူတွေနဲ့ ယှဉ်တိုက်နိုင်ပြီ…”
“ဒီလူဟာ အတွင်းနယ်မြေကလူ ဖြစ်ရင်တော့ သူ့ကို သတ်မှကို ဖြစ်မှာ…” ကောင်းကင်အရှင်လေဟာနယ်နတ်ဘုရား၏ မျက်လုံးထဲတွင် သတ်ဖြတ်ချင်စိတ် လက်ခနဲ ပေါ်သည်။ သူသည် သူ့ကို ရှိန်မိစေသော လေဟာနယ်ဂိတ်တံခါးကို ဆက်မကြည့်တော့ဘဲ ဟင်္သာပြဒါးဂြိုဟ်ထံသို့သာ ခြေလှမ်းလိုက်၏။
သူသည် ဒီနေရာကို သူ့ကိုယ်ပွားဖြင့်သာ ရောက်လာခဲ့သော်လည်း ထိုကိုယ်ပွားမှာ ဆန်းကြယ်လေဟာနယ်အစောပိုင်းအဆင့်တွင် ရှိပေ၏။ သူသည် ဂြိုဟ်ပတ်လည်ရှိ အစီအရင်နားသို့ ချဉ်းကပ်လာရင်း ခရမ်းရောင်မြူအဖြစ် ပြောင်းလဲနေသော သူ့ညာလက်ကို ပင့်မြှောက်လိုက်သည်။ ထိုမြူသည် မြန်ဆန်စွာ ချဲ့ကားသွားပြီး ဂြိုဟ်ပတ်လည်ရှီ အစီအရင်ထံ တရှိန်ထိုး ဝင်ရောက်သည်။
ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်၏။ အစီအရင်သည် လပေါင်းများစွာ တောင့်ခံထားရသည် ဖြစ်ရာ ပျက်စီးတော့မည့် အနေအထား ဖြစ်သည်။ အစိတ်အပိုင်းများ ပြန့်ကျဲလာရင်း ဟင်္သာပြဒါးဂြိုဟ်သည် အကွာအကွယ် မရှိလေတော့ပေ။
“ သတ်ကြ။ ဒီဂြိုဟ်ကို ဖျက်စီးကြ။ မြန်မြန်လုပ်…” အရှင်လေဟာနယ်နတ်ဘုရားက ပျက်စီးသွားသော အစီအရင်ထံ ခြေလှမ်း၏။ သူသည် ချက်ခြင်းပင် ဟင်္သာပြဒါးဂြိုဟ်ပေါ်ရှိ တိမ်စိုင်များထိ ထွင်းဖောက်နေသော ရုပ်တုတစ်ခုကို မြင်လိုက်ရသည်။
အတွင်းနယ်မြေရှိ ကျင့်ကြံသူထောင်ချီက ထိုရုပ်တုကို ဝန်းရံထား၏။ သူတို့သည် ဒီနေရာတွင် သေသည့်အထိ တိုက်ခိုက်ကြမည်ပင်။
နှာခေါင်းရှုံ့လှောင်ပြောင်လိုက်ပြီး အရှင်လေဟာနယ်ဂိတ်တံခါးက သူ့ညာလက်ကို ပင့်မြှောက်ကာ ရုပ်တုကို ဖျက်စီးရန် ဟန်ပြင်လိုက်၏။ သို့သော် ထိုအခိုက်တွင် သူ့အမူအရာမှာ ပြောင်းလဲသွားသည်။ သူသည် လေဟာနယ်ဂိတ်တံခါး အနီးအနားရှိ ဟင်းလင်းပြင်ထံသို့ ကြည့်လိုက်သည်။
“လေဟာနယ်ဂိတ်တံခါးကို ချိုးဖျက်တော့မယ့်လူ…”
***