← Chapters

ဂိတ်တံခါးကို ချိုးဖျက်တာဟာ တတိယအဆင့်ကို တက်လှမ်းတာပဲ…

Vol. 121 Ch. 1670

ဂိတ်တံခါးကို ချိုးဖျက်တာဟာ တတိယအဆင့်ကို တက်လှမ်းတာပဲ…

Vol. 121 Ch. 1670

ဟင်္သာပြဒါးဂြိုဟ်၏အပြင်ဘက် လေဟာနယ်ဂိတ်တံခါးဘေးတွင် ဝဲကတော့တစ်ခု ပေါ်လာ၏။ ထိုဝဲကတော့ လှည့်ပတ်နေရင်း တုန်လှုပ်ဖွယ်အော်ရာတစ်ခု ပျံ့လွင့်လာသည်။

အရှင်လေဟာနယ်နတ်ဘုရား လှည့်ကြည့်လိုက်သည့်အခိုက်တွင် အစိမ်းရောင်ဝတ်စုံလူငယ်မှာလည်း တစ်စုံတစ်ခုကို ခံစားမိကာ အပေါ်သို့ လှမ်းကြည့်လိုက်သည်။ သူ့စိတ်မှာ တုန်ယင်သွား၏။ ကျိုးကျင်သည်လည်း ထို့အတူပင်။ ဟင်္သာပြဒါးဂြိုဟ်ထံ ဦးတည်ဝင်လာသည့် ကျင့်ကြံသူထောင်သောင်းချီသည်လည်း ထိုကြောက်မက်ဖွယ်အော်ရာကို ခံစားမိသည်။

သူတို့သည် ထိုအော်ရာကို ကောင်းကောင်းသိပေ၏။ အစိမ်းရောင်ဝတ်စုံလူငယ်သည်လည်း ထိုအော်ရာကို ရင်းနှီးသည်။ အရှင်လေဟာနယ်နတ်ဘုရားသည်လည်း ထိုအော်ရာကို တရင်းတနှီး ရှိသည်။

ကျိုးကျင်သည် ထိုအော်ရာကို ပို၍ပင် သိနေသေး၏။ ၎င်းအော်ရာက သူ့စဉ်းစားဉာဏ်ကိုပါ လွတ်ထွတ်မတတ် ဖြစ်စေသည်။

အလားတူပင် လေဟာနယ်ဂိတ်တံခါးဘေးနားမှ ထွက်ပေါ်လာသော အော်ရာသည် အတွင်းနယ်မြေ၏ ကျင့်ကြံသူ ထောင်ချီကိုလည်း ရင်းနှီးမှုအငွေ့အသက် ပေးစွမ်းသည်။

“သူ မသေဘူးလို့ ငါ ပြောခဲ့ပါတယ်။ သူ မသေနိုင်ဘူး။ သူက ငါ့ညီပဲ။ သူ မသေနိုင်ဘူးကွ…” စစ်ထူနန်၏မျက်လုံးထဲတွင် ပျော်ရွှင်မှုတို့ ပြည့်နေ၏။ သူသည် စတင် ရယ်မောလိုက်သည်။

အရှင်တောင်ဘက်တိမ်မှာလည်း ပင့်သက်ရှိုက်မိသွားသည်။ သူသည် အစောပိုင်းက အနှစ်သာရခြောက်ခုနှင့် လေဟာနယ်ဂိတ်တံခါးကို ဆွဲဆောင်ခဲ့သူကို ခန့်မှန်းမနေခဲ့၏။ ခုချိန်တွင် သူက ဒီအော်ရာကို ခံစားမိသည့်အခါ သူလည်း စတင် ရယ်မောလေတော့သည်။

“ကောင်းတယ်။ ကောင်းတယ်။ ကောင်းတယ်။ ချိပ်ပိတ်နယ်မြေအရှင်ဟာ ဘယ်လိုလုပ် သေဆုံးနိုင်ပါ့မလဲ…”

ဆယ့်သုံး၊ အရှင်လုဖူ၊ အဇူရာနဂါးနတ်အင်ပါယာတို့၏ မျက်လုံးထဲတွင်လည်း စိတ်လှုပ်ရှားမှုတို့ ပြည့်နှက်နေ၏။ အထူးသဖြင့် ဆယ့်သုံးပင်။

အရှင်လုံဖန်သည် လေဟာနယ်ဂိတ်တံခါးဘေးရှိ ဝဲကတော့ကို ကြည့်ကာ ပြုံးသည်။ သူသည် အတိတ်တုန်းက သူ့ကို ဒေါသထွက်စေခဲ့သော အော်ရာကို ခံစားမိလိုက်သည် မဟုတ်လား။

“ချိပ်ပိတ်နယ်မြေအရှင်။ ချိပ်ပိတ်နယ်မြေအရှင်ပဲ…”

ရုပ်တုဘေးပတ်လည်ရှိ အတွင်းနယ်မြေမှ ကျင့်ကြံသူထောင်ချီသည် စိတ်လှုပ်ရှားကာ အော်ဟစ်ကုန်သည်။ “ချိပ်ပိတ်နယ်မြေအရှင်ရဲ့ ဂုဏ်ကျက်သရေ။ တောက်ပသောလေဟာနယ်ရဲ့ ဂုဏ်ကျက်သရေ…” သည်အော်ရာနှင့် မရင်းနှီးသော အချို့လူများသည်ပင် စစ်ထူနန်နှင့် တခြားလူများ၏ အမူအရာကို ကြည့်ကာ သူတို့ခေါင်းထဲ၌ နာမည်တစ်ခု ပေါ်လာတော့သည်။

သူတို့ လုံးဝ မေ့နိုင်မည် မဟုတ်သော နာမည်။ ချိပ်ပိတ်နယ်မြေအရှင်…ဝမ်လင်း။

ရုပ်တုပတ်လည်ရှိ ကျင့်ကြံသူများ၏ အော်ဟစ်သံများသည် ပိုကျယ်လောင်လာသည်။ တဖြည်းဖြည်း ထိုအသံများသည် တစ်သံတည်းအဖြစ်သို့ ပေါင်းစည်းကာ ဟင်းလင်းပြင်ထိ ပျံ့နှံ့၍ ပြင်ပနယ်မြေရှိ ကျင့်ကြံသူထောင်သောင်းချီ၏ နားထဲသို့ ဝင်ရောက်သည်။

ပြင်ပနယ်မြေ ကျင့်ကြံသူများ မေ့နေသည့် အိပ်မက်ဆိုးသည် ဒီအဖြူရောင်ဝတ်စုံဖြင့်လူငယ် ဝဲကတော့အတွင်းမှ ထွက်လာသည့်အခိုက်တွင် ပြန်နိုးထလာတော့သည်။

သူ့ဆံပင်ဖြူများက ကခုန်နေ၏။ သူ့ဝတ်ရုံက တဖျတ်ဖျတ်။ သူသည် ဝမ်လင်း၊ ချိပ်ပိတ်နယ်မြေအရှင်သခင်ပင်။

“ငါ ပြန်လာပြီ…” ဝမ်လင်းသည် ဝဲကတော့ထံမှ လှမ်းထွက်လာ၏။ သူ့အေးတိအေးစက် မျက်လုံးထဲတွင် အေးစက်စက်အငွေ့အသက်တို့ ပေးစွမ်းသည်။ သူသည် ပြင်ပနယ်မြေရှိ ကျင့်ကြံသူထောင်သောင်းချီကို ကြည့်သည်။ သူနှင့်အကြည့်ချင်းဆုံသော လူတိုင်းသည် တုန်ယင်ကာ ကြောက်လန့်တကြား နောက်သို့ အလိုလို ဆုတ်မိကြသည်။

အထူးသဖြင့် ကျိုးကျင်ပင်။ သူသည် ချွေးပြန်နေကာ နောက်သို့ အလျင်အမြန် ဆုတ်လေသည်။

အစိမ်းရောင်ဝတ်စုံနှင့်လူငယ်၏မျက်လုံးထဲတွင်လည်း မယုံကြည်နိုင်မှုတို့ ပြည့်နေသည်။ သူ့စိတ်ထဲတွင် ဝမ်လင်းမှာ သေသွားပြီဟုသာ ထင်ထား၏။ သို့သော် ခုချိန်၌ ဝမ်လင်းသည် အသက်ရှင်နေသေးရုံသာမက အနှစ်သာရခြောက်ခုဖြင့် လေဟာနယ်ဂိတ်တံခါးကို ဆွဲဆောင်ကာ ပြန်ရောက်လာခဲ့လေပြီ။

ထိုအဖြစ်က သူ၏တည်ငြိမ်မှုကို ပျက်စီးစေသည်။

“ချိပ်ပိတ်နယ်မြေအရှင်။ ချိပ်ပိတ်နယ်မြေအရှင် ပြန်ရောက်လာပြီ…”

ဟင်္သာပြဒါးဂြိုဟ်ပေါ်ရှိ ကျင့်ကြံသူထောင်ချီသည် အဆုံးမရှိခွန်အားများ ပြည့်နှက်လာသည့်အလား။

ဝမ်လင်း ပေါ်လာသည်နှင့် အတွင်းနယ်မြေမှ ကျင့်ကြံသူများသည် စိတ်လှုပ်ရှားကြသည်။ အရှင်လေဟာနယ်နတ်ဘုရား၏ အမူအရာမှာ ပို၍ပင် ရုပ်စိုးလာသည်။ သူ့မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ် ပေါ်လာကာ သူသည် လေဟာနယ်ဂိတ်တံခါးအောက်ရှိ ဝမ်လင်းထံ ခြေလှမ်းသည်။

ကောင်လေး…အတိတ်တုန်းက မင်း မသေခဲ့ဘူးပဲ။ ဒါပေမဲ့ အခု ဒီနေ့တော့ မင်း သေရမယ်။ ဒီအဘိုးအိုက ငါ့ကို ဆန့်ကျင်ပြီး မင်းလိုဂျူနီယာလေးက တတိယအဆင့်ကို မတက်လှမ်းနိုင်မှာကို မြင်ချင်သေးတယ်။ အတိတ်တုန်းက ဒီအဘိုးအိုဟာ မင်းရဲ့ ခန္ဓာကိုယ်ကို သိမ်းပိုက်တာ မအောင်မြင်ခဲ့ဘူး။ ဒါပေမဲ့ အခု မင်းက မင်းဟာမင်း ထွက်လာမှတော့ ဒီအဘိုးအိုက လုပ်ဆောင်ပေးရမှာပေါ့…” အတိတ်တုန်းက အဖြစ်အပျက်သည် အရှင်လေဟာနယ်နတ်ဘုရားကို မျက်နှာပျက်စေခဲ့၏။ သူ့ကို အတော်လေးလည်း ထိတ်လန့်စေခဲ့သည်။ သူသည် မြှားကို ကြောက်လန့်ခြင်းပင်။

သို့ပေမည့် သခင်ငါးပါးထဲမှ တစ်ယောက်ဖြစ်သူ အနေဖြင့် သူသည် မတိုက်ခိုက်ဘဲ ထွက်မပြေးနိုင်ပေ။

ထိုသို့ပြောရင်း သူက အရှိိန်တင်လိုက်ရာ ချက်ခြင်းပင် ဝမ်လင်းနား ရောက်သွားသည်။

ဝမ်လင်း၏အမူအရာသည် မထူးခြားနားပင်။ ကောင်းကင်ဘုံအရှင်လေဟာနယ်နတ်ဘုရား နီးကပ်လာသည့်အခါ ဝမ်လင်းသည် မျက်လုံးမှိတ်လိုက်ပြီးနောက် ရုတ်တရက် ပြန်ဖွင့်လိုက်သည်။ သူ မျက်လုံးဖွင့်လိုက်ချိန်၌ မဟာပညာရှိ၏အော်ရာ သူ့ထံမှ ပျံ့လွင့်လာသည်။ ၎င်းမှာ ကောင်းကင်နှင့်မြေကြီးကို နားလည်ပြီး၊ တစ္ဆေများ၊နတ်ဘုရားများကိုပါ မကြောက်ရွှံ့သော တစ်စုံတစ်ယောက်၏ အော်ရာ ဖြစ်ချေသည်။

ထိုအော်ရာကြောင့် ကောင်းကင်နှင့်မြေကြီးသည်ပင် နောက်ဆုတ်ရသည်။ တစ္ဆေများသည်ပင် ကြောက်လန့်ရသည်။ လောကရှိ ဥပဒေသများသည်ပင် ၎င်းရှေ့တွင် ပုံပျက်ယွင်းရသည်။ ယင်းအော်ရာမှာ လူသားများ ပိုင်ဆိုင်သည့်အရာ၊ လူသားမဟာပညာရှိများ ပိုင်ဆိုင်သည့်အရာပင်။

ကျင့်ကြံသူများသည်လည်း လူသားများသာ ဖြစ်၏။ သူတို့သည် တတိယအဆင့်သို့ ရောက်ခဲ့လျှင်ပင် လူသားများ ဖြစ်နေတုန်းပင်။

“နောက်ဆုတ်စမ်း…” ဝမ်လင်း၏အကြည့်က အရှင်လေဟာနယ်နတ်ဘုရားပေါ်သို့ ကျရောက်လာ၏။ ရန်သူသည် မည်မျှအစွမ်းထက်ပါစေ ဝမ်လင်း၏အမြင်၌ အရှင်လေဟာနယ်နတ်ဘုရားမှာ သေမျိုးတစ်ယောက်နှင့် အတူတူပင်။ ပုရွတ်ဆိတ်တစ်ကောင်နှင့် မခြားပေ။ မြက်ပင်၊ ကျောက်တုံး၊ သစ်ပင်များနှင့် မခြား‌ပေ။

အရှင်လေဟာနယ်နတ်ဘုရား၏ ကိုယ်ပွားမှာ ရုတ်တရက် ရပ်တန့်သွား၏။ သူ့မျက်လုံးထဲတွင် မယုံကြည်မှုတို့ ပြည့်နှက်လာသည်။ သူသည် ဝမ်လင်းထံမှ အော်ရာကို ရှင်းလင်းစွာ ခံစားမိသည်။ ဝမ်လင်းကိုယ်တိုင်သည် လောက ဖြစ်နေသည့်အလား။ ဝမ်လင်းထံမှ ပေးစွမ်းသောအော်ရာက သူ့ကို ရှိန်စေ၏။

ထိုအော်ရာသည် သူ၏ကျင့်ကြံမှုအဆင့်ကို လစ်လျူရှုကာ သူ့စိတ်ဝိညာဉ်ထဲထိ တရကြမ်း ဝင်ရောက်လာသည်။ သည်စကားလုံးများသည် လောက၏ဥပဒေသ သို့မဟုတ် ဥပဒေသများ၏အထက်တွင်ပင် ရှိနေနိုင်သည်။

အရှင်လေဟာနယ်နတ်ဘုရားသည် လန့်မိသည်။ သူသည် သူ့မျက်လုံးကိုပင် မယုံကြည်ရဲ ဖြစ်ရ၏။ သူ့ခန္ဓာကိုယ် တုန်ယင်သွားသည်ကိုပါ မယုံကြည်ဝံ့ ဖြစ်ရသည်။ သည်အခိုက်တွင် သူသည် ဝမ်လင်း၏အိပ်မက်ထဲမှ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်နှင့် မခြားနားတော့ပေ။

“မင်း…မင်း…” အရှင်လေဟာနယ်နတ်ဘုရားသည် နောက်သို့ အလိုလို ပြန်ဆုတ်မိ၏။ သူ့မျက်လုံးထဲတွင် ဖြစ်တောင့်ဖြစ်ခဲ့ ကြောက်ရွှံ့မှု လှစ်ဟပေါ်သည်။ ဝမ်လင်း ပြောလိုက်သည့်စကားက ကောင်းကင်နှင့်မြေကြီးတို့ကို လှုပ်ခါစေနိုင်သည်။ တစ္ဆေသရဲနှင့်နတ်ဘုရားများကို လှုပ်ခါစေနိုင်သည်။

ထိုမြင်ကွင်းသည် ကျိုးကျင်၏မျက်နှာကို သေလောက်အောင် ဖြူရောသွားစေသည်။ သူ့မျက်လုံးထဲတွင် မျှော်လင့်ချက်မဲ့မှုတို့ ပြည့်နှက်လာသည်။

အစိမ်းရောင်ဝတ်စုံဖြင့်လူငယ်တစ်ယောက်လည်း ရှိနေသေး၏။ သူသည် အစတုန်းကတော့ ဝမ်လင်းကို သတ်ဖို့ ခြေလှမ်းဝင်လာချင်ခဲ့၏။ သို့သော် သူသည် တောင့်တင်းသွားကာ သူ့တာအိုနှလုံးသားမှာ မတည်မငြိမ် ဖြစ်လာသည်။

သူတို့သုံးယောက်သည်ပင် ထိုသို့ ဖြစ်နေပါက ကျန်သည့် ပြင်ပနယ်မြေမှ ကျင့်ကြံသူထောင်သောင်းချီဆို ပြောနေစရာပင် မလိုတော့ပေ။ သူတို့သည် ဝမ်လင်း၏စကားလုံးများကြောင့် နောက်သို့ ပိုဝေးစွာ ဆုတ်မိသည်။ သူတို့အားလုံးသည် ဝမ်လင်းကို ကြောက်ရွှံ့ခြင်းကြီးစွာဖြင့် ကြည့်ကြသည်။

ဝမ်လင်းက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်၏။ အရှင်လေဟာနယ်နတ်ဘုရားကို နောက်သို့ အလန့်တကြား ဆုတ်သွားစေပြီးနောက် သူ့ညာလက်ကို ပင့်မြှောက်ကာ လေဟာနယ်ဂိတ်တံခါးနှင့် မျက်နှာချင်းဆိုင်လိုက်သည်။

“မိုးကြိုး၊မီး၊ကံမ္မ၊သေခြင်းရှင်ခြင်း၊ အမှန်နဲ့အမှား၊ သတ်ဖြတ်ခြင်း။ ငါ ဝမ်လင်းအနေနဲ့ ဒီအနှစ်သာရခြောက်ခုနဲ့ လေဟာနယ်ဂိတ်တံခါးကို ဖွင့်လှစ်မယ်…” ဝမ်လင်း၏စကားများ ပျံ့နှံ့လာ၏။ လေဟာနယ်ဂိတ်တံခါးသည် အဆုံးမဲ့ဖိအားများ ပေးစွမ်းလာသည်။

လေဟာနယ်ဂိတ်တံခါးကို ချိုးဖျက်ခြင်း။

ဝမ်လင်းသည် ခေါင်းမော့ကာ သူ့အထက်ရှိ လေဟာနယ်ဂိတ်တံခါးကို ကြည့်သည်။ သူသည် ဒီနေ့ကို စောင့်နေခဲ့သည်မှာ နှစ်ပေါင်းနှစ်ထောင်ကျော် ခဲ့လေပြီ။

သူ စတင် ကျင့်ကြံခဲ့တုန်းက သူသည် တတိယအဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်လာရန်ဟု လုံးဝ မတွေးခဲ့ပေ။ သို့သော် ဒီနေ့မှာ ရောက်လာခဲ့ချေပြီ။

အခုက ဝမ်လင်းအနေဖြင့် လေဟာနယ်ဂိတ်တံခါးကို ရင်ဆိုင်တာ ဒုတိယကြိမ်မြောက် ဖြစ်၏။ ပထမတစ်ကြိမ်မှာ သူ၏မိုးကြိုးအနှစ်သာရ ပြီးပြည့်စုံခြင်းသို့ ရောက်ခဲ့စဉ်က ဖြစ်သည်။ သို့သော် သူသည် ထိုစဉ်က ဒီတံခါးကို မဖွင့်လှစ်နိုင်ခဲ့ပေ။ သို့ပေမည့် ယနေ့တွင် ဝမ်လင်းသည် ဤတံခါးကို ဖွင့်လှစ်ကာ တတိယအဆင့်သို့ တက်လှမ်းနိုင်မည်ဟု ယုံကြည်မှု ရှိသည်။

အနှစ်သာရခြောက်ခုသည် သူ့လက်ပေါ်တွင် ပေါ်လာကာ အလင်းလုံးအဖြစ် လှည့်ပတ် ဖြစ်ပေါ်သည်။ သူက ၎င်းကို ခြေမွလိုက်ရာ ယင်းတို့သည် သူ၏ခန္ဓာကိုယ်တွင်းသို့ ဝင်ရောက်သွားသည်။

သူရှေ့သို့ တရှိန်ထိုး တိုးဝင်လာ၏။ ပြင်ပနယ်မြေရှိ ထောင်သောင်းချီ ကျင့်ကြံသူများ၏ရှေ့၊ အတွင်းနယ်မြေရှိ ကျင့်ကြံသူထောင်ချီ၏ရှေ့၊ တတိယအဆင့်ကျင့်ကြံသူများ၏ရှေ့တွင် ဝမ်လင်းသည် လေဟာနယ်ဂိတ်တံခါးထံ တိုးဝင်လာသည်။

သူ ဒီတံခါးကို ချိုးဖျက်လိုက်သည်နှင့် သူ တတိယအဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်လာမည်။

သူ ဒီတံခါးကို ချိုးဖျက်လိုက်သည်နှင့် သူ ဆန္ဒရှိသလို လုပ်ဆောင်နိုင်မည်။

သူ ဒီတံခါးကို ချိုးဖျက်လိုက်သည်နှင့် အတွင်းနှင့်အပြင်နယ်မြေတို့၏ နောက်ဆုံးလျှို့ဝှက်ချက်ကို သိနိုင်ဖို့ အရည်အချင်း ပြည့်မှီလာမည်။

သူ ငယ်ရွယ်စဉ်တုန်းက သူသည် ပါရမီကင်းမဲ့ခဲ့ကာ ခက်ခက်ခဲခဲ ကျင့်ကြံခဲ့ရ၏။ ထိုသို့ ခက်ခဲခြင်းကြီးစွာ ကျင့်ကြံပြီး သူသည် ပထမအဆင့်နှင့်ဒုတိယအဆင့် ကျင့်ကြံခြင်းများကို ကျော်လွန်လာခဲ့သည်။ ယနေ့တွင် သူသည် လူပေါင်းများစွာ၏ရှေ့တွင် ဒီတံခါးကို ချိုးဖျက်ကာ တတိယအဆင့်သို့ တက်လှမ်းမည် ဖြစ်၏။

ဝမ်လင်းသည် လေဟာနယ်ဂိတ်တံခါးကို သတ်ဖြတ်ခြင်းအနှစ်သာရ သုံး၍ ချင်းရွှေတိုက်ခိုက်ခဲ့သည်ကို ရှင်းရှင်းလင်းလင်း မှတ်မိသည်။ ထိုတိုက်ခိုက်မှုက လေဟာနယ်ဂိတ်တံခါး၏ ထောင့်စပ်တစ်ခုကို ပျက်စီးစေခဲ့သည်။

ထိုသို့ လုပ်နိုင်သည့်စွမ်းအားမျိုးမှာ ရှားပါးလှ၏။ ကျိုးကျင်ကဲ့သို့ လူများအဖို့ ချိုးဖျက်ခြင်း ဟူသည်မှာ ၎င်းတံခါးကို တွန်းလိုက်ရုံမျှသာ ဖြစ်သည်။

ရှေးဟောင်းအချိန်များတည်းက လူအနည်းငယ်ကသာ ချင်းရွှေကဲ့သို့ လေဟာနယ်ဂိတ်တံခါးကို အလွယ်တကူ ချိုးဖျက်နိုင်ကြသည်။

လေဟာနယ်ဂိတ်တံခါးကို ဖန်တီးဖို့ အနှစ်သာရများကို ပိုအသုံးပြုလေလေ ဖွင့်လှစ်ဖို့ ပိုခက်ခဲလေ ဖြစ်မည်ပင်။ အနှစ်သာရခြောက်ခုသည် အရင်တုန်းက လုံးဝ မပေါ်ပေါက်ခဲ့ဖူးပေ။ ထို့ကြောင့် ယင်းအနှစ်သာရများကြောင့် ပေါ်လာသော လေဟာနယ်ဂိတ်တံခါးမှာ အတွင်းနှင့်အပြင်နယ်မြေတို့၌ မြင်ဖူးသမျှထဲတွင် အသန်မာဆုံး ဖြစ်လာမည်။

သည်လေဟာနယ်ဂိတ်တံခါးကို ချိုးဖျက်ဖို့ အခက်အခဲသည် ချင်းရွှေ သူ့လေဟာနယ်ဂိတ်တံခါးကို ချိုးဖျက်ခဲ့စဉ်ကထက် အဆများစွာ ပိုမြင့်မား၏။

သို့သော် အလားတူပင် ဝမ်လင်းသည် ဒီဂိတ်တံခါးကို ချိုးဖျက်နိုင်လိုက်သည်နှင့် သူသည် အနှီလေဟာနယ်ဂိတ်တံခါး၏ စွမ်းအားကို လက်ခံရရှိမည် ဖြစ်ပြီး သူ၏အနှစ်သာရခြောက်ခုနှင့် သမူဟ ဖြစ်စွာ ပေါင်းစပ်နိုင်မည်။ သူ့စွမ်းအားမှာလည်း ခုန်ပေါက်၍ တိုးတက်လာလိမ့်မည်ပင်။

“ဒီဂိတ်တံခါးကို ချိုးဖျက်တာဟာ မခက်ခဲဘူး။ ငါ ဒီဂိတ်တံခါးကို မြင်ခဲ့ဖူးပြီးသား။ ဒါနဲ့ ပတ်သတ်လို့လည်း ငါ နည်းနည်း နားလည်ထားတယ်။ ဒီတစ်ကြိမ်တော့ အရင်တုန်းက ဘယ်သူမှ မလုပ်ခဲ့တဲ့ နည်းလမ်းနဲ့ ငါ ချိုးဖျက်မယ်…” ဝမ်လင်းသည် အထက်သို့ မော့ကြည့်၏။ သူ့ဆံပင်ဖြူများမှာ ကခုန်နေသည်။ သူ့ညာလက်ဖြင့် လက်သီးတစ်လုံးအသွင် ဖြစ်ပေါ်စေလျက် သူသည် လေဟာနယ်ဂိတ်တံခါးနှင့် နီးသထက် နီးလာသည်။

***

All Chapters