← Chapters

တတိယသူလား…

Vol. 122 Ch. 1678

တတိယသူလား…

Vol. 122 Ch. 1678

ထိုစိတ်ဆန္ဒသည် ပျက်စီးသွားသော ဝဲကတော့ထံမှ ထိုးထွက်လာကာ ဝမ်လင်း၏အော်ရာနှင့် ထိပ်တိုက်တွေ့သည်။ ထိုအခါ ဝမ်လင်း၏မျက်နှာသည် အနည်းငယ် ဖြူရောသွား၏။ သို့သော် သူသည် ခြေတစ်လှမ်းပင် နောက်မဆုတ်ပေ။ သူသည် မားမားရပ်၍ ဝဲကတော့ကို စိုက်ကြည့်သည်။

ထိုဝဲကတော့ထံမှ စိတ်ဆန္ဒသည် မည်သည့်တိုက်ခိုက်စွမ်းအားမှ မပါဝင်ပေ။ သို့သော် ၎င်းထံ၌ ဖိနှိပ်ခြင်းစွမ်းအား ပိုင်ဆိုင်ထား၏။ လူတစ်ယောက်သည် ထိုဖိအားအောက် မနာခံပါက သူတို့၏ခန္ဓာကိုယ်၊စိတ်၊တာအိုတို့မှာ ပျက်စီးသွားရနိုင်သည်။

သို့သော် ထိုဖိအားသည် ဝမ်လင်းကိုမူ မဖိနှိပ်နိုင်ပေ။ ဝမ်လင်း၏ မဟာပညာရှိတစ်ယောက် အော်ရာက ကောင်းကင်နှင့်မြေကြီးကို အပေါ်စီးကနေ ရှုမြင်သည် မဟုတ်လား။ ထို့အတွက်ကြောင့် ဝမ်လင်းသည် ထိုစိတ်ဆန္ဒကြောင့် တွန့်ဆုတ်မသွားပေ။

ချက်ခြင်းပင် ဝမ်လင်း၏စိတ်ထဲရှိ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့မှာ နိုးထလာသည့်အလား စတင်လှည့်ပတ်သည်။ ၎င်းသည် ထိုစိတ်ဆန္ဒကို လောဘကြီးစွာ စုပ်ယူလေ၏။

ထိုစိတ်ဆန္ဒသည် ဝမ်လင်းနှင့် ထိမိသည်နှင့် ချက်ခြင်း ပြန်ရုတ်သိမ်းသွား၏။ ၎င်း ပြန်ရုတ်သိမ်းသွားချိန်၌ ပုတီးစေ့သည် လှည့်ပတ်ရာကနေ ရပ်တန့်သွားသည်။ ထိုစိတ်ဆန္ဒ ပြန်ဆုတ်သွားချိန်၌ ဝမ်လင်း၏နားထဲသို့ တိုးညင်းသော ရှေးကျသည့်အသံတစ်သံ တိုးဝင်လာသည်။

“အရာအားလုံးကို ငါ ဖန်တီးခဲ့တာ။ ငါတို့ မင်းရဲ့ ပြန်ပေးဆပ်မှာကို စောင့်နေမယ်…”

ထိုအသံ လွင့်ပြယ်သွားသည့်အခါ ပိုမိုများပြားသော စွမ်းအားမှာ ဝဲကတော့တွင်းမှ မြင့်တက်လာပြီး ရှေးဟောင်းနတ်ဘုရားလက်အိတ်အတွင်းသို့ ဝင်ရောက်သည်။ ထိုအခါ လက်အိတ်သည် မြန်ဆန်စွာ ပြန်ကောင်းမွန်လာသည်။

ဝမ်လင်းသည် သူ့လက်ကို ပင့်မြှောက်၍ သိုလှောင်အိတ်ထဲမှ ပျက်စီးနေသော အလံတစ်ခုကို ထုတ်ယူလိုက်သည်။ ပုတီးစေ့အပြင် သည်အလံမျာ ဝမ်လင်း ရရှိခဲ့သော ရတနာများထဲ၌ အဓိပ္ပာယ်ရှိဆုံး ရတနာတစ်ခု ဖြစ်လေ၏။

ယင်းမှာ ဆယ်သန်းစိတ်ဝိညာဉ်အလံပင်။

ထိုအလံကို သွန်းထျန်က သူ၏အစောပိုင်းနှစ်များတုန်းက သူ့ထံ ပေးခဲ့ခြင်း ဖြစ်သည်။ သူသည် ၎င်း၏တစိတ်ပိုင်းကို သူ့တပည့်ဆယ့်သုံးထံ ပေးခဲ့၏။ ခုချိန်၌ သူ့ထံတွင် ထိုပျက်စီးနေသော အလံသာ ကျန်နေခဲ့သည်။ သို့သော် လေဟာနယ်ဂိတ်တံခါးထံမှ စွမ်းအား တရှိန်ထိုး တိုးဝင်လာသည်နှင့် ထိုအလံသည် အားကောင်းသောအော်ရာတစ်ခုကို ပေးစွမ်းလာတော့သည်။

ဆယ်သန်းစိတ်ဝိညာဉ်အလံ ပြန်ပြုပြင်ပြီးနောက် လေဟာနယ်ဂိတ်တံခါး၏စွမ်းအားသည် ဒီလောကကနေ အလျင်အမြန် လွင့်ပါး ပျောက်ကွယ်သည်။

ဂိတ်တံခါးမှ ဝဲကတော့လည်း ပျောက်ကွယ်လေ၏။ ဝမ်လင်းသည်သာ နေရာတွင် မားမားရပ်နေ၏။ သူ့ဘယ်မျက်လုံးတွင်မီး၊ ညာမျက်လုံးတွင် မိုးကြိုးတို့ ပါဝင်၏။ သူ့မျက်ခုံးနှစ်ခုကြား၌ ရှေးဟောင်းနတ်ဘုရားကြယ်များအပြင် အမှတ်အသားသုံးခုပါ ရှိနေသည်။

ထိုထောင်လိုက်အမှတ်အသားသုံးခု၏ အလယ်တွင် ကံမ္မ၊ ဘယ်ဘက်ခြမ်းတွင် သေခြင်းရှင်ခြင်း၊ ညာဘက်ခြမ်းတွင် အမှန်အမှားတို့ ဖြစ်၏။ သတ်ဖြတ်ခြင်းအနှစ်သာရကမူ သူ၏စိတ်ဝိညာဉ်နှင့် ပေါင်းစပ်နေသည်။

တတိယအဆင့်။ သူသည် စိတ်ဝိညာဉ်လေဟာနယ်အလယ်အဆင့်သို့ အမှန်တကယ် ခြေလှမ်းနိုင်ခဲ့ကာ တတိယအဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်လာခဲ့ပြီ။ သူက မျက်လုံးမှိတ်ကာ သူ့ခန္ဓာကိုယ်ကို ငြိမ်သက်စွာ စမ်းစစ်နေ၏။ အချိန်အတန်ကြာပြီးနောက် သူသည် မျက်လုံးဖွင့်လိုက်ရာ သူ့ညာလက်ပေါ်တွင် ထူးဆန်းသောအမှတ်အသားတစ်ခု ပေါ်လာသည်ကို တွေ့မြင်လိုက်ရသည်။

သူသည် ထိုအမှတ်အသားနှင့် မစိမ်းပေ။ ၎င်းမှာ သူချိုးဖျက်ခဲ့သော ခြောက်ခုမြောက် လေဟာနယ်ဂိတ်တံခါး၊ တစ်သောင်းလေဟာနယ်အရိုးဂိတ်တံခါး ဖြစ်လေ၏။

ထိုအရိုးဂိတ်တံခါးသည် ဝမ်လင်း၏ညာလက်တွင် အမှတ်အသားတစ်ခုကဲ့သို့ အရာထင်နေသည်။ အပေါ်စီးမှ ကြည့်လိုက်ရာ ဟင်္သာပြဒါးဂြိုဟ်မှ ကျင့်ကြံသူထောင်ချီ ဖြည်းဖြည်းချင်း ပျံသန်းတက်လာကြသည်ကို မြင်ရသည်။ အရှင်တောင်ပိုင်းတိမ်၊ စစ်ထူနန်နှင့် တခြားသူများသည် ဝမ်လင်းကို ရှေ့ဆုံးကနေ လာရောက်နှုတ်ဆက်ကြသည်။ အရှင်တောင်ပိုင်းတိမ်ကတော့ အနည်းငယ် စိတ်ပူနေဟန် ပေါ်သည်။ သူသည် အကွာအဝေးတစ်ခုရှိ ခပ်အုတ်အုတ်တုန်ဟည်းသံများကို ကြည့်လိုက်ရာ သူ့စိတ်ထဲ၌ ထင်မြင်ချက်တစ်ခု ပေါ်လာ၏။

ထိုအခိုက်တွင် အကွာအဝေးတစ်ခုမှ ထိုမြည်သံတို့သည် ပို၍ အလျင်စလို ဖြစ်လာကာ ပြင်းထန်လာသည်။ ဝမ်လင်းက ခေါင်းမော့၍ ထိုအကွာအဝေးကို ကြည့်၏။ သူ့မျက်လုံးထဲတွင် တိုက်ပွဲစိတ်ဆန္ဒတို့ ပြည့်နှက်နေသည်။ သူသည် နတ်ဘုရားပြစ်ဒဏ်နှင့် ရင်ဆိုင်ရတော့မည် ဖြစ်သည်။ သူသည် သည်တစ်ကြိမ်၌ ထိုပြစ်ဒဏ်မှာ မည်မျှသန်မာသည်ကို တွေ့မြင်ချင်သည်။

“စစ်ထူ…ငါတို့ နောက်မှ စကားပြောကြတာပေါ့။ ခုချိန်မှာ နတ်ဘုရားပြစ်ဒဏ် လာနေပြီ။ ငါ ဒီနတ်ဘုရားပြစ်ဒဏ်ကို ချိုးဖျက်ပြီးရင် ငါတို့ သောက်ကြမယ်…”

“ဒါဟာ တကယ်ပဲ နတ်ဘုရားပြစ်ဒဏ်ကို…” အရှင်တောင်ပိုင်းတိမ်၏မျက်လုံးမှာ ကျဉ်းမြောင်းသွားသည်။ သူသည် ရပ်တန့်လိုက်၏။ သူက ပျံသန်းလာနေသော လူတိုင်းကို လက်ဝေ့ယမ်းကာ ရပ်တန့်စေလိုက်သည်။

“ချိပ်ပိတ်နယ်မြေအရှင်ဟာ နတ်ဘုရားပြစ်ဒဏ်ကို ရင်ဆိုင်ရတော့မှာ။ ငါတို့ အပြင်ဘက်ကနေ စောင့်ပြီး သူ့ကို ကာကွယ်ကြမယ်…” အရှင်တောင်ပိုင်းတိမ်၏ စကားများ ပဲ့တင်ထပ်လာချိန်၌ ကျင့်ကြံသူထောင်ချီသည် ရပ်တန့်ကာ နောက်သို့ ဖြည်းဖြည်းချင်း ပြန်ဆုတ်သည်။

စစ်ထူနန်သည် ဝမ်လင်းကို စိတ်ပူဟန်ဖြင့် ကြည့်နေ၏။

“နတ်ဘုရားပြစ်ဒဏ်…ငါ ဒီလေဟာနယ်ဂိတ်တံခါးကို ချိုးဖျက်ပြီးရင် ဘာနတ်ဘုရားပြစ်ဒဏ်မှ မပေါ်လာခဲ့ဘူး။ ဝမ်လင်း…သူဟာ…” စစ်ထူနန်သည် အရှင်တောင်ပိုင်းတိမ်ကို ကြည့်လိုက်ရာ စိတ်ပူနေဟန် အရိပ်အယောင်ကို တွေ့မြင်လိုက်ရသည်။

“ချိပ်ပိတ်နယ်မြေအရှင်ဟာ ကောင်းကင်နဲ့မြေကြီးကို ဖိဆန်တဲ့စိတ်ဆန္ဒ ပိုင်ဆိုင်ထားတဲ့သူ။ သူ့ကို ကောင်းကင်ဘုံဆန့်ကျင်တဲ့ ကျင့်ကြံသူလို့ ခေါ်နိုင်တယ်။ ကောင်းကင်ဘုံကို ဖိဆန်တဲ့ ကျင့်ကြံသူတွေဟာ နတ်ဘုရားပြစ်ဒဏ်ကို ရင်ဆိုင်ရလိမ့်မယ်။ ဒီအဘိုးအိုဟာ နတ်ဘုရားပြစ်ဒဏ်အနည်းငယ်ကိုတော့ တွေ့မြင်ခဲ့ဖူးတယ်…” အရှင်တောင်ပိုင်းတိမ်သည် အကွာအဝေးတစ်ခုသို့ ကြည့်လိုက်ရာ တိမ်စိုင်ထုများ တရကြမ်း စုဝေးလာနေသည်ကို တွေ့မြင်သည်။

ထိုတိမ်စိုင်ထုများသည် အဆုံးမရှိလေပေ။ ယင်းတို့သည် ပိုပိုနီးကပ်လာ၏။ အသက်ဆယ်ကြိမ်ရှုစာ မပြည့်ခင်မှာပင် လူတိုင်း နောက်ဆုတ်သွားပြီးနောက် လူတိုင်း၏ နားထဲ၌ ကျယ်လောင်စွာမြည်ဟိန်းသံများ ပဲ့တင်ထပ်လေ၏။

အတွင်းနယ်မြေမှ ကျင့်ကြံသူအချို့၏ ဒွာရပေါက်များထံမှ သွေးများ စိမ့်ထွက်လာသဖြင့် သူတို့သည် အလန့်တကြား နောက်ဆုတ်ကုန်သည်။ တိမ်စိုင်များက ဝမ်လင်းပတ်လည်သို့ မြန်ဆန်စွာ စုဝေးလာပြီး လူတိုင်းသည် သူ့ကို ဆက်၍ မတွေ့မြင်ရတော့ပေ။

အဆုံးအဆမဲ့တိမ်စိုင်များက ဝမ်လင်းကို ခြုံလွှမ်းလာရင်း ဖော်ပြနိုင်စွမ်းမဲ့စွမ်းအားက မမြင်နိုင်သောလက်များအသွင် ပေါ်ထွက်လာသည့်အလား။

အရှင်တောင်ပိုင်းတိမ်နှင့် စစ်ထူနန်တို့အပါအဝင် အတွင်းနယ်မြေမှ ကျင့်ကြံသူထောင်ချီသည် ထိုအားကြောင့် နောက်ဆုတ်ရလေ၏။

မိုးကြိုးသံများ ကျယ်လောင်စွာ ပဲ့တင်ထပ်နေသည်။ တိမ်စိုင်များ တုန်ဟည်းလာကာ ဟင်္သာပြဒါးဂြိုဟ်သည်ပင် ဂြိုဟ်ပတ်လမ်းမှ လွတ်ထွက်လာသည်ဟု ထင်မှားရသည်။

အဝေးမှ ကြည့်ပါက ထိုမြင်ကွင်းသည် အလွန်တုန်လှုပ်ဖွယ်ရာပင်။ တိမ်စိုင်များသည် ဝမ်လင်းပတ်လည်ရှိ ကီလိုမီတာတစ်သန်းအတွင်း အရာအားလုံးကို ဖုံးလွှမ်းသည့်အထိ ပျံ့လွင့်လာ၏။ ထိုဧရိယာအတွင်း မည်သည့်ကျင့်ကြံသူ၊ မည်သည့်ကျင့်ကြံခြင်းဂြိုဟ်မှ ရှိမနေ၊ ဝမ်လင်းတစ်ယောက်သာ ရှိနေလေ၏။

အံ့မခန်းမြင်ကွင်းကို ကြည့်ကာ ကျင့်ကြံသူအားလုံး စိတ်ပူပန်လာကြ၏။ အထူးသဖြင့် စစ်ထူနန်ပင်။ သူသည် အဝေးရှိ တိစ်စိုင်ထုကို သုန်မှုန်စွာ စိုက်ကြည့်နေသည်။ သူသည် ကူညီပေးချင်နေ၏။ သို့သော် သူသည် နတ်ဘုရားပြစ်ဒဏ်ကို ဖြတ်သန်းနေသော လူကလွဲ၍ တခြားသူများသည် အနားသို့ ချဉ်းကပ်ဖို့ ခက်ခဲလှသည်ကို သိသည်။

ဝမ်လင်းသည် ၎င်းကို ကိုယ်တိုင်သာ ရင်ဆိုင်ရလေမည်။

“ချိပ်ပိတ်နယ်မြေအရှင်ဟာ ကောင်းကင်ကိုဖိဆန်တဲ့ ကျင့်ကြံသူပဲ။ ဒီနတ်ဘုရားပြစ်ဒဏ်နဲ့ဆိုရင် သူ့ကျင့်ကြံမှုအဆင့်ဟာ ပိုအသားကျသွားပြီး သူဟာ ငါတို့အထက် ရောက်သွားလိမ့်မယ်…” အရှင်တောင်ပိုင်းတိမ်သည် သူ့ကိုယ်သူ ပြောနေသလိုဖြင့် လူတိုင်းကို ပြောလိုက်၏။ လူတိုင်းသည် ငြိမ်သက်စွာ စဉ်းစားသွားသည်။

ပိုဝေးသောနေရာ၌ တိမ်စိုင်များ၏ တခြားတစ်ဖက်တွင် ခရမ်းရောင်ဝတ်စုံဖြင့် အဘိုးအိုတစ်ယောက် လှမ်းထွက်လာ၏။ သူသည် လှည့်ပတ်နေသော တိမ်စိုင်များကို ကြည့်နေရင်း သူ့မျက်လုံးထံမှ ဆန်းကြယ်သောအလင်းကို ပေးစွမ်းသည်။

“ဘယ်လောက်တောင် အစွမ်းထက်လိုက်တဲ့စွမ်းအင်လဲ။ သူ ဒီမြားကို တကယ်ပဲ ရှာတွေ့ခဲ့တာပဲ။ အတိတ်တုန်းက ငါ သူနဲ့ တွေ့ခဲ့တဲ့အချိန်တုန်းကဆို သူဟာ တတိယအဆင့်ကိုတောင် မရောက်သေးဘူး။ သူ့မှာ အနှစ်သာရခြောက်ခု ပိုင်ဆိုင်လိမ့်မယ်လို့ ငါ မမျှော်လင့်ထားမိခဲ့ဘူး…”

“အနှစ်သာရခြောက်ခု၊ အနှစ်သာရခြောက်ခု…။ အနှစ်သာရတစ်ခုနဲ့တင် လူတစ်ယောက်ဟာ တတိယအဆင့်ကို တက်လှမ်းနိုင်ပြီ။ ခြောက်ခုနဲ့ဆိုတော့ ဒီကောင်လေးရဲ့ ကျင့်ကြံမှုအဆင့်ဟာ နိဗ္ဗာနလေဟာနယ်အဆင့်ကို ကျော်လွန်ပြီး စိတ်ဝိညာဉ်လေဟာနယ်အလယ်အဆင့်ထိ တက်လှမ်းသွားခဲ့ပြီပဲ…”

“ဒီကျင့်ကြံမှုရယ်၊ မြားရယ်…” ထိုအဘိုးအိုမှာ တစ္ဆေအိုကြီးကျန့် ဖြစ်၏။ သူသည် အနည်းငယ် စဉ်းစားပြီးနောက် အံ့ဖွယ်ဆန်းကြယ်တိမ်စိုင်များကို ကြည့်နေ၏။ သူ့အကြည့်ကို ဖော်ပြ၍ငှ မစွမ်းသာပေ။

“တစ်သောင်းလေဟာနယ်အရိုးဂိတ်တံခါး…” တစ္ဆေအိုကြီးကျန့်က သူ့လက်ကို ငုံ့ကြည့်လိုက်၏။ သူ့လက်ဝါးတွင် အမှတ်အသားတစ်ခု ပေါ်လာသည်။ ထိုအမှတ်အသားမှာလည်း တံခါးတစ်ချပ် ဖြစ်နေသည်။

ထိုဂိတ်တံခါးသည် ဝမ်လင်း၏လက်ဝါးအတွင်းရှိ အမှတ်အသားဂိတ်တံခါးနှင့် အတူတူပင်။ နှစ်ခုလုံးသည် တစ်သောင်းလေဟာနယ်အရိုးဂိတ်တံခါး ဖြစ်သည်။

“သူဟာ တတိယလူများ ဖြစ်နေနိုင်မလား…” တစ္ဆေအိုကြီးကျန့် မျက်မှောင်ကြုတ်သွား၏။

ရှေးဟောင်းကြယ်အဖွဲ့အစည်းအတွင်း၌ အဆုံးအဆမဲ့ ကြယ်များကြား မြောလွင့်နေသော နန်းတော်တစ်ခု ရှိ၏။ ထိုနန်းတော်သည် နက်မှောင်နေကာ အမှောင်ထုအတွင်း လွင့်မြောနေသည်။

ထိုနန်းတော်အတွင်း၌ ဖယောင်းတိုင်များ ထွန်းညှိထား၏။ မီးတောက်များ တလက်လက် ဖြစ်နေရင်း တဖောက်ဖောက်အသံများ ကြားရသည်။ မီးတောက်များသည် မှိန်ဖျော့၏။ သို့သော် တချို့အရာများကိုမူ မြင်ရသည်ပင်။

ထိုနန်းတော်၏ ဗဟိုချက်တွင် ရေတွင်းတစ်ခုလည်း ရှိ၏။ ထိုရေတွင်းဘေးတွင် ဝတ်စံနက်လူတစ်ယောက် ထိုင်နေသည်။ ဝမ်လင်းသည် ထိုလူကို သိသည်။ သူသည် အုပ်စိုးသူပင် ဖြစ်၏။

သူက ခေါင်းငုံ့၍ ရေတွင်းကို ကြည့်နေသည်။ သူ၏အမူအရာကို မြင်ရဖို့မှာ မဖြစ်နိုင်ပေ။ အချိန်အတန်ကြာပြီးနောက် သူ့သွေ့ခြောက်ခြောက်လက်တစ်ဖက်ကို မြှောက်ကာ မီးတောက်တစ်ခုထံ ညင်သာစွာ တောက်ထုတ်လိုက်သည်။ ထိုဖယောင်းတိုင်သည် မီးငြှိမ်းသွားကာ အခိုးအငွေ့များ ထွက်လာသည်။ ယင်းတို့သည် သူ့ကို ခြုံလွှမ်းသဖြင့် အမှောင်ထုအတွင်း သူသည် ဖုံးကွယ်သွားလေသည်။

“သူ…သူ့ကို ဘာကြောင့် သတ်ဖို့ ခက်ခဲနေရတာလဲ။ ပထမဆုံးအကြိမ်တုန်းက ငါ့ကို အိပ်မက်ပြာက တားဆီးခဲ့တယ်။ ဒုတိယအကြိမ်မှာလည်း သူ့ကို သေတော့မယ့်အထိ ပိတ်ဆို့ခဲ့တယ်။ ဒါပေမဲ့ အဆုံးသပ်မှာ သခင်…သခင်ဟာ တကယ်ပဲ ပေါ်လာခဲ့တယ်…”

“သခင်ဟာ ရူးသွပ်သွားခဲ့ပြီ။ သူ့ရဲ့ စိတ်နေစိတ်ထားနဲ့တောင် သူဟာ ဝမ်လင်းကို တကယ်ပဲ ကယ်တင်ပေးခဲ့တယ်…” အမှောင်ထုအတွင်းမှ ခပ်ဩဩအသံ တစ်သံ ထွက်ပေါ်လာပြီး တဖြည်းဖြည်း ပုံပျက်ယွင်းသွား၏။ အုပ်စိုးသူသည် ထိုအသံတွင်း၌ သူ့ ကြောက်လန့်မှုကို မဖုံးကွယ်ထားနိုင်သည့်အလား။

“လီကောင်းရဲ့ လေးနဲ့မြား။ သခင်ဟာ ဒီမြားကို အတားအဆီးမရှိ အသုံးပြုနိုင်ဖို့အတွက် ဝမ်လင်းကို သူ့သွေး ပေးခဲ့တာ နေမယ်။ သခင်…သူ မသေသေးဘူး။ သူဟာ ခုချိန်မှာ တကယ်ပဲ ရူးနေခဲ့ပြီ။ ဒါပေမဲ့ သူ ပြန်ကောင်းလာတာနဲ့ သူဟာ ငါ့ကို အပြစ်ပေးတော့မှာ။ ဒါပေမဲ့ အဲ့အချိန်တုန်းက သူဟာ ဒဏ်ရာအပြင်းအထန် ရခဲ့ပြီး ကောင်းကင်ဘုံတာအိုရဲ့ ဝါးမြိုခြင်းခံရတဲ့နောက် ပျောက်ကွယ်သွားခဲ့တယ်။ ငါ ဘာများ တတ်နိုင်မလဲ။ ငါ ခုနစ်ရောင်စုံတာအိုသခင်ကို နာခံတာ အပြင် ဘာလုပ်နိုင်အုံးမလဲ…”

ဝတ်ရုံနက်အောက်ရှိ အုပ်စိုးသူ၏ခန္ဓာကိုယ်သည် တုန်ယင်နေသည့်ပုံပင်။ သူက သူ့လက်ကို ပင့်မြှောက်ရာ ဗလာကင်းမဲ့နေသော နန်းတော်ခန်းမအတွင်း၌ အော်ဟစ်လိုက်လေ၏။

ပြင်ပနယ်မြေမှ ကျင့်ကြံသူများသည် ဆင့်ခေါ်ခြင်းမြစ်ကို လုံးဝ သိမ်းပိုက်ထား၏။ တောင်ပိုင်းဒေသ၌ ကျောက်စကျောက်နများ ဝန်းရံထားသော ဂြိုဟ်အပျက်အစီးများ ရှိနေသည်။ ပေတစ်ရာခန့် ကျယ်ပြောသော ကျောက်အပိုင်းအစတစ်ခုလည်း ရှိနေ၏။

ထိုကျောက်တုံးထဲ၌ အဘိုးအိုတစ်ယောက် ထိုင်နေသည်။ ထိုအဘိုးအို၏မျက်ခုံးနှစ်ခုကြား၌ သွေးစက်တစ်စက် ရှိနေ၏။ ထိုသွေးစက်သည် သူနှင့် လုံးဝ ပေါင်းစပ်နေသည့်ပုံ ရသည်။ သူသည် ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လာပြီး သူ့ညာလက်ကို ပင့်မြှောက်လိုက်သည်။ အနည်းငယ် တွက်ချက်ပြီးနောက် သူ့မျက်လုံးထံမှ ထူးဆန်းသောအလင်းတစ်ခု လှစ်ဟပေါ်သည်။

“နောက်ဆုံးမှာတော့ ဝမ်လင်းဟာ တတိယအဆင့်ကို ရောက်လာခဲ့ပြ။ နှစ်ပေါင်းထောင်သောင်းချီ ကြံစည်ထားတဲ့ ဒီအဘိုးအိုရဲ့ အစီအစဉ်ဟာ ပြည့်စုံလာတော့မယ်။ ဒီအဘိုးအိုဟာ ဒီအတွက် အချိန်အကြာကြီး စောင့်နေခဲ့ရတာ။ တပည့်…မင်း ဆရာ့ကို စိတ်မပျက်စေနဲ့…” ထိုဝတ်စုံဖြူအဘိုးအိုက ပြုံးလိုက်၏။ သူသည် အလွန်အမင်း တည်ငြိမ်ပေ၏။ ဖြစ်ပျက်သမျှ အားလုံးသည် သူ ခန့်မှန်းထားသည့်အတိုင်း ဖြစ်လာနေသည့်အလား။

ထိုအဘိုးအိုသည် နှစ်ပေါင်းများစွာ ပျောက်နေသော ရှေ့ဖြစ်ဟောသူပင်။

တောက်ပသောလေဟာနယ် ကြယ်အဖွဲ့အစည်း၌ ဝမ်လင်းသည် အဆုံးအဆမဲ့တိမ်စိုင်များကြား ရှိနေ၏။ သူ့ဝတ်စုံဖြူမှာ တဖျတ်ဖျတ်လွင့်နေပြီး သူ၏မျက်လုံးတို့မှာ တည်ငြိမ်သည်။ သူသည် လက်နောက်ပစ်၍ အပေါ်သို့ မော့ကြည့်နေသည်။

သူ့အထက်တွင် တိမ်စိုင်များ လှည့်ပတ်နေပြီး လျှပ်စီးတို့က ၎င်းတို့ကြား၌ ရွှေ့လျားနေ၏။ ပါးစပ်ကြီးတစ်ခုအလား ဝဲကတော့တစ်ခု ပေါ်လာသည်။

“ငါ့မှာ မေးခွန်းတစ်ခု ရှိတယ်။ ကောင်းကင်ဘုံဟာ ငါ့ကို နတ်ဘုရားပြစ်ဒဏ် လာရောက် ပေးအပ်ရအောင် ဘယ်လိုမျိုး အရည်အချင်းများ ရှိနေလို့လဲ။ ဒီကနေ့ ငါဟာ နတ်ဘုရားပြစ်ဒဏ်ကို ဖြတ်ကျော်မယ့်လူ မဟုတ်ဘူး။ နတ်ဘုရားပြစ်ဒဏ်ကို ချိုးဖျက်မယ့်သူသာ ဖြစ်တယ်…”

“မိုးကြိုးနတ်ဘုရားပြစ်ဒဏ်။ ငါ့နာမည်ဝမ်လင်း…စတင်လေတော့…”

***

All Chapters