တစ်ချက်လေးတောင် မခံနိုင်ဘူးလား…
Vol. 122 Ch. 1681
ဝမ်လင်းသည် သူ့အမှန်အမှားတာအိုကို အသုံးပြု၍ ပုံရိပ်ယောင်နတ်ဘုရားပြစ်ဒဏ်တစ်ခုကို ဖန်တီးလိုက်ခြင်းပင်။ မြူများအတွင်းမှ မရေမတွက်နိုင်သော ပုံရိပ်များသည် ရုန်းကန်အော်ဟစ်သံများ ထုတ်ဖော်၍ ဝမ်လင်း၏အထက်ရှိ အက်ကြောင်းအဟထံ ဦးတည်ကြသည်။
တောက်ပသောလေဟာနယ်တခွင်လုံး ကျယ်လောင်စွာ မြည်ဟည်းသံတို့ ပဲ့တင်ထပ်၏။ ဝမ်လင်း၏ပုံရိပ်ယောင်နတ်ဘုရားပြစ်ဒဏ်ဖြင့် ထိမှန်ခြင်း ခံရသော ထိုအက်ကြောင်းအဟသည် အပြင်းအထန် တုန်ခါ၏။ ဝမ်လင်းသည် ထိုအဟကို အေးစက်စက် စိုက်ကြည့်နေပြီးနောက် ၎င်းထံ တည်ငြိမ်စွာ လျှောက်လာသည်။
သူ့ခြေလှမ်းမှာ မမြန်ပေ။ သို့သော် ခြေလှမ်းတိုင်းက ကျယ်လောင်စွာ တုန်ဟည်းမှုကို မြည်ဟိန်းစေပြီး အက်ကြောင်းထံမှ တုန်ခါမှုတို့ ပို၍ ပြင်းထန်လာစေသည်။
ဝမ်လင်းသည် နတ်ဘုရားပြစ်ဒဏ်ကို စိုးကြောက်ခြင်း မရှိပေ။ သူသည် မဟာပညာရှိတစ်ယောက်၏ စိတ်နှလုံးကို ပိုင်ဆိုင်ထားပြီး ခွန်အားပြည့်အော်ရာတစ်ခု ရှိနေ၏။ ဒီလောကရှိ အရာအားလုံးသည် ညီမျှနေကာ နတ်ဘုရားပြစ်ဒဏ်သည်လည်း ခြွင်းချက် မရှိလေပေ။
“အရာအားလုံးမှာ အစကနဦးဆိုတာ ရှိတယ်။ ဒီနေ့ ဒီနတ်ဘုရားပြစ်ဒဏ် ဘာကြောင့် တည်ရှိနေရလဲ၊ ဘယ်လိုပုံစံ တည်ရှိမှုလဲ၊ ဘယ်နေရာက ရောက်လာခဲ့တာလဲကို ငါ မြင်ချင်တယ်…” ဝမ်လင်းသည် ထိုအဟထံသို့ နီးသထက်နီးအောင် လျှောက်လာ၏။
ထိုအဟနှင့် ပေတစ်သိန်းအတွင်း ရောက်လာသည့်အခါ၌ ၎င်းအက်ကြောင်းအဟထံမှ တောက်ပသောအလင်း ထွက်ပေါ်လာသည်။
တောက်ပသောအလင်း ဖြာထွက်လာစဉ် ထိုအဟထဲမှ သာမန်ဆန်လှသော ဖူချန်တုတ်တံ( ဝူတန်ဂိုဏ်း၊ကျန်းဆန်းဖုံး ကိုင်လေ့ရှိသော မြင်းမြီးတုတ်တံ) တစ်ခု ထွက်ပေါ်လာ၏။ ၎င်းမှာ ခုနစ်လက်မခန့်သာ ရှိသည်။ ၎င်း၏ လက်ကိုင်ကို ခရမ်းရောင်သစ်သား ဖြင့်ပြုလုပ်ထားပြီး အမျှင်ကမူ အဖြူရောင် ရှိလေ၏။ ထိုအမျှင်ပေါင်း သုံးထောင်သည် မဟာတာအိုသုံးထောင်၏ သင်္ကေတပင်။
ထိုအရာ အဟထဲမှ ပျံသန်းထွက်လာချိန်၌ ဝမ်လင်းထံ ညင်သာစွာ ဝေ့ယမ်း၏။ အမျှင်တန်းသုံးထောင်သည် ပြန့်ကြဲထွက်လာသည်။ မမြင်ရသောလှိုင်းတစ်ခုသည် ထိုဖူချန်တုတ်တံထံမှ ပျံ့လွင့်လာ၏။
လှိုင်းဂယက် ထွက်ပေါ်လာသည့်အခါ ဝမ်လင်း၏ခြေလှမ်းမှာ အနည်းငယ် ရပ်တန့်သွားပြီး သူ့မျက်လုံးသည် တောက်ပလာသည်။ ထို့နောက် သူသည် ရပ်တန့်သွားသော ခြေလှမ်းကို တုံ့ဆိုင်းခြင်းမရှိ ဆက်လှမ်း၏။ သူသည် ဥက္ကာပျံတစ်စင်းအလား ဖူချန်တုတ်တံထံသို့ ဦးတည် ရွှေ့လျားလာသည်။
လှိုင်းဂယက် ပျံ့နှံ့ကာ တိမ်စိုင်များကို ထွင်းဖောက်လာ၏။ ဝမ်လင်း နီးကပ်လာသည့်အခါ ထိုတုတ်တံ၏ အမျှင်တန်းသုံးထောင်ထဲမှ တစ်ခုသည် ၎င်းထံမှ ကွာထွက်ကာ အခိုးအငွေ့အလား။ ထိုတုတ်တံမှ အဖြူရောင်အမျှင်တန်းသည် မန္တာန်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားလေ၏။
ဆွဲငင်ခြင်းမန္တာန်။
တစ်ချိန်တည်းမှာ ဒုတိယမြောက် အဖြူရောင်အမျှင်တန်းသည် တုတ်တံထံမှ ကွာထွက်ကာ ဒုတိယမြောက်မန္တာန်တစ်ခုအဖြစ်သို့ ပြောင်းလဲသည်။ မီးလုံးမန္တာန်။
တတိယမြောက် အမျှင်တန်းသည်လည်း မြန်ဆန်စွာ လိုက်ပါလာပြီး သတ်ဖြတ်ခြင်းအော်ရာ အဖြစ်သို့ ပြောင်းလဲသည်။ ၎င်းအော်ရာသည် သတ်ဖြတ်ခြင်းဓားတစ်လက်အဖြစ်သို့ ပြောင်းလဲသည်။
လေးခုမြောက်၊ငါးခုမြောက်၊ ခြောက်ခုမြောက်။ စက္ကန့်ပိုင်းအတွင်း အဖြူရောင်အမျှင်တန်း ရာချီ ပျံသန်းထွက်လာ၏။ မရဏလက်ချောင်း၊ တစ္ဆေလောကလက်ချောင်း၊ မိစ္ဆာလက်ချောင်းနှင့် ဝမ်လင်း ပထမအဆင့်ကျင့်ကြံခြင်းနယ်ပယ်တွင် တွေ့မြင်ခဲ့ဖူးသော အခြားမန္တာန်များအဖြစ်သို့ ပြောင်းလဲလေ၏။
အဖြူရောင်အမျှင်တန်းရာချီ ထွက်ပေါ်လာပြီးနောက် အမျှင်တန်းသုံးထောင်အတွင်းမှ ကျန်သည့် အမျှင်တန်းများကပါ ကပ်ပါလာကာ မန္တာန်အမျိုးမျိုးအဖြစ်သို့ ပြောင်းသည်။ ယင်းမန္တာန်များထဲ၌ ချင်းရွှေ၏မန္တာန်၊ စစ်ထူနန်၏မန္တာန်၊ ပေဖန်၏ လေဆင့်ခေါ်ခြင်း၊ မိုးဆင့်ခေါ်ခြင်း၊ တောင်ခြေမွခြင်း စသဖြင့် မန္တာန်များပါ ပါဝင်နေသည်။
အဖြစ်အပျက်များသည် မြန်ဆန်လှ၏။ ထိုအမျှင်တန်းသုံးထောင်သည် ဝမ်လင်းဘဝတွင် သူ တွေ့မြင်ခဲ့ဖူးသော မန္တာန်သုံးထောင်အဖြစ်သို့ ပြောင်းလဲသွားလေသည်။
ယင်းမန္တာန်များထဲ၌ ချင်းလင်၊ တာအိုပညာရှင်ရေ၊ အရှင်လုဖူတို့၏ မန္တာန်များလည်း ပါဝင်သည်။ ရှေးဟောင်းကြယ်အဖွဲ့အစည်း၏ သခင်ငါးပါး၏မန္တာန်များနှင့် ပထမမျိုးဆက်၊ ဒုတိယမျိုးဆက် ဟင်္သာငှက်တို့၏ မန္တာန်များပင် ပါဝင်နေသည်။ တခြားလူများစွာ၏ မန္တာန်များလည်း အပါအဝင်ပင်။
အမျှင်တန်းသုံးထောင်၊ မဟာတာအိုသုံးထောင်၊ မန္တာန်သုံးထောင်။ ဝမ်လင်း၏မှတ်ဉာဏ်အတွင်းရှိ မန္တာန်အများစုမှာ သူ့ရှေ့တွင် ပေါ်လာလေသည်။
ထိုမန္တာန်သုံးထောင်မှာ ပြီးပြည့်စုံစွာ အတူတကွ ပေါင်းစပ်သွား၏။ ဖူချန်တုတ်တံ ဝေ့ယမ်းနေရင်း မန္တာန်များက ဝမ်လင်းပတ်လည်ရှိ ဟင်းလင်းပြင်ကို ဝန်းရံကာ သူ့ထံ နီးကပ်လာသည်။
မန္တာန်အနည်းငယ်၊ သို့မဟုတ် ရာချီဆို ပြဿနာ မဟုတ်သေးပေ။ မန္တာန်သုံးထောင်ဆိုလျှင်ပင် ဝမ်လင်းအတွက် ဘာမှ မဟုတ်လေပေ။ သို့ပေမည့် သည်တုတ်တံပေါ်ရှိ အမျှင်တန်းများမှ ဖြစ်ပေါ်သော မန္တာန်သုံးထောင်ကမူ ကောင်းကင်ဘုံစွမ်းအင်အော်ရာကို ပေးစွမ်းနေ၏။
ထို့အတွက်ကြောင့် ၎င်း၏စွမ်းအားသည် လောကကို လှုပ်ခါစေဖို့ လုံလောက်လေ၏။
ကောင်းကင်ဘုံစွမ်းအင်မှာ အတွင်းနယ်မြေ၏ ကောင်းကင်ဘုံနယ်မြေများမှ စွမ်းအင်များ မဟုတ်ပေ။ ရွှေရောင်သွေးစက်ကဲ့သို့ အစစ်အမှန်ကောင်းကင်ဘုံစွမ်းအင် ဖြစ်လေ၏။ ဝမ်လင်းသာ အရူးနှင့် မတွေ့ဆုံခဲ့ဘဲ အင်မောတယ်ခန္ဓာကိုယ်ကို မပိုင်ဆိုင်ခဲ့ဖူးပါက သူသည် ထိုမန္တာန်သုံးထောင်မှ ဖန်တီးလိုက်သော ဒီကောင်းကင်ဘုံစွမ်းအင်ကို သိနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။
ထိုအခိုက်အတန့်၌ သူသည် ဒီစွမ်းအင်ကို ခံစားမိကာ သူ့မျက်လုံးသူငယ်အိမ် ကြုံ့သွားမိ၏။ သူသည် သူ့ထံ နီးကပ်လာသော မန္တာန်သုံးထောင်ကို ကြည့်ကာ သူ့မျက်လုံးထဲ၌ သတ်ဖြတ်လိုစိတ် ပေါ်လာလေ၏။
“ဒီနတ်ဘုရားပြစ်ဒဏ်ဟာ ရှေးဟောင်းကောင်းကင်ဘုံနယ်မြေကနေ ရောက်လာခဲ့တာလို့ ငါ ခန့်မှန်းမိခဲ့ပြီးသား။ အခု ဒီလောက်သန့်စင်တဲ့ ကောင်းကင်ဘုံစွမ်းအင်ကို ငါ ခံစားမိနေတော့ ရှေးဟောင်းကောင်းကင်ဘုံနယ်မြေဟာ အင်မောတယ်ကောင်းကင်ဘုံနယ်မြေနှင့် ကြီးကြီးမားမား ဆက်နွှယ်နေတာ ရှင်းနေပြီ။
ထိုမန္တာန်သုံးထောင်သည် ညင်သာသော ရွှေရောင်အလင်းကို ထုတ်လွှတ်၍ ဝမ်လင်းထံ နီးကပ်ကာ ကျဆင်းလာသည်။
ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်ပြီး ကောင်းကင်နှင့်မြေကြီးကို လှုပ်ခါစေသည်။ ဝမ်လင်း၏ပုံရိပ်သည် ထိုညင်သာသော ရွှေရောင်အလင်း၏ ဖုံးလွှမ်းခြင်း ခံရကာ ထိုပုံရိပ်ကို ဆက်လက် ကြည့်မြင်ဖို့မှာ မဖြစ်နိုင်တော့ပေ။
တစ်ချိန်တည်းမှာ အဟအတွင်းမှ နောက်ထပ်အရာတစ်ခု ပျံသန်းထွက်လာ၏။ ၎င်းမှာ အလွှာကိုးထပ်စေတီတစ်ဆူ ဖြစ်၏။ ထိုစေတီသည် ရွှေရောင်ရှိကာ အတိုင်းမသိဖိအားကို ပေးစွမ်းသည်။ ၎င်းသည် ပျံသန်းထွက်လာရင်း ဖြန့်ကားလာ၏။ မျက်စိတစ်မှိတ်အတွင်း ၎င်းသည် ပေထောင်ချီ ရှည်လျားလာလေ၏။ ၎င်းသည် ရွှေရောင်အလင်းကို ပေးစွမ်းကာ ဝမ်လင်းထံ ပျံသန်းလာသည်။
အမျှင်တန်းသုံးထောင် ဖူချန်တုတ်တံသည် နတ်ဘုရားပြစ်ဒဏ်ပင် ဖြစ်၏။
စေတီဖြင့်ဖိနှိပ်ခြင်းမှာလည်း နောက်ထပ်နတ်ဘုရားပြစ်ဒဏ်ပင်။
ဝမ်လင်းကို ပစ်မှတ်ထားသော တတိယအဆင့် နတ်ဘုရားပြစ်ဒဏ်သည် အလွန်တရာ အစွမ်းထက်လှ၏။ ဝမ်လင်း၏ကျင့်ကြံမှုအဆင့်ကသာ နိဗ္ဗာနလေဟာနယ်အစောပိုင်းအဆင့်တွင်သာ ရှိနေပါက သူသည် ဤနေရာတွင်ပင် သံသယမရှိ သေဆုံးရပေလိမ့်မည်။
နိဗ္ဗာနလေဟာနယ်အထွတ်အထိပ်အဆင့်တွင် ရှိနေလျှင်ပင် ဒီနတ်ဘုရားပြစ်ဒဏ်ကြောင့် သူ သေဆုံးသွားရနိုင်သည်။
သူ့ စိတ်ဝိညာဉ်လေဟာနယ်အလယ်အဆင့် ကျင့်ကြံမှုဖြင့်ပင် သူသည် ပုံမှန်လို အနှစ်သာရတစ်ခုကိုသာ ပိုင်ဆိုင်ထားပါက ဒီနတ်ဘုရားပြစ်ဒဏ်ကို ဖြတ်ကျော် ရှင်သန်နိုင်ဖို့ အခွင့်အရေး ရှိလိမ့်မည် မဟုတ်ပေ။
အလွှာကိုးထပ်စေတီသည် ချက်ခြင်းပင် မန္တာန်သုံးထောင် ရှိနေသော နေရာသို့ ချက်ခြင်း ရိုက်ချလာ၏။ အရာအားလုံးမှာ ငြိမ်သက်တိတ်ဆိတ်သွားသည်။
တိမ်စိုင်များအပြင်ဘက်ရှိ အရှင်တောင်ပိုင်းတိမ်နှင့် တခြားသူများသည် ထိုငြိမ်သက်မှုကြောင့် တုန်လှုပ်မိကြ၏။ အရှင်တောင်ပိုင်းတိမ်သည် တိမ်စိုင်များကို စိုက်ကြည့်နေရင်း စိတ်ပူပန်လာသည်။
စစ်ထူနန်သည် ငြိမ်သက်စွာ စဉ်းစားနေပြီး တစ်ခုခု ဆိုးရွားတာ ဖြစ်လာတော့မည်ဟု ခံစားမိနေသည်။ သူသည် စကားတစ်ခွန်းမှ မဆိုဘဲ တိမ်စိုင်များထံ တရကြမ်း တိုးဝင်ချင်နေ၏။ သို့ပေမည့် သူ လှုပ်ရှားလိုက်ရုံရှိသေး အရှင်တောင်ပိုင်းတိမ်က လက်ဝေ့ယမ်းကာ စစ်ထူကို တားဆီးလိုက်သည်။
“အရှှှှှှှှှှှှှှှှှှှင်တောင်ပိုင်းတိမ်…သင် ငါ့ကို မတားပါနဲ့…” စစ်ထူနန်သည် ရုတ်တရက် လှည့်ကြည့်၏။ သူ့မျက်လုံးထဲတွင် ရူးသွပ်မှုတို့ ပြည့်နေသည်။ သူသည် စကား ပြောလိုက်ရင်း အရှင်တောင်ပိုင်းတိမ်ကို စိုက်ကြည့်သည်။ သူ့စကားလုံးများထဲ၌ ကြောက်မက်ဖွယ် သတ်ဖြတ်လိုစိတ်တို့ ပြည့်နှက်နေလေ၏။
သူသည် သူဟာ အရှင်တောင်ပိုင်းတိမ်၏ ပြိုင်ဘက် မဟုတ်မှန်း သိပေသည်။ သို့သော် ဤအခိုက်၌ သူသည် ဝမ်လင်း အန္တရာယ်နှင့် ရင်ဆိုင်နေရပြီဟု ခံစားမိသည်။ စစ်ထူနန်၏ စိတ်ဓာတ်အရ သူ့ဆရာချင်းလင် ဒီနေရာတွင် ရှိနေလျှင်ပင် သူသည် တွေဝေခြင်းမရှိ တိုက်ခိုက်မိပေလိမ့်မည်။
အရှင်တောင်ပိုင်းတိမ်သည် စစ်ထူနန် ပြောသည့်စကားကို အရေးမစိုက်ပေ။ ထိုအစား သူသည် အနည်းငယ် စဉ်းစားပြီးနောက် အလေးအနက် ပြောလိုက်သည်။
“ချိပ်ပိတ်နယ်မြေအရှင်ဟာ နတ်ဘုရားပြစ်ဒဏ်ကို ဖြတ်သန်းနေတာ။ ငါတို့ ကြားမဝင်သင့်ဘူး။ မင်း အတင်းအကြပ် သွားရင် သူ့ကို အကူအညီ မဖြစ်စေရုံသာမက အနှောက်အယှက်ပါ ဖြစ်သွားနိုင်တယ်…”
စစ်ထူနန်၏အကြည့်သည် တိမ်စိုင်များပေါ် စူးစိုက်ကျရောက်နေ၏။ သူသည် လက်သီးတင်းတင်း ဆုပ်မိ၏။ အနည်းငယ် စဉ်းစားပြီးနောက် သူ့ထံမှ ရှတတအသံ ထွက်ပေါ်လာသည်။
“ငါ အမွှေးတိုင်တစ်တိုင်ဝက်စာ အချိန်စောင့်မယ်။ အဲ့နောက်တော့ ဒီလိုပဲ ငြိမ်သက်နေအုံးမယ်ဆိုရင် ငါ အဲ့ကို သွားကိုသွားမယ်…”
အရှင်တောင်ပိုင်းတိမ်သည် စကားပြန်မဆိုပေ။ သူသည် တိမ်စိုင်များကို ကြည့်ကာ ပို၍ ပူပန်လာ၏။
တခြားတစ်ဖက်၌ တစ္ဆေအိုကြီးကျန့်ကမူ ပို၍ စိတ်လှုပ်ရှားလာ၏။ သူ့မျက်လုံးသည် တောက်ပလာကာ လျှာသပ်၍ သူ့ကိုယ်သူ ပြောလိုက်သည်။
“ဖူချန်တုတ်တံ၊ ကောင်းကင်ဘုံဖိနှိပ်ခြင်းစေတီ။ နောက်ထပ် ကံကြမ္မာချိပ်ပိတ်ခြင်းလက်စွပ်လည်း ပေါ်လာလောက်မယ်။ သူ ဒီလှိုဏ်ဂူလောကထဲ နတ်ဘုရားပြစ်ဒဏ်ကို ချမှတ်ခဲ့တဲ့အချိန်တုန်းက ဒီရတနာသုံးခုကို နတ်ဘုရားပြစ်ဒဏ်ထဲ ထည့်သွင်းထားခဲ့တယ်…” တစ္ဆေအိုကြီးကျန့်၏ စကားလုံးများသည် မမှန်းဆနိုင်ပေ။ တိမ်စိုင်များကို ကြည့်နေသော သူ့အကြည့်မှာ ပို၍ ထူးခြားလာသည်။
အချိန်သည် ဖြည်းဖြည်းချင်း ကုန်ဆုံးလာ၏။ အမွှေးတိုင်တစ်တိုင်ဝက်စာ အချိန်သည် စစ်ထူနန်အဖို့ နှစ်ပေါင်းများစွာလို ဖြစ်နေ၏။ အတွင်းနယ်မြေရှိ ကျင့်ကြံသူထောင်ချီမှာလည်း စိတ်ပူပန်လာကာ သူတို့စိတ်ထဲ၌ မကောင်းသောခံစားချက် ရနေသည်။
“ချိပ်ပိတ်နယ်မြေအရှင်ဟာ သူ့နတ်ဘုရားပြစ်ဒဏ် ကပ်ဘေးမှာ ရှင်သန်နိုင်လောက်မှာပါ…”
“မဖြစ်နိုင်ဘူး။ သူ မကျရှုံးနိုင်ဘူး…”
“တိတ်ဆိတ်သွားတာ တော်တော်ကြာနေပြီ။ တိမ်စိုင်တွေရဲ့ အထဲမှာ ဘာတွေများ ဖြစ်ပျက်နေတာလဲ…”
ကျင့်ကြံသူထောင်ချီ၏ စိတ်ထဲ၌ ထိတ်လန့်မှုတို့ စတင် ပေါ်လာသည်။ စစ်ထူနန်သည် သူ့ကိုယ်သူ မနည်း ထိန်းချုပ်နေရ၏။ အမွှေးတိုင်တစ်တိုင်ဝက်စာ အချိန် ကုန်လွန်သွားသည်နှင့် စစ်ထူနန်က တိမ်စိုင်များထံ တိုးဝင်ရန် ဟန်ပြင်လိုက်စဉ် ကောင်းကင်တုန်လှုပ်ဖွယ် မြည်ဟည်းသံ ပဲ့တင်ထပ်လေသည်။
တိမ်စိုင်များအတွင်းပိုင်း၌ စေတီသည် ရုတ်ချည်း တုန်ယင်လာသည်။ ထိုစေတီအတွင်းမှ မြည်ဟည်းသံများ ထွက်ပေါ်သည်။
ထိုစေတီအတွင်း၌ ဗရမ်းဗတာများ ဖြစ်ပျက်နေ၏။ ဝမ်လင်း၏ခန္ဓာကိုယ်ကို မန္တာန်သုံးထောင်က ဝန်းပတ်ထားသည်။ ယင်းတို့သည် သူတို့၏မူလအသွင် အမျှင်တန်းများအဖြစ်သို့ ပြန်ပြောင်းကာ ဝမ်လင်းကို ချိပ်ပိတ်ထားသည်ဟု ထင်မှတ်ရသည်။
စေတီအတွင်း၌ ရွှေရောင်အလင်းမှာ အတော်လေးကို လွှမ်းမိုးနိုင်စွမ်း ရှိနေသည်။ ထိုအလင်းက ဝမ်လင်းကို သန့်စင်ပစ်ချင်နေသည်။ ကောင်းကင်ဘုံစွမ်းအင်ကို သုံး၍ ဝမ်လင်းကို အရည်ဖျော်ပစ်ချင်နေသည်။
သို့ပေမည့် ထိုနတ်ဘုရားပြစ်ဒဏ်သည် ဝမ်လင်း၏မျက်ခုံးနှစ်ခုကြား အသန့်စင်ဆုံး ကောင်းကင်ဘုံသွေးမျိုးဆက် ရှိနေသည်ကိုမူ မသိလေပေ။
“ဒီနတ်ဘုရားပြစ်ဒဏ်လို့ခေါ်တဲ့ဟာက မန္တာန်သုံးခုပဲ ရှိတာလား။ ဒါဆိုရင် ဒီပြစ်ဒဏ်ဟာ ပျော့လွန်းတယ်…” ဝမ်လင်းသည် အမျှင်တန်းသုံးထောင်၏ ထွေးပတ်ထားခြင်း ခံရသည်။ သူသည် ခေါင်းယမ်းကာ ဆက်ခနဲ မော့လိုက်၏။ သူ့မျက်ခုံးနှစ်ခုကြားရှိ ရှေးဟောင်းနတ်ဘုရားကြယ်များသည် အလျင်အမြန် စတင် လည်ပတ်လာသည်။ သူ၏ခန္ဓာကိုယ်တွင်းရှိ ရှေးဟောင်းနတ်ဘုရားစွမ်းအားသည် မြင့်တက်လာကာ သူ့ခန္ဓာကိုယ်မှာ မြန်ဆန်စွာ ကြီးမားလာ၏။
ပေတစ်ရာ၊ ပေသုံးရာ၊ ပေတစ်ထောင်…။ သူသည် ပေထောင်ချီထိ ကြီးမားလာ၏။ သူ့ပတ်လည်ရှိ အမျှင်များသည် ဆန့်ထွက်ခြင်း ခံရကာ အချို့ဆို ပြက်ထွက်ကုန်သည်။ ဝမ်လင်းသည် ရှေးဟောင်းနတ်ဘုရားအသွင်သို့ ပြောင်းလဲလိုက်သည်နှင့် သူ၏ရှေးဟောင်းနတ်ဘုရားစွမ်းအား ပျံ့နှံ့လာကာ ထိုအမျှင်တန်းအားလုံးကို ပျက်စီးသွားစေသည်။
“တစ်ချက်တောင် မခံနိုင်ဘူးလား…” ဝမ်လင်းသည် ခေါင်းယမ်းကာ အထက်သို့ ခြေလှမ်းလိုက်သည်။ သူ့ညာလက်ဖြင့် လက်သီးဆုပ်ကာ သူသည် စေတီထိပ်သို့ လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။
***