တစ်သောင်းလေဟာနယ်အရိုးဂိတ်တံခါး…
Vol. 121 Ch. 1673
သူသည် ထိုစွမ်းအားကိုလည်း မစုပ်ယူပေ။ ခုချိန်၌ ဝမ်လင်း ဖြစ်ချင်သည်မှာ လေဟာနယ်ဂိတ်တံခါးကို ပေါက်ကွဲထွက်စေကာ တတိယအဆင့်သို့ ရောက်ပြီးနောက် သူ့ကျင့်ကြံမှုအဆင့်ကို ကြီးစွာ တိုးတက်စေရန် ဖြစ်သည်။
သူသာ ခုချိန်၌ ဒီလေဟာနယ်ဂိတ်တံခါး၏စွမ်းအားကို စုပ်ယူလိုက်ပါက သူသည် ချက်ခြင်း နိဗ္ဗာနလေဟာနယ်အလယ်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်မည်ပင်။ သို့သော် သူ ထိုအရာကို မလိုချင်ပေ။ ခုမျှ အနှစ်သာရနှစ်ခုသာ ရှိသေးသည် မဟုတ်လား။
ဝမ်လင်း လက်ညွှန်လိုက်ပြီး သူ့ ဒေါသတကြီးမာန်သွင်းသံက ပျက်စီးသွားသော ဝဲကတော့ကို ထပ်မံ ပေါ်ထွက်စေသည့်အလား။ ဝဲကတော့သည် မြန်ဆန်စွာ လှည့်ပတ်၍ တတိယမြောက်လေဟာနယ်ဂိတ်တံခါး ပေါ်လာသည်။
ထို တတိယမြောက်ဂိတ်တံခါး ပေါ်ပေါ်လာချင်းချင်းမှာပင် လေးခုမြောက်လေဟာနယ်ဂိတ်တံခါးပါ လိုက်ပါ ပေါ်လာ၏။
လေးခုမြောက်နောက်တွင် နောက်တစ်ခု ထပ်ပေါ်သည်။ ငါးခုမြောက် လေဟာနယ်ဂိတ်တံခါး။
လေဟာနယ်ဂိတ်တံခါးသုံးခုသည် လောကတွင် တစ်ပြိုင်တည်း ပေါ်လာ၏။ အဝေးမှ ကြည့်ပါက ထိုမြင်ကွင်းသည် တုန်လှုပ်စရာပင်။ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူထောင်သောင်းချီသည် သူတို့၏အသိစိတ်ပင် လွတ်ထွက်သွားသလား မှတ်ရ၏။ သူတို့ထံ၌ ရှိနေသည်မှာ ကြောက်ရွှံမှုတစ်ခုသာ ဖြစ်လေသည်။
“လေဟာနယ်ဂိတ်တံခါးသုံးခု…”
“သူ…သူ ဘာတွေ လုပ်နေတာလဲ…”
“ရှေးဟောင်းကြယ်အဖွဲ့အစည်းရဲ့ သခင်ငါးပါးထဲက တစ်ယောက်ဖြစ်တဲ့ ငါတောင် ခုလိုမျိုး လုပ်တဲ့ လူမျိုး မကြားဖူးဘူး။ ချိပ်ပိတ်နယ်မြေအရှင်…ချိပ်ပိတ်နယ်မြေအရှင်…”
ဝမ်လင်းသည် လေဟာနယ်ဂိတ်တံခါးသုံးခုကို ကြည့်ကာ သူ၏အမူအရာမှာ တည်ငြိမ်နေ၏။ သူသည် ရှေ့သို့ ခြေလှမ်း၍ ထိုဂိတ်တံခါးသုံးခုထံ မြန်ဆန်စွာ တိုးဝင်လာသည်။
“ကံ…” ဝမ်လင်းသည် ရှေ့တိုးလာရင်း သူ့လက်ချောင်းများကို လက်ဝါးအသွင် ဖြန့်ကားလိုက်သည်။ နီးကပ်လာသည့်အခါ သူ့လက်ကို ဖိချလိုက်၏။
“မ္မ…” သူ့လက်ဖြင့် ဖိချလိုက်သည့်အခါ၌ သူ့အသံသည် ပဲ့တင်ထပ်ကာ တဖြည်းဖြည်းဖြင့် နောက်ဆုံးစကားလုံး ပေါ်လာ၏။ “စာလုံး…”
ကံမ္မစာလုံး။ ဝမ်လင်းသည် ကံမ္မကို အိပ်မက်တာအိုအတွင်း၌ နှစ်ပေါင်းခုနစ်ဆယ်ကျော် ဆင်ခြင်ခဲ့၏။ ၎င်းမှာ သူ၏ငါးခုမြောက်မူလမန္တာန်လည်း ဟုတ်သည်။
သူက စာလုံးဟု ပြောလိုက်သည့်အခိုက်မှာပင် သူ့ညာလက်သည် တတိယမြောက်လေဟာနယ်ဂိတ်တံခါးပေါ် ကျရောက်သွားသည်။ သူ့လက်ချောင်းများကို ခပ်တင်းတင်း ဆုပ်လိုက်၏။ ဘန်းခနဲ ပေါက်ကွဲကာ သူ့လက်သည် လက်သီးအသွင် ဖြစ်ပေါ်ကာ နီးကပ်သည်။
သူသည် လောက၏ကံမ္မကို ဖမ်းဆုပ်ကိုင်လိုက်သည့်အလား။ ဝမ်လင်းက သူ့ညာလက်ကို ဂိတ်တံခါးထံမှ ပြန်ခွာထုတ်လိုက်၏။
ဆက်ခနဲ သူက အပေါ်သို့ တက်လိုက်ရာ ပုံပျက်ယွင်းသွားသော လေဟာနယ်ဂိတ်တံခါးအရိပ်သည် ဝမ်လင်း၏ ဆွဲယူခြင်း ခံလိုက်ရသည့်နှယ်။
သူ့လက်ကို ပင့်မြှောက်လိုက်ချိန်၌ တတိယမြောက်တံခါးထံမှ တုန်ဟည်းမှု ထွက်ပေါ်လာ၏။ အက်သံများ ပဲ့တင်ထပ်ကာ ဝမ်လင်း၏လက်ရှိနေသော နေရာ၌ အက်ကြောင်းများ ပေါ်လာသည်။ ထို့နောက် ဘန်းခနဲ ပေါက်ကွဲ၍ ဂိတ်တံခါးတစ်ခုလုံးသည် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားသည်။
တတိယမြောက်လေဟာနယ်ဂိတ်တံခါး ပျက်စီးရလေပြီ။
ထိုအခိုက်တွင် ဝမ်လင်း၏ ရယ်သံက ပဲ့တင်ထပ်၏။ သူ့ကံမ္မအနှစ်သာရမှာ သူ၏ခန္ဓာကိုယ်ကို ဝန်းရံသည်။ ဝမ်လင်းပတ်လည်ရှိ အော်ရာသည် ကြီးစွာ တိုးတက်လာကာ နိဗ္ဗာနလေဟာနယ်အလယ်အဆင့်ကနေ နောက်ဆုံးအဆင့်ထိ ရောက်ရှိသည်။
ရှေးဟောင်းအချိန်များတည်းက မည်သူကမျှ လေဟာနယ်ဂိတ်တံခါးကို အလုံးစုံချိုးဖျက်ခဲ့ခြင်း မရှိပေ။
ဝမ်လင်းသည် ထိုမျှနှင့် မရပ်သေးပေ။ တတိယမြောက်လေဟာနယ်ဂိတ်တံခါး တစစီဖြစ်သွားသည့်အခါ သူသည် ထိုအစိတ်အပိုင်းများကြား ဖြတ်သန်း၍ လေးခုမြောက် တံခါးထံ ရောက်လာသည်။ သူ့လက်နှစ်ဖက်ဖြင့် အောက်သို့ ဖိချလိုက်သည်။
“သေခြင်းရှင်ခြင်းချိပ်ဟန်…”
ဝမ်လင်း၏ဘယ်လက်တွင် အဖြူရောင်အခိုးငွေ့များ ပြည့်နှက်၏။ ၎င်းက ထိုလေဟာနယ်ဂိတ်တံခါးထံ ကျရောက်သွားပြီး ယင်းတံခါး၏ တစ်ဝက်ကို သိမ်းပိုက်သည်။ တစ်ချိန်တည်းမှာ သူ့ညာလက်မှ အမည်းရောင်အခိုးငွေ့တို့ ပြန့်နှံ့ကာ ဒီဂိတ်တံခါးကို ဖုံးလွှမ်းသည်။ အဖြူနှင့်အနက် အခိုးအငွေ့တို့သည် အတူတူ လှည့်ပတ်သည်။ လေဟာနယ်ဂိတ်တံခါးသည် အပြင်းအထန် တုန်ယင်လေ၏။
ဝမ်လင်းက သေခြင်းရှင်ခြင်းချိပ်ဟန်ဟု ပြောလိုက်သည့်အခိုက်၌ သူ့မျက်လုံးထဲတွင် ဂုဏ်ဝင့်မှုများ ပြည့်နေသည်။ သူသည် လောကကို အထက်စီးမှ ကြည့်သည့်အလား။ သူ့လက်နှစ်ဖက်ကို ဘေးတစ်ဖက်ဆီသို့ ဆွဲခွာလိုက်သည်။
“ငါ့အတွက် ပွင့်လိုက်စမ်း…”
ဝမ်လင်း ထိုသို့ အော်ဟစ်လိုက်ရင်း သူ့လက်နှစ်ဖက်၌ သေခြင်းရှင်ခြင်းစွမ်းအား ပါဝင်နေဟန် ထင်ရသည်။ လေးခုမြောက် လေဟာနယ်ဂိတ်တံခါးသည် အပြင်းအထန် တုန်ယင်ကာ ပျက်စီးသွား၏။
ထိုအခါ ဝမ်လင်း၏အော်ရာသည် ထပ်မံ ပေါက်ကွဲထွက်လာ၏။ သူ့အော်ရာမှာ နိဗ္ဗာနလေဟာနယ် နောက်ဆုံးအဆင့်ကနေ အထွတ်အထိပ်အဆင့်သို့ ရောက်သည်။ ခုချိန်၌ သူသည် နိဗ္ဗာနလေဟာနယ်အထွတ်အထိပ်အဆင့်တွင် ရပ်တည်နေပြီပင်။
သူ့မျက်ခုံးနှစ်ခုကြား၌ အက်ကြောင်းတစ်ခု ပေါ်လာ၏။ ထိုအက်ကြောင်းအတွင်းမှာ နက်မှောင်နေသည်။ တခြားလောကတစ်ခုခု ရှိနေသည့်အလား။
ယင်းကာ စိတ်ဝိညာဉ်လေဟာနယ်အဆင့် ကျင့်ကြံသူများ၏ အထူးသီးသန့်၊ သူတို့၏အပူဇော်ခံမီးတောက်နယ်မြေ၊ သဘာဝအလျောက် အပူဇော်ခံမီးတောက်စိတ်ဝိညာဉ်များ၏ နယ်မြေ ဖြစ်လေ၏။ ယင်းစိတ်ဝိညာဉ်များမှာ သူတို့၏အပူဇော်ခံမီးတောက် ကျေးကျွန်များ ဖြစ်လာကြမည်ပင်။
ဝမ်လင်းကမူ အပူဇော်ခံမီးတောက် အကူအညီမပါဘဲ လေဟာနယ်ဂိတ်တံခါးကို သူကိုယ်တိုင်သာ ဖွင့်လှစ်ခဲ့၏။ ထို့ကြောင့် ဝမ်လင်း၏မျက်ခုံးနှစ်ခုကြားရှိ အက်ကြောင်းသည် အပူဇော်ခံမီးတောက်များ မဟုတ်လေဘဲ သူ၏ကိုယ်ပိုင်လောက ဖြစ်လာသည်။ အပူဇော်ခံမီးတောက်များ မရှိလျှင်ပင် သူသည် တစ်စုံတစ်ယောက်ကို သူ့အား ပူဇော်ရန် လုပ်ဆောင်နိုင်သည်ပင်။ သည်အခိုက်၌ အက်ကြောင်းသည် သူ့ကျင့်ကြံမှုအဆင့်က မလုံလောက်သေးသဖြင့် အပြည့်အစုံ မပွင့်ဟသေးပေ။
သူသည် ရယ်မောကာ သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်း၍ လေဟာနယ်ဂိတ်တံခါး၏ အစိတ်အပိုင်းများကို ပြန်တွန်းထုတ်သည်။ သူ့ရှေ့တွင် ပေါ်လာသည်မှာ ငါးခုမြောက်လေဟာနယ်ဂိတ်တံခါး ဖြစ်သည်။
ထိုဂိတ်တံခါးသည် ပို၍ သိပ်သည်းကာ အရင်တံခါးများထက် သာ၍ အစစ်အမှန် ပိုဖြစ်သည်။ ဝမ်လင်းသည် ၎င်းတံခါးကို သူ့လက်နှစ်ဖက်ဖြင့် မဖွင့်လှစ်ပေ။ ထိုအစား သူက လေဟာနယ်ဂိတ်တံခါးကို စိုက်ကြည့်၏။ ထို့နောက် သူ မျက်လုံး ပြန်မှိတ်လိုက်သည်။
သူ့မျက်လုံးမှိတ်လိုက်ချိန်၌ ဝမ်လင်း၏စိတ်နှလုံးအတွင်းရှိ လောက၏ အရာအားလုံးသည် အတုအယောင် ဖြစ်လာသည်။
ထို့နောက် ဝမ်လင်းသည် ရုတ်တရက် မျက်လုံး ပြန်ဖွင့်သည်။ သူ မျက်လုံးဖွင့်လိုက်သည့်အခိုက်၌ လောကရှိ အရာအားလုံးသည် အတုအယောင်ကနေ အမှန် ဖြစ်လာ၏။ ဤကား အမှန်အမှားအနှစ်သာရမှ သူ နားလည်ခဲ့သော မန္တာန်၊ အမှန်နှင့်အမှားလမ်းကြောင်း ဖြစ်လေသည်။
ငါးခုမြောက်လေဟာနယ်ဂိတ်တံခါးသည် ကြယ်များကြား၌ ရှိသည်။ သို့သော် ဝမ်လင်းက မျက်လုံး ထပ်မှိတ်လိုက်၏။ သူ့ညာလက်ကို မြှောက်ကာ ဝေ့ယမ်းလိုက်သည်။ ရိုးစင်းသော လက်ဝေ့ယမ်းလိုက်မှုသာ။
သို့ပေမည့် လူတိုင်း၏ရှေ့တွင် ငါးခုမြောက်ဂိတ်တံခါးသည် တွန့်ခေါက်လာကာ ဝမ်လင်း၏လက်ဝေ့ယမ်းမှုနှင့်အတူ အမှုန့်ဖြစ်သွားသည်။ ၎င်းသည် ဝမ်လင်းရှေ့တွင် တိတ်တဆိတ် ပျက်စီးသည်။
ဝမ်လင်းသည် လေဟာနယ်ဂိတ်တံခါးငါးခုလုံးကို တစ်ခုပြီးတစ်ခု ချိုးဖျက်ပစ်၏။ သူ့မျက်ခုံးနှစ်ခုကြားရှိ ခပ်ရေးရေး အက်ကြောင်းသည် လုံးဝ ပေါ်လာသည်။ အဆုံးမဲ့စုပ်အားတစ်ခုကို ပေးစွမ်းသည်။ ကြယ်အဖွဲ့အစည်းသည်ပင် ၎င်းအတွင်းသို့ စုပ်ယူခြင်း ခံရနိုင်သည့်အလား။
စိတ်ဝိညာဉ်လေဟာနယ်အဆင့် ကျင့်ကြံသူတစ်ယောက်၏ အစွမ်းထက်အော်ရာသည် ဝမ်လင်းထံမှ ပျံ့နှံ့လာ၏။ သူ ကျေနပ်၍ သည်လေဟာနယ်ဂိတ်တံခါး၏စွမ်းအားကို စုပ်ယူလိုက်ပါက သူသည် စိတ်ဝိညာဉ်လေဟာနယ်အစောပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်လာမည်။ သို့သော် သူက ထိုသို့ မည်သို့ လုပ်ပါ့မည်နည်း။ အခုထိ အနှစ်သာရငါးခုသာ ရှိသေး၏။ သူ့ထံ၌ ချင်းရွှေ သူ့ကို လက်ဆောင်ပေးခဲ့သော သတ်ဖြတ်ခြင်းအနှစ်သာရ ရှိသေးသည်။
ပြီးပြည့်စုံသော သတ်ဖြတ်ခြင်းအနှစ်သာရက သူ့ကို ခြောက်ခုမြောက် လေဟာနယ်ဂိတ်တံခါး ပေါ်လာအောင် ဆွဲဆောင်စေနိုင်မည် ဖြစ်သည်။
မည်သူက အစပြုလိုက်သည်မသိရဘဲ အလန့်တကြားအော်သံတစ်ခု ထွက်ပေါ်လာကာ ထိုလူသည် နောက်သို့ အသည်းအသန် ဆုတ်လေ၏။ ခဏအကြာတွင် ပြင်ပနယ်မြေရှိ ကျင့်ကြံသူအားလုံးနီးပါးသည် အဘက်ဘက်သို့ ထွက်ပြေးကြလေသည်။ သူတို့ ကြောက်လန့်နေပေပြီ။ သူတို့က ဝမ်လင်းသည် လေဟာနယ်ဂိတ်တံခါးကို လွယ်ကူစွာ ချိုးဖျက်ခဲ့သည်ကို တွေ့မြင်ခဲ့ရသည်။ ထို့ကြောင့် သူတို့ ကြောက်မိသည်။ အလွန်အမင်း ကြောက်မိသည်။
သူ မိုးကြိုးနှင့် ပထမဆုံးလေဟာနယ်ဂိတ်တံခါးကို ချိုးဖျက်ခဲ့ချိန်၌ အဆင်ပြေသေး၏။ သူ မီးဖြင့် ဂိတ်တံခါးကို လောင်ကျွမ်းပစ်ခဲ့သည်ကိုလည်း လက်ခံ၍ ရသေးသည်။ သို့သော် သုံးကြိမ်မြောက်၊လေးကြိမ်မြောက်၊ငါးကြိမ်မြောက် လေဟာနယ်ဂိတ်တံခါးသုံးခုသည် လက်ဝါးရိုက်ချက်၊ လက်ဝါးဖိနှိပ်မှု၊ လက်ဝေ့ယမ်းမှုတို့ကြောင့် ပျက်စီးခဲ့ရသည်။ ထိုအဖြစ်က ပြင်ပနယ်မြေရှိ ကျင့်ကြံသူအားလုံး၏ စိတ်ကူးနိုင်သည်ထက် ကျော်လွန်နေသည်။
အစိမ်းရောင်ဝတ်စုံနှင့်လူငယ်မှာလည်း နောက်သို့ အလန့်တကြား ဆုတ်သည်။ သူသည် ဆန်းကြယ်လေဟာနယ်အဆင့်တွင် ဖြစ်သော်လည်း အစောပိုင်းအဆင့်မျှသာ ရှိသေး၏။ ဝမ်လင်းသည် လေဟာနယ်ဂိတ်တံခါးသုံးခုကို တစ်ပြိုင်နက်တည်း ချိုးဖျက်လိုက်သည့်အခါ၌ သူသည် သဲလွန်စအချို့ကို တွေ့မြင်ခဲ့ပေသည်။
“ကံမ္မ၊သေခြင်းရှင်ခြင်း၊အမှန်နဲ့အမှား…။ သူဟာ တကယ်ပဲ မဟာဆန်းကြယ်တာအိုတွေကို နားလည်ခဲ့တာပဲ။ ဒီလူ့ကို ရန်စလို့ မဖြစ်ဘူး။ သူ့ကို စော်ကားလို့ မရနိုင်ဘူး…”
အနှစ်သာရများကိုလည်း အထည်ဒြပ်နှင့်ဆန်းကြယ်သိမ်မွေ့ဟူ၍ ခွဲထားပေ၏။ မီးသည် အထည်ဒြပ် ဖြစ်၏။ သို့သော် ကံမ္မမှာ ဆန်းကြယ်သောအနှစ်သာရ ဖြစ်၏။ ဆန်းကြယ်သိမ့်မွေ့အနှစ်သာရများကို နားလည်အောင် လုပ်ရခြင်းမှာ ပို၍ ခက်ခဲပေသည်။
“ခြောက်ခုမြောက်အနှစ်သာရ…သတ်ဖြတ်ခြင်းအနှစ်သာရ…” ဝမ်လင်း၏အသံသည် တည်ငြိမ်၏။ သို့သော် ချောက်ခြားဖွယ်သတ်ဖြတ်ခြင်းအော်ရာ ပါဝင်သည်။ သူ့ စကားလုံးများ ပဲ့တင်ထပ်လာသည့်အခါ အနီရောင်နှင်းပွင့်များ ထွက်ပေါ်လာကာ ပျံ့နှံ့လေသည်။
ထိုနှင်းပွင့်များ ပေါ်လာသည်နှင့် ခြောက်ခုမြောက်လေဟာနယ်ဂိတ်တံခါးမှာ ရုတ်တရက် ပေါ်လာသည်။
ထိုဂိတ်တံခါးသည် အရင်ကတံခါးများနှင့် လုံးဝ ခြားနားသည်။ ၎င်းကို အရိုးဖြူများဖြင့် ပြုလုပ်ထားခြင်းပင်။ ဖျတ်ခနဲကြည့်ပါက ၎င်းသည် တံခါးနှင့်မတူ၊ ဧရာမအရိုးခေါင်းကြီးနှင့် တူနေသည်ကို တွေ့ရမည်။ ၎င်း၏ အံ့ချီးဖွယ်ပုံပန်းသွင်ပြင်မှာ ဝမ်လင်းရှေ့တွင် ဖြည်းဖြည်းချင်း ပေါ်လာကာ လှိုင်းဂယက်တစ်ခု အဘက်ဘက်သို့ ပျံ့လွင့်သည်။ ထိုလှိုင်းများ ထိမှန်ခြင်း ခံရသော မည်သည့်ကျင့်ကြံသူမဆို ချက်ခြင်း တုန်ယင်ကာ အိုမင်းကုန်သည်။
ကျင့်ကြံသူတစ်သောင်းနီးပါးသည် အော်ပင်မအော်လိုက်နိုင်ဘဲ အသက်ကြီးရင့်၍ သေဆုံးကုန်၏။ ထိုလှိုင်းကြောင့် သူတို့သည် အမှုန့်အမွှား ဖြစ်သွားရသည်။
“တစ်သောင်းသောလေဟာနယ်အရိုးဂိတ်တံခါး…” ထိုဂိတ်တံခါးကို လူနှစ်ယောက်ကသာ သိထား၏။ တစ်ယောက်မှာ အရှင်လေဟာနယ်နတ်ဘုရား ဖြစ်ပြီး ကျန်တစ်ယောက်က အရှင်တောင်ပိုင်းတိမ်ပင်။ အစိမ်းရောင်ဝတ်စုံဖြင့်လူငယ်သည်ပင် ထိုတံခါးအကြောင်း အရင်က လုံးဝ မကြားဖူးခဲ့ပေ။
“ဒါ…ဒါက…ဒီပုံပန်းသွင်ပြင်ဟာ…ဒါက အရိုးဖြူဂိတ်တံခါးပဲ…။ ဒဏ္ဌာရီထဲက တစ်သောင်းလေဟာနယ်အရိုးဂိတ်တံခါးများ ဖြစ်နေနိုင်လား…” အရှင်လေဟာနယ်နတ်ဘုရားသည် ထိုအရိုးနှင့်တူသော ဂိတ်တံခါးကို ကြည့်၏။ သူ့မျက်လုံးထဲတွင် ထိတ်လန့်မှုများ ကြီးစိုးလာသည်။
“ကောင်းကင်ဘုံအင်ပါယာ ကိုယ်လုပ်တော် ပြောခဲ့ဖူးတာကတော့ ဒီအရိုးဂိတ်တံခါးဟာ ပေါ်ထွက်လာစေဖို့ အလှမ်းဝေးလွန်းတယ်တဲ့။ ဒီဂိတ်တံခါးကို ဆွဲဆောင်နိုင်တဲ့လူဟာလည်း အလွန်ရှားပါးလှတယ်။ အဲ့လိုလုပ်နိုင်တဲ့သူဟာ မသေခဲ့ရင် အနာဂတ်မှာ ကျိန်းသေပေါက် အစွမ်းထက်လှတဲ့ဆရာသခင်တစ်ယောက် ဖြစ်လာမှာပဲ…”
“တစ်သောင်းလေဟာနယ်အရိုးဂိတ်တံခါး။ ပြီးခဲ့တဲ့ချိပ်ပိတ်နယ်မြေအရှင်ကတော့ ဒီဂိတ်တံခါးကို ဆွဲဆောင်ပြီး တတိယအဆင့်ကို ဝင်ရောက်နိုင်တဲ့လူတိုင်းမှာ အတိုင်းမသိအနာဂတ် ပိုင်ဆိုင်တယ်လို့ ပြောခဲ့တယ်။ သူ ပြောခဲ့တာက ဒီအရိုးဂိတ်တံခါးဟာ ဒီလောကရဲ့ တစ်စုံတစ်ရာ မဟုတ်ဘူး။ ဒါပေမဲ့ သူ့မွေးရပ်မြေရဲ့ ကောင်းကင်နဲ့မြေကြီး သင်္ကေတတစ်ခု ဖြစ်တယ်တဲ့…” အရှင်တောင်ပိုင်းတိမ်သည် ထိုထူးဆန်းသောအရိုးဂိတ်တံခါးကို ကြည့်နေသည်။ သူ့မျက်လုံးထဲတွင် မယုံကြည်နိုင်မှုတို့ ပြည့်နေသည်။
***