← Chapters

စကားတစ်ခွန်း၊ မိုးကြိုးတွေ ပင်လယ်အလား မြင့်တက်လာခြင်း…

Vol. 121 Ch. 1671

စကားတစ်ခွန်း၊ မိုးကြိုးတွေ ပင်လယ်အလား မြင့်တက်လာခြင်း…

Vol. 121 Ch. 1671

“ငါ့နာမည် ဝမ်လင်း…။ ငါ ကောင်းကင်နဲ့မြေကြီးရဲ့ မိုးကြိုးတွေကို အမိန့်ပေးတယ်…” ဝမ်လင်း၏ခန္ဓာကိုယ်သည် ဂိတ်တံခါးထံ ဦးတည် ပျံသန်းလာရင်း သူက လက်သီးဆုပ်၏။ မိုးကြိုးများ၊ လျှပ်စီးများ သူ၏လက်သီးတွင် လာရောက်စုဝေးသည်။ သူသည် သူ့ရှေ့ရှိ လေဟာနယ်ဂိတ်တံခါးထံ ထိုးချလိုက်လေသည်။

“သူ ဒါကို ဖွင့်လှစ်နိုင်မှာ မဟုတ်ဘူး။ သူ ကျိန်းသေပေါက် လုပ်နိုင်မှာ မဟုတ်ဘူး။ ဒီတံခါးဟာ အနှစ်သာရအများကြီးနဲ့ ဖြစ်ပေါ်လာတာ။ ဘယ်သူကမျှ ဖွင့်လှစ်နိုင်မှာ မဟုတ်ဘူး…” ကျိုးကျင်သည် ရူးသွပ်လုနီးနီး ဖြစ်နေ၏။ သူသည် နောက်သို့ မျှော်လင့်ချက်မဲ့စွာ ဆုတ်သည်။ သူသည် ဝမ်လင်း ဒီတံခါးကို မချိုးဖျက်နိုင်ဖို့ မျှော်လင့်ရုံသာ တတ်နိုင်၏။ ထိုမှသာ သူ့အတွက် ရှင်သန်နိုင်မည့် အခွင့်အရေးတစ်ခု ရနိုင်ပေမည်။

“အနှစ်သာရခြောက်ခုနဲ့ လေဟာနယ်ဂိတ်တံခါးဟာ ငါ လေဟာနယ်ဂိတ်တံခါးကို ဖွင့်လှစ်ခဲ့တဲ့ အချိန်ကထက် အများကြီး ပိုခက်လိမ့်မယ်။ ဒီ ဝမ်လင်း…သူ ဒါကို ဖွင့်လှစ်ဖို့ အတော်လေး ခက်လိမ့်မယ်။ အနှစ်သာရ ပိုများလေလေ ဒီဂိတ်တံခါးကို ဖွင့်လှစ်ဖို့ ခက်လေပဲ။ သူဟာ ကျရှုံးလိမ့်မယ်။ သူ ကျရှုံးသွားတာနဲ့ သေရလိမ့်မယ်…”

အစိမ်းရောင်ဝတ်စုံနှင့်လူငယ်မှာလည်း နောက်ဆုတ်သည်။ သူသည် လေဟာနယ်ဂိတ်တံခါးကို ချိုးဖျက်မည့် တစ်စုံတစ်ယောက်ကို တိုက်ခိုက်ခြင်းမှာ ထိုသူ့ကို အကူအညီပေးရာ ရောက်သည်ကို ကောင်းကောင်း သိ၏။

အရှင်လေဟာနယ်နတ်ဘုရား၏ အမူအရာမှာ သုန်မှုန်နေ၏။ သူလည်း နောက်ဆုတ်သည်။ သူသည် ဂိတ်တံခါးကို ချိုးဖျက်တော့မည့် ဝမ်လင်းကို စိုက်ကြည့်နေရင်း နှာခေါင်းရှုံ့လိုက်သည်။

“ဒီလေဟာနယ်ဂိတ်တံခါးကိုသာ လွယ်လွယ်ဖွင့်လှစ်လို့ရရင် ဒီလောကဟာ ဗရမ်းဗတာ ဖြစ်ကုန်မှာပေါ့။ အနှစ်သာရခြောက်ခုကြောင့် ပေါ်လာတဲ့ ဒီတံခါးကို ဖွင့်လှစ်ဖို့ဟာ စိတ်ကူးနိုင်တာထက် ပိုခက်ခဲတယ်။ ဂျူနီယာလေးကများ။ မင်းမှာ ကံကောင်းလို့ အနှစ်သာရခြောက်ခု ပိုင်ဆိုင်ခဲ့ရင်တောင် ဘာအသုံးဝင်မှာလဲ။ မင်း ဒီတံခါးကို ဘယ်လိုများ ချိုးဖျက်မလဲ ငါ မြင်ချင်သေးတယ်။ ငါ့အနေနဲ့ ဘာမှ လုပ်စရာမလိုဘဲ မင်း လေဟာနယ်ဂိတ်တံခါးကြောင့် သေသွားတာတောင် ဖြစ်နိုင်သေးတယ်…”

သူသည် ဝမ်လင်းက ဤတံခါးကို ချိုးဖျက်နိုင်လိမ့်မည်ကို မယုံကြည်ပေ။ သို့မဟုတ် သူတို့ မယုံကြည်ချင်တာ ဖြစ်နိုင်၏။

သို့သော် အတွင်းနယ်မြေမှ ကျင့်ကြံသူများကမူ ဝမ်လင်း ဒီတံခါးကို ချိုးဖျက်ကာ တတိယအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်လာဖို့ ရင်ထဲအသည်းထဲကနေကို မျှော်လင့်ထားကြ၏။

“ဝမ်လင်း…မင်း ဒါကို ချိုးဖျက်နိုင်ရမယ်…” စစ်ထူနန်သည် လက်သီးတင်းတင်း ဆုပ်ထား၏။ သူ စိတ်ပူပန်နေသည်။ သူသည် သူ၏လေဟာနယ်ဂိတ်တံခါးကို ချိုးဖျက်ခဲ့ပြီး ဖြစ်၏။ ချင်းလင်၏အကူအညီဖြင့်ပင် သူသည် အတော်လေး ကြိုးစားခဲ့ရသည်။ သူက ၎င်းကို ချိုးဖျက်နိုင်ဖို့ မည်မျှခက်ခဲသည်ကို သိသည်။ ဝမ်လင်း၏လေဟာနယ်ဂိတ်တံခါးမှာ သူ့တုန်းကထက် ပို၍ ခက်ခဲမည်ကိုလည်း သိသည်။ ထိုကြောင့် သူသည် စိတ်ပူပန်နေ၏။

အရှင်တောင်ပိုင်းတိမ်၏မျက်လုံးသည် တလက်လက် ဖြစ်လာ၏။ သူက အသက်ဝဝရှိုက်သွင်းလိုက်သည်။ သူသည် အရေးတကြီးအခိုက်အတန့်၌ ဝမ်လင်းကို အစွမ်းကုန်က ကူညီပေးရန် ဆုံးဖြတ်ထားသည်။

“အနှစ်သာရခြောက်ခုနဲ့ လေဟာနယ်ဂိတ်တံခါး။ ငါတို့ ဘာပဲလုပ်ရပါစေ သူ ဒါကို ချိုးဖျက်နိုင်ဖို့ ကူညီပေးရမယ်။ သူ ဒါကို ချိုးဖျက်နိုင်လိုက်တာနဲ့ ဝမ်လင်းရဲ့ ကျင့်ကြံမှုဟာ ငါတို့အတွင်းနယ်မြေအတွက် အလွန်အစွမ်းထက်တဲ့ အားတစ်ခု ဖြစ်လာလိမ့်မယ်…”

အရှင်လုဖူ၊ အရှင်လုံဖန်၊ အဇူရာနဂါးနတ်အင်ပါယာနှင့် တခြားသူများအားလုံးသည် တစ်ယေက်နှင့်တစ်ယောက် ကြည့်မိလိုက်ကြ၏။ သူတို့သည် စိတ်တင်းကြပ်နေကြသည်။

အထူးသဖြင့် အဇူရာနဂါးနတ်အင်ပါယာသည် အစိုးရိမ်ဆုံး ဖြစ်၏။ သူသည် ဝမ်လင်းကို သိခဲ့သည်မှာ ကြာလွန်းခဲ့လေပြီ။ သည်အခိုက်၌ သူ့ညာလက်ကို ဆန့်ထုတ်လိုက်ရာ နတ်လေးပါးကလန်၏ နတ်ရတနာလေးခု ပေါ်လာလေ၏။

“အရေးကြီးဆုံးအချိန်ရောက်တာနဲ့ ငါ ဒီရတနာတွေကို အသုံးပြုပြီး သူ ဒီတံခါးကို ချိုးဖျက်နိုင်ဖို့ ကူညီပေးမယ်…”

လူတိုင်း၏အတွေးကို လစ်လျူရှုကာ ဝမ်လင်းသည် မိုးကြိုးများ ဖုံးလွှမ်းလျက် ဂိတ်တံခါးထံ တရှိန်ထိုး ဝင်လာသည်။ လေဟာနယ်ဂိတ်တံခါးနှင့် ယှဉ်ပါက ဝမ်လင်းသည် အလွန်တရာ သေးနုပ်လှသည်။ သို့သော် ထိုသေးနုပ်သောပုံရိပ်က ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအားလုံးကို သူ၏လက်သီးချက်အား စိုက်ကြည့်မိစေအောင် လုပ်နိုင်ပေသည်။

ဝမ်လင်းသည် အရင်တုန်းက ထိုလက်သီးချက်ကို သုံး၍ လေဟာနယ်ဂိတ်တံခါးကို ချိုးဖျက်ခဲ့ဖူး၏။ သို့သော် ထိုစဉ်က သူသည် တံခါးကို အနည်းငယ်မျှသာ တွန်းလိုက်နိုင်သည်။ သို့ပေမည့် ခုချိန်တွင်မူ သူသည် အနှစ်သာရခြောက်ခုကို ပြီးပြည့်စုံစေခဲ့ပြီးပင်။ သူသည် ယင်းတို့ကို မပေါင်းစည်းထားသော်လည်း သူ့မိုးကြိုးသည်ပင် အရင်ထက် များစွာ အစွမ်းထက်နေလေပြီ။

ထိုလက်သီးချက် ကျရောက်လာ၏။ ကျယ်လောင်စွာ တုန်ဟည်းသံ ပေါက်ကွဲထွက်သည်။ ဝမ်လင်း၏ပုံရိပ်သည် လောကရှိ ပထမဆုံးထာဝရမိုးကြိုးတန်းအလား။ ၎င်းသည် လေဟာနယ်ဂိတ်တံခါးထံ ရိုက်ချလာသည်။

ကျယ်လောင်စွာ မြည်ဟည်းသံတို့ အဘက်ဘက်သို့ ပဲ့တင်ထပ်သည်။ တုန်ခါလှိုင်းများက ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများကို သွေးအန်ထွက်ကာ နောက်လွင့်သွားစေသည်။ သူတို့အားလုံး လန့်နေကာ ထွက်သွားချင်ကြ၏။

ကျယ်လောင်စွာ မြည်ဟည်းနေရင်း ဧရာမလေဟာနယ်ဂိတ်တံခါးသည် တောင့်မခံနိုင်သည့်အလား တုန်ယင်ကာ အနည်းငယ်မျှ ဖြည်းဖြည်းချင်း ပွင့်ဟလာသည်။

ထိုလေဟာနယ်ဂိတ်တံခါး အနည်းငယ် ပွင့်ဟသွားသည်နှင့် ဝမ်လင်းက မာန်သွင်းလိုက်၏။ သူ၏ မာန်ဟိန်းသံသည် ဒီတောက်ပသောလေဟာနယ်ကြယ်အဖွဲ့အစည်းအနှံ့သို့ ပဲ့တင်ထပ်သည်။ ဒီကြယ်အဖွဲ့အစည်း၏ မိုးကြိုးနှင့်လျှပ်စီးအားလုံးသည် ပေါ်ထွက်လာသည်။ ယင်းတို့သည် ဆင့်ခေါ်ခြင်း ခံရသည့်အလား ဟင်္သာပြဒါးဂြိုဟ်ထံ တရှိန်ထိုး ဦးတည်လာကြသည်။

တောက်ပသောလေဟာနယ်ကြယ်အဖွဲ့အစည်းတစ်ခုလုံး တုန်ဟည်းလာ၏။ မိုးကြိုးနှင့်လျှပ်စီးများသည် ဂြိုဟ်တိုင်းမှ ထုတ်နှုတ်ခြင်းခံရကာ ဟင်္သာပြဒါးဂြိုဟ်ထံ ဦးတည်သည်။

ပိုမိုများပြားသော လျှပ်စီးတန်းများ ဟင်းလင်းပြင် တလျှောက် ရွှေ့လျားလာ၏။

တောက်ပသောလေဟာနယ်တွင် ပြင်ပနယ်မြေမှ ကျင့်ကြံသူများစွာ ရှိနေ၏။ သူတို့သည် အုပ်စုဖွဲ့ကာ အတွင်းနယ်မြေရှိ ကျန်သည့် ကျင့်ကြံသူများနောက် အမဲလိုက်နေကြသည်။ မိုးကြိုးတုန်ဟည်းမှုက ပြင်ပနယ်မြေရှိ ကျင့်ကြံသူအားလုံးကို တုန်လှုပ်သွားစေသည်။ သူတို့သည် မည်သို့ ဖြစ်ပျက်နေသည်ကို မသိပေ။ သို့သော် သူတို့သည် ဒီကြယ်အဖွဲ့အစည်းတစ်ခုလုံး မိုးကြိုးနှင့် ပြည့်နှက်လာသည်ကို ခံစားမိကြ၏။

မိုးကြိုးဘုရင်က လောကရှိ မိုးကြိုးအားလုံးကို ဆင့်ခေါ်လိုက်သည့်အလား။

တောက်ပသောလေဟာနယ်ရှိ မိုးကြိုးအားလုံးသည် ချိတ်ဆက်ကာ မိုးကြိုးပင်လယ်တစ်ခု ဖြစ်လာသည်ဟု ထင်ရ၏။ ယင်းမိုးကြိုးများသည် ဂြိုဟ်များ၊ ဟင်းလင်းပြင်၊ ပြင်ပနယ်မြေရှိ ကျင့်ကြံသူများကို ဖြတ်သန်းသွားသည်။

“ဘာတွေ ဖြစ်နေတာလဲ…”

“ဘာ…ဘာတွေ ဖြစ်ကုန်တာလဲဟ…”

“မိုးကြိုးတွေ ဘယ်လိုကြောင့် ခုလောက်အများကြီး မြင့်တက်လာတာလဲ။ မိုးကြိုးရတနာတစ်ခုများ ပေါ်လာတာလား…”

“မိုးကြိုးအားလုံးက ဦးတည်ရာတစ်ခုတည်းဆီ သွားနေကြတာ…”

“အဲ့ဦးတည်ရာဟာ ဟင်္သာပြဒါးဂြိုဟ် မဟုတ်ဘူးလား။ အဲ့နေရာမှာ တုန်လှုပ်ဖွယ်ပြောင်းလဲမှုတစ်ခုခုများ ဖြစ်နေတာလား…” တောက်ပသောလေဟာနယ်နယ်မြေအတွင်းရှိ ပြင်ပနယ်မြေမှ ကျင့်ကြံသူအားလုံးသည် အလန့်တကြား အော်ဟစ်ကုန်သည်။

သူတို့အားလုံး စိတ်ရှုပ်ထွေးနေသည်။ သူတို့သည် မည်သို့ဖြစ်ပျက်နေသည်ကို မသိကြပေ။ သို့ပေမည့် တောက်ပသောလေဟာနယ်မှာ မိုးကြိုးများဖြင့် ပြည့်နှက်လာနေပြီပင်။ အချိန်မီ မရှောင်နိုင်သူများအဖို့ နာကျင်စွာအော်ဟစ်၍ သေဆုံးကုန်ကြ၏။ ထိုအဖြစ်က ပြင်ပနယ်မြေရှိ ကျင့်ကြံသူများ၏အမူအရာကို ကြီးစွာ ပြောင်းလဲသွားစေသည်။

နတ်ဘုရားအာရုံများ တစ်ခုပြီးတစ်ခု ဖြန့်ကျက်ကြည့်ကာ အကြောင်းရင်းကို ရှာဖို့ ကြိုးစားလေ၏။

အထက်စီးမှ ကြည့်ပါက သူတို့သည် ထိုအဆုံးမဲ့မိုးကြိုးများက ဟင်္သာပြဒါးဂြိုဟ်၊ လေဟာနယ်ဂိတ်တံခါးဘေးရှိ ဝမ်လင်းထံ အရူးအမူး စုဝေးနေသည်ကို မြင်ရပေလိမ့်မည်။

ကျိုးကျင်၏မျက်လုံးထဲ၌ မျှော်လင့်ချက်မဲ့မှုများ လှိုက်တက်လာ၏။ သူသည် သူတွေ့မြင်ရသည့်အပေါ် ယုံကြည်ဖို့ ခက်ခဲနေ၏။ သူသည် အဘက်ဘက်မှ ထွက်ပေါ်လာနေသော ခပ်အုပ်အုပ်အသံများကို ကြားရသည်။ သူ လှမ်းမျှော်ကြည့်လိုက်သည့်အခါ၌ မင်သက်မိနေ၏။

သူသည် အဝေးရှိ ဟင်းလင်းပြင်မှာ မိုးကြိုးများ ဖြစ်နေပြီကို တွေ့လိုက်ရ၏။ ယင်းမိုးကြိုးများသည် လင်းထင်းကာ တိုးဝင်လာကြသည်။

“ဒါ…ဒါက…” အစိမ်းရောင်ဝတ်စုံနှင့်လူငယ်၏မျက်နှာမှာ ဖြူရောသွား၏။ သူသည် ဆန်းကြယ်လေဟာနယ်အလယ်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သော်လည်း သူ့ဦးရေပြားသည်ပင် ထိုအဆုံးမဲ့မိုးကြိုးများကို တွေ့မြင်ရသည့်အခါ၌ ထုံထိုင်းမိရသည်။

သူသာမက အရှင်လေဟာနယ်နတ်ဘုရားသည်ပင် ခဏတာ မင်သက်ကာ သူ့မျက်လုံးထဲ၌ မယုံကြည်နိုင်မှုတို့ ပြည့်သွား၏။ သူသည် ဝမ်လင်း၏မိုးကြိုးအနှစ်သာရမှာ ထိုမျှအစွမ်းထက်လိမ့်မည်ဟု မမျှော်လင့်ထားမိပေ။

“ဒါဟာ သာမန်မိုးကြိုးအနှစ်သာရ မဟုတ်ဘူး။ ဒီအဘိုးအိုက တတိယအဆင့်မိုးကြိုးကျင့်ကြံသူတွေကို မြင်ခဲ့ဖူးတယ်။ ဘယ်သူကမျှ အခုလိုမျိုး မဟုတ်ဘူး။ ဒီဝမ်လင်းက ဘယ်လိုလုပ်များ ဒီလောက်စွမ်းအားကို ပိုင်ဆိုင်တဲ့ မိုးကြိုးအနှစ်သာရ ရှိနေရတာလဲ…” အရှင်လေဟာနယ်နတ်ဘုရား၏ မျက်လုံးသည် လက်ခနဲ ဖြစ်သွား၏။

“ဟက်…ဒါက တောက်ပသောလေဟာနယ်ရဲ့ မိုးကြိုးအားလုံး ဖြစ်နေရင်တောင် ဘာဖြစ်သေးသလဲ…” သူ ထိုသို့ တွေးလိုက်မိရုံ ရှိသေး တောက်ပသောလေဟာနယ်မှ အဆုံးမဲ့မိုးကြိုးများထက် ပိုလွှမ်းမိုးနိုင်စွမ်းရှိသော ကျယ်လောင်စွာ တုန်ဟည်းမှု ထွက်ပေါ်လာသည်။ သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်ကြည့်လိုက်ရာ သူ တွေ့မြင်လိုက်ရသည့်အရာကြောင့် သူသည် နောက်သို့ပင် ခြေလှမ်းအနည်းငယ် ဆုတ်မိသွား၏။

အရှင်လေဟာနယ်နတ်ဘုရားသည် အလန့်တကြား ဆိုမိ၏။ “မဖြစ်နိုင်ဘူး…”

အရှင်လေဟာနယ်နတ်ဘုရား၊ ရှေးဟောင်းကြယ်အဖွဲ့အစည်း၏ သခင်ငါးပါးထဲမှတစ်ပါးဖြစ်သော သူလိုလူသည်ပင် တုန်လှုပ်မိရလေ၏။ သူ့ နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်ချိန်၌ သူသည် အတိုင်းမသိမိုးကြိုးများ တိုးဝင်လာနေသည်ကို တွေ့မြင်လိုက်ရသည်။

အရှင်လေဟာနယ်နတ်ဘုရားသည် ဝမ်လင်းက တောက်ပသောလေဟာနယ်၏ မိုးကြိုးအားလုံးကို ဆွဲဆောင်ခြင်းအပေါ် အရေးမစိုက်ပေ။ သို့ပေမည့် သူသည် ဝမ်လင်း၏ မာန်သွင်းသံက တိမ်ပင်လယ်ရှိ မိုးကြိုးများကိုပါ စွဲဆောင်စေလိမ့်မည်ကိုမူ မမျှော်လင့်ထားမိပေ။

တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းတွင်လည်း တောက်ပသောလေဟာနယ်နှင့် အလားတူ ဖြစ်နေ၏။ မိုးကြိုးအားလုံးသည် ဆင့်ခေါ်ခြင်း ခံရသည့်အလား တောက်ပသောလေဟာနယ်ထံ ဦးတည်လာကြသည်။

သို့သော် ထိုမျှဖြင့် အဆုံးမသပ်သေးပေ။ ဝမ်လင်း၏ မာန်သွင်းသံက တောက်ပသောလေဟာနယ်နှင့် တိမ်ပင်လယ်တို့ကို ဖြတ်သန်းသွားပြီးနောက် ဆင့်ခေါ်ခြင်းမြစ်ကြယ်အဖွဲ့အစည်းထိ ပျံ့နှံ့လာသည်။ အမှောင်ထုဟင်းလင်းပြင်ထဲ၌ လျှပ်စီးများ လင်းထိန်လာသည်။ ပြင်ပနယ်မြေရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ငွေရောင်မြွေများကဲ့သို့ လျှပ်စီးတန်းများ ကောင်းကင်ထက်တွင် တလက်လက် တဖျတ်ဖျတ် ဖြစ်နေသည်ကို တွေ့မြင်ရ၏။

ဆင့်ခေါ်ခြင်းမြစ်တခွင်တွင် မိုးကြိုးသံတို့ ကျယ်လောင်စွာ မြည်ဟည်းနေ၏။ ကျင့်ကြံခြင်းဂြိုဟ်များထံမှ မြောက်များစွာသော ကျင့်ကြံသူများသည် အလျင်စလို ထွက်လာကြကာ ဟင်းလင်းပြင်ကို ဖြတ်သန်းနေသည့် မိုးကြိုးလျှပ်စီးလှိုင်းကို စိုက်ကြည့်သည်။ သူတို့အားလုံး လုံးဝ မင်သက်မိနေ၏။

“ဘာတွေ ဖြစ်နေတာလဲ…”

တိမ်ပင်လယ်၊ တောက်ပသောလေဟာနယ်၊ ဆင့်ခေါ်ခြင်းမြစ်တို့ထံမှ မိုးကြိုးလျှပ်စီးတို့သည် ရွှေ့လျားလာကြစဉ် နောက်ဆုံး၌ အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းကိုပါ သက်ရောက်သည်။ ထိုအခိုက်တွင် အတွင်းနယ်မြေရှိ ကျင့်ကြံသူအားလုံးသည် တောက်ပသောလေဟာနယ်ထံ အဘက်ဘက်မှ မြင့်တက်လာသော မိုးကြိုးများကို စိုက်ကြည့်မိနေ၏။

ဝမ်လင်း၏ မာန်ဟိန်းသံက အလုံးစုံကောင်းကင်၌ ပဲ့တင်ထပ်ရင်း ကြယ်အဖွဲ့အစည်းများ၏ အရံအတားကို ချိုးဖျက်သွားသည်။ နှစ်ပေါင်းမရေမတွက်နိုင်အောင် မလှုပ်မယှက် ရှိနေသော မိုးကြိုးကောင်းကင်ဘုံနယ်မြေ၏ ဝင်ပေါက်အဖြစ် ရှိသည့် ရှေးဟောင်းမိုးကြိုးကပါ ငွေရောင်အမျှင်တန်းအဖြစ် ပျံသန်းထွက်လာ၏။ ၎င်းသည် တောက်ပသောလေဟာနယ်ထံ တန်းတန်းမတ်မတ် ဦးတည်လာသည်။

ကြယ်အဖွဲ့အစည်းလေးခုလုံးရှိ မိုးကြိုးများသည် ဟင်္သာပြဒါးဂြိုဟ်ထံ တရှိန်ထိုး တိုးဝင်လာနေ၏။ ထိုနေရာရှိ ဆံဖြူလူငယ်ထံ ယင်းမိုးကြိုးများအားလုံး ဦးတည်ဝင်လာနေသည်။

***

All Chapters