← Chapters

မဟာတာအိုဖြင့် တိုက်ခိုက်ခြင်း…

Vol. 121 Ch. 1674

မဟာတာအိုဖြင့် တိုက်ခိုက်ခြင်း…

Vol. 121 Ch. 1674

ဝမ်လင်းသည် တစ်သောင်းလေဟာနယ်အရိုးဂိတ်တံခါးကို မသိထားပေ။ သို့သော် သူက ထိုဂိတ်တံခါးမှ ထူးခြားသည်ဟု ခံစားမိကာ မျက်မှောင်ကြုတ်သွား၏။ သူသည် သူ့ရှေ့ရှိ ဧရာမဂိတ်တံခါးကို ကြည့်လိုက်၏။ သူ့မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ် ဖြတ်ပြေးသွားသည်။

သည်ဂိတ်တံခါးက မည်မျှ အားကောင်းပါစေ ဝမ်လင်းအတွက်တော့ အတူတူပင်။ တတိယအဆင့်သို့ တက်လှမ်းနိုင်မည့် တံခါးတစ်ချပ်မျှသာ။ သူသည် ရှေ့သို့ ကိုင်း၍ သူ့ညာလက်ကို ပင့်မြှောက်လိုက်၏။ အနီရောင်နှင်းပွင့များ သည်ဧရိယာတစ်ခုလုံးသည် ပြန့်ကျဲသွားပြီး သူ့ညာလက်ထံ လာရောက်စုဝေးသည်။

ခဏအတွင်းမှာပင် ဝမ်လင်း၏ညာလက်ထံမှ အတိုင်းမသိအနီရောင်အလင်းတစ်ခု ပေးစွမ်းလာသည်။ သူ့လက်မှာ သွေးလက်ဝါး ဖြစ်လာသည်။ တောက်ပသောအနီရောင်အလင်းက သည်ဧရိယာကို ထိုးဖောက်သည့် သတ်ဖြတ်လိုစိတ်ကို ပေးစွမ်း၏။ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအားလုံးမှာ ထိုအော်ရာကြောင့် တုန်လှုပ်ရကာ ထွက်မပြေးဝံ့ပင် ဖြစ်ရသည်။

“သတ်ဖြတ်သူအနှစ်သာရ…” ဝမ်လင်းသည် အရိုးဂိတ်တံခါးထံ ဦးတည်၍ တရှိန်ထိုး ဝင်ရောက်လာ၏။ ဖျတ်ခနဲအတွင်း ဝမ်လင်းသည် အနားရောက်လာပြီး အနှီဂိတ်တံခါးကို သူ့ညာလက်ဖြင့် ရိုက်ချလိုက်သည်။

ကျယ်လောင်စွာ ပေါက်ကွဲကာ ဧရာမသွေးလက်ဝါးရာတစ်ခု ထိုဂိတ်တံခါးပေါ်၌ ပေါ်လာ၏။ ထိုသွေးလက်ဝါးရာထဲ၌ ဝမ်လ်း၏သတ်ဖြတ်လိုမှုအားလုံး ပါဝင်သည်။ ချင်းရွှေ၏ သတ်ဖြတ်ခြင်းအားလုံး ပါဝင်သည်။ ထိုသတ်ဖြတ်ခြင်းသည် အနှစ်သာရပုံစုံတစ်မျိုး ဖြစ်လာ၏။ ထိုသွေးလက်ဝါးအတွင်း၌ မရေမတွက်နိုင်သော တစ္ဆေများက ငြီးသံပေးလျက် ထိုးထွက်လာလိုသည့်ဟန်။ သို့ပေမည့် ယင်းတို့သည် မလွတ်မြောက်နိုင်ဘဲ လေဟာနယ်ဂိတ်တံခါးထံ ဦးတည်ဝင်ရောက်လာ၏။

ကျယ်လောင်စွာ မြည်ဟည်းသံများ ပဲ့တင်ထပ်၏။ တစ်သောင်းလေဟာနယ်အရိုးဂိတ်တံခါးသည် အမှန်ပင် သာမန်မဟုတ်ပေ။ သတ်ဖြတ်ခြင်းအနှစ်သာရနှင့် ဒေါသပုန်ထနေသော တစ္ဆေများ၏ ရှေ့တွင်ပင် ၎င်းမှာ တုန်ခါရုံသာ ဖြစ်သွားပြီး ပျက်စီးမသွားပေ။

မပျက်စီးသည့်အပြင် တန်ပြန်အားတစ်ခုက ဝမ်လင်းထံ ပေါက်ကွဲဝင်လာ၏။

ဝမ်လင်း၏မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွား၏။ ဂိတ်တံခါးက ချိုးဖျက်ဖို့ ပိုခက်လေလေ သူက ပို၍ စိတ်ဝင်စားလေပင်။ သူသည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ကာ ကောင်းကင်ထက်သို့ လက်ညွှန်၍ ရယ်မောလိုက်၏။ သူ့မျက်လုံးထဲ၌ ပြတ်သားမှုတို့ ပြည့်နေသည်။

“မိုးကြိုး…” ချက်ခြင်းပင် လောကသည် မိုးကြိုးတို့နှင့် ပြည့်နှက်ကာ လေဟာနယ်ဂိတ်တံခါးထံ ဦးတည်ဝင်လာသည်။

“မီး…” မီးသည် မုန်တိုင်းထန်ကာ အရာအားလုံးကို လောင်ကျွမ်းသည်။

“ကံမ္မစာလုံး…” ဝမ်လင်းက သူ့ညာလက်ကို ဆုပ်လိုက်ဖြန့်လိုက် လုပ်လိုက်၏။

“သေခြင်းရှင်ခြင်းချိပ်ဟန်…” သူက သူ့ဘယ်လက်ကို ပင့်မြှောက်လိုက်ပြီး သူ့လက်နှစ်ဖက်ကို ပူးကပ်လိုက်၏။

“အမှန်နဲ့အမှားတာအို…” ဝမ်လင်းသည် မျက်လုံးမှိတ်လိုက်၏။ သူ မျက်လုံးပြန်ဖွင့်သည့်အခါ အစွမ်းထက်အော်ရာတစ်ခုသည် သူ့ခန္ဓာကိုယ်၌ ပြည့်နှက်လာ၏။ ဤကား မဟာပညာရှိတစ်ယောက်၏အော်ရာပင်။ ထိုအော်ရာသည် သူ့စိတ်ဝိညာဉ်လေဟာနယ်အစောပိုင်းအဆင့်နှင့် ပေါင်းစပ်သည်။ ထို့နောက် သူသည် ရှေ့သို့ ခြေလှမ်း၏။ သူ့ညာလက်ဖြင့် လက်သီးဆုပ်ကာ လေဟာနယ်ဂိတ်တံခါးထံ ထိုးချလိုက်သည်။

“အနှစ်သာရခြောက်ခု။ လေဟာနယ်ဂိတ်တံခါးကို ဖွင့်လှစ်လိုက်…” ဝမ်လင်းသည် မာန်သွင်းလိုက်၏။ သူသည် ဂိတ်တံခါးနား ရောက်ရှိလာသည်။ ထို့နောက် သူ့ညာလက်မှာ တစ်သောင်းလေဟာနယ်အရိုးဂိတ်တံခါးပေါ်သို့ ဘန်းခနဲ ကျရောက်သည်။

ထိုလက်သီးချက်တွင် ဝမ်လင်း၏နှစ်ပေါင်းနှစ်ထောင်ကျော် ကျင့်ကြံခြင်း၏ မျှော်လင့်ချက်များ ပါဝင်လေ၏။

ထိုလက်သီးချက်သည် အနှစ်သာရခြောက်ခုနှင့်အတူ အစွမ်းကုန် တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။

ထိုလက်သီးချက်သည် သူ လီမူဝမ်ကို ပြန်အသက်သွင်းနိုင်ဖို့ သူ့ကိုယ်သူ ပိုသန်မာစေရန် ဟူသော စိတ်ဆုံးဖြတ်ချက်ပင်။

ထိုလက်သီးချက်သည် တတိယအဆင့်သို့ တက်လှမ်းမည့် ဝင်ပေါက်ပင်။

ကြယ်များကြား၌ ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်သည်။ ဧရာမအရိုးဂိတ်တံခါးသည် တုန်ခါလာကာ အက်ကြောင်းများ အလျင်အမြန် ပျံ့နှံ့၏။ ချက်ခြင်းပင် ၎င်းသည် ပျက်စီးသွားလေသည်။

၎င်းကား ခြောက်ခုမြောက်ဂိတ်တံခါး ဖြစ်လေ၏။

သူသည် လေဟာနယ်ဂိတ်တံခါးခြောက်ခုလုံးကို တစ်ခါတည်း ဖွင့်လှစ်ခဲ့ပေ၏။ တတိယအဆင့်ကို တက်လှမ်းဖို့ ဝမ်လင်းကို တားဆီးထားသောအရာ ဘာမှ မရှိတော့ပေ။

ထိုဂိတ်တံခါး ပျက်စီးသွားသည်နှင့် အနှိုင်းမဲ့ကြီးမားသည့်ဝဲကတော့တစ်ခု ပေါ်လာ၏။ လေဟာနယ်ဂိတ်တံခါး၏စွမ်းအားသည် ပင်လယ်အလား မြင့်တက်လာကာ ဝမ်လင်း၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သည်။

ထိုစွမ်းအားအောက်၌ သူ့ခန္ဓာကိုယ်မှ တစီစီအသံများ ထွက်ပေါ်၏။ သူ့ခန္ဓာကိုယ်ထဲရှိ အနှစ်သာရခြောက်ခုသည် မြန်ဆန်စွာ ပေါင်းစပ်သည်။ သူ့ပတ်လည်ရှိအော်ရာသည် စိတ်ဝိညာဉ်လေဟာနယ်အစောပိုင်းအဆင့်ကနေ မြန်ဆန်စွာ တိုးတက်လာသည်။

အော်ရာသည် စိတ်ဝိညာဉ်လေဟာနယ်အလယ်အဆင့်ထိ တိုက်ရိုက် တိုးမြင့်လာ၏။

လေဟာနယ်ဂိတ်တံခါး၏ စွမ်းအား သူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်လာနေရင်း ဝမ်လင်း၏ခန္ဓာကိုယ်မှာ ဆက်တိုက် သန့်စင်ခြင်း ခံရသည်။ သူ့ခန္ဓာကိုယ်မှာ အကန့်အသတ်အချို့ကို ချိုးဖျက်၍ ဒုတိယအဆင့်၏အထွတ်အထိပ်ကို ကျော်လွန်သွားသည်။

ထိုအဆင့်သည် တတိယအဆင်သို့ ဝင်ရောက်သော ခြေလှမ်းပင်။ ထိုအဆင့်က သူ့အော်ရာကို မတိုးလာစေတော့ပေ။ သို့သော် သူ့ကျင့်ကြံမှုအဆင့်ကမူ တတိယအဆင့်သို့ တက်လှမ်းခဲ့လေပြီ။ ခုချိန်မှစ၍ ဝမ်လင်းသည် တတိယအဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်လေပြီ။

သူ့ခန္ဓာကိုယ်ထဲ၌ တစီစီအသံများ ပဲ့တင်ထပ်နေရင်း သူ့စိတ်ထဲ၌ မြည်ဟည်းနေရင်း သူ့ထံမှ အလွန်တရာသက်တောင့်သက်သာ ဖြစ်သော ခံစားချက် ထွက်ပေါ်နေ၏။ သူ့ခန္ဓာကိုယ်သည် ဆင့်ကဲတိုးတက်နေသည်။

ကျင့်ကြံခြင်း၏ ပထမအဆင့်၊ ချီစုဆောင်းခြင်းကနေသည် အာဏာတက်ခြင်းအဆင့်ထိ ကျင့်ကြံသူတစ်ယောက်၏ ခန္ဓာကိုယ်မှာ ပြန်မွေးဖွားနိုင်သည်။ ထို့နောက် သူတို့သည် နိဗ္ဗာနကြိုမြင်ခြင်းအဆင့်သို့ ရောက်လာချိန်၌ မူလစွမ်းအင်များကို စုပ်ယူလာနိုင်မည် ဖြစ်သည်။

တတိယအဆင့်ကမူ ဒုတိယကြိမ်မြောက် ပြန်လည်မွေးဖွားခြင်းပင်။ သူ့ခန္ဓာကိုယ်သည် အတိုင်းမသိချဲ့ကား၍ သည်လောကနှင့် သူသည် မကွဲပြားတော့သလို ဖြစ်လာမည်ပင်။

ထိုအဆင့်သည် ကောင်းကင်ဘုံကို ဖိဆန်၏။ ထိုအဆင့်သည် ကျင့်ကြံသူတစ်ယောက်၏ ပါရမီကိုလည်း ပျော်ဝင်သွားစေသောအဆင့်ပင်။ တတိယအဆင့်ကျင့်ကြံသူများအတွက် ပါရမီဟူသည် ဆက်မလိုအပ်တော့ပေ။ နားလည်မှုဉာဏ်အလင်းသာ လိုတော့ပေမည်။

အနှစ်သာရခြောက်ခုသည် ဆက်တိုက် ပေါင်းစပ်နေ၏။ မိုးကြိုးနှင့်မီးအနှစ်သာရများ ပေါင်းစပ်သည့်အချိန်၌ ဝမ်လင်း၏ကျင့်ကြံမှုအဆင့်မှာ နိဗ္ဗာနလေဟာနယ်အစောပိုင်းအဆင့်ကနေ အလယ်အဆင့်သို့ ရောက်၏။

ကံမ္မအနှစ်သာရ ပေါင်းစပ်သည့်အခါ သူ့ကျင့်ကြံမှုအဆင့်မှာ နိဗ္ဗာနလေဟာနယ်နောက်ဆုံးအဆင့်သို့ ရောက်သည်။

သေခြင်းရှင်ခြင်း၊အမှန်နှင့်အမှား အနှစ်သာရတို့ ပေါင်းစပ်ချိန်၌ ဝမ်လင်း၏ကျင့်ကြံမှုအဆင့်သည် နိဗ္ဗာနလေဟာနယ်အဆင့်ကို ချိုးဖျက်၍ စိတ်ဝိညာဉ်လေဟာနယ်အဆင့်သို့ ရောက်သည်။ ဝမ်လင်း၏ကျင့်ကြံမှုအဆင့်က ဆက်လက်၍ တိုးတက်နေ၏။ ပျံ့နှံ့လာသောဖိအားက လူတိုင်း၏အာရုံကို ဖမ်းစားနိုင်သည်။ အရှင်လေဟာနယ်နတ်ဘုရား၏ မျက်လုံးထဲ၌ သတ်ဖြတ်လိုစိတ် ပေါ်လာကာ သူသည် မာန်သွင်းလျက် ရှေ့သို့ တရှိန်ထိုး ဝင်ရောက်လာ၏။

အစောပိုင်းတုန်းက လေဟာနယ်ဂိတ်တံခါးက ရှိနေသေး၏။ ထို့ကြောင့် သူသည် မတိုက်ခိုက်နိုင်ခဲ့ပေ။ သို့သော် ခုချိန်၌ ၎င်း ပျောက်ကွယ်သွားပြီ ဖြစ်၍ သူ့အနေဖြင့် ဝမ်လင်းကို သတ်ရပေမည်။ သူက သူသာ ယနေ့၌ ဝမ်လင်းကို မသတ်နိုင်ခဲ့ပါက နောက်ထပ်အခွင့်အရေး လုံးဝ မရှိတော့ဟု ခံစားမိနေ၏။ တစ်သောင်းလေဟာနယ်အရိုးဂိတ်တံခါး ပေါ်ထွက်လာမှုက သူ့ဦးရေပြားကိုပါ ထုံထိုင်းမိသွားစေသည်။

သည်အခိုက်၌ သူသည် အကောင်းဆုံး လုပ်ဆောင်ရပေမည်။ သူ့ကိုယ်ပွားကို ဆုံးရှုံးရလျှင်ပင် သူသည် ဂရုမစိုက်ပေ။ သူနှင့်ဝမ်လင်းကြားရှိ ရန်ကြွေးမှာ သူသေကိုယ်သေပင်။ ဝမ်လင်းသာ ယနေ့ မသေခဲ့ပါက အနာဂတ်တွင် သူ သေသွားနိုင်သည်။

“သူဟာ အနှစ်သာရတွေနဲ့ ပေါင်းစပ်နေတာ။ အခု သူ့ကို သတ်ဖို့ အကောင်းဆုံးအချိန်ပဲ။ သူသာ အပြည့်အဝ ပေါင်းစပ်ပြီးသွားရင် ဆန်းကြယ်လေဟာနယ်အဆင့်အစောပိုင်း ကျင့်ကြံသူတောင် သူ့ ပြိုင်ဘက်မဟုတ်တော့မှာ ငါ စိုးမိတယ်။ ငါတို့ သူ့ကို အသက်ရှင်ခွင့် ပေးလို့မဖြစ်ဘူး…”

အစိမ်းရောင်ဝတ်စုံလူငယ်သည်လည်း ထိုသို့ တူညီသောအတွေးရှိ၏။ သူသည် နောက်ဆုတ်လိုက်ချိန်၌ အရှင်လေဟာနယ်နတ်ဘုရား လှုပ်ရှားသည်ကို တွေ့မြင်သည်။ သူသည် အံတင်းတင်းကြိတ်လိုက်၏။ သူ့မျက်လုံးတို့မှာ နီရဲလာသည်။ သူ့ခန္ဓာကိုယ်ပတ်လည်တွင် အဆုံးမဲ့ရေခဲများ ခြုံလွှမ်းလာ၏။ ထို့နောက် သူသည် ဝမ်လင်းထံ ဦးတည်ဝင်လာသည်။

စဉ်းစားဉာဏ်လွတ်သည့်အထိ ထိတ်လန့်နေသော ကျိုးကျင်လည်း ရှိသေး၏။ သို့ပေမည့် သူသည် တတိယအဆင့်ကျင့်ကြံသူတစ်ယောက်၊ ကောင်းကင်ဘုံဝံပုလွေကလန်၏ ဘိုးဘေးတစ်ယောက် ဖြစ်နေဆဲပင်။ သူသည် မာန်သွင်းအော်ဟစ်လိုက်ရာ ပေထောင်သောင်းချီကြီးမားသော သွေးဝံပုလွေတစ်ကောင် ပေါ်လာလေ၏။

ထိုသူများ၏ လှုပ်ရှားမှုများက အရှင်တောင်ပိုင်းတိမ်နှင့် တခြားသူများကို ရှေ့သို့ တရကြမ်း ထွက်လာစေ၏။ သူတို့က သူတို့၏ ဒဏ်ရာများကိုပါ လစ်လျူရှုထားသည်။ ထိုအခိုက်တွင် ပျော့ပျောင်းသောအသံတစ်သံက သူတို့နားထဲသို့ လေပြေအလား ဝင်ရောက်လာ၏။

“ပြဿနာမရှိဘူး…”

ထိုအသံသည် ညင်သာသော်လည်း အရှင်တောင်ပိုင်းတိမ်နှင့် တခြားသူများကို ရပ်တန့်သွားစေသည့် အားတစ်ခု ပါဝင်နေ၏။ သူတို့သည် လေဟာနယ်ဂိတ်တံခါး ပျက်စီးပြီးနောက် ပေါ်လာသော ဝဲကတော့ထံ ကြည့်လိုက်ကြ၏။ အရှင်လေဟာနယ်နတ်ဘုရားနှင့် ကျန်သည့်နှစ်ယောက် တိုးဝင်လာကြစဉ်တွင် ဝမ်လင်းသည် လေဟာနယ်ဂိတ်တံခါး၏စွမ်းအားကို စုပ်ယူနေ၏။

ဝမ်လင်းသည် ထိုစွမ်းအားကို အသုံးပြု၍ ခြောက်ခုမြောက်သတ်ဖြတ်ခြင်းအနှစ်သာရကို ပေါင်းစပ်သည်။ သူတို့သုံးယောက် အနားရောက်လာသည့်အခိုက်၌ ဝမ်လင်းသည် သူတို့ထံ လက်ညွှန်လိုက်သည်။

“ရပ်တန့်ခြင်း…”

တတိယအဆင့်သို့ ရောက်လာပြီးနောက်၊ လေဟာနယ်ဂိတ်တံခါး၏စွမ်းအားကို စုပ်ယူပြီးနောက် သူက ထိုမန္တာန်ကို အသုံးပြုလိုက်၏။ လောကသည် အရောင်ပြောင်းလဲသွားသည်။ ကြယ်များသည်ပင် အေးခဲသွားသလား ထင်မှတ်ရ၏။

ဝမ်လင်းသည် ထိုရပ်တန့်ခြင်းမန္တာန်အတွင်းသို့ တာအိုသစ်သီးသုံးလုံးထံမှ အသုံးမပြုရသေးသော ဗရမ်းဗတာတာအိုဆန္ဒကိုပါ ထည့်သွင်း အသုံးပြုလိုက်၏။

ထိုသို့ဖြင့် ကျိုးကျင်၏ခန္ဓာကိုယ်မှာ တုန်ယင်ကာ သူသည် ခြေတစ်ဝက်ပင် မလှုပ်နိုင်တော့ပေ။ အစိမ်းရောင်ဝတ်စုံနှင့်လူငယ်သည်လည်း သူ့ကို အတိုင်းမသိတာအိုဆန္ဒများက ဆုပ်ကိုင်သလို ခံစားမိကာ သူလည်း မလှုပ်နိုင်တော့ပေ။

အရှင်လေဟာနယ်နတ်ဘုရားတစ်ယောက်သာ ရှေ့သို့ ဆက်လာနိုင်၏။ သို့သော် သူ့မန္တာန်ကမူ အရှိန်လျော့ကျသွားသည်။

ထိုအခိုက်တွင် ဝမ်လင်းသည် လှုပ်ရှားလာ၏။ သူသည် သူ့ဘဝတစ်ခုလုံး သတ်ဖြတ်ခြင်းတွင် အသားကျခဲ့သူ ဖြစ်၍ တိုက်ခိုက်ရမည်ကို မလန့်ပေ။ သူသည် အစိမ်းရောင်ဝတ်စုံနှင့်လူငယ်ထံ တိုက်ရိုက် တိုးဝင်ကာ သူ့မျက်လုံးကို မှိတ်လိုက်ဖွင့်လိုက် လုပ်၏။ အစိမ်းရောင်ဝတ်စုံလူငယ်၏မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးဟန် တဒင်္ဂ ဖြစ်ပေါ်စဉ် ဝမ်လင်းသည် သူ့ညာလက်ကို မြှောက်ကာ ဖွင့်ဟလိုက်၏။ ထို့နောက် သူသည် ဖိချလိုက်ရာ သူ့လက်ချောင်းများသည် တစ်စုံတစ်ခုကို ဖမ်းဆုပ်လိုက်သည့်အလား။

“ကံမ္မစာလုံး…”

အစိမ်းရောင်ဝတ်စုံလူငယ် တုန်ယင်သွား၏။ ထို့နောက် သူသည် သွေးအန်ကာ နောက်သို့ လွင့်ထွက်သွားသည်။ သူသည် ဆန်းကြယ်လေဟာနယ်အစောပိုင်းအဆင့် ဖြစ်၏။ သို့သော် တိုက်ပွဲများစွာ တိုက်ခိုက်ခဲ့ရပြီး ဒဏ်ရာများကို မကုသရေးသည့်အတွက် သူသည် စိတ်ဝိညာဉ်လေဟာနယ်အထွတ်အထိပ်အဆင့် ကျင့်ကြံခြင်းကိုသာ အသုံးပြုနိုင်သည်။ ခုချိန်၌ သူသည် ရပ်တန့်ခြင်း မန္တာန်ကြောင့် မလှုပ်နိုင် ဖြစ်နေရာ သူ့အဖို့ ခုခံနိုင်ရန် အခွင့်အရေး မရတော့ပေ။

ဝမ်လင်းသည် သူ့ညာလက်ကို ပင့်မြှောက်လိုက်ရာ သွေးမြူတစ်ခု ပျံသန်းထွက်၏။ မည်သူကမျှ ၎င်းမှာ မည်သည့်အရာ ဖြစ်မှန်း မပြောနိုင်ပေ။ သို့သော် ထိုသွေးမြူက ထိုလူငယ်၏ ခန္ဓာကိုယ်မှ ထွက်ခွာလာသည့်အခါ သူ့ခန္ဓာကိုယ်သည် အပြင်းအထန် တုန်ယင်၏။ သူ့မျက်လုံးမှာ ပြူးကျယ်သွားပြီး သူ့မျက်နှာသည် နာကျင်မှုကြောင့် ရှုံ့တွသည်။

ဆွဲထုတ်ခံလိုက်ရသည့်အရာမှာ ကံမ္မအား တစ်ခု၊ တာအိုအားတစ်ခု ဖြစ်လေ၏။ ဆွဲထုတ်ခံလိုက်ရသည်မှာ ထိုလူငယ်၏အနှစ်သာရ ဖြစ်၏။

ထိုမြူသည် ဝမ်လင်းလက်အတွင်းသို့ မြန်ဆန်စွာ ရောက်ရှိသွား၏။ အချိန်တိုအတွင်း ၎င်းသည် ရေခဲများအဖြစ် ပြောင်းကာ လွတ်မြောက်ရန် ကြိုးစားသည်။ သို့သော် ဝမ်လင်းက တင်းကြပ်စွာ ဆုပ်ကိုင်ထား၏။ ကံမ္မစာလုံးသည် အလွန်တရာ လွှမ်းမိုးနိုင်လွန်းသည်။

အနှစ်သာရမှာ ကံမ္မ၏အစိတ်အပိုင်း ဖြစ်၏။ ထိုလူသည် ကံမ္မအကြောင်းရင်း၊ သူတို့၏ကျင့်ကြံမှုက ကံမ္မရေစက်၊ သူတို့၏အနှစ်သာရကို ဖြစ်ပေါ်၍ တတိယအဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်းကတော့ ကံမ္မအကျိုးဆက်ပင်။ ထိုအခိုက်၌ ဝမ်လင်း၏ဆံပင်ဖြူများသည် လွင့်မြောနေကာ သူသည် တည်ငြိမ်စွာ ရှိနေ၏။

မဟာတာအိုဖြင့် တိုက်ခိုက်လိုက်ခြင်း။

***

All Chapters