ငါ့နတ်ဘုရားပြစ်ဒဏ်
Vol. 122 Ch. 1679
ဝမ်လင်းသည် နတ်ဘုရားပြစ်ဒဏ်ကို ရင်ဆိုင်သည့် သူတိုင်း သူ့လို တည်ငြိမ်သောနှလုံးသားဖြင့် ခွန်အားပြည့် ရင်ဆိုင်လား၊မရင်ဆိုင်လားကိုမူ မသိပေ။
သူ သိသည်မှာ ထိုနတ်ဘုရားပြစ်ဒဏ်ကို ဖိနှိပ်နိုင်ရန် အစွမ်းကုန် လုပ်ရန် ဖြစ်၏။ သူသည် သူ့ကိုယ်သူ ကောင်းကင်ဘုံ၏တာအိုအဖြစ် ပြောင်းလဲကာ သည်နတ်ဘုရားပြစ်ဒဏ်ကို တန်ပြန် ဒဏ်ခတ်မည် ဖြစ်၏။
ယင်းကား နတ်ဘုရားပြစ်ဒဏ်နှစ်ခုကြားတိုက်ပွဲတစ်ခုပင်။ ထိုသို့အဖြစ်မျိုး အရင်က လုံးဝ မဖြစ်ပျက်ခဲ့ဖူးပေ။
ဝမ်လင်း ထိုသို့ ပြောနေရင်း သူ့ညာမျက်လုံးထဲရှိ မိုးကြိုးအမှတ်အသားသည် လင်းလက်ကာ ဧရာမဝဲကတော့အောက်၌ လျှပ်စီးများ မြင့်တက်လာချေ၏။
ချက်ခြင်းလိုလို သူ့ညာမျက်လုံးထံမှ မိုးကြိုးတန်းများ ပျံသန်းထွက်လာပြီး သူ့မျက်နှာနှင့်ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သည်။ တဖြည်းဖြည်း မိုးကြိုးက သူ့ဆံပင်ဖြူများထဲ စီးဆင်းလေ၏။ အဝေးမှ ကြည့်ပါက ဝမ်လင်းသည် မိုးကြိုးဝတ်ရုံကို ဝတ်ဆင်ထားသည့်အလား၊ မိုးကြိုးတို့၏ဘုရင်အလား ထင်ရမည်။
မိုးကြိုးသံတို့ ကျယ်လောင်စွာ မြည်ဟည်းပြီး အထက်ရှိ ဝဲကတော့သည် အပြင်းအထန် လှည့်ပတ်လာ၏။ ၎င်းသည် လှည့်ပတ်နေရင်း အဆုံးမဲ့မိုးကြိုးတို့သည် ဗဟိုချက်၌ စုဝေးလာ၏။ ဗဟိုချက်၌ အစိမ်းရောင်အလင်း တောက်ပလာကာ ဝမ်လင်း၏ ပထမဆုံးနတ်ဘုရားပြစ်ဒဏ်၊ မိုးကြိုးပြစ်ဒဏ် ပေါ်ထွက်လာလေ၏။
အစိမ်းရောင်အလင်းသည် တိမ်စိုင်ကီလိုမီတာသန်းချီကို ထွင်းဖောက်ကုန်သည်။ အပြင်ဘက်မှ ကြည့်ပါက တိမ်စိုင်များသည် အစိမ်းရောင်ဆိုးထားသည့်နှယ်။ ယင်းကား လှပသလို တုန်လှုပ်ဖွယ်မြင်ကွင်းတည်း။
သို့ပေမည့် ဝမ်လင်း၏အမြင်၌ ဝဲကတော့အတွင်းနက်ပိုင်း၌ ထိုအစိမ်းရောင်အလင်းက မိုးကြိုးတန်းကြီးတစ်ခုအသွင် ဖြစ်ပေါ်နေခြင်းပင်။ ၎င်းထံမှ သည်လောကမှ မပိုင်ဆိုင်သည့် ထူးခြားသောအော်ရာတစ်ခုကို ပေးစွမ်းသည်။
၎င်းသည် မည်သည့်နေရာကလာမှန်း မသိရဘဲ ဝမ်လင်း၏ ဖိဆန်မာန်သွင်းသံနှင့်အတူ ဝဲကတော့တွင်းမှ ထိုးထွက်လာ၏။ ၎င်းမှာ ကြမ်းကြုတ်သော အစိမ်းရောင်နဂါးတစ်ကောင်အလား ဝမ်လင်းကို ဝါးမြိုပစ်ချင်သည့်နှယ် ထင်မှတ်ရသည်။
၎င်းသည် ဝမ်လင်းကို ဝါးမြိုလို၏။ ကောင်းကင်ဘုံကိုဖိဆန်မည့် တတိယအဆင့်ကျင့်ကြံသူတစ်ယောက်၏ တည်ရှိမှုကို ဖျက်စီးပစ်ချင်နေသည်။
ဝမ်လင်းသည် သူ့အထက်ရှိ ဝဲကတော့ကို အေးစက်စက် ကြည့်ကာ တည်ငြိမ်နေ၏။ သူ့အကြည့်သည် အစိမ်းရောင်မိုးကြိုးထံ မြဲမြံစွာ ကျရောက်နေပြီး သူ့မျက်လုံးတို့ အရောင်တောက်လာ၏။
“ဒီနေ့…ငါ ဝမ်လင်းဟာ နတ်ဘုရားပြစ်ဒဏ်အပေါ်မှာ ပြစ်ဒဏ် ထပ်ဆင့်မယ်။ ဒီပထမဆုံးနတ်ဘုရားပြစ်ဒဏ်ကို ငါ့ရဲ့ ဆန္ဒမိုးကြိုးနတ်ဘုရားပြစ်ဒဏ်လို့ အမည်တပ်တယ်…” ဝမ်လင်းသည် ထိုသို့ ပြောရင်း သူ့ထံမှ မိုးကြိုး ပေါက်ကွဲထွက်လာကာ အရူးအမူး ပျံ့လွင့်၏။ ချက်ခြင်းပင် ဝမ်လင်း၏အထက်၌ ဧရာမမိုးကြိုးအမှတ်အသားပေါ်လာသည်။
ထိုမိုးကြိုးအမှတ်အသားသည် အစိမ်းရောင်မိုးကြိုးနှင့် လုံးဝ ခြားနားပေ၏။ ၎င်းသည် အနီရောင်၊ သွေးနီရောင် ရှိသည်။ ထိုသွေးနီရောင်အလင်းသည် အတိုင်းမသိအနီရောင်အလင်းတောက်ပမှုကို ပေးစွမ်းကာ ဝမ်လင်း ပိုင်ဆိုင်သော မိုးကြိုးနတ်ဘုရားပြစ်ဒဏ်သို့ ပြောင်းလဲ၏။ အနီရောင်မိုးကြိုးသည် လောကကိုပါ အရောင်များ ပြောင်းလဲစေသည်။ တိမ်စိုင်များ နောက်သို့ လွင့်ကန်သွားပြီး တောက်ပသောလေဟာနယ်တစ်ခွင်လုံး တုန်ယင်လေ၏။
ဝမ်လင်းက သူ့ညာလက်ကို ပင့်မြှောက်လိုက်ပြီး ဆင်းသက်လာသော အစိမ်းရောင်ကောင်းကင်ဘုံမိုးကြိုးထံ လက်ညွှန်၏။ အနီရောင်မိုးကြိုးအမှတ်အသား တုန်ယင်လာကာ ကောင်းကင်ဘုံမိုးကြိုးတန်းအဖြစ် ပြောင်း၍ အထက်သို့ ထိုးထွက်သွားသည်။
ထိုမြင်ကွင်းမှာ အလွန်တုန်လှုပ်ဖွယ် ကောင်း၏။ အဝေးမှ ကြည့်ပါက အစိမ်းရောင်မိုးကြိုးနှင့် အနီးရောင်မိုးကြိုးတို့သည် အံ့မခန်းအမြန်နှုန်းဖြင့် တစ်ခုထံတစ်ခု တိုးဝင်လာသည်ကို တွေ့မြင်ရလိမ့်မည်။
မည်သည့်မိုးကြိုးက နတ်ဘုရားပြစ်ဒဏ် ဖြစ်သနည်းကို ပြောနိုင်ဖို့ငှာ မဖြစ်နိုင်တော့ပေ။ ကောင်းကင်ဘုံက ဝမ်လင်းကို အပြစ်ပေးသည်လော၊ သို့မဟုတ် ဝမ်လင်းက ကောင်းကင်ဘုံကို အပြစ်ပေးသည်လော ပြောနိုင်ဖို့ ခက်ခဲလှ၏။
ချက်ခြင်းပင် မိုးကြိုးတန်းနှစ်ခုသည် ကျယ်လောင်စွာ မြည်ဟည်း၍ ထိပ်တိုက်တွေ့ကာ ပြင်းထန်သောဖိသိပ်အားကို ဖန်တီးသည်။
ဥက္ကာပျံနှစ်စင်းက တစ်ခုနှင့်တစ်ခု ဝါးမြိုချေဖျက်သည်နှင့် အလားသဏ္ဌာန်တူနေ၏။ မိုးကြိုးတုန်ဟည်းသံများ ပဲ့တင်ထပ်နေရင်း အစိမ်းရောင်မိုးကြိုးသည် မြန်ဆန်စွာ လွင့်ပါး ပျောက်ကွယ်၏။ စက္ကန့်ပိုင်းမျှ ကြာပြီးနောက် ၎င်းသည် အတော်လေး ကြုံ့သွားကာ ရှေ့ဆက် မတိုးနိုင်တော့ပေ။ ထို့နောက် ၎င်းသည် ဝမ်လင်း၏အနီရောင်မိုးကြိုး၏ ဝါးမြိုခြင်း ခံလိုက်ရသည်။
သို့ပေမည့် ထိုအခိုက်၌ ဆန့်ကျင်ဘက်အရပ်ရှိ ဝဲကတော့သည် ရုတ်တရက် စတင် လှည့်ပတ်၏။ မိုးကြိုးတုန်ဟည်းသံများ ပဲ့တင်ထပ်လာပြန်ကာ နောက်ထပ်အစိမ်းရောင်မိုးကြိုးတန်းတစ်ခု ပေါ်လာသည်။ ၎င်းသည် ပထမမိုးကြိုးနှင့် ပေါင်းစပ်၍ ဝမ်လင်း၏ အနီရောင်မိုးကြိုးတန်းပေါ်သို့ ဖိသိပ်ကျလာသည်။
ထိုတစ်ခုတည်း မဟုတ်၊ သုံးခုမြောက်၊လေးခုမြောက်၊ငါးခုမြောက်မှသည် ကိုးခုမြောက်ထိ မိုးကြိုးတန်းများ တစ်ခုပြီးတစ်ခု ပေါ်လာကာ ပထမဆုံးအစိမ်းရောင်မိုးကြိုးနှင့် ပေါင်းစပ်သည်။ အဆုံးမဲ့မိုးကြိုးတို့က သည်လောကကို ဖျက်စီးပစ်တော့မည့်အလား။
ဝမ်လင်း၏အနီရောင်မိုးကြိုးမှာ ရုတ်တရက် ချဲ့ကားလာသော အစိမ်းရောင်မိုးကြိုးအောက်၌ မြန်ဆန်စွာ လွင့်ပါးလာသည်။
မိုးကြိုး ပြည့်နှက်နေသော တုန်လှုပ်ဖွယ်လှိုင်းတစ်ခုက အဘက်ဘက်သို့ ပျံ့လွင့်ပြီး တိမ်စိုင်များထံ ပြန်ကန်ဝင်ရောက်၏။ ထိုအဖြစ်က တိမ်စိုင်များ အဝေးရှိ စစ်ထူနန်နှင့် တခြားသူများကို ထိတ်လန့်မှုအား ခံစားမိစေသည်။
သို့ပေမည့် ဤအဖြစ်သည် တစ္ဆေအိုကြီးကျန့်ကိုမူ တစ်စက်လေးမှ မလှုပ်ရှားစေပေ။ သူသည် တည်ငြိမ်စွာဖြင့် သူ့ရှေ့ရှိ ဖြစ်ပျက်သမျှကို ကြည့်နေ၏။ သူက ခေါင်းအနည်းငယ် ခါလိုက်၏။
“သူဟာ တတိယသူ မဟုတ်လောက်ဘူး။ သူသာ ဖြစ်ခဲ့ရင် သူဟာ ဒီလောက် အားနည်းမှာ မဟုတ်ဘူး။ ထားလိုက်ပါတော့လေ…ငါ တတိယသူကို နှစ်ပေါင်းမရေမတွက်နိုင်အောင် ရှာခဲ့ပြီးပြီး။ သူ့ကို တွေ့နိုင်ဖို့ ဘယ်လွယ်ပါ့မလဲ…” တစ္ဆေအိုကြီးကျန့်က သက်ပြင်းချလိုက်ပြီး တိမ်စိုင်များထံမှ သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်၏။ သူသည် စိတ်မဝင်စားတော့သည့်ဟန်ဖြင့် ထွက်သွားရန် ပြင်သည်။
သို့ပေမည့် သူ့ လှည့်ထွက်တော့မည့်အချိန်မှာပင် သူ အံ့အားတသင့် ဖြစ်သွားကာ ရုတ်တရက် ပြန်လှည့်ကြည့်သည်။ သူ့ စိတ်ပျက်လက်ပျက်ဖြစ်သွားဟန်ရသော မျက်လုံးတို့မှာ တောက်ပလာ၏။
မြူများအတွင်းနက်ပိုင်း၌ ဝမ်လင်း၏ဆံပင်ဖြူများသည် လေမတိုက်ပါဘဲ လှုပ်ရှားနေ၏။ အနီရောင်မိုးကြိုး လွင့်ပါး ပျောက်ကွယ်သွားချိန်၌ အတိုင်းမသိ ကြီးမားသော အစိမ်းရောင်မိုးကြိုးတန်းက ဖျက်စီးခြင်းစွမ်းအားအပြည့်ဖြင့် သက်ဆင်းလာလေပြီ။ ဝမ်လင်းသည် ခြေတစ်လှမ်းလှမ်းကာ ပျောက်ကွယ်သွားသည်။ ထို့နောက် သူသည် အစိမ်းရောင်မိုးကြိုးတန်း၏အောက်တွင် ပြန်ပေါ်လာသည်။
သူ့ညာလက်ကို ပင့်မြှောက်၍ အဆုံးမဲ့အစိမ်းရောင်မိုးကြိုးတန်းကို ညင်သာစွာ ဖိနှိပ်လိုက်သည်။
“ဒီမိုးကြိုး ဘယ်နေရာကနေ ရောက်လာတာလဲ ငါ မသိဘူး။ ငါ ဝမ်လင်းဟာ မိုးကြိုးအနှစ်သာရကို နားလည်ပြီး မိုးကြိုးအားလုံးရဲ့ အရှင်သခင်ပဲ။ မင်း ငါ့ကို နာခံချင် နာခံ ဒါမှမဟုတ်ရင် ဖျက်စီးခံရမယ်…”
အချိန်သည် ရပ်တန့်သွားသလား ထင်မှတ်ရကာ ထာဝရပုံရိပ်တစ်ခု ဖြစ်လာသည့်နှယ်။ ထိုပုံရိပ်ထဲ၌ ဝမ်လင်း၏ဆံပင်ဖြူတို့က လွင့်ဝဲနေပြီး သူ့လက်ကို ပင့်မြှောက်၍ မိုးကြိုးတန်းကိုးခုမှ ဖြစ်ပေါ်လာသော အစိမ်းရောင်ကောင်းကင်ဘုံအိုးကြိုးကို ထိလိုက်ရာ ၎င်းသည် ကျဆင်းနေရာကနေ ရပ်တန့်သွားလေသည်။
အစိမ်းရောင်မိုးကြိုး၏ ရှေ့၌ သူ၏ခန္ဓာကိုယ်မှာ သေးနုပ်လှသည်။ သို့သော် သူ့လက်ဖြင့် ၎င်းကို ထိလိုက်သည့်အခါတွင်မူ သူသည် ထိုမိုးကြိုးတန်း၏စိတ်ဝိညာဉ်ကို စုပ်ယူလိုက်သည့်အလား။
သူသည် မျက်လုံးမှိတ်လိုက်၏။ သူ့အမူအရာမှာ တည်ငြိမ်စွာ ရှိနေသည်။ သူသည် အစိမ်းရောင်မိုးကြိုးတန်း၏ အညံ့မခန့်သည်စိတ်ဆန္ဒနှင့် ဟိန်းအော်သံကို ခံစားမိပေသည်။ သူသည် ထိုမိုးကြိုး၏ ရုန်းကန်မှုကိုလည်း ခံစားမိသည်။
“ငါ နားလည်ပြီ…ဒီတော့ မင်း ပျက်စီးလိုက်တော့…” ဝမ်လင်းသည် ခပ်တိုးတိုး ဆိုလိုက်၏။ ထို့နောက် သူ့မျက်လုံးကို ပြန်ဖွင့်ကာ အစိမ်းရောင်မိုးကြိုးထံ လက်ဝေ့ယမ်းလိုက်သည်။
ထိုလက်ဝေ့ယမ်းမှုက အစိမ်းရောင်မိုးကြိုးတန်းကို တုန်ယင်သွားစေပြီးနောက် ဝမ်လင်း၏ရှေ့တွင် တိတ်တဆိတ် ပျက်စီးသွားစေသည်။
၎င်းသည် အစိမ်းရောင်အလင်းစက်များအဖြစ်သို့ ပြောင်းလဲသွားပြီး မရေမတွက်နိုင်သော အစိမ်းရောင်ပိုးစုန်းကြူးများကဲ့သို့ ပျံ့နှံ့ကုန်၏။ ထို့နောက် ၎င်းသည် တဖြည်းဖြည်း လွင့်ပါး ပျောက်ကွယ်ကာ ပြန့်ကြဲသွားသည်။
ဝမ်လင်းသည် ထိုပျောက်ကွယ်နေသော အစိမ်းရောင်မိုးကြိုးတန်းအတွင်း၌ ရပ်နေ၏။ သူ့ပုံရိပ်ကိုလည်း ခပ်ဝါးဝါး မြင်တွေ့ရနိုင်သည်။ သူသည် အထက်ရှိ ဝဲကတော့ထံ လက်ညွှန်ကာ သူ့ညာလက်ကို ညွှန်လိုက်သည်။
“ငါ့ ဆန္ဒနဲ့ ငါဟာ နတ်ဘုရားပြစ်ဒဏ်ကို ဖန်တီးပြီး ကောင်းကင်နဲ့မြေကြီးကို အပြစ်ဒဏ် ပေးမယ်…”
ချက်ခြင်းပင် အနီရောင်မိုးကြိုးတန်းသည် သူ့ဘယ်ဘက်ခြမ်း၌ ပေါ်လာကာ ဝဲကတော့ထံ တိုးဝင်သွားလေသည်။ ထို့နောက် ဒုတိယ၊တတိယမိုးကြိုးတို့ ဆက်တိုက် ဆက်တိုက် ပေါ်လာ၏။ မရေမတွက်နိုင်သော မိုးကြိုးတန်းများသည် ဝမ်လင်းကို ဗဟိုပြု၍ ထွက်ပေါ်လာကာ ဝဲကတော့ကို ရုန့်ရင်းစွာ ထိုးနှက်တိုက်ခိုက်၏။
တစ်သောင်းသော အနီရောင်မိုးကြိုးတန်းများက နတ်ဘုရားပြစ်ဒဏ်ကို ဒဏ်ခတ်နေလေပြီ။
ဝမ်လင်း၏ နတ်ဘုရားပြစ်ဒဏ်မိုးကြိုးက ဝဲကတော့ကို ဝုန်းဒိုင်းကြဲ တိုက်ခိုက်နေစဉ် ကျယ်လောင်စွာ တုန်ဟည်းသံတို့ ပဲ့တင်ထပ်၏။ ထိုအခါ ၎င်းဝဲကတော့သည် လွင့်ပါးပျောက်ကွယ်သွားတော့မည့်အလား ပါးလှပ်လာသည်။ အဆုံးသပ်၌ ကောင်းကင်ထက်ရှိ ဝဲကတော့သည် လွင့်ပါးကာ ပျောက်ကွယ်သွားလေသည်။
သို့ပေမည့် ထိုဝဲကတော့ ပျောက်ကွယ်သွားသည့်နေရာ၌ ဧရာမအက်ကြောင်းတစ်ခု ပေါ်လာ၏။ ထိုအက်ကြောင်းသည် ပေထောင်သောင်းချီ ရှည်လျားပြီး မိုးကြိုးတုန်ဟည်းသံများကို ထုတ်လွှတ်နေ၏။ ပလ္လင်တစ်ခုနှင့် တူသော လေးထောင့်စပ်စပ် နန်းတော်တစ်ခုသည် ဖြည်းဖြည်းချင်း ထွက်ပေါ်လာလေ၏။
၎င်း ပေါ်လာသည်နှင့် တုန်ဟည်းသံတို့ ပို၍ ကျယ်လောင်လာသည်။ ချက်ခြင်းပင် ထိုပလ္လင်တစ်ဝက်ခန့် ထွက်လာရာ ၎င်း၏ထောင့်လေးခုလုံး လှစ်ဟပေါ်သည်။ ဝမ်လင်းသည် ထိုပလ္လင်နန်းတော်၏ အလယ်၌ ထိုင်နေသော ဝိုးတဝါးပုံရိပ်တစ်ခုကို တွေ့မြင်သည်။ ထိုပုံရိပ်၏ ပတ်လည်ရှိ ပလ္လင်၌ ဓားလေးလက် ထိုးစိုက်နေသည်။
“ငါ့ စိတ်ဆန္ဒနဲ့ နတ်ဘုရားပြစ်ဒဏ်မီး စတင်မယ်။ ကောင်းကင်နဲ့မြေကြီးကို လောင်ကျွမ်းမယ်…” ဝမ်လင်း၏ဘယ်မျက်လုံးမှ မီးအမှတ်အသားသည် တလက်လက် ဖြစ်ပေါ်သည်။ ထို့နောက် သူ့ပတ်လည်၌ မီးများ ဝန်းရံလာပြီး အစွမ်းထက်မီးတောက်များ ဖြစ်ပေါ်သည်။
ဝမ်လင်းသည် သူ့ဘယ်လက်ကို အထက်သို့ ညွှန်လိုက်ရင်း သူ့ပတ်လည်ရှိ မီးတောက်များမှာ ရုတ်ချည်း ပျံ့နှံ့သည်။ ပေတစ်ထောင်၊ တစ်သောင်း၊ တစ်သိန်း၊ တစ်သိန်းထိ…။
မီးသည် ဝမ်လင်း၏အတွေးတစ်ချက်ဖြင့်ပင် ပျံ့နှံ့သွားခြင်းပင်။ ထိုအခိုက်၌ ပေတစ်သန်းသော မီးတောက်ပင်လယ်သည် ဝမ်လင်း၏လက်ညွှန်ချက်နှင့်အတူ အထက်သို့ ပျံသန်းတက်လေ၏။
စက္ကန့်ပိုင်းအတွင်း ပတ်ဝန်းကျင်ရှိ တိမ်စိုင်များအားလုံးမှာ မီးတောက်များကြောင့် လင်းထင်းသွား၏။ အထက်ရှိ အက်ကြောင်းသည်လည်း မီးအတွင်း၌ အလုံးစုံလှစ်ဟ ပေါ်လာသည်။ ၎င်းသည် မိုးကြိုးတုန်ဟည်းသံနှင့် ကွာခြားသည်။ မီးလောင်ကျွမ်းသံများ မြည်၏။ အပူလှိုင်းများ အဘက်ဘက်သို့ ပျံ့လွင့်သည်။
ဝမ်လင်း၏မျက်လုံးထဲ၌ အေးစက်မှု ဖြတ်ပြေးသွားသည်။ သူသည် သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းကာ ရှေ့သို့ ခြေလှမ်းသည်။ သူသည် ပလ္လင်ထောင့်လေးခုထဲမှ တစ်ခု၏ ဘေးနားရှိ အက်ကြောင်းအနီးအနားမှ မီးပင်လယ်အတွင်း ပေါ်လာလေသည်။ ထို့နောက် သူက ညာလက်ကို မြှောက်ကာ ထိုပုလ္လင်ပေါ်တွင် ထိုင်နေသော ဝိုးတဝါးပုံရိပ်ထံ ရိုက်ချလိုက်သည်။
သူ ဖိရိုက်ချလိုက်ရင်း သူ့လက်ကို လက်သီးအသွင်ဆုပ်၍ တစ်ခုခုကို ဖမ်းဆုပ်လိုက်သည့်နှယ်။
“ကံမ္မလက်ဝါး…”
***