စိတ်ကူးယဉ်လား၊ အမှန်တကယ်လား နတ်ဘုရားပြစ်ဒဏ်
Vol. 122 Ch. 1680
သူ့လက်ဝါးကို ဖြန့်လိုက်ခြင်းသည် ကံမ္မအကြောင်းရင်း လက်ဝါးပြန်ဆုပ်လိုက်ခြင်းသည် ကံမ္မအကျိုးဆက်ပင်။ ထိုကံမ္မလက်ဝါးသည် ထိုးထွက်သွားရာ ပလ္လင်သည် တုန်ခါလေ၏။ အက်ကြောင်းတွင်းမှ ထွက်လာသော ထောင့်နှစ်ထောင့်သည် ကျယ်လောင်စွာ ပေါက်ကွဲသံ ထွက်ပေါ်သည်။
အက်ကြောင်းမြောက်များစွာသည် ထိုအက်ကြောင်းနှစ်ခုပေါ်တွင် ပေါ်လာပြီးနောက် ယင်းတို့သည် ရုတ်တရက် ပျက်စီးသည်။ မရေမတွက်နိုင်သော အပိုင်းအစများ ပြန့်ကြဲကာ မီးကြောင့် ပြာဖြစ်သည့်အထိ လောင်ကျွမ်းလေသည်။
ထိုထောင့်နှစ်ခု ပျက်စီးသွားရုံဆို အံ့အားသင့်ဖွယ် မကောင်းသေးပေ။ သို့ရာတွင် ကံမ္မလက်ဝါး၏ ထိုးနှက်မှုအောက်၌ ထောင့်နှစ်ခုသာမက ဝိုးတဝါးပုံရိပ် ပတ်လည်ရှိ ဓားလေးလက်ပါ တုန်ခါလျက် တစီစီအသံများ ထွက်ပေါ်လာ၏။
ထိုဓားလေးမှ အော်ရာများသည် ဝမ်လင်း၏ ထုတ်ယူခြင်း ခံရကာ အခိုးအငွေ့လေးခု ထွက်လာသည်။ ယင်းတို့ကို မျက်လုံးဖြင့် မမြင်ရနိုင်ပေ။ နတ်ဘုရားအာရုံဖြင့်သည် တွေ့မြင်နိုင်သည်။ ထိုအခိုးအငွေ့အော်ရာလေးခုသည် ဝမ်လင်း၏လက်ထံ ပျံသန်းလာပြီး သူက ဖမ်းယူလိုက်သည်။
ထိုအော်ရာလေးခု ပျောက်ကွယ်သွားနေရင်း ဓားလေးလက်မှာ ယင်းတို့၏တောက်ပမှု ဆုံးရှုံးသွားလေ၏။ ၎င်းတို့သည် စိတ်ဝိညာဉ်မရှိတော့ဘဲ သာမန်ဓားများသာ ဖြစ်သွားသည်။
သို့ရာတွင် ထိုမျှနှင့် အဆုံးမသပ်သေးပေ။ ကံမ္မလက်ဝါးအောက်၌ မည်သည့်အနှစ်သာရမျှ မလွတ်မြောက်နိုင်ပေ။ ထိုမန္တာန်သည် အလွန်အမင်း လွှမ်းမိုးနိုင်စွမ်း ရှိ၏။ သာမန်လူများသည် ၎င်းမန္တာန်ကို ရှောင်ဖို့မှာ မဖြစ်နိုင်ပေ။
ပလ္လင်သည် အပြင်းအထန် တုန်ယင်လာကာ အော်ရာတစ်ခု ထုတ်နှုတ်ခံရသည့်ပုံ ပေါ်သည်။ ၎င်းသည် ပိုမိုပြင်းထန်စွာ တုန်ယင်လာ၏။ ပင့်ကူအိမ်အလား အက်ကြောင်းများသည် ပလ္လင်တစ်ခုလုံးတွင် ပျံ့နှံ့သည်။
အဖြစ်အပျက်များသည် မြန်ဆန်လွန်း၏။ ဝမ်လင်း၏ လက်နီးကပ်လာစဉ် သူ့မျက်လုံးထဲ၌ အေးစက်မှုတို့ လင်းလက်သည်။
“ပျက်စီးစမ်း…”
စကားတစ်ခွန်းဖြင့်ပင် ပလ္လင်ထံမှ ကြောက်မက်ဖွယ်တုန်ဟည်းသံ ထွက်ပေါ်လာသည်။ ၎င်း၏ကျန်တစ်ဝက်သည်ပင် အက်ကြောင်းတွင်းမှ ထွက်ပေါ်လာချိန်မရဘဲ ပျက်စီးသွားလေ၏။
မရေမတွက်နိုင်သော အစိတ်အပိုင်းများသည် မုန်တိုင်းတစ်ခုအသွင် ပြောင်းလဲသည်။ သို့သော် ထိုမုန်တိုင်း ပေါ်လာသည်နှင့် ပတ်ဝန်းကျင်ရှိ မီးများ၏ ဝါးမြိုခြင်း ခံလိုက်ရသည်။
ပျက်စီးသွားသော ပလ္လင်ထံမှ ဟိန်းအော်သံတစ်သံ ထွက်ပေါ်လာ၏။ ပလ္လင်ပေါ်တွင် အစောပိုင်းက ထိုင်နေခဲ့သော ဝိုးတဝါးပုံရိပ်က ထိုးထွက်လာ၏။ ထိုပုံရိပ်သည် မီးပင်လယ်ကို ဖြတ်သန်းကာ ဝမ်လင်းထံ ဦးတည်ဝင်လာသည်။
ထိုပုံရိပ်သည် ဝေဝါးနေဆဲပင်။ ၎င်းသည် ထိုးထွက်လာပြီးနောက် ၎င်း၏ပုံပန်းသွင်ပြင်ကို မြင်ရဖို့မှာ မဖြစ်နိုင်ချေ။ ထိုပုံရိပ်က ၎င်း၏လက်ကို ပင့်မြှောက်ကာ မန္တာန်တစ်ခုကို ခပ်ဖွဖွ ရေရွတ်လိုက်ပုံ ရသည်။ ၎င်း၏ညာလက်မှ အဝါရောင်အလင်းကို ထုတ်လွှတ်လာပြီး ဝမ်လင်းထံ ရိုက်ချသည်။
“ရှင်ခြင်း…” ဝမ်လင်းက အေးစက်စက်နှာခေါင်း ရှုံ့လိုက်၏။ သူသည် မရှောင်ပေ။ သူက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်ရာ သူ့ဘယ်လက်တွင် အဖြူရောင်အခိုးအငွေ့တို့ ဝန်းရံလာပြီး ထိုအဝါရောင်လက်ဝါးနှင့် ထိပ်တိုက်တွေ့သည်။ လက်ဝါးနှစ်ခု ထိပ်တိုက်တွေ့သည့်အခါ ကြောက်မက်ဖွယ် တုန်ဟည်း၏။ ထိုပုံရိပ်သည် နောက်သို့ ခြေလှမ်းများစွာ ဆုတ်သွားရလေ၏။
သာမန်ရှင်သန်ခြင်းအား၌ ထိခိုက်စေနိုင်သည့် စွမ်းရည်မျိုး မရှိပေ။ သို့သော် ဝမ်လင်းက သေခြင်းရှင်ခြင်းကို နားလည်ထားခဲ့ပြီး ဖြစ်၏။ ထိုအသက်ဓာတ်အားက ခုချိန်၌ သေဆုံးခြင်းကို ဖန်တီးနိုင်ဖို့ ထောက်ပံမှု ပြု၏။
“မင်းက ငါ့ကို ဒီလောက်ခွန်အားလေးနဲ့ တိုက်ခိုက်ရဲတယ်လား…” ဝမ်လင်းသည် လှုပ်ရှားလိုက်ရာ နောက်ဆုတ်နေသောပုံရိပ်ရှေ့တွင် ပေါ်လာ၏။ သူက အနက်ရောင်အခိုးငွေ့များ ဝန်းရံနေသော ညာလက်ကို ပင့်မြှောက်လိုက်သည်။ သူ ထိုပုံရိပ်နား ချဉ်းကပ်သွားကာ သူ့ညာလက်သည် ၎င်း၏ရင်ဘက်ပေါ်သို့ ကျရောက်သည်။
“သေဆုံးခြင်း…” ထိုသို့ ဖိနှိပ်လိုက်သည့်အခါ သူ၏ညာလက်ရှိ အနက်ရောင်အခိုးငွေ့များသည် ပုံရိပ်ထံ တရကြမ်း တိုးဝင်ကာ အစောပိုင်းတုန်းက အသက်ဓာတ်အားကို ဆွဲဆောင်၏။ ၎င်း၏အတွင်းရှိ ရှင်ခြင်းသေခြင်းအော်ရာသည် စက်ဝန်းတစ်ပတ် ပြည့်သွားကာ သေခြင်းရှင်ခြင်းချိပ်ဟန် ဖြစ်ပေါ်သည်။
ထိုအခါ ဝိုးတဝါးပုံရိပ်၏အတွင်း၌ ကျယ်လောင်စွာ မြည်ဟည်းသံ ပေါ်လာ၏။ ၎င်းသည် စတင် တုန်ယင်ကာ ရွှေရောင်လေများ အန်ထုတ်ရသည်။ ထိုပုံရိပ်သည် နောက်သို့ လွင့်ထွက်သွားကာ ပို၍ ဝေဝါးလာပြီး အနည်းငယ်ပင် လွင့်ပါးပျောက်ကွယ်ကာ ၎င်းထံမှ ထိတ်လန့်မှု၊မယုံကြည်နိုင်မှုတို့ လှစ်ဟပေါ်သည်။ ရှင်ခြင်းသေခြင်းချိပ်ဟန်သည် ထိုပုံရိပ်၏ ကိုယ်တွင်း၌ သောင်းကြမ်းလေရာ သူ၏ခန္ဓာကိုယ်သည် ပျက်စီးရလေပြီ။
အရင်တုန်းက ဝမ်လင်းကို ထိခိုက်စေခဲ့သော ကောင်းကင်ဘုံ၏တမန်တော်သည် ခုချိန်၌ အတော်လေး အားနည်းနေပြီ။ သူသည် ရိုက်ချက်တစ်ချက်ကိုပင် မခံနိုင်လေပေ။
“နတ်ဘုရားပြစ်ဒဏ်…နတ်ဘုရားပြစ်ဒဏ်ကို ငါ့အပေါ် သက်ရောက်စေဖို့ မင်းမှာ ဘာအရည်အချင်းများ ရှိလို့လဲ…” ဝမ်လင်း၏စကားလုံးများမှာ တည်ငြိမ်၏။ သို့သော် သူ့စကားများသည် တိမ်စိုင်များထံမှ ပျံ့လွင့်ကာ အရှင်တောင်ပိုင်းတိမ်၊စစ်ထူနန်နှင့် အပြင်ဘက်ရှိ ကျင့်ကြံသူထောင်ချီထံ ရောက်ရှိသွားလေသည်။
ထိုစကားတစ်ခွန်းဖြင့်ပင် အတွင်းနယ်မြေရှိ ကျင့်ကြံသူများ၏ သွေးများကို ဆူပွက်သွားစေဖို့ လုံလောက်သည်။ ထိုစကားမှာ အလွန်အမင်း မောက်မာလွန်း၏။ သို့သော် မည်သူကမျှ ၎င်းကို မေးခွန်းမထုတ်ကြပေ။
ဝမ်လင်းသည် ထိုသို့ ပြောနိုင်ရန် နှစ်ပေါင်းတစ်ထောင်ကျော် တောင့်ခံခဲ့ရ၏။ တင်းခံခဲ့ရ၏။ သူ နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ၌ ပထမဆုံး နတ်ဘုရားပြစ်ဒဏ်ကို ရင်ဆိုင်ခဲ့သည့်အချိန်မှစ၍ ယနေ့ထိ တောင့်ခံခဲ့ရသည်။ ခုချိန်၌ သူသည် ကောင်းကင်ထက်သို့ လက်ညှိုးထိုးကာ ၎င်းသည် သူ့ကို ဘာကြောင့် အပြစ်ပေးခွင့်ရှိသနည်းဟု မေးခွန်းထုတ်နိုင်လေပြီ။
ကောင်းကင်ဘုံက မည်သည့်အရည်အချင်းရှိ၍ လီမူဝမ်ကို ယူဆောင်သွားရသနည်းဟု သူ မေးနိုင်ပြီ။
ကောင်းကင်ဘုံသည် တခြားဖြစ်တည်မှုများကို အပြစ်ပေးဖို့ မည်သည့်အရည်အချင်း ပိုင်ဆိုင်သနည်းဟု သူ မေးနိုင်ပြီ။
ကျယ်လောင်စွာ တုန်ဟည်းသံများ မြည်ဟည်းနေ၏။ ကီလိုမီတာသန်းချီတိမ်စိုင်များသည် ငြိမ်ကျသွားသည့်အလား ထင်မှတ်ရသည်။ အက်ကြောင်းတွင်းမှ လူတစ်ယောက်၏ စိတ်နှလုံးကို လှုပ်ခါစေနိုင်သော ခပ်အုတ်အုတ်အသံများ ထွက်ပေါ်လာသည်။
ထိုအသံသည် ပို၍ ပြင်းထန်လာနေရင်း တိမ်စိုင်များသည် စတင် လှည့်ပတ်သည်။ ယင်းတို့ လှည့်ပတ်နေရင်း ဟိန်းမြည်သံမှာ ပိုသိပ်သည်းလာပြီး ပြင်းထန်သောဖိအားတစ်ခု ပျံ့လွင့်လာသည်။
ယင်းတို့လှည့်ပတ်နေရင်း မရေမတွက်နိုင်သော ဝိုးတဝါးပုံရိပ်များ တိမ်စိုင်များအတွင်း၌ ပေါ်လာ၏။ ထိုပုံရိပ်များမှာ စိတ်ဝိညာဉ်များအလား၊ ငြီးသံများ ထုတ်လွှတ်သည်။
မျက်စိတစ်မှိတ်အတွင်း ထိုတစ္ဆေဆန်သောပုံရိပ်များသည် ဝမ်လင်းပတ်လည်ရှိ ဧရိယာတွင် ပြည့်နှက်သည်။ သိပ်မကြာခင်တွင် ထိုပုံရိပ်များ ပို၍ ရှင်းလင်းလာကာ ဝမ်လင်းနှင့် ရင်းနှီးသော မျက်နှာများအဖြစ်သို့ ပြောင်းလဲသည်။
ထိုမျက်နှာများတွင် သူ့မိဘများ၊ သူ့ဦးလေးလေး၊ ဝမ်ကျိုး၊ ကျန်းဟူ၊ လျှိုမေနှင့် လီမူဝမ်တို့ ပါဝင်သည်။
ထျန်လီ၊ ထျန်ယွမ်နှင့် သူ့ရန်သူ၊ သို့မဟုတ် မိတ်ဆွေများဟု ယူဆ၍ရသော လူများပေါ်လာကာ သူတို့သည် ဝမ်လင်းထံ အဘက်ဘက်မှ တိုးဝင်လာကြသည်။
သူတို့နီးကပ်လာသည့်အခါ ဟိန်းအော်သံများနှင့် ညင်သာသောခေါ်သံများသည် တိမ်စိုင်များကြား ပြည့်နှက်ကာ ဝမ်လင်း၏စိတ်ထဲသို့ တရကြမ်း တိုးဝင်လာသည်။
ဝမ်လင်းသည် သူ့ထံ တိုးဝင်လာသော အနှီပုံရိပ်များကို ကြည့်၍ ငြိမ်သက်စွာ စဉ်းစားနေ၏။ သူက တစ်ယောက်နှင့်တစ်ယောက် ဖေးကူနေသော ဆံပင်ဖြူများနှင့် သူ့မိဘနှစ်ပါးကို မြင်သည်။ သူသည် သူတို့၏မျက်လုံးထဲရှိ မျက်ရည်များကို မြင်သည်။ သူတို့၏ အိုမင်းသောလက်တို့ဖြင့် သူ့မျက်နှာကို ထိတွေ့လိုသည့်အလား ပင့်မြှောက်လာသည်ကို မြင်သည်။
သူသည် လီမူဝမ်ကို မြင်သည်။ လီမူဝမ်သည် မျက်ရည်တို့ ရစ်သီနေသောအကြည့်ဖြင့် သူ့ကို ကြည့်နေ၏။ သို့သော် သူမမျက်နှာထက်တွင်မူ နွေးထွေးသောအပြုံးတစ်ခု ရှိသည်။ သူမသည် မျက်ရည်များ သုတ်ကာ ဝမ်လင်းထံ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာ၏။
သူသည် အနက်ရောင်အခိုးငွေ့များ ဝန်းရံထားသော ကလေးငယ်တစ်ယောက်ကို ပွေ့ချီထားသည့် လျှိုမေကို မြင်သည်။ ထိုကလေးငယ်၏ အော်သံမှာ စူးရှနေ၏။ သူသည် အတော်များများ၊ အရာအားလုံးကို တွေ့မြင်ပေသည်။
ထိုမြင်ကွင်းသည် အစစ်အမှန်ဆန်လွန်း၏။ ၎င်းမြင်ကွင်းတို့မှာ နတ်ဘုရားပြစ်ဒဏ်ကြောင့် ဖြစ်ပေါ်လာခြင်းပင်။ အစစ်အမှန်လား၊ အတုအယောင်လား ပြောနိုင်ဖို့မှာ ခက်ခဲလွန်းလှ၏။
သင်သည် ထိုအရာများအားလုံးကို အတုအယောင်ဟု ယုံကြည်ပါက ၎င်းတို့ကို ဖျက်စီးပစ်ချိန်၌ အစစ်အမှန်ဖြစ်နေသည်ကိုလည်း တွေ့ရှိကောင်း တွေ့ရှိသွားနိုင်သည်။ သင်သည် သင်ချစ်ရသော လူများ၏ နောက်ဆုံးလက်ကျန် စိတ်ဝိညာဉ်ကို ဒီလောကကနေ ဖျက်စီးပစ်မိသွားနိုင်သည်။
ဝမ်လင်းသည် ငြိမ်သက်စွာ စဉ်းစားနေရင်း ပုံရိပ်များစွာက သူ့ထံ နီးကပ်လာကြ၏။ ထိုပုံရိပ်များသည် သူ့ကို ဝန်းရံကာ သူ့ထံ ဆက်လက်ချဉ်းကပ်လာသည်။
ဝမ်လင်းသည် သက်ပြင်းချကာ ပတ်ပတ်လည်ရှိ ပုံရိပ်များကို အဓိပ္ပာယ်ရှိစွာ ကြည့်၏။ ထို့နောက် သူ မျက်လုံးမှိတ်လိုက်သည်။
သူသည် အမှန်နှင့်အမှားအနှစ်သာရကို နားလည်ခဲ့ပြီး ဖြစ်၍ သည်အရာက သူ့အပေါ် မည်သို့မျှ သက်ရောက်မှု မရှိတော့ပေ။ သူ မျက်လုံးမှိတ်လိုက်ချိန်၌ အရာအားလုံးသည် အတုအယောင်၊ မျက်လုံးပြန်ဖွင့်လိုက်ချိန်၌ အရာအားလုံးသည် အစစ်အမှန် ဖြစ်လာမည်ပင်။
သက်ပြင်းချကာ ဝမ်လင်းသည် မျက်လုံးထပ်မှိတ်လိုက်ပြီး သူ့ညာလက်ကို ဝေ့ယမ်း၏။ ထိုပုံရိပ်များသည် အစစ်အမှန်ဖြစ်စေ၊အတုအယောင်ဖြစ်စေ သူတို့ထံသို့ သူ လက်ဝေ့ယမ်းလိုက်လေပြီ။ ဖုန်မှုန့်သည် ဖုန်မှုန့်အဖြစ်သို့၊ မြေကြီးသည် မြေကြီးအဖြစ်သို့။ သူတို့သည် သူတို့လာခဲ့သော နေရာသို့ ပြန်သွားရလိမ့်မည်သာ။
“ကောင်းကင်ဘုံဟာ ငါ့ကို ဆန့်ကျင်ဖို့ ဒီလိုရက်စက်တဲ့နည်းလမ်းကို အသုံးပြုမှတော့ ငါလည်း အလားတူ ပြန်လုပ်မယ်။ ကောင်းကင်ဘုံ။ သင့်ရဲ့ မျက်လုံးကိုဖွင့်၊ ငါ့ထက်ပိုပြီး လူဘယ်လောက်များများက သင့်ကို အော်ဟောက်နေလဲဆိုတာ ကြည့်လိုက်…” ဝမ်လင်းသည် မျက်လုံး ဖွင့်လိုက်၏။ ထို့နောက် သူသည် ကောင်းကင်နှင့်မြေကြီးထံ လက်ညွှန်ကာ အော်ဟစ်လိုက်လေ၏။
သူ အော်ဟစ်နေရင်း သူ၏အမှန်နှင့်အမှားတာအိုသည် ရုတ်တရက် ပေါ်လာ၏။
တုန်ဟည်းနေသော တိမ်စိုင်များကြား ဝမ်လင်းသည် အော်ဟစ်နေရင်း ပုံရိပ်ယောင်ပုံရိပ်များစွာ ပေါ်လာလေ၏။ ထိုပုံရိပ်များသည် ဝမ်လင်း၏အမှန်အမှားတာအိုကြောင့် ဖြစ်ပေါ်လာခြင်းပင်။ သင်သည် သူတို့ကို အစစ်အမှန်ဟု ပြောလျှင် အစစ်အမှန်ဖြစ်မည်။ အတုအယောင်ဟု ပြောလျှင် အတုအယောင် ဖြစ်မည်။
ထိုပုံရိပ်များကြား၌ အမျိုးသမီးအလောင်းတစ်လောင်းကို ကိုင်ထားကာ ကောင်းကင်ဘုံထံ ဗလုံးဗထွေးအော်ဟစ်နေသော ကျောက်ရီ ပါဝင်သည်။
ထိုပုံရိပ်များကြား၌ ကောင်းကင်ဘုံကို လက်ညွှိုးထိုးကာ အရူးတစ်ယောက်လို ရယ်မောနေသော ပေဖန်လည်း ပါသည်။
ကောင်းကင်ဘုံကို အော်ဟစ်နေသော ချင်းရွှေလည်း ပါဝင်သည်။
ကောင်းကင်ဘုံကို ကျိန်ဆဲနေသော မောက်မာလှသည့် ထာဆန်လည်း ပါသည်။
ပုံရိပ်များ ပိုပိုများပြားလာလေ၏။
ထိုပုံရိပ်များကြား၌ ပြန့်ကြဲမိုးကြိုးကလန်အတွင်းရှိ ခုနစ်သန်းလောကများထံမှ မရေမတွက်နိုင်သောလူများလည်း ပါဝင်သည်။ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် သေဆုံးကာ အရှင်ပြန့်ကြဲစိတ်ဝိညာဉ်က သူ ယုံကြည်ခဲ့သော ကောင်းကင်ဘုံကို တွေ့မြင်ခဲ့ရချိန်၌ ရူးသွပ်စွာ အော်ဟစ်ခဲ့သည့် မြင်ကွင်းလည်း ပါသည်။
ဝမ်လင်း၏ အမှန်အမှားတာအိုအတွင်း မရေမတွက်နိုင်သော ပုံရိပ်များ ပေါ်လာ၏။ သူတို့၏ အော်သံဟစ်သံများသည် နတ်ဘုရားပြစ်ဒဏ်အမျိုးအစားတစ်ခုပင်။ ကောင်းကင်ဘုံ၏နတ်ဘုရားပြစ်ဒဏ်က ဝမ်လင်းအပေါ် ပုံရိပ်ယောင်တစ်ခု အသုံးပြုခဲ့သည် မဟုတ်လား။ ထို့ကြောင့် ဝမ်လင်းကလည်း တူညီစွာ ပြန်တုန့်ပြန်ခြင်းပင်။ သူသည် အမှန်အမှားတာအိုကို အသုံးပြု၍ တန်ပြန်သည့်အနေဖြင့် သူ့နတ်ဘုရားပြစ်ဒဏ်ကို ဖြစ်ပေါ်စေလိုက်ခြင်းပင်။
ကောင်းကင်ဘုံကို မကျေမနပ်ဟိန်းအော်နေသော အသံများ ပဲ့တင်ထပ်နေရင်း မမြင်ရသောအားတစ်ခုသည် အက်ကြောင်းတွင်းသို့ တရကြမ်း ဝင်ရောက်လာ၏။ သို့ပေမည့် ထိုအက်ကြောင်းအတွင်းကနေ မည်သည့်တုန့်ပြန်မှုမှ ရှိမနေပေ။ အတွင်းမှ ဟိန်းအော်သံသည် အနှောက်အယှက် မပေးခံရသည့်အလား။
“မလုံလောက်သေးဘူးလား…” ဝမ်လင်းသည် မျက်လုံးမှိတ်လိုက်ပြီး သူ့နတ်ဘုရားအာရုံကို အဘက်ဘက်သို့ ပျံ့စေသည်။ စက္ကန့်ပိုင်းအတွင်း သူ့နတ်ဘုရားအာရုံသည် တောက်ပသောလေဟာနယ်တခွင်လုံးသို့ ပျံ့နှံ့သည်။ သူ့နတ်ဘုရားအာရုံသည် ကျင့်ကြံခြင်းဂြိုဟ်တစ်ခုချင်းစီထဲ ဝင်ရောက်ကာ ဂြိုဟ်တိုင်း၏ စိတ်ဝိညာဉ်မှတ်ဉာဏ်များကို ကြည့်သည်။
ရှေးဟောင်းအချိန်များတည်းက တောက်ပသောလေဟာနယ်နယ်မြေတွင် နေထိုင်ခဲ့သော မည်သူမဆို သေမျိုးဖြစ်စေ၊ ကျင့်ကြံသူများဖြစ်စေ ကောင်းကင်ဘုံကို မော့ကြည့်၍ မကျေမချမ်း အော်ဟစ်ခဲ့သူများ ရှိသည်။ ဖြစ်နိုင်သည်မှာ မည်သူကမျှ သူတို့ကို မမြင်ခဲ့ကြပေ။ သူတို့ သေသွားခဲ့သည်မှာလည်း ကြာခဲ့လေပြီ။ သို့သော် သူတို့ ရှင်သန်နေထိုင်ခဲ့သော ဂြိုဟ်များကမူ သူတို့၏ မကျေမချမ်းအော်ဟစ်ခဲ့မှုကို မှတ်မိနေပေသည်။
ထိုအခိုက်၌ ဝမ်လင်း၏နတ်ဘုရားအာရုံက ၎င်းကို ခံစားမိသည့်အခါ ကောင်းကင်ဘုံကို မကျေမချမ်းအော်ဟစ်ခဲ့သည့်အဖြစ်မှာ သူ့အမှန်အမှားတာအိုနှင့်အတူ ဖွဲ့စည်းလာ၏။ ၎င်းသည် ကောင်းကင်ဘုံကို ပစ်မှတ်ထားသော နတ်ဘုရားပြစ်ဒဏ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
နတ်ဘုရားပြစ်ဒဏ်ကို ကိုယ်စားပြုသော ထိုအက်ကြောင်းသည် ပထမဆုံးအကြိမ်အဖြစ် တုန်ယင်လာကာ အတွင်းမှ အော်သံသည် ရုတ်တရက် ရပ်တန့်သွားသည်။
တစ်ချိန်တည်းမှာ တိမ်စိုင်များ၏ တခြားတစ်ဖက်၌ တစ္ဆေအိုကြီးကျန့်၏ မျက်လုံးသည် အရောင်တောက်လာ၏။ သူ့မျက်လုံးထဲ၌လည်း လောဘတို့ ပြည့်လျှံ့လာသည်။
“သူဟာ တတိယလူဖြစ်ဖို့ သုံးဆယ်ရာခိုင်နှုန်းလောက် ဖြစ်နိုင်တယ်…” တစ္ဆေအိုကြီးကျန့်က လျှာသပ်လိုက်၏။
***