အတိတ်တုန်းကရတနာများကို ပြန်ပြုပြင်ခြင်း
Vol. 122 Ch. 1677
ဝမ်လင်းသည် ဝဲကတော့အတွင်းရှိ လေဟာနယ်ဂိတ်တံခါးထံမှ စွမ်းအားကို စုပ်ယူနေ၏။ ထိုအခါ သူ့သတ်ဖြတ်ခြင်းအနှစ်သာရမှာ သူ့ခန္ဓာကိုယ်နှင့် လုံးဝ ပေါင်းစပ်သွားလေသည်။
ထိုပေါင်းစပ်မှုက ပြီးပြည့်စုံသွားသည့်အခါ၌ ဝမ်လင်း၏ကျင့်ကြံမှုအဆင့်သည် စိတ်ဝိညာဉ်လေဟာနယ်အစောပိုင်းအဆင့်မှ အလယ်အဆင့်သို့ တိုးတက်လာခဲ့သည်။
သူ ထိုအဆင့်သို့ ရောက်လာသည့်အခါ၌ ဝမ်လင်းက ဝဲကတော့ထံ လက်ညွှန်လိုက်သည်။ လေဟာနယ်ဂိတ်တံခါး၏စွမ်းအားမှာ သူ့လက်ထံ တဟုန်ထိုး တိုးဝင်လာသည်။ တုန်ဟည်းသံများ မြည်ဟည်း၍ အဘက်ဘက်တွင် လျှပ်စီးများ လင်းလက်သည်။ မိုးကြိုးဓားတစ်လက် သူ့လက်ထဲတွင် ပေါ်လာလေသည်။
ထိုဓားသည် ခုနစ်လက်မသာ ရှည်၏။ သို့သော် ၎င်းမှာ လေဟာနယ်ဂိတ်တံခါး၏စွမ်းအားကို အသုံးပြု၍ သူ သန့်စင်ထားသော အနှစ်သာရရတနာတစ်ခုပင်။
ယင်းကာ ချင်းရွှေ ဖွဲ့စည်းခဲ့သော သတ်ဖြတ်ခြင်းဓားနှင့် ဆင်တူသည်။ ထိုဓားငယ်မှာ ဝမ်လင်း၏မိုးကြိုးအနှစ်သာရဖြင့် ဖွဲ့စည်းထားခြင်းပင်။
ထို့နောက်တွင် ဝမ်လင်းက သူ့ညာလက်ကို ထပ်မံမြှောက်လိုက်ရာ ဝဲကတော့ထံမှ စွမ်းအားမြောက်များစွာ ပျံသန်းထွက်ပေါ်လာသည်။ မီးအနှစ်သာရဓား ပေါ်လာသည်။
တတိယမြောက်ဓားမှာ ကံမ္မဓား ဖြစ်၏။ ထိုဓားတွင် ဝမ်လင်း၏ကံမ္မဉာဏ်အလင်း ပါဝင်သည်။ ၎င်းသည် ဝမ်လင်း၏ရှေ့တွင် လွင့်မြောလျက် ညင်သာသောအလင်းကို ပေးစွမ်းသည်။
လေးခုမြောက်ဓားကမူ သေခြင်းရှင်ခြင်းဓား ဖြစ်၏။ လောကသည် တုန်ခါနေရင်း အဖြူအနက်အခိုးအငွေ့များ ရောထွေးယှက်တင်၍ ခုနစ်လက်မခန့်ဓားတစ်လက် ဖြစ်ပေါ်လာသည်။
ငါးခုမြောက်ဓားက အမှန်အမှားဓား ဖြစ်သည်။ သို့သော် ဝဲကတော့တွင်းရှိ စွမ်းအားမှာ အကန့်အသတ်ရှိသည်။ ၎င်းစွမ်းအင်က ဝမ်လင်းကို ဓားလေးလက် ဖြစ်ပေါ်စေရန် ကူညီပေးရာတွင် အသုံးပြုပြီးနောက် ကုန်ခမ်းလေ၏။ ထို့ကြောင့် ခုချိန်၌ ၎င်းဝဲကတော့သည် လွင့်ပြယ်မည့်အရိပ်အယောင် ပြသလာသည်။ တစ်ချိန်တည်းမှာ အကွာအဝေးတစ်ခုထံမှ ခပ်အုတ်အုတ်အသံများကိုပါ ကြားလာရသည်။ ယင်းကာ နတ်ဘုရားပြစ်ဒဏ်၏ သင်္ကတပင်။
ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်လာ၏။ သူသည် ထိုဝဲကတော့ ပျောက်ကွယ်သွားသည့်နောက် သူ့ဘဝတွင် အားအကောင်းဆုံးနတ်ဘုရားပြစ်ဒဏ်ကို ရင်ဆိုင်ရတော့မည်ကို သိထားသည်။
သို့သော် ဝမ်လင်းသည် မစိုးရိမ်ပေ။ သူ့မျက်လုံးတို့မှာ တည်ငြိမ်နေ၏။ သူသည် သူ့လက်နှစ်ဖက်ကို ဖြန့်ကား၍ ရှေ့သို့ လှမ်း၏။ သူက ပျောက်ကွယ်နေသော ဝဲကတော့ကို ဆွဲယူလိုက်သည်။
ထိုအခါ ဝဲကတော့သည် တုန်ယင်သွားပြီး ပိုများပြားသော လေဟာနယ်ဂိတ်တံခါးစွမ်းအားများ ထိုးထွက်လာသည်။
သည်စွမ်းအားမြင့်တက်လာမှုအောက်၌ အမှန်အမှားဓား ဖွဲ့စည်းသည်။
ခြောက်ခုမြောက်ဓားမှာ သတ်ဖြတ်ခြင်းဓားပင်။ ဤကား ချင်းရွှေ ဝမ်လင်းကို ပေးခဲ့သော ဓား မဟုတ်ပေ။ သူ့ကိုယ်ပိုင်အနှစ်သာရဖြင့် ဖွဲ့စည်းထားသော ဓားသာ ဖြစ်၏။ သတ်ဖြတ်ခြင်းဓား ဖြစ်ပေါ်ပြီးနောက် ဝဲကတော့သည် မြန်ဆန်စွာ ပျောက်ကွယ်လာသည်။
လေဟာနယ်ဂိတ်တံခါး၏စွမ်းအားမှာ အတော်လေး ဆန်းပြား၏။ ယင်းစွမ်းအားသည် ကျင့်ကြံသူများကို သူတို့၏အနှစ်သာရဖြင့် ပေါင်းစည်းစေနိုင်ရုံသာမက သူတို့၏ခန္ဓာကိုယ်များကိုပါ ဆင့်ကဲတိုးတက်စေ၏။ အလားတူပင် သူတို့၏အနှစ်သာရများထံမှ လက်နက်တစ်ခုကိုပါ ဖွဲ့စည်းပေးနိုင်သည်။ ဝမ်လင်းသည် ထိုလက်နက် မည်သည့်နေရာကနေ လာမှန်းကို မသိပေ။
သို့ပေမည့် သူသည် ထိုလေဟာနယ်ဂိတ်တံခါးစွမ်းအား၏ ရှားပါးမှုကို သတိထားမိသည်။ ကျင့်ကြံသူတစ်ယောက်သည် ၎င်းစွမ်းအားကို တစ်သက်တွင် တစ်ကြိမ်သာ တွေ့ကြုံနိုင်သည်။ ၎င်း ပျောက်ကွယ်သွားသည်နှင့် နောက်ထပ်အခွင့်အရေး ဘယ်တော့မှ ရှိလာတော့မည် မဟုတ်ပေ။
ထိုဂိတ်တံခါးစွမ်းအား၏ အော်ရာက ရတနာများကိုပါ ပြန်ပြုပြင်ပေးနိုင်သည်။
သူ ခေါင်းမော့လိုက်၏။ ဝဲကတော့ ပျောက်ကွယ်တော့မည့် အခိုက်၌ ဝမ်လင်းက ၎င်းထံ လက်ညွှန်လိုက်သည်။ သူက သူ၏စိတ်ဝိညာဉ်လေဟာနယ်အလယ်အဆင့် ကျင့်ကြံမှုဖြင့် ရပ်တန့်ခြင်းမန္တာန်ကို သုံးကာ အော်ဟစ်လိုက်သည်။
“ရပ်တန့်ခြင်း…”
ဝမ်လင်းသည် တတိယအဆင့်သို့ ရောက်လာပြီးနောက် ရပ်တန့်ခြင်းမန္တာန်အပေါ် ပိုမို နားလည်လာခဲ့၏။ ၎င်းမန္တာန်သည် ခန္ဓာကိုယ်များကိုပါ ရပ်တန့်နိုင်သည် မဟုတ်တော့ လောကရှိ အရာအားလုံးကိုပါ ရပ်တန့်စေနိုင်သည်။
စကားတစ်ခွန်းဖြင့်ပင် ဝဲကတော့ထံမှ တုန်ဟည်းသံများ ထွက်ပေါ်လာသည်။ ထိုတုန်ဟည်းသံများသည် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများထံ ဒေါသတကြီးအော်ဟစ်လိုက်သည့်နှယ်။
ရှေးဟောင်းအချိန်များတည်းက ကျင့်ကြံသူအားလုံးသည် လေဟာနယ်ဂိတ်တံခါးကို ထိတ်လန့်ကြ၏။ ဝမ်လင်းတစ်ယောက်ကသာ လေဟာနယ်ဂိတ်တံခါးထံမှ ဝဲကတော့အပေါ် ရပ်တန့်ခြင်းမန္တာန်ကို အသုံးပြုဝံ့ခြင်းပင်။
အိပ်မက်တာအိုကို အသုံးမပြုခဲ့ခင်ကဆို ဝမ်လင်းသည် ထိုသို့ လုပ်နိုင်လိမ့်မည် မဟုတ်ပေ။ သို့သော် အိပ်မက်တာအိုကို အသုံးပြုပြီးနောက် သူသည် မဟာပညာရှိတစ်ယောက်၏ အော်ရာ ပိုင်ဆိုင်ခဲ့သည် ဖြစ်ရာ လောကရှိ အမှန်တရားကို နားလည်နိုင်ခဲ့၏။
သူသည် စိုးကြောက်မှုကို မခံစားမိပေ။ သူ့အကြည့်မှာ ရေပြင်အလား တည်ငြိမ်သည်။
စကားတစ်ခွန်းဖြင့်ပင် သူသည် လောကကို ရပ်တန့်ပစ်နိုင်သည်။ ဧရာမဝဲကတော့ တုန်ဟည်းသွားသည်။ ရပ်တန့်ခြင်းမန္တာန်သည် အားကောင်းလှသော်လည်း ပြိုင်ဘက်ကင်းသည်တော့ မဟုတ်ပေ။ ဝဲကတော့သည် ခဏတာ ရပ်တန့်သွားပြီးနောက် ပြိုပျက်မည့် အရိပ်အယောင်များ ပြသလာ၏။
ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်လာသည်။ သူသည် ရှေ့သို့ ခြေလှမ်းလိုက်၏။ သူ့ညာလက်ဖြင့် ဝဲကတော့ထံ ဆန့်ထုတ်ကာ ဝေ့ယမ်းလိုက်သည်။ သူသည် အားကောင်းသောစုပ်အားတစ်ခုကို ဖန်တီးကာ သူ မပိုင်ဆိုင်တော့သော လေဟာနယ်ဂိတ်တံခါးထံမှ စွမ်းအားတော်တော်များများကို ဆွဲငင်ယူသည်။
ဝဲကတော့ထံမှ တုန်ဟည်းသံများ ပို ကျယ်လောင်လာသည်။ ၎င်း၏ဒေါသတကြီး မြည်ဟည်းသံတို့က ဝမ်လင်း၏လုပ်ဆောင်မှုအပေါ် မကျေမနပ် အရိပ်အယောင်များ ပြလာ၏။ သို့ပေမည့် ဝမ်လင်းက ဂရုမစိုက်ပေ။ သူသည် လေဟာနယ်ဂိတ်တံခါးစွမ်းအားကို ပိုမို ဆွဲငင်ယူရင်း သူ၏ ဖျက်စီးခြင်းခံထားရသော နတ်ဘုရားသတ်ဖြတ်ခြင်းစစ်ရထား၏ အလင်းအစက်အပြောက်ကို ထုတ်ယူသည်။
ထိုနတ်ဘုရားသတ်ဖြတ်ခြင်းစစ်ရထားသည် တာအိုပညာရှင်ရေနှင့် ပထမဆုံးတိုက်ခိုက်ခဲ့သော ဝမ်လင်း၏ တိုက်ပွဲ၌ ဖျက်စီးခံခဲ့ရခြင်း ဖြစ်သည်။ ၎င်းသည် ဖျက်စီးခံခဲ့ရသော်လည်း ၎င်းပေါ်၌ ချိပ်ပိတ်မှုတစ်ခု ကျန်နေဆဲ ဖြစ်၏။
ထိုရတနာ၏စွမ်းအားမှာ သာမန်မဟုတ်ပေ။ ထူးကဲ၏။ ၎င်းကို မိုးကောင်းကင်ဘုံနယ်မြေ၏ အရှင်ရွှမ်ပေါင်က ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး နတ်ဘုရားသတ်ဖြတ်ခြင်းစစ်ရထားဟု အမည်တပ်ခဲ့ခြင်း ဖြစ်၏။ ၎င်းမှာ အလွန်အစွမ်းထက်သည်။ ဝမ်လင်းသည် ထိုရတနာကြောင့် အန္တရာယ်များစွာကို ကျော်ဖြတ်နိုင်ခဲ့ဖူးသည်။
သူသည် နတ်ဘုရားသတ်ဖြတ်ခြင်းစစ်ရထား၏ အကြွင်းအကျန်ကို ထုတ်ယူလိုက်ပြီး ဒီဆန်းကြယ်သောလေဟာနယ်ဂိတ်တံခါးစွမ်းအားကို ၎င်းကို ပြန်ပြုပြင်ပေးနိုင်မလား စောင့်ကြည့်သည်။ အကယ်၍ ပြန်ပြုပေးနိုင်ခဲ့ပါက ဝမ်လင်းထံ၌ သူ ပြန်ပြုချင်သော တခြားရတနာများစွာ ရှိနေသေး၏။
အလင်းအစက်ကို ထုတ်ယူလိုက်သည့်နောက် လေဟာနယ်ဂိတ်တံခါးစွမ်းအားသည် တရှိန်ထိုး တိုးဝင်လာပြီး ထိုအလင်းအစက်၏ စုပ်ယူခြင်း ခံရသည်။ မကြာခင်တွင် အလင်းအစက်သည် တောက်ပသောအလင်းကို ပေးစွမ်းလေ၏။
ဝမ်လင်း၏မျက်လုံးသည် ကျဉ်းမြောင်းသွားကာ စိတ်လှုပ်ရှားဟန် လှစ်ဟပေါ်၏။ သူသည် သူ့ခန့်မှန်းချက်မှာ မှန်ကန်လိမ့်မည်ဟု မမျှော်လင့်ထားမိခဲ့ပေ။ ထိုဆန်းကြယ်သောလေဟာနယ်ဂိတ်တံခါးစွမ်းအားက အမှန်တကယ်ပင် ရတနာများကို ပြန်ပြုနိုင်စွမ်း ရှိနေသည်။
စက္ကန့်ပိုင်းအတွင်း အလင်းအစက်သည် လေဟာနယ်ဂိတ်တံခါးစွမ်းအား အမြောက်အများကို စုပ်ယူသည်။ ထိုအလင်းအစက်သည် တဖြည်းဖြည်း ပိုးအိမ်ကဲ့သို့ ဖြစ်လာကာ ညင်သာသောအလင်းကို ထုတ်လွှတ်သည်။
ပိုးအိမ် ဖြစ်ပေါ်လာသည့်အခါ ၎င်းသည် လေဟာနယ်ဂိတ်တံခါးစွမ်းအားကို ပို၍ စုပ်ယူလေ၏။ အက်ကြောင်းများ ပိုးအိမ်ပေါ်တွင် ပေါ်လာသည်။ ခုနစ်ရောင်စုံလိပ်ပြာတစ်ကောင်သည် ပိုးအိမ်အတွင်းမှ ချိုးဖောက်လာ၏။
ခုနစ်ရောင်စုံအမှုန့်လှိုင်းများသည် လိပ်ပြာတောင်ပံပေါ်သို့ ပြုတ်ကျ၏။ ၎င်းသည် ဝမ်လင်းပတ်လည်တွင် ကခုန်ကာ ၎င်း၏တောင်ပံကို ခတ်၍ ပျော်ရွှင်ဟန် ပြသသည်။
အဆုံးသပ်၌ လိပ်ပြာသည် ဝမ်လင်း၏ပုခုံးထက်ပေါ်တွင် ခိုနားကာ မလှုပ်မယှက် ရှိသည်။
ဝမ်လင်းသည် စတင် ရယ်မော၏။ သူသည် လိပ်ပြာကို ကြည့်ကာ သည်နတ်ဘုရားသတ်ဖြတ်ခြင်းစစ်ရထားနှင့် အတွေ့အကြုံကို ပြန်မြင်ယောင်မိသည်။ သူသည် ထိုလိပ်ပြာကို ထပ်မံ တွေ့ရလိမ့်မည်ဟု မမျှော်လင့်မိပေ။
ထိုလိပ်ပြာသည် နတ်ဘုရားသတ်ဖြတ်ခြင်းစစ်ရထား၏ စိတ်ဝိညာဉ်ပင် ဖြစ်၏။
“ဘယ်လောက်ပဲ ခက်ခဲခက်ခဲ ငါ လေဟာနယ်ဂိတ်တံခါးစွမ်းအားကို ထုတ်ယူမယ်။ နတ်ဘုရားသတ်ဖြတ်ခြင်းစစ်ရထားကို ပြန်ပြုပြင်နိုင်တယ်ဆိုတော့ ငါ နောက်ထပ်ရတနာတစ်ခုကို ထပ်ထုတ်လိုက်မယ်။ အဲ့ရတနာကိုသာ ပြန်ရမယ်ဆိုရင် ငါ့မှာ နောက်ထပ်အစွမ်းထက်တဲ့ အသက်ကယ်မန္တာန်တစ်ခု ပိုင်ဆိုင်လာမှာပဲ…” ဝမ်လင်း၏မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုတို့ ပြည့်နှက်နေ၏။ သူ့ညာလက်ကို ဝေ့ယမ်းလိုက်ရာ သူ၏သိုလှောင်နေရာလွတ်ထဲမှ ဒိုင်းကာအပိုင်းအစတစ်ခု ထွက်ပေါ်လာ၏။
ထိုအပိုင်းအစသည် အစိမ်းရောင်ခပ်ဖျော့ဖျော့ကို ပေးစွမ်းလျက် အချိန်မရွေး ပျောက်ကွယ်သွားတော့မည့်အလား။
ထိုအစိတ်အပိုင်း ပေါ်လာသည့်အခါ၌ ဝမ်လင်း ဆွဲထုတ်ယူလိုက်သော လေဟာနယ်ဂိတ်တံခါး၏စွမ်းအားသည် ၎င်းပတ်လည်တွင် စုဝေးလေ၏။ ခပ်ဖျော့ဖျော့ အစိမ်းရောင်အလင်းသည် အသက်ဓာတ် ပြည့်ဝလာသည့်အလား ရုတ်တရက် တောက်ပလာလေ၏။
ဤကား အဇူရာအလင်းဒိုင်းပင်။ ဝမ်လင်း၏ အစောပိုင်းနှစ်များတုန်းက ရတနာတစ်ခုလည်း ဟုတ်၏။ အတိတ်တုန်းက ၎င်းရတနာသည် နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ၌ ၎င်း၏အသန်မာဆုံးအစွမ်းကို ပြသခဲ့သည်။
ရှေ့ဖြစ်ဟောသူ ဖြစ်စေ၊ ရှေးဟောင်းမိစ္ဆာဖြစ်စေ ၎င်းရှေ့၌ ထိတ်လန့်ခဲ့ရသည် ဖြစ်၏။ အတိတ်တုန်းက ဝမ်လင်း၏ကျင့်ကြံမှုအဆင့်ဖြင့်ပင် ၎င်းမှာ တုန်လှုပ်ဖွယ်ကောင်းခဲ့ပြီး ဖြစ်သည်။ ခုချိန်၌ ၎င်းကို ပြန်ပြုပြင်နိုင်ခဲ့ပြီး လေဟာနယ်ဂိတ်တံခါး၏စွမ်းအားနှင့် ခုလက်ရှိ ဝမ်လင်း၏ကျင့်ကြံမှုအဆင့်ကို ထပ်ပေါင်းပါက ၎င်း၏စွမ်းအားသည် တုန်လှုပ်ဖွယ် ကောင်းပေလိမ့်မည်။
ထိုရတနာနှင့် ပတ်သတ်၍ အသန်မာဆုံးအရာမှာ ၎င်း၏ခုခံနိုင်မှု မဟုတ်ပေ။ ၎င်းဒိုင်းအတွင်းရှိ ပါဝင်သော မန္တာန် ဖြစ်၏။ ထိုမန္တာန်ကို ရှေးခေါတ်အိပ်မက်ဟု ခေါ်၏။
အစိမ်းရောင်အစိတ်အပိုင်းက လေဟာနယ်ဂိတ်တံခါး၏စွမ်းအားကို ဆက်တိုက် ဆုပ်ယူနေရင်း ၎င်း၏အနားစွန်းများ မြန်ဆန်စွာ ရွှေ့လျား၍ ၎င်း၏ပုံပန်းအသွင် လှစ်ဟပေါ်သည်။ သို့ပေမည့် လေဟာနယ်ဂိတ်တံခါးမှ စွမ်းအားသည် များများစားစား မကျန်တော့ပေ။
ထိုစွမ်းအား လျော့ပါးလာသည်ပြီး ဝဲကတော့ ပျောက်ကွယ်တော့မည်ကို တွေ့မြင်သည့်အခါ ဝမ်လင်းက သူ့ညာလက်ကို ပင့်မြှောက်လိုက်၏။ အနှစ်သာရခြောက်ခုဓားများသည် ဝဲကတော့ထံ ဦးတည် ပျံသန်းကာ ကြောက်မက်ဖွယ်ဖိသိပ်အားကို ဖန်တီးလေ၏။
ထိုရတနာများမှာ ဝမ်လင်း၏အနှစ်သာရကြောင့် ဖြစ်ပေါ်လာသော ဓားများ ဖြစ်၍ ယင်းတို့၏ တိုက်ခိုက်မှုတိုင်းက တတိယအဆင့်ကျင့်ကြံသူတစ်ယောက်၏ အင်ပြည့်အားပြည့် တိုက်ခိုက်မှုနှင့် တူညီသည်။
တုန်ဟည်းသံများ ပဲ့တင်ထပ်နေရင်း ဝဲကတော့သည် ပုံပျက်ယွင်း၏။ ဝမ်လင်းက ပါးစပ်ဟကာ ရှိုက်သွင်းလိုက်သည်။ စိတ်ဝိညာဉ်ဝါးမြိုသူ တစ်ယောက်ဖြစ်သော သူ၏ စိတ်ဝိညာဉ်ကို အသုံးပြုကာ သူသည် သူ မပိုင်ဆိုင်တော့သော လေဟာနယ်ဂိတ်တံခါးထံမှ စွမ်းအားကို မြောက်များစွာ စုပ်ယူသည်။
လေဟာနယ်ဂိတ်တံခါး၏စွမ်းအား ဆုပ်ယူခံရစဉ် အဇူရာအလင်းဒိုင်းမှာ လုံလောက်အောင် စုပ်ယူပြီးသည် ဖြစ်ရာ ၎င်း၏မူလပုံပန်းအသွင်ထိ ပြန်ကောင်းမွန်လာသည်။
စိတ်လှုပ်ရှားနေရင်း ဝမ်လင်းက သူ့ညာလက်ကို ဝေ့ယမ်းလိုက်ရာ ရှေးဟောင်းနတ်ဘုရားလက်အိတ် ပေါ်လာသည်။ ၎င်းသည် ကျန်သည့် လေဟာနယ်ဂိတ်တံခါးစွမ်းအားကို စုပ်ယူပြီးနောက် တော်တော်လေး ပြန်ကောင်းမွန်လာသည်။
ရယ်မောနေရင်း ဝမ်လင်းက သူ့ညာလက်ကို ပင့်မြှောက်၍ ဝဲကတော့ထံ လက်သီးတစ်လုံး ပစ်သွင်းသည်။ ထိုဝဲကတော့သည် ပျက်စီးကာ တုန်ဟည်းသံတို့ ပဲ့တင်ထပ်သည်။ သို့သော် ဖော်ပြရန်ခက်ခဲ့သော စွမ်းအားတစ်ခုသည် ထိုပျက်စီးသွားသော ဝဲကတော့ထံမှ ထွက်လာ၏။
ထိုစိတ်ဆန္ဒစွမ်းအားမှာ အလွန်အားကောင်း၏။ သို့သော် ဝမ်လင်းကလွဲ၍ မည်သူကမျှ ၎င်းကို မထောက်လှမ်းမိကြပေ။
ဝမ်လင်းသည် ထိုစိတ်ဆန္ဒမှာ လောက ဖန်တီးချိန်၌ ပထမဆုံးစိတ်ဝိညာဉ်ကဲ့သို့ ဖြစ်သည်ဟု ခံစားမိသည်။ အတွင်းနှင့်အပြင်နယ်မြေရှိ အရာအားလုံးသည် ထိုစိတ်ဆန္ဒကနေ မွေးဖွားလာခဲ့သည့်အလား။
အရင်တုန်းကဆိုပါက ဝမ်လင်းသည် ကြောက်လန့်တကြား နောက်ဆုတ်မိပေမည်။ သို့သော် ထိုအခိုက်၌ သူ့ခန္ဓာကိုယ်ထံမှ မဟာပညာရှိတစ်ယောက်၏ အစွမ်းထက်အော်ရာ ပေါက်ကွဲထွက်လာသည်။ သူသည် ကောင်းကင်နှင့်မြေကြီးကို ပုရွတ်ဆိတ်ကဲ့သို့ ကြည့်မြင်သူ ဖြစ်၏။ ထို့ကြောင့် သူသည် ထိုစိတ်ဆန္ဒကို မည်သို့ အညံ့ခံပါ့မည်နည်း။
“ဒီနေ့…ငါဟာ သင်ရဲ့ လေဟာနယ်ဂိတ်တံခါးက စွမ်းအားကို ငှားယမ်းသုံးစွဲခဲ့တယ်။ အနာဂတ်မှာ ငါ သင့်ကို ကျိန်းသေပေါက် ပြန်ပေးဆပ်မယ်…” ဝမ်လင်း၏အသံ ရုတ်တရက် ပဲ့တင်ထပ်လာ၏။ သူ၏ခန္ဓာကိုယ်တွင်းရှိ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့မှာ ရုတ်တရက် လှုပ်ရှားသည်။
***