အပိုင်း(၁၆၇၂)
Vol. 121 Ch. 1672
ချိပ်ပိတ်နယ်မြေအစီအရင်သည် အကောင်းတိုင်း ရှိနေခဲ့လျှင် ဝမ်လင်း၏မာန်သွင်းသံ ဖြတ်သန်းသွားဖို့ ခက်ခဲမည်ပင်။ သို့သော် ခုချိန်၌ ပြင်ပနယ်မြေက သည်အစီအရင်ကို ဖွင့်ဟစေခဲ့သည့်အတွက် ဝမ်လင်း၏ဟိန်းသံသည် ထူးဆန်းသောနည်းလမ်းဖြင့် ဖြတ်သန်းသွားသည်။ ၎င်းသည် တိမ်ပင်လယ်ကြယ်အဖွဲ့အစည်း၏ အစီအရင်အပေါက်ထံမှ ဖြတ်သန်း၍ ရှေးဟောင်းကြယ်အဖွဲ့အစည်းသို့ ပျံ့နှံ့သည်။
ထိုအခိုက်တွင် ရှေးဟောင်းကြယ်အဖွဲ့အစည်းအနှံ့ မိုးကြိုးများ တုန်ဟည်းလာ၏။ အဆုံးမဲ့မိုးကြိုးနှင့်လျှပ်စီးများသည် လေဟာနယ်အတွင်းမှ ထွက်ပေါ်ကာ တိမ်ပင်လယ်ထံသို့ တရှိန်ထိုး ဝင်ရောက်လာကြသည်။
ပြင်ပနယ်မြေမှ ကျင့်ကြံသူများကြား၌ မိုးကြိုးကျင့်ကြံသူများမှာ တုန်ရီကုန်၏။ သူတို့ခန္ဓာကိုယ်တွင်းမှ မူလစွမ်းအင်များသည် ထိန်းချုပ်မှုမဲ့ကာ လွတ်ထွက်၍ မိုးကြိုးတန်းအဖြစ် ပြောင်းကာ ပျံသန်းထွက်ကုန်သည်။
သိပ်မကြာခင်တွင် ရှေးဟောင်းကြယ်အဖွဲ့အစည်းရှိ မိုးကြိုးများသည် တိမ်ပင်လယ်ရှိ အစီအရင်အပေါက်ထံ ဝင်ရောက်လာကြ၏။ ယင်းမိုးကြိုးတို့မှာ အတွင်းနယ်မြေမှ မိုးကြိုးများနှင့် ပေါင်းစပ်ကာ ဟင်္သာပြဒါးဂြိုဟ်ထံ ဦးတည်လာသည်။
အဖြစ်အပျက်များမှာ မြန်ဆန်လွန်း၏။ ဟင်္သာပြဒါးဂြိုဟ် အပြင်ဘက်ရှိ လေဟာနယ်ဂိတ်တံခါးဘေး၌ ဝမ်လင်း၏မာန်သွင်းသံက အဆုံးသပ်သွား၏။ အတွင်းနှင့်အပြင်နယ်မြေရှိ မိုးကြိုးများအားလုံး ရောက်ရှိလာခဲ့ပြီ။
ဟင်းလင်းပြင်ကိုယ်ပါ ပျက်စီးမတတ် ဖြစ်သွားစေသော ထိုအသံက ပြင်ပနယ်မြေရှိ ကျင့်ကြံသူများကို တုန်ရီစေကာ သူတို့၏ဒွာရပေါက်များထံမှ သွေးများ စိမ့်ကျ၏။ သူတို့အားလုံးသည် ၎င်းကို ခုခံနိုင်ဖို့ မန္တာန်မျိုးစုံကို အသုံးပြုလိုက်ရ၏။
သူတို့၏အမြင်များ ဝေဝါးကုန်ကာ မိုးကြိုးထံမှ ခပ်စူးစူးအလင်းသည် သက်ရှိအားလုံး၏ မျက်လုံးထဲ ထွင်းဖောက်လေသည့်အလား။ မိုးကြိုးများ နီးကပ်လာစဉ် ဝမ်လင်းက လေဟာနယ်ဂိတ်တံခါးကို လက်ညွှန်လိုက်၏။ ထိုသို့သောနည်းဖြင့် လေဟာနယ်ဂိတ်တံခါးကို ဖွင့်လှစ်ခြင်းမှာ အရင်က လုံးဝ မရှိခဲ့ဖူးပေ။
သူသည် အတွင်းနှင့်အပြင်နယ်မြေရှိ မိုးကြိုးများကို သုံး၍ ဒီလေဟာနယ်ဂိတ်တံခါးထံ ခပ်ပြင်းပြင်း တိုက်ခိုက်လိုက်ခြင်းပင်။ သူသည် မောက်မာကာ လွှမ်းမိုးနိုင်သောနည်းကို အသုံးပြုလိုက်သည်ဟု ဆိုနိုင်သည်။
ဝမ်လင်း၏ အရင့်အရင်က မည်သူကမျှ ထိုသို့ မလုပ်နိုင်ခဲ့ပေ။
ဝုန်း…ဝုန်း…ဝုန်း…ဝုန်း…ဝုန်း…။
မိုးကြိုးလျှပ်စီးများက လေဟာနယ်ဂိတ်တံခါးထံ တရကြမ်း တိုးဝင်၏။ အဆုံးမဲ့မိုးကြိုးများသည် လေဟာနယ်ဂိတ်တံခါးကို ဖျက်စီးပစ်လိုက်သော စစ်တပ်တစ်ခုအလား။
ကျယ်လောင်စွာ မြည်ဟည်းသံများ ပဲ့တင်ထပ်နေရင်း တံခါးပေါ်၌ အက်ကြောင်းများစွာ ပေါ်လာ၏။ ပိုမိုများပြားသော မိုးကြိုးများ ရောက်ရှိလာပြီ။ ကျယ်လောင်စွာ တုန်ဟည်းမှုများ ဆက်တိုက် ဖြစ်ပေါ်ကာ လေဟာနယ်ဂိတ်တံခါး၏ အစွန်းပိုင်းများမှာ အမှုန်အမွှားဖြစ်၍ ပျက်စီးရလေသည်။
တစ်ချိန်တည်းမှာ ပိုမိုများပြားသော မိုးကြိုးများ လေဟာနယ်ဂိတ်တံခါးကို ဝုန်းဒိုင်းကြဲ တိုက်ခိုက်၏။ ထိုအခါ လေဟာနယ်ဂိတ်တံခါးသည် နေမင်းထက်ပင် ပိုတောက်ပလင်းထင်းသွား၏။
“ငါ့အတွက် ပျက်စီးလိုက်စမ်း…” ဝမ်လင်းက အော်ဟစ်လိုက်၏။
ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်နေရင်း လေဟာနယ်ဂိတ်တံခါး၏ ညာဘက်ခြမ်းသည် အစိတ်စိတ်အမွှာမွှာ ဖြစ်ကုန်၏။ ထို့နောက် ဂိတ်တံခါး၏ ဘယ်ဘက်ခြမ်းမှာလည်း တရစပ်ထိုးနှက်သော မိုးကြိုးများကြောင့် ပျက်စီးရသည်။
တဖြည်းဖြည်းဖြင့် လေဟာနယ်ဂိတ်တံခါးတစ်ခုလုံးသည် တစစီ ဖြစ်ကာ အစိတ်အပိုင်းများ အဘက်ဘက်သို့ ပြန့်ကြဲသည်။
လေဟာနယ်ဂိတ်တံခါး ပျက်စီးသွားလေပြီ။ ၎င်း ပျက်စီးသွားသည်နှင့် ဝဲကတော့တစ်ခု ပေါ်လာကာ ထိုတံခါး၏စွမ်းအားများ ဝမ်လင်းထံ တရဟော စီးဆင်းလာသည်။
သို့ရာတွင် ဝမ်လင်း၏မျက်လုံးသည် လက်ခနဲ ဖြစ်ကာ သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်း၏။ ထိုအခါ အစွမ်းထက်အားတစ်ခုက လေဟာနယ်ဂိတ်တံခါး၏ စွမ်းအားကို ဝဲကတော့အတွင်း ပြန်ကန်ဝင်ရောက်သွားစေတော့သည်။
ဝမ်လင်းသည် ဂိတ်တံခါး၏စွမ်းအားများကို မစုပ်ယူသော်လည်း သူ၏ကျင့်ကြံမှုအဆင့်ကမူ များစွာ တိုးတက်လာ၏။ သူသည် နိဗ္ဗာနဖြိုခွဲခြင်းအထွတ်အထိပ်အဆင့်နှင့် ကောင်းကင်ဘုံဒုက္ခအဆင့်တို့ကို ကျော်လွန်ကာ တတိယအဆင့်သို့ တိုက်ရိုက် ရောက်ရှိသွားသည်။ သူသည် နိဗ္ဗာနလေဟာနယ်အစောပိုင်းအဆင့်သို့ တက်လှမ်းသွားခဲ့သည်။
သို့ပေမည့် ဤကား ဝမ်လင်း၏ ကျင့်ကြံခြင်းအဆင့် အမှန်မဟုတ်သေးပေ။ အော်ရာသာ ဖြစ်၏။ တတိယအဆင့်ကျင့်ကြံသူတစ်ယောက်၏ အော်ရာ ဖြစ်ချေ၏။
ဝမ်လင်းသာ အလိုရှိပါက သူသည် လေဟာနယ်ဂိတ်တံခါး၏ စွမ်းအားကို စုပ်ယူလိုက်လျှင် သူ့ကျင့်ကြံမှုအဆင့်မှာ သူ၏အော်ရာနှင့် အတူတူ ဖြစ်သွားမည်ပင်။ သူသည် နိဗ္ဗာနလေဟာနယ်အစောပိုင်းအဆင့်သို့ ချက်ခြင်း ရောက်ရှိသွားလိမ့်မည် ဖြစ်သည်။
သို့သော် ထိုသို့လုပ်လိုက်ပါက သူသည် မိုးကြိုးအနှစ်သာရနှင့် နိဗ္ဗာနလေဟာနယ်အစောပိုင်းအဆင့်သို့သာ တက်လှမ်းနိုင်မည်။ ဝမ်လင်းသည် ထိုအဆင့်ကို မလိုချင်ပေ။ သူသည် အနှစ်သာရခြောက်ခု ပြီးပြည့်စုံဖို့ တောင့်ခံခဲ့ရ၏။ နိဗ္ဗာနလေဟာနယ်အစောပိုင်းအဆင့်သာ ရောက်ပါက သူသည် ကျေနပ်နိုင်မည် မဟုတ်ပေ။
သူ လိုချင်သည်မှာ လောကကို တစ်ချီတည်းနှင့် အံ့အားသင့်သွားစေခြင်းပင်။
ထိုမြင်ကွင်းက ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများကို တုန်လှုပ်စေသည်။
ကျိုးကျင်၏မျက်နှာသည် ပြာနှမ်းနေ၏။ သူသည် မျှော်လင့်ချက်မဲ့ကာ ထွက်သွားချင်သည်။ သို့သော် သူ နောက်သို့ ခြေတစ်လှမ်းပင် မဆုတ်နိုင်စေရန် ဒီဧရိယာ၌ ကာဆီးထားသော ဖိအားတစ်ခု ရှိသည်ကို တွေ့လိုက်ရသည်။
သူက ခေါင်းမော့ကြည့်လိုက်ရာ ထိုဖိအား၏ ရင်းမြစ်ကို တွေ့မြင်သည်။ ၎င်းမှာ သူ့ထံ တစ်ချက်လှမ်းကြည့်လိုက်သော ဝမ်လင်းပင်။
ထိုအကြည့်က ကျိုးကျင်ကို သွေးအန်ထွက်စေ၏။
အစိမ်းရောင်ဝတ်စုံနှင့်လူငယ်၏မျက်နှာမှာ ဖြူရောနေ၏။ သူသည် တစ်ခုခုကို ခပ်ရေးရေး တွေးမိသည်။ ရုတ်တရက် သူ တွေးမိသည့်အရာအပေါ် သူ မယုံကြည်နိုင် ဖြစ်ကာ ထိတ်လန့်သွားမိသည်။
“သူ…သူက အဲ့လိုလုပ်မှာ ဖြစ်နိုင်လား…”
“နောက်ထပ်ဂိတ်တံခါး…” ဝမ်လင်း၏အေးစက်ဝင့်ထည်သောအသံသည် အစိမ်းရောင်ဝတ်စုံလူငယ်၏နားထဲ ဝင်ရောက်လာကာ သူ့မျက်လုံးကို ကျဉ်းမြောင်းသွားစေသည်။ သူတို့သည် ရန်သူများ ဖြစ်နေသော်လည်း သူသည် ဝမ်လင်းကို လေးစားစွာ ကြည့်မိလေ၏။
ဝမ်လင်းက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်ရာ ပျက်စီးသွားသော လေဟာနယ်ဂိတ်တံခါးသည် မြန်ဆန်စွာ ပြန်ဖွဲ့စည်းသည်။ အရင်ထက် အဆများစွာ ပိုပြင်းထန်သောဖိအား ပေါ်လာ၏။ ဝဲကတော့ ပျံ့နှံ့လာရင်း အက်သံများ ပဲ့တင်ထပ်ကာ ဟင်းလင်းပြင်ပါ တစစီ ဖြစ်ကုန်သည်။
ဝဲကတော့ ပျောက်ကွယ်သွားကာ နောက်ထပ် လေဟာနယ်ဂိတ်တံခါးတစ်ခု အစားထိုးလာ၏။
ထိုဂိတ်တံခါးသည် ပထမတစ်ခုထက် အနည်းငယ် ပိုသေးငယ်၏။ သို့သော် ၎င်းထံမှ ဖိအားသည် ပို၍ သန်မာသည်။
“ချိပ်ပိတ်နယ်မြေအရှင်က အတော်လေးကို မောက်မာလွန်းတာပဲ…” ကောင်းကင်ဘုံအရှင်လေဟာနယ်နတ်ဘုရား၏ မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးမှုတို့ ပြည့်လာ၏။ ပထမဆုံးအကြိမ်အဖြစ် သူသည် ဝမ်လင်းကို ချိပ်ပိတ်နယ်မြေအရှင်ဟု စိတ်ထဲကနေ အသိအမှတ် ပြုလိုက်၏။ သူ့ဂျူနီယာတစ်ယောက်ဟု မထင်မြင်တော့ပေ။
“ခေတ်တွေတလျှောက်မှာ လူတိုင်းဟာ လေဟာနယ်ဂိတ်တံခါးကို ချိုးဖျက်ပြီး ဒီတံခါးရဲ့စွမ်းအားကို စုပ်ယူပြီး သူတို့ရဲ့ ကိုယ်ပိုင်အနှစ်သာရကို သိပ်သည်းစေပြီးတော့ တတိယအဆင့်ကို တက်လှမ်းကြတယ်။ ဒီဖြစ်စဉ်ဟာ တိုတောင်းလှတယ်။ ဒီစွမ်းအားကို စုပ်ယူပြီးတာနဲ့ လေဟာနယ်ဂိတ်တံခါးက ပျောက်ကွယ်သွားမှာ…”
“လူတိုင်းနီးပါးက ဒီစွမ်းအားကို မြန်မြန်ဆန်ဆန်ပဲ စုပ်ယူခဲ့ကြတယ်။ ဘာလို့လဲဆိုတော့ လေဟာနယ်ဂိတ်တံခါး ပျက်စီးသွားခဲ့ရင်တောင် ဒါက အလျင်အမြန် ပြန်ဖွဲ့တည်နိုင်လို့ပဲ…”
“ဒီလိုဖွဲ့တည်လိုက်တာနဲ့ အရင်လေဟာနယ်ဂိတ်တံခါးရဲ့ စွမ်းအားဟာ ပျောက်ကွယ်သွားမှာ။ ဒီလိုဆိုရင် ပထမတစ်ကြိမ် ဖွင့်လှစ်ပြီးရင်တောင် သင်ဟာ ဒါကို ထပ်ဖွင့်ရလိမ့်မယ်။ ဒါပေမဲ့ ဒုတိယမြောက်လေဟာနယ်ဂိတ်တံခါးဟာ ပိုလို့တောင် အစွမ်းထက်သေးတယ်…”
“ဒါပေမဲ့…ဒီလူဟာ လေဟာနယ်ဂိတ်တံခါးရဲ့ စွမ်းအားကို မစုပ်ယူနိုင်တည်းက တတိယအဆင့် ကျင့်ကြံသူတွေကို သတ်နိုင်နေခဲ့ပြီ။ လေဟာနယ်ဂိတ်တံခါးက ကြမ်းလှပေမယ့် သူ့ကို တကယ်ပဲ မတားဆီးနိုင်ဘူးပဲ…” အရှင်လေဟာနယ်နတ်ဘုရားသည် အကူအညီမဲ့မှုကို ခံစားမိ၏။ သူသည် ဝမ်လင်းအပေါ် အကဲဖြတ်မှု မှားယွင်းခဲ့သည်ကိုမူ ဝန်ခံရပေမည်။
“သူက လေဟာနယ်ဂိတ်တံခါးကို ဖွင့်လှစ်ချင်ရုံ မဟုတ်ဘူးပဲ။ သူက မဖြစ်နိုင်လုနီးပါးအရာကို လုပ်ချင်နေတာ။ သူဟာ သူ့အနှစ်သာရတစ်ခုချင်းစီနဲ့ လေဟာနယ်ဂိတ်တံခါးကို ဖွင့်လှစ်မှာပဲ။ သူက အနှစ်သာရခြောက်ခုနဲ့ တတိယအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်လာချင်တာ…”
“ဒီလိုလုပ်နိုင်ဖို့ အခက်အခဲဟာ ကြီးမားလွန်းလှတယ်။ ဒါပေမဲ့ အကျိုးကျေးဇူးကလည်း အံ့မခန်းပဲ…” အရှင်လေဟာနယ်နတ်ဘုရားသည် ဝမ်လင်းကို စိတ်ရှုပ်ထွေးဟန်ဖြင့် ကြည့်သည်။ သို့သော် သူ့မျက်လုံးထဲရှိ သတ်ဖြတ်လိုစိတ်မှာ ပို၍ပင် အားကောင်းလာသည်။
“သူက ငါ့ရှေ့မှာတောင့် ဒီလောက် မောက်မောက်မာမာ လုပ်ဝံ့မှတော့ သူ ဘယ်လိုများ ကိုင်တွယ်မလဲ ငါ မြင်ချင်မိတယ်…”
ဒုတိယအကြိမ် ပေါ်လာသော လေဟာနယ်ဂိတ်တံခါးသည် ပြင်ပနယ်မြေရှိ ကျင့်ကြံသူများကို တုန်လှုပ်စေရုံသာမက အတွင်းနယ်မြေမှ ကျင့်ကြံသူများကိုပါ တုန်လှုပ်စေသည်။
လေဟာနယ်ဂိတ်တံခါး ပေါ်လာသည်နှင့် ကြောက်မက်ဖွယ်အေးစက်စက်အလင်းတစ်ခု ဝမ်လင်း၏မျက်လုံးထဲ၌ ပေါ်ထွက်လာ၏။ သူ့ထံ၌ ယုံကြည်မှုအငွေ့အသက်တို့ ပြည့်နှက်နေသည်။ သူသည် ဝမ်လင်း ဖြစ်၏။ ချိပ်ပိတ်နယ်မြေအရှင် ဖြစ်၏။ အနှစ်သာရခြောက်ခု ပိုင်ဆိုင်ထားသူ ဖြစ်၏။ ရှေးဟောင်းအချိန်များတည်းကစ၍ မည်သူကမျှ လေဟာနယ်ဂိတ်တံခါးကို ဆက်တိုက်ချိုးဖျက်ရာတွင် သူ့ထက်ပို၍ အရည်အသွေး ပြည့်မှီမည့်သူ မရှိလေပေ။
ဝမ်လင်းသည် ထိုအရာကို လက်လွတ်စပယ် လုပ်ခြင်း မဟုတ်ပေ။ သူသည် လေဟာနယ်ဂိတ်တံခါးကို အရင်တည်းက မြင်ခဲ့ဖူးပြီးသား ဖြစ်သည်။ ထို့ကြောင့် သူသည် ဒီတံခါးကို ပို၍ ချိုးဖျက်လေလေ စွမ်းအားများ ပိုစီးဆင်းလေ ဖြစ်မည်ကို ခပ်ရေးရေး သိထားသည်။
သူသည် သူ့အနှစ်သာရခြောက်ခုကို ပေါင်းစပ်လိုပါက သူ့အဖို့ လေဟာနယ်ဂိတ်တံခါးထံမှ အံ့မခန်းစွမ်းအားကို လိုလိမ့်မည်ပင်။ ဝမ်လင်းသည် ထိုစွမ်းအားက မည်သည့်အရာဖြစ်မှန်းကို မသိပေ။ သို့သော် သူသည်မှာ လေဟာနယ်ဂိတ်တံခါးထံမှ စွမ်းအားသည် တတိယအဆင့်သို့ တက်လှမ်းနိုင်ဖို့ သော့ချက် ဖြစ်သည် ဟူ၍ပင်။
ထို့အတွက်ကြောင့် သူ ဒါကို လုပ်ဆောင်ရမည်ပင်။
ဒုတိယကြိမ်မြောက် လေဟာနယ်ဂိတ်တံခါး ပေါ်လာသည့်အခါ ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်ကာ သူ့ညာလက်ကို ပင့်မြှောက်လိုက်၏။ သူသည် တည်ငြိမ်စွာဖြင့် ကောင်းကင်နှင့်မြေကြီး ဥပဒေအလား အသံတစ်ခုကို ပြောဆိုသည်။ ဟင်းလင်းပြင်ကိုယ်တိုင် တုန်ခါရသည်။
“မီးအနှစ်သာရ၊ ငါ့နာမည် ဝမ်လင်း။ လေဟာနယ်ဂိတ်တံခါး လောင်ကျွမ်းစေ…” ထိုသို့ ပြောလိုက်သည်နှင့် ကိုးရောင်စုံမီးသည် မြင့်တက်လာကာ ဒီဧရိယာ၌ ပြည့်နှက်သည်။
ဤအခိုက်အတန့်တွင် တောက်ပသောလေဟာနယ်၊ တိမ်ပင်လယ်၊ အလုံးစုံကောင်းကင်၊ ဆင့်ခေါ်ခြင်းမြစ်၊ ပြင်ပနယ်မြေတို့ထံမှပင် အဆုံးမဲ့မီးများ ဝမ်လင်း၏ လက်ချောင်းထံသို့ တရှိန်ထိုး ဦးတည်လာ၏။ ယင်းမီးအားလုံးသည် လေဟာနယ်ဂိတ်တံခါးထံ တဟုန်ထိုး ဦးတည်သည်။
သည်မြင်ကွင်းကို ဖော်ပြနိုင်ဖို့ငှာ မစွမ်းသာလှချေ။ ယင်းကာ ကျင့်ကြံသူများ သူတို့၏ဘဝတစ်ခုလုံးတွင် လုံးဝ မမြင်တွေ့ခဲ့ဖူးသော တစ်စုံတစ်ရာ ဖြစ်လေ၏။
အဆုံးမဲ့မီးများ လေဟာနယ်ဂိတ်တံခါးထံသို့ တဟုန်ထိုး ဝင်ရောက်၏။ မီးများက ထိုတံခါးကို ဝန်းရံစဉ် ကျယ်လောင်စွာ တုန်ဟည်းသံများ မြည်ဟိန်းသည်။ အပူလှိုင်း ပျံ့လွင့်လာရင်း လေဟာနယ်ဂိတ်တံခါးမှာ ထပ်မံ ပျက်စီးရ၏။
ထိုပျက်စီးမှုမှာ အစိတ်အပိုင်းများအဖြစ် ပျက်စီးခြင်း မဟုတ်၊ ထိုအစိတ်အပိုင်းများပါ မီး၏ လောင်ကျွမ်းခြင်းကို ခံလိုက်ရခြင်းတည်း။
ဒုတိယကြိမ်မြောက် လေဟာနယ်ဂိတ်တံခါး ပျက်စီးသွားသည့်အခါ ၎င်းထံမှ အရင်ထက် ဆယ်စပိုများသော စွမ်းအားများသည် ဝမ်လင်းထံ တရှိန်ထိုး ဝင်ရောက်လာ၏။ သို့သော် ဤမျှဖြင့် သူ့အနှစ်သာရခြောက်ခုကို ပေါင်းစည်းဖို့မှာ မလုံလောက်သေးပေ။
ထို့အတွက်ကြောင့် သူက လက်ဝေ့ယမ်းလိုက်ရာ ထိုစွမ်းအားများမှာ နောက်ပြန်ကန်သွားပြီး အရင်ထက် ပိုကြီးမားသည့်ဝဲကတော့တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
“လေဟာနယ်ဂိတ်တံခါး…ထပ်ပေါ်လာစမ်း…” ဝမ်လင်းသည် ဝဲကတော့ထံ လက်ညွှန်၏။
သည်အခိုက်တွင် မီးအနှစ်သာရက ဒုတိယမြောက် လေဟာနယ်ဂိတ်တံခါးကို ချိုးဖျက်ပြီးနောက် ဝမ်လင်းပတ်လည်ရှိ အော်ရာသည် ထပ်မံ တိုးပွားလာသည်။ ယနေ့သည် ဝမ်လင်း သူ၏အထွတ်အထိပ်သို့ တက်လှမ်းမည့်နေ့ ဖြစ်ချေ၏။
သူသည် နှစ်ပေါင်းများစွာ သည်းခံကြိုးစားခဲ့ရ၏။ တောင့်ခံခဲ့ရ၏။
သူ့ထံမှ အော်ရာသည် နိဗ္ဗာနလေဟာနယ်အစောပိုင်းအဆင့်သို့ ရောက်နှင့်နေခဲ့ပြီး ဖြစ်၏။ အခု ဒုတိယမြောက်ဂိတ်တံခါးကို ချိုးဖျက်လိုက်သည့်အခါ သူ့အော်ရာသည် နိဗ္ဗာနလေဟာနယ်အလယ်အဆင့်ထိ တိုးတက်လာတော့သည်။