အရှင်လေဟာနယ်နတ်ဘုရား
Vol. 122 Ch. 1675
“ငါ့အနှစ်သာရဟာ ကံမ္မ။ ငါ့လက်ဝါးဖြန့်လိုက်ရင် ကံမ္မအကြောင်းရင်း၊ လက်သီးဆုပ်လိုက်ရင် ကံမ္မအကျိုးဆက်။ မင်း ဒီအဆင့်ထိ ရောက်အောင် ကျင့်ကြံဖို့ဟာ မလွယ်တဲ့အတွက် ဒီနေ့တော့ ငါ မင်းကို မသတ်တော့ဘူး။ ငါ မင်းရဲ့ အနှစ်သာရကို ယူဆောင်ပြီး နှစ်ပေါင်းတစ်ထောင် ချိပ်ပိတ်ထားမယ်။ အခု မင်း ဒီတိုက်ပွဲနေရာကနေ ထွက်သွားတော့…” ဝမ်လင်း၏မျက်လုံးထဲ၌ ကောင်းကင်နှင့်မြေကြီး တို့ပါဝင်နေသည့်အလား။ သူ့ခန္ဓာကိုယ်မှ ပြင်းထန်သောအော်ရာတစ်ခု ပေါက်ကွဲထွက်လာပြီး အစိမ်းရောင်ဝတ်စုံဖြင့်လူငယ်ထံ ကျရောက်လာသည်။
အစိမ်းရောင်ဝတ်စုံနှင့်လူ၏စိတ်သည် တုန်ရီသွား၏။ သူသည် နောက်ထပ် သွေးအန်လိုက်ရသည်။ ဝမ်လင်းသည် သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်ပြီး ထိုသူ့ကို ပေတစ်သောင်းကျော်ထိ အတင်းဆုပ်သွားစေသည်။ ထိုလူငယ်၏မျက်လုံးထဲတွင် အလွန်အမင်းကြောက်လန့်မှုတို့ ပြည့်နှက်နေ၏။
“မင်း…ဒါ…ဒါက ဘယ်လိုမန္တာန်မျိုးလဲ…”
ဝမ်လင်းသည် မျက်လုံးမှိတ်လိုက်၏။ သူ မျက်လုံး ပြန်ဖွင့်လာသည့်အခါ တည်ငြိမ်စွာဖြင့် စကားတစ်ခွန်း ဆိုသည်။ “ထွက်သွား…” သူသည် အော်ဟောက်လိုက်ခြင်းမဟုတ်ပေ။ သို့သော် အစိမ်းရောင်ဝတ်စုံနှင့်လူငယ်သည် ထိုစကားကို ကြားသည့်အခါ သူ့ဘေးပတ်လည်ရှိ လောကသည် ပြိုလဲသွားသည့်နှယ် သူ့စိတ်မှာ တုန်ဟည်းသွား၏။ သူ့မူလစိတ်ဝိညာဉ်ကို ဆုတ်ဖြဲပစ်မည့် အားတစ်ခု သူ့ထံ ဝင်ရောက်လာသည့်အလား။
ကြောက်လန့်နေရင်း အ စိမ်းရောင်ဝတ်စုံနှင့်လူငယ်သည် အလန့်တကြား ထွက်ပြေးသွားတော့၏။
သူသည် သူ၏အနှစ်သာရတစ်ခုလုံးကို မဆုံးရှုံးခဲ့ပေ။ သို့သော် ဝမ်လင်းက သူ့အနှစ်သာရ၏ ပမာဏအများစုကို ယူဆောင်ခဲ့ခြင်းက သူ့အား အလွန်ထိတ်လန့်စေခဲ့သည်။ သူသည် အရင်တုန်းက ဒီလိုမန္တာန်မျိုးကို ကြားပင်မကြားဖူးခဲ့ပေ။ သို့သော် သူက ထိုမန္တာန်မှာ အုပ်စိုးသူ၏ ရေတွင်းထဲမှလမျှားခြင်းမန္တာန်နှင့် ဆင်တူသည်ကိုမူ ခပ်ရေးရေး ခံစားမိရသည်။
သူ့စိတ်နှလုံးမှာ တုန်ယင်နေပြီး နောက်ဆုတ်နေ၏။ သူသည် သူ့ကျင့်ကြံမှုကသာ အထွတ်အထိပ်အဆင့်တွင် ရှိနေပါက ဝမ်လင်းအနေဖြင့် သူ့အနှစ်သာရကို ထုတ်ယူရန် လွယ်ကူလိမ့်မည်မဟုတ်ဟု တွေးနေ၏။
“ဒီအဘိုးအိုဟာ ဆန်းကြယ်လေဟာနယ်အဆင့် ကျင့်ကြံသူပဲ။ ဒီအဘိုးအို ဒါကို လက်မခံနိုင်ဘူး…” သူက စိတ်ထဲကနေ အော်ဟစ်နေခြင်းပင်။ သူ မြန်ဆန်စွာ ထွက်ပြေးသွားစဉ်မှာတော့ ထိုလက်မခံနိုင်မှုကို တစ်စွန်းတစ်စမျှ မလှစ်ဟပေ။
အဖြစ်အပျက်အားလုံးသည် မြန်ဆန်လှ၏။ ဝမ်လင်းသည် အစိမ်းရောင်ဝတ်စုံနှင့်လူငယ်ကို အတင်းအကြပ် နောက်ဆုတ်စေခဲ့လေပြီ။ ထို့နောက် ဝမ်လင်းသည် ရပ်တန့်ခြင်းမန္တာန်ကြောင့် အရှိန်လျော့ကျသွားသော အရှင်လေဟာနယ်နတ်ဘုရားထံသို့ သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် လှည့်လာ၏။
“အတိတ်တုန်းက ကိစ္စကို ရှင်းကြတာပေါ့…” ဝမ်လင်း၏အကြည့်မှာ အေးစက်၏။ သို့သော် သူကား တည်ငြိမ်သည်။ သူသည် အရှင်လေဟာနယ်ဂိတ်တံခါးကို ကြည့်ကာ သူ့ထံ လှမ်းလာ၏။
“အသချေင်္ အနီရောင်တိမ်လေဟာနယ်တာအို…” အရှင်လေဟာနယ်နတ်ဘုရားသည် မာန်သွင်းလိုက်ပြီး သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်ပေါ်သည်။ သူ့လက်ကို ဝေ့ယမ်းလိုက်ရာ သူ့နောက်တွင် ဧရာမအက်ကြောင်းတစ်ခု ပေါ်လာ၏။ အတိုင်းမသိအပူဇော်ခံမီးတောက်များ တရှိန်ထိုး ထွက်လာကာ အနီရောင်တောက်တောက်တိမ်ထုများကို ဖန်တီး၏။ ယင်းတိမ်များကြား၌ ဧရာမရုပ်တုကြီးများ ပေါ်ထွက်လာသည်။
“ဒီလူ့ကို ဖိနှိပ်လိုက်။ ပြန်လည်မွေးဖွားခြင်းစက်ဝန်းထဲမှာ ဒီလူ့ကို ဖိနှိပ်လိုက်။ သူ့စိတ်ဝိညာဉ်တစ်လက်မတောင် မလှုပ်နိုင်အောင် ကြယ်တွေကြားက အသူတရာခေျာက်ထဲ ကျဆင်းစေ…” အရှင်လေဟာနယ်နတ်ဘုရားသည် လက်ညွှန်ကာ မာန်သွင်းအော်ဟစ်လိုက်၏။ ရုပ်တုအားလုံးသည် တောက်ပလာကာ ဝမ်လင်းကို ကြယ်များကြားမြှုပ်နှံ့ပစ်ရန် ကြိုးစားလာသည့်နှယ် သူ့ထံ ကျဆင်းလာသည်။
ထိုအခိုက်တွင် ဝမ်လင်း၏အောက်ဘက်တွင် ဧရာမဝဲကတော့တစ်ခု ပေါ်လာ၏။ ထိုဝဲကတော့သည် မန္တာန်တစ်ခုကြောင့် ဖြစ်ပေါ်လာခြင်းတည်း။ ယင်းထံမှ မရေမတွက်နိုင်သော တစ္ဆေများ ပျံသန်းထွက်လာသည်။ ယင်းတို့သည် ငြိီးတွားသံများ ပေးလျက် ယင်းတို့၏ခန္ဓာကိုယ်များ ချဲ့ကားလာကာ ဝမ်လင်းကို ဝန်းရံသည်။ ထိုတစ္ဆေများသည် သူ့ကို ဝဲကတော့ထဲသို့ ဆွဲနှစ်ချင်ကြသည်။
ထိုအခိုက်တွင် ပျက်စီးသွားသော လေဟာနယ်ဂိတ်တံခါးမှ ဝဲကတော့သည် နေရာတွင်ပင် ရှိနေဆဲပင်။ အဝေးမှ ကြည့်ပါက ဝမ်လင်း၏ အထက်အောက်တွင် ဝဲကတော့တစ်ခုစီ ရှိနေသည်ကို မြင်နိုင်မည်။ တုန်လှုပ်ဖွယ်မြင်ကွင်းတည်း။ ဝဲကတော့နှစ်ခုအပြင် ပေတစ်သောင်းသော ရုပ်တုများက ဝမ်လင်းထံ ကျဆင်းလာကြ၏။
ကြည့်ရသည်မှာ ဝမ်လင်းသည် အရှင်လေဟာနယ်နတ်ဘုရား၏မန္တာန်အတွင်း လုံးဝ ပိတ်မိနေသည့်ပုံပင်။
“သေလိုက်တော့…” အရှင်လေဟာနယ်နတ်ဘုရား၏ အမူအရာမှာ ရုန့်ရင်းနေ၏။ သူက ညာလက်ကို ပင့်မြှောက်လိုက်သည်။ ခရမ်းရောင်မြူများ စုဝေးလာကာ သူ့လက်ထဲ၌ လှံတစ်လက် ပေါ်လာသည်။ သူက ထိုလှံကို ဝမ်လင်းထံ ပစ်လွှတ်လိုက်၏။
မိုးကြိုးတုန်ဟည်းသံများ ပဲ့တင်ထပ်လာရင်း လှံရှည်သည် အတိုင်းမသိမြူများကို သယ်ဆောင်ကာ ပိတ်မိနေသော ဝမ်လင်းထံ တရှိန်ထိုး ဝင်လာ၏။
အဝေးရှိ အစိမ်းရောင်ဝတ်စုံနှင့်လူငယ်သည် ခဏတာ ရပ်တန့်သွားပြီး ပိတ်မိနေသော ဝမ်လင်းကို လှည့်ကြည့်သည်။ သူသည် မာန်သွင်းလိုက်၏။ သူသည် ထွက်ပြေးခြင်းကို လက်လွှတ်ကာ ဝမ်လင်းထံ ခြေလှမ်းဝင်လာတော့၏။
ဝမ်လင်းသည် တည်ငြိမ်စွာပင် ရှိနေ၏။ ပေတစ်သောင်းရုပ်တုများ သူ့ထံ ရိုက်ချလာနေရင်း သူက မျက်လုံး မှိတ်ကာ ရှေ့သို့ လှမ်းသည်။ သူသည် မမြန်ပေ။ သို့သော် ရုပ်တုရာချီက သူ့ထံ နီးကပ်လာပြီ။
သို့ရာတွင် ယင်းတို့ ရောက်လာရုံ ရှိသေး ၎င်းတို့သည် သူ့ခန္ဓာကိုယ်ကို ဖြတ်သန်းသွား၏။ မည်သည့်အတွက်ကြောင့်မှန်းမသိရဘဲ ဝမ်လင်းသည် ပုံရိပ်ယောင် ဖြစ်သွားသည့်အလား ထိုရုပ်တုများက သူ့ကို သည်အတိုင်း ဖြတ်သန်းကျော်သွားသည်။
ရုပ်တုမြောက်များစွာ ကျဆင်းလာချိန်၌ ကျယ်လောင်စွာ မြည်ဟည်းသံတို့ ပဲ့တင်ထပ်သည်။ သို့သော် ၎င်းတို့သည် ဝမ်လင်းထံ နီးကပ်လာချိန်၌ ဝေဝါးသွားကာ သူ့အား ဖြတ်သန်းသွားသည်ဟု ထင်ရ၏။ ထို့နောက် ဝမ်လင်းနောက်တွင် တုန်ဟည်းသံများ ဆက်လက် ဖြစ်ပေါ်သည်။
ထိုအဖြစ်က အရှင်လေဟာနယ်နတ်ဘုရား၏ မျက်လုံးသူငယ်အိမ်ကို ကြုံ့သွားစေသည်။
ဝမ်လင်း၏ခြေလှမ်းများက မမြန်လှပေ။ သို့သော် သူသည် အရှင်လေဟာနယ်နတ်ဘုရား၏ရှေ့သို့ ချက်ခြင်း ရောက်လာသည်။ သူက ညာလက်ကို ပင့်မြှောက်လိုက်သည်။ သူသည် အရှင်လေဟာနယ်နတ်ဘုရား၏ မန္တာန်ကို လစ်လျူရှု၍ သူ့ညာလက်ကို ဖိချလိုက်သည်။
“သေခြင်းရှင်ခြင်းချိပ်ဟန်…”
သူ့ဘယ်လက်မှာ ရှင်ခြင်း၊ ညာလက်မှာ သေခြင်းတည်း။ ဝမ်လင်း၏ ညာလက် ကျဆင်းလာသည့်အခါ သူ့လက်ဝါးတွင် အနက်ရောင်အခိုးငွေ့တို့ ခြုံလွှမ်းသည်။ သူ့လက်ဝါးက လေဟာနယ်တွင်းသို့ ကျရောက်သွားသော်လည်း ထိုအဖြစ်မှာ အရှင်လေဟာနယ်နတ်ဘုရား၏အမူအရာကို ပြောင်းလဲသွားစေသည်။
သူသည် ဝမ်လင်း၏လက်ဝါးတွင် ပါဝင်နေသော သေဆုံးခြင်းအော်ရာကို ရှင်းလင်းစွာ အာရုံခံမိသည်။ သူ့လက်ဝါး ကျရောက်လာသည့်အခါ ပတ်ဝန်းကျင်ရှိ ကြယ်နယ်မြေအတွင်းရှိ အသက်ဓာတ်များပါ ကင်းမဲ့သွားသည်ဟု ထင်မှားရသည်။ သည်ဧရိယာမှာ နယ်မြေအသေတစ်ခု ဖြစ်လာသည့်အလား။
၎င်းသည် သေဆုံးခြင်းနယ်မြေ ဖြစ်လာသည့်အခိုက်၌ သူ့ပတ်လည်ရှိ ဟင်းလင်းပြင်တွင် မရေမတွက်နိုင်သော အက်ကြောင်းများ ပေါ်လာကာ ပြိုပျက်စီးသည်။ အဆုံးမဲ့သေဆုံးခြင်းအော်ရာက သူ့ထံ တဟုန်ထိုး ဝင်ရောက်လာသည်။
ဘန်းခနဲ ပေါက်ကွဲကာ အရှင်လေဟာနယ်နတ်ဘုရား၏ခန္ဓာကိုယ်သည် ပေရာချီ နောက်သို့ လွင့်သွားသညည်။ ထို့နောက် သူက မော့ကြည့်လိုက်၏။ ထိုစဉ် ဝမ်လင်းသည် သူ့ထံ လက်ညွှန်လိုက်သည်။
“ရပ်တန့်ခြင်း…”
အရှင်လေဟာနယ်နတ်ဘုရား၏ခန္ဓာကိုယ်သည် တဖန် အရှိန်လျော့ကျသွားသည်။ သူသည် မာန်သွင်းလျက် ရပ်တန့်ခြင်းမန္တာန်ကို ချိုးဖျက်ရန် ဟန်ပြင်သည်။
သို့သော် ဝမ်လင်းက သူ့ကို ထိုအခွင့်အရေး မည်သို့ပေးပါ့မည်နည်း။ ဝမ်လင်းသည် ချက်ခြင်းနီးကပ်လာကာ သူ့ရှေ့ ရောက်လာသည်။ ဝမ်လင်းသည် သူ့လက်ချောင်းကို ပင့်မြှောက်၍ အရှင်လေဟာနယ်နတ်ဘုရား၏ မျက်ခုံးနှစ်ခုကြားသို့ ညွှန်လိုက်သည်။
“မိုးကြိုး…”
ထိုသို့ပြောပြီးနောက် ဝမ်လင်း၏ညာလက်ညှိုးမှာ ထာဝရမိုးကြိုးတန်းအသွင် ပြောင်းလဲသွားသည့်နှယ်။ အဖျက်အစီးမိုးကြိုးကား အတွင်းနှင့်အပြင်နယ်မြေရှိ မိုးကြိုးအားလုံး၏စွမ်းအားများ ပါဝင်သည်။ ထိုလက်ညွှန်ချက်သည် တတိယအဆင့်ကျင့်ကြံသူများကို သတ်ပစ်ဖို့ရာ လုံလောက်အောင် အစွမ်းထက်သည်။
အရှင်လေဟာနယ်နတ်ဘုရားသည် သခင်ငါးပါးထဲမှ တစ်ယောက် ဖြစ်ကာ သူ့ကျင့်ကြံမှုအဆင့်မှာလည်း အလွန်မြင့်မားသော်လည်း အခုက သူ့ကိုယ်ပွားထဲမှ တစ်ယောက်သာ ဖြစ်ပေ၏။ ၎င်းကိုယ်ပွားမှာ ဆန်းကြယ်လေဟာနယ်အစောပိုင်းအဆင့်တွင်သာ ရှိပေသည်။
ထို့အတွက်ကြောင့် မိုးကြိုးစွမ်းအားက သူ့ကို ထိခိုက်စေနိုင်ဆဲပင်။
လက်ညွှန်ချက်တစ်ချက်က အရှင်လေဟာနယ်နတ်ဘုရား၏ခန္ဓာကိုယ်ကို တုန်ယင်သွားစေသည်။ သူ့မျက်ခုံးနှစ်ခုကြားတွင် ငွေရောင်တစ်ချက် လင်းလက်သွားပြီး မရေမတွက်နိုင်သော ငွေရောင်အလင်းတန်းများ ပျံ့နှံ့သည်။ ချက်ခြင်းပင် ထိုအလင်းတို့က သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ဖြန့်ကျက်သည်။ ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်သည်။ သူ့ပါးစပ်ထောင့်မှ သွေးများစီးကျလာကာ သူသည် နောက်လွင့်ထွက်သွားသည်။
သူ နောက်ဆုတ်ရုံ ရှိသေး ဝမ်လင်းက ရှေ့သို့ ခြေလှမ်း၏။ သူ့ညာလက်မသည် ချဲ့ကားလာကာ အရှင်လေဟာနယ်နတ်ဘုရား၏ မျက်ခုံးနှစ်ခုကြားသို့ ထပ်မံ ကျရောက်သည်။
“မီး…”
ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်ကာ အဖျက်အစီးမီးသည် သူ့မျက်ခုံးနှစ်ခုကြားမှ ပျံ့လွင့်လာ၏။ မီးသည် သူ၏ခန္ဓာကိုယ်အနှံ့ ပျံ့လွင့်၍ သူ့စိတ်ထဲ တရကြမ်း တိုးဝင်လာပြီး သူ၏စိတ်ဝိညာဉ်ကို လောင်ကျွမ်းသည်။
သူ့ခန္ဓာကိုယ် အတွင်းနှင့်အပြင်မှ နာကျင်မှုသည် အရှင်လေဟာနယ်နတ်ဘုရား၏မျက်နှာကို ရှုံ့တွသွားစေသည်။ သူသည် သွေးများစွာ အန်ထုတ်လိုက်ရ၏။
သို့ပေမည့် ထိုမျှဖြင့် အဆုံးမသပ်သေးပေ။ ဝမ်လင်း၏မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ် ပေါ်လာ၏။ သူက ညာလက်ကို ပင့်မြှောက်၍ လက်ဝါးသဏ္ဌာန် ဖြစ်ပေါ်စေသည်။ ထို့နောက် သူ့လက်ဝါးဖြင့် အရှင်လေဟာနယ်နတ်ဘုရား၏နှဖူးထက် ဖိချလိုက်သည်။ သူ့လက်ချောင်းများကိုလည်း လက်သီးအသွင် ဆုပ်သည်။
“ကံမ္မ…”
အနှစ်သာရတစ်ခုသည် ဝမ်လင်း၏ ဆွဲထုတ်ခြင်း ခံရသည်။
ထိုဆက်တိုက် တိုက်ခိုက်မှုများသည် အရှင်လေဟာနယ်နတ်ဘုရားကို တစ်စက်လေးမှ ခုခံနိုင်ဖို့ အခွင့်အရေး မပေးပေ။ ရပ်တန့်ခြင်းမန္တာန်နှင့်အတူ ဝမ်လင်း ကိုယ်တိုင်သည် ကောင်းကင်နှင့်မြေကြီးအလား။
“သေခြင်းရှင်ခြင်း…” ဝမ်လင်းက သူ့လက်နှစ်ဖက်ကို ပင့်မြှောက်လိုက်၏။ သူ့ဘယ်လက်မှာ ရှင်သန်ခြင်း ဖြစ်ကာ ၎င်းသည် အရှင်လေဟာနယ်နတ်ဘုရား၏ ရင်ဘက်ပေါ်သို့ ဖိချလာသည်။ အရှင်လေဟာနယ်နတ်ဘုရား၏ လူအိုခန္ဓာကိုယ်သည် ရုတ်တရက် ငယ်ရွယ်လာ၏။ ငယ်သထက် ငယ်လာသည်။
သို့သော် ဝမ်လင်း၏ညာလက်က ကျဆင်းလာသည့်အခါ ထိုငယ်ရွယ်ခြင်းသည် ပျက်စီးသွားသည်။ သေခြင်းရှင်ခြင်းမှာ သူ၏ခန္ဓာကိုယ်တွင်း၌ ပေါက်ကွဲ၏။ ယင်းအားတို့က သူ့ခန္ဓာကိုယ်ကို တစစီ ဆုတ်ဖြဲပစ်လိုသည့်အလား။
အရှင်လေဟာနယ်နတ်ဘုရား၏ ဒွာရပေါက်များထံမှ သွေးမျာ စိမ့်ထွက်လာ၏။ သူ့အမူအရာမှာ ပို၍ ကြမ်းကြုတ်လာသည်။ သူသည် ရှေးဟောင်းကြယ်အဖွဲ့အစည်း၏ သခင်ငါးပါးထဲမှ တစ်ယောက်ဖြစ်၏။ သူ့ဂုဏ်အဆင့်အတန်းက သူ့ကို အညံ့ခံခွင့် မပြုပေ။ မာန်သွင်းလျက် သူ၏ခန္ဓာကိုယ်သည် တုန်ခါသွား၏။ သူသည် ရပ်တန့်ခြင်းမန္တာန်ကနေ ချိုးဖျက်လာသည်။
ထိုအခိုက်တွင် သူ၏ကျင့်ကြံမှုအပြည့်အဝ ပေါက်ကွဲထွက်လာသည်။
သို့ရာတွင် ဝမ်လင်းသည် တည်ငြိမ်နေဆဲပင်။ အရှင်လေဟာနယ်နတ်ဘုရား ရပ်တန့်ခြင်းမန္တာန်ကို ချိုးဖျက်လိုက်သည့်အခိုက်တွင် ဝမ်လင်းက သူ့ညာလက်ညှိုးဖြင့် ညွှန်လိုက်၏။
“ရပ်တန့်ခြင်း…”
“မဟုတ်ဘူး…” အရှင်လေဟာနယ်နတ်ဘုရား၏ခန္ဓာကိုယ်မှာ တုန်ယင်သွား၏။ သူ့မျက်လုံးထဲရှိ မျှော်လင့်ချက်မဲ့မှု ပေါ်လာသည်။
“အမှန်နဲ့အမှား…” ဝမ်လင်းသည် မျက်လုံး မှိတ်လိုက်သည်။ သည်လောကရှိ အရာအားလုံးသည် အတုအယောင် ဖြစ်လာ၏။ ထို့နောက် သူ မျက်လုံး ပြန်ဖွင့်သည်။ ထိုအခါ အရာအားလုံးသည် အစစ်အမှန် ဖြစ်လာသည်။ သို့ရာတွင် သူ မျက်လုံးထပ်မှိတ်လိုက်ချိန်၌ သူ့ညာလက်ဖြင့် ခုတ်ပိုင်းသည်။
“သတ်ဖြတ်ခြင်း…”
ဝမ်လင်း၏လက်ဝါးသည် ဓားသွားတစ်ခုအလား။ သတ်ဖြတ်ခြင်းအနီရောင်တောက်တောက်ကို ပေးစွမ်းသည်။ ၎င်းသည် အရှင်လေဟာနယ်နတ်ဘုရား၏ခေါင်းပေါ်သို့ တိုက်ရိုက် ကျဆင်းကာ သူ့အား ပိုင်းဖြတ်သည်။
နာကျင်ထိတ်လန့်စွာအော်သံသည် ကပ်ပါလာ၏။ အရှင်လေဟာနယ်နတ်ဘုရား၏ ခန္ဓာကိုယ်သည် ထက်ပိုင်းဖြစ်သွားသည်။ သူ့ခန္ဓာကိုယ်နှစ်ပိုင်းသည် ခရမ်းရောင်မြူအဖြစ် ပြောင်းကာ ဘယ်နှင့်ညာသို့ တစ်ဖက်စီ ဆုတ်သွားသည်။
သို့ပေမည့် ဝမ်လင်း၏မျက်လုံး ပြန်မှိတ်လိုက်သည့်အခါ သူက ထိုမြူသည် တစစီ ကွဲထွက်သည်ကို ခံစားမိသည်။ ထိုမြူ ခွဲထွက်ပျံ့သည့်အခိုက်၌ အရှင်လေဟာနယ်နတ်ဘုရား ကိုယ်ပွား၏ မူလခန္ဓာကိုယ်ကို ထုတ်လွှတ်သည်။
၎င်းမှာ မမြင်ရသောစွမ်းအင်ထုတစ်ခု ဖြစ်သည်။ ထိုစွမ်းအင်မှာ ထောက်လှမ်းနိုင်ဖို့ ခက်ခဲ၏။ ဝမ်လင်းသည် အမှန်နှင့်အမှားတာအိုကို အသုံးပြု၍သာ ၎င်းကို ထောက်လှမ်းနိုင်သည်။
မမြင်ရသောစွမ်းအင်သည် အရှင်လေဟာနယ်နတ်ဘုရားကိုယ်ပွား၏ အမြုတေ ဖြစ်၏။
အရှင်လေဟာနယ်နတ်ဘုရားကို လေဟာနယ်နတ်ဘုရားဟု ညွှန်းဆိုရခြင်းမှာ သူ့ခန္ဓာကိုယ်သည် လေဟာနယ်နှင့် ဆင်တူ၍ ဖြစ်သည်။ သူ့ခန္ဓာကိုယ်မှာ အစစ်အမှန် မဟုတ်ဘဲ စွမ်းအင်ထုတစ်ခုဟုပင် ပြော၍ ရနိုင်သည်။
ထိုအခိုက်တွင် ဝမ်လင်းသာ မြင်နေရသော မမြင်ရသောစွမ်းအင်ထုသည် မည်သူမျှ သတိမပြုမိဘဲ ထွက်ပြေးရန် ကြိုးစားသည်။
အရှင်လေဟာနယ်နတ်ဘုရားသည် သခင်ငါးပါးထဲ၌ ကျင့်ကြံမှုအမြင့်ဆုံးကို မပိုင်ဆိုင်ထားပေ။ သို့သော် သူကား အသတ်ရအခက်ဆုံးတစ်ယောက်တော့ ဖြစ်ပေ၏။
***