သိသာလာသည့် လျှို့ဝှက်ချက်
Vol. 25 Ch. 338
အခန်း (၃၃၈) : သိသာလာသည့် လျှို့ဝှက်ချက်
ကောင်းကင်ဘုံဗိမာန် ကမ္ဘာ၊ မရဏနယ်မြေ
ဝမ်ဝေ့နှင့် ဆက်သွယ်ပြီးသည့်နောက်တွင် လီကျွင်းက သေခြင်းတရား နတ်ဘုရား၏ ပြဿနာကို ဖြေရှင်းဖို့အတွက် ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် သူက ဝမ်ကျူအား ဆက်သွယ်ကာ သူမဆီမှ အဖြေကို ရယူခဲ့သည်။ သို့သော်လည်း သူမက ချက်ချင်း ဘာမှထုတ်မပြောနိုင်ဘဲ သူနှင့် ယန်းလီလင်းကို သေခြင်းတရားနတ်ဘုရား၏ ကောင်းကင်ဘုံဗိမာန်ဆီ ခေါ်ဆောင်သွားလေသည်။
သေခြင်းတရား နတ်ဘုရား၏ ကောင်းကင်ဘုံဗိမာန်က ကမ္ဘာငယ်အရွယ်အစား ဖြစ်၏။ ထိုအထဲတွင် တောအုပ်များ၊ တောင်တန်းများ၊ မြစ်ချောင်းများ၊ မြို့များ အစရှိသဖြင့် ရှိထားသည်။ လူဦးရေလည်း တည်ရှိပြီး စည်ပင်ပေါများလှသည်။ အထဲရှိလူအားလုံးက သေခြင်းတရား နတ်ဘုရားကို ကိုးကွယ်ကြလေသည်။ ပြောရလျှင် သူတို့က သေခြင်းတရားနတ်ဘုရား တစ်ဦးတည်းကိုသာ ကိုးကွယ်ကြ၏။
အဖွဲ့က စုံစမ်းစစ်ဆေးပြီးသည့်နောက်တွင် ထိုဘုံဗိမာန်ကို ကုန်းမြေနှစ်ခု ခွဲခြားထားကြောင်း သိလိုက်သည်။ တစ်ခုတွင် သေခြင်းတရား နတ်ဘုရားသည် ပြင်ဘက်ကမ္ဘာမှ သူ့ယုံကြည်သူများကို ထားရှိထားသည်။ သူတို့က သူ့ယုံကြည်သူ နတ်ဘုရားများ သို့မဟုတ် သေမျိုးများ ဖြစ်နေသရွေ့ ထိုနေရာတွင် နေထိုင်ရလိမ့်မည်။ အတိအကျဆိုရလျှင် သေမျိုး၏ ဝိညာဉ်က ထိုကုန်းမြေပေါ်တွင် တည်ရှိနေခြင်း ဖြစ်၏။ သူတို့၏ သေဆုံးမှုအပြီးတွင် သူတို့၏ ယုံကြည်မှု အဆင့်အတန်းအရ သူတို့၏ ဝိညာဉ်က ဤကုန်းမြေပေါ်တွင် ထာဝရအသက် ရရှိနိုင်လေသည်။
ထိုစဉ် တခြားကုန်းမြေတွင် သေခြင်းတရား နတ်ဘုရားက အသက်ရှင်သည့် သေမျိုးများကိုသာ ခွင့်ပြုထားသည်။ ထိုသေမျိုးများ၏ ထူးခြားနေသည့် အချက်မှာ သူတို့က သေခြင်းတရား နတ်ဘုရားသည် သူတို့ကမ္ဘာ၏ ဖန်တီးသူဖြစ်ကြောင်း ယုံကြည်ထားသူများ ဖြစ်၏။
သူတို့တစ်ယောက်ချင်းစီက ကလေးမှ အမျိုးသမီးအထိ၊ တိရစ္ဆာန်မှ ပိုးမွှားအထိ သူတို့မွေးဖွားလာပြီး သေဆုံးသည်အထိ သူတို့က သေခြင်းတရား နတ်ဘုရား၏ စွမ်းအားများနှင့် သနားကြင်နာမှုများကိုသာ သင်ယူခဲ့ရသည်။ သူတို့အတွက် သူကသာ တစ်ဦးတည်းသော နတ်ဘုရား ဖြစ်၏။
ထိုအကြောင်းအရင်းကြောင့် ထိုလူများမှ သေခြင်းတရား နတ်ဘုရားဆီ ပေးအပ်နိုင်သည့် ယုံကြည်မှုပမာဏက များပြားလွန်းလှသည်။ ထိုကုန်းမြေရှိ သေမျိုး ၁၀၀ ဘီလီယံက အစွန်းရောက် ယုံကြည်ကိုးကွယ်သူများဟု သတ်မှတ်နိုင်လေသည်။ သူတို့က သေခြင်းတရား နတ်ဘုရားကို ဘယ်အကြောင်းအရင်းကြောင့်မှ သစ္စာဖောက်မည် မဟုတ်ပေ။
အဖွဲ့က ကောင်းကင်ထဲတွင် ဝဲပျံနေရင်း သူတို့ကုန်းမြေကို ကြည့်နေကာ အတွေးနက်နေကြသည်။
“ ရှင်တို့ရော ဘယ်လိုထင်လဲ” ဝမ်ကျူက မေးလိုက်သည်။
“ ဒီလူတွေရဲ့ သေခြင်းတရား နတ်ဘုရားအပေါ် ထားရှိတဲ့ ယုံကြည်မှုအဆင့်အရ သူတို့က ငါ့တို့အပေါ် ယုံကြည်မှု ပြောင်းလဲမှာ မဟုတ်ဘူး။ သူတို့သာ အမှန်တရား သိသွားမယ်ဆိုရင် ကိုယ့်ကိုယ်ကိုတောင် သတ်သေနိုင်ကြတယ်”
“ အဲလိုဖြစ်ဖို့ များတယ်” ယန်းလီလင်းက ဝင်ပြောလိုက်သည်။ သူမက ထိုလူများသည် တစ်ချိန်တည်းဆိုသလို ကိုယ့်ကိုယ်ကို သတ်သေမည်ကို တွေးကြည့်ကာ အနည်းငယ် ကြက်သီးထလာမိ၏။
“ အဲဒါဆိုတော့ ငါတို့ ဘာလုပ်ကြမလဲ။ သူတို့အားလုံးကို သတ်ပစ်လိုက်ရင် ကံကြမ္မာဝဋ်ကြွေး တန်ပြန်သက်ရောက်မှုက များလွန်းတော့ သူတို့တွေကို သတ်ပစ်လို့လည်း မရဘူး။ ဒါပေမဲ့ ဒီအတိုင်းထားဖို့ကလည်း နှမြောစရာ ကောင်းလွန်းတယ်။”
“ နောက်ထပ် နည်းလမ်းတော့ ရှိမှာပါ” ဝမ်ကျူက ပြောလိုက်သည်။
“ ဒီလူတွေက သေခြင်းတရား နတ်ဘုရားကို ကိုးကွယ်တယ်ဆိုတော့ ငါတို့တွေ နောက်ပိုင်းကျရင် သခင်လေးမျက်နှာနဲ့ ဖြည်းဖြည်းချင်းဆီ အစားထိုးသွားလို့ ရနိုင်တယ်။ အဲဒီသေမျိုးတွေက သက်တမ်းတိုတယ်ဆိုတော့ အချိန်ကြာလာတာနဲ့အမျှ သေခြင်းတရား နတ်ဘုရားရဲ့ မျက်နှာအပေါ် မှတ်ဉာဏ်တွေကလည်း ဖြည်းဖြည်းချင်း အစားထိုးနိုင်မှာပဲ”
“ အဲဒါက နည်းလမ်းကောင်းပဲ” လီကျွင်းက ခေါင်းညိတ်လိုက်သည်။
“ ငါတို့တွေ သေခြင်းတရား နတ်ဘုရားရဲ့ မျက်နှာကို ဗလာထားပြီးတော့ စတင်ရမယ်။ ပြီးတော့ ဒီသေမျိုးတွေကို သေခြင်းတရားနတ်ဘုရားက အဆင့်တက်လှမ်းပြီး ကူးပြောင်းနေဆဲ ကာလမလို့လို့ ပြောထားရမယ်။ အဲဒါက သူ့မျက်နှာ မမြင်နိုင်တဲ့ အကြောင်းအရင်း ဖြစ်လာလိမ့်မယ်။ နောက်ပိုင်းနှစ်ရာချီ ကြာပြီးတဲ့နောက်မှာ ငါတို့တွေ အစ်ကိုကြီးမျက်နှာနဲ့ အစားထိုးနိုင်တယ်”
“ ဒါတင် မကသေးဘူး။ ငါတို့က သူ့ရဲ့ ကံကြမ္မာနဲ့ သေခြင်းတရား ယုံကြည်မှုတွေကိုလည်း အစ်ကိုကြီးနဲ့ ကိုက်ညီအောင် ဖြည်းဖြည်းချင်း ပြောင်းလဲပစ်နိုင်တယ်” ယန်းလီလင်းက ပြောလိုက်သည်။
လီကျွင်းက ခေတ္တမျှ ရပ်တန့်လိုက်ပြီးနောက် ပြောလိုက်သည် “ ဒီအကြံအစည်က ကောင်းတယ်။ တကယ်လို့ မြန်မြန်လုပ်နိုင်လေလေ ပိုကောင်းလေလေပဲ။ နှစ်ရာချီက ငါတို့အတွက် ဘာမှမဟုတ်ဘူးဆိုပေမဲ့ မြန်မြန်ဆန်ဆန် ပြီးမြောက်နိုင်တယ်ဆိုရင်တော့ ပိုကောင်းလိမ့်မယ်”
“ လောမကြီးစမ်းပါနဲ့” ယန်းလီလင်းက သတိပေးလိုက်သည်။
“ ဟုတ်တယ်”
“ နောက်ထပ် နည်းလမ်း ရှိနိုင်သေးတယ်” ဝမ်ကျူက တခြားနှစ်ယောက်၏ အကြည့်ကို မြင်ကာ ရှင်းပြလိုက်သည်။
“ သေခြင်းတရား နတ်ဘုရားက ဒီကမ္ဘာရဲ့ အချိန်စီးဆင်းမှုကို အရှိန်မြှင့်တင်နိုင်မဲ့ စွမ်းရည် ရှိထားတယ်။ သူ့အနေနဲ့ တန်ကြေးတော့ ပေးဆပ်ရတာပေါ့။ ငါတို့တွေ အဲဒါကို အသုံးချလို့ရတယ်”
“ ဘယ်လိုတန်ကြေးမျိုးလဲ”
“ သူ စုစည်းထားတဲ့ ယုံကြည်မှု အများစုပေါ့။ ဒါပေမဲ့ အဲဒါတွေ ကုန်ဆုံးသွားရင် သူ့ရဲ့ဝိညာဉ်နဲ့ စည်းမျဉ်းကို တန်ကြေးအနေနဲ့ လောင်မြိုက်ပေးရလိမ့်မယ်”
“ ဒီလိုဆိုရင် သူ့ရဲ့ တန်ဖိုးကို ကောင်းကောင်း အသုံးချကြတာပေါ့” လီကျွင်းက ပြောလိုက်သည် “ ငါတို့တွေ ဒီအချိန်စီးဆင်းမှုကို အသုံးချပြီး ငါတို့ကျင့်ကြံဆင့် မြင့်မားအောင် လုပ်ရမယ်” ထို့နောက် သူက ယန်းလီလင်းအား ကြည့်ကာ ပြောလိုက်သည်။
“ မင်း ဘာမှမပြောခင် အချိန်မြှင့်တင်ဖို့ အသုံးပြုလိုတာက ငါတို့ခန္ဓာကိုယ်နဲ့ ဝိညာဉ်ကို ထိခိုက်စေမယ်ဆိုတာကို သိပါတယ်။ ငါတို့ သတိထားမှာပါ”
အားကောင်းသည့် ဧကရာဇ်မျိုးနွယ်များသည် အချိန်မြင့်တင်သည့် လျှို့ဝှက်နယ်မြေတော့ ရှိတတ်ကြသည်။ သူတို့က သူတို့၏ အသစ်အသစ် ရှာဖွေတွေ့ရှိထားသည့် ကောင်းကင်ရွေးချယ်ခံများကို လက်ရှိမျိုးဆက်နှင့် အမှီလိုက်နိုင်ဖို့အတွက် အဓိက အသုံးပြုလေ့ရှိကြသည်။
နမူနာအနေဖြင့် လော့ချန်၏ ညီ(၆)နှင့် ညီမ(၇)တို့ ဖြစ်ပေသည်။ အကယ်၍ မူလဆေးလုံးတာအိုဂိုဏ်းသာ ထိုလူနှစ်ယောက်သာ ကောင်းကင်ရွေးချယ်ခံတိုက်ပွဲတွင် ယှဉ်ပြိုင်ဖို့အတွက် အရည်အချင်း ပြည့်မှီသည်ဟု ယူဆခဲ့လျှင် သူတို့ကို စုယာနှင့် ကျန့်ဝူရွှမ်းတို့လိုမျိုး လက်ရှိကောင်းကင်ရွေးချယ်ခံများ၏ ကျင့်ကြံဆင့်နှင့် အမှီလိုက်နိုင်ဖို့ အလျင်အမြန် ပြုစုပျိုးထောင်ပေးလိမ့်မည်။
အကယ်၍ ကောင်းကင်ရွေးချယ်ခံက လက်ရှိမျိုးဆက်သည် သူတော်စင်အဆင့် သို့မဟုတ် အထွတ်အထိပ် နယ်ပယ်အဆင့်သို့ ရောက်ရှိနေကြောင်း တွေ့ရှိသွားသည့်အခါ ထိုသို့သော ပြဿနာမျိုးက ပို၍ပြင်းထန်နေတတ်သည်။
ဤသို့ဆိုလျှင် ထိုဧကရာဇ်မျိုးနွယ်များက ထိုလျှို့ဝှက်နယ်မြေများကို အသုံးပြုကာ သူတို့၏ ရွေးချယ်ခံများ၏ တိုးတက်နှုန်းကို မြှင့်တင်ဖို့ အသုံးပြုကြသည် မဟုတ်လျှင် ကောင်းကင်အလိုဆန္ဒ တိုက်ပွဲကျရောက်လာသည့်အခါ ထိုရွေးချယ်ခံများက ကျင့်ကြံရေးနယ်ပယ်အဆင့်သို့ အမှီမလိုက်နိုင်သေးလျှင် သူတို့က ပါဝင်ယှဉ်ပြိုင်ဖို့အတွက် အခွင့်အရေးကို ဆုံးရှုံးသွားလိမ့်မည်။
စုယာ၊ လင်းဖန်၊ ကျီစုန့် သို့မဟုတ် ဝမ်ဝေ့ပင် ဖြစ်စေကာမူ သူတို့အားလုံးက ပြီးပြည့်စုံသည့် အချိန်တွင် မွေးဖွားလာကြသည်။ ပြောရလျှင် မျိုးဆက်အသစ်အစတွင် ဖြစ်၏။ ထို့ကြောင့် ကောင်းကင်တာအိုက သူတို့၏ ကြီးထွားမှုနောက်လိုက်ကာ သူတို့ကျင့်ကြံဆင့် ရောက်ရှိမှုအပေါ် မူတည်ပြီး ပလ္လင်အတွက် တိုက်ပွဲကို စတင်ပေးလိမ့်မည်။
သူတို့မတိုင်ခင် မွေးဖွားလာသည့် လူများအတွက်မူ အချိန်အပေါ် မူတည်၍ သူတို့အနေနှင့် မျိုးဆက်ဟောင်းအဖြစ် ယူဆနိုင်သလို ကံကြမ္မာဝဋ်ကြွေး သက်ရောက်ခံရပြီး ကောင်းကင်အလိုဆန္ဒတိုက်ပွဲတွင် ပါဝင်မယှဉ်ပြိုင်နိုင်ကြတော့ပေ။
အကယ်၍ သူတို့သာ ယခင်မျိုးဆက်ဟောင်းနောက် မွေးဖွားလာခဲ့လျှင် သူတို့က ဝမ်ဝေ့တို့လို လူမျိုးထက်အရင် အထွတ်အထိပ်နယ်ပယ်အဆင့်သို့ ရောက်နေလျှင်ပင် သူတို့က နောက်လူများ ကြီးထွားပြီး တိုက်ပွဲသို့ ယှဉ်ပြိုင်နိုင်သည့်အထိ စောင့်ဆိုင်းရမည်သာ ဖြစ်၏။
ထိုအရာက တရား မမျှတသော်လည်း ဤသည်က ကောင်းကင်တာအို၏ စည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်းသာ ဖြစ်ပေသည်။
ဧကရာဇ်မျိုးနွယ်များသည် အချိန်မြှင့်တင်ရေးကို ထိုပြဿနာကို ဖြေရှင်းဖို့ အသုံးပြုကြသော်လည်း နှစ်များကြာလာသည့်အခါ ထိုနည်းလမ်းကို အသုံးပြုလွန်းခြင်းကြောင့် ဆိုးကျိုးများရှိလာသည်ကို ရှာဖွေတွေ့ရှိသွားကြသည်။ ထိုဆိုးကျိုးများက ချက်ချင်းဆိုသလို အရွယ်ကြီးရင့်သွားခြင်း၊ ဝိညာဉ်နှင့် ခန္ဓာကိုယ်က သဟဇာတ မဖြစ်ခြင်း၊ အချိန်စီးဆင်းမှုကို ခွဲခြားနိုင်စွမ်း ပျောက်ဆုံးသွားခြင်းနှင့် အစရှိသမျှ ဖြစ်သည်။
ထိုအကြောင်းအရင်းကြောင့် ဧကရာဇ်မျိုးနွယ်များက ထိုနည်းလမ်းကို သူတို့၏ ကောင်းကင်ရွေးချယ်ခံများ အချိန်အရေးသာမှု မဖြစ်စေဖို့အတွက် အသုံးပြုခဲသည်။ မလိုအပ်လာသရွေ့ ဝမ်ဝေ့တို့လို ပါရမီရှင်များက အချိန်ကို ပေါ့ပေါ့တန်တန် ဝင်စွက်ဖက်မည်မဟုတ်ပေ။
………………
ယန်းလီလင်းက ခေါင်းညိတ်ကာ တုံ့ပြန်လိုက်သည်။ ထို့နောက် ဝမ်ကျူအား မေးလိုက်၏။
“ ဒါက ကျွန်မတို့ကို ခေါ်လာတဲ့ အကြောင်းအရင်းလား။ ဒီထူးဆန်းတဲ့ ကုန်းမြေအတွက်လား”
“ မဟုတ်သေးဘူး။ ဒါက မှတ်တိုင်အသေးလေးတစ်ခုပဲ ရှိသေးတယ်”
ထိုသို့ ပြောပြီးနောက် သူက အဖွဲ့အား ကုန်းမြေမှ ကီလိုမီတာ သိန်းချီသွားရသည့် ကျွန်းငယ်တစ်ခုသို့ ဦးဆောင်ခေါ်သွားသည်။ ထိုအဖွဲ့က ကျွန်းပေါ် ရောက်ရှိသွားသည့်အခါ သူတို့က သာမန်ဖြစ်နေသည့် သစ်သားအိမ်လေးမှအပ တခြားဘာမှမမြင်မိပေ။ သို့သော်လည်း အဖွဲ့က ဝမ်ကျူသည် ထိုသစ်သားအိမ်အတွက် ခေါ်လာသည်ဟု မထင်မိပေ။ ထို့ကြောင့် သူတို့က အံ့ဖွယ်အသိစိတ်ဖြင့် စစ်ဆေးကြည့်လိုက်ကြသည်။ ထို့နောက် ယန်းလီလင်းက တအံ့တဩဖြင့် ပြောလိုက်သည်။
“ ဉာဏ်အလင်းပွင့်နေရာလား ”
“ မဟုတ်ဘူး။ ဧကရာဇ်တာအို စည်းချက်က အရမ်းကို အားနည်းလွန်းတယ်။ ကြည့်ရတာ မဟာဧကရာဇ်က ဒီမှာ ခဏနေခဲ့တဲ့ပုံပဲ” လီကျွင်းက ပြောလိုက်သည်။
မဟာဧကရာဇ်များက ထူးခြားသည့် သက်ရှိများဖြစ်လေရာ အချိန်ကြာကြာ သူတို့ကျင့်ကြံသည့်နေရာများက တာအို၏ ဆေးကြောခြင်းကို ခံရပြီး စည်းချက်များကို ချန်ထားခဲ့သည်။ ထိုစည်းချက်များ ချန်ထားခဲ့သောကြောင့် ကျင့်ကြံသူများအား ဉာဏ်အလင်းပွင့် လွယ်စေပြီး စည်းမျဉ်းများကို နားလည်လွယ်စေလာသည်။
ထိုနေရာများကို ဉာဏ်အလင်းပွင့် နေရာဟု ခေါ်ဆိုသည်။ ပြောရလျှင် ဉာဏ်အလင်းပွင့် ထားသော မဟာဧကရာဇ်နေခဲ့ဖူးသော နေရာဟု ဆိုလိုခြင်း ဖြစ်၏။ သူတို့က မဟာဧကရာဇ်သည် ကောင်းကင်အလိုဆန္ဒကို စုပ်ယူကာ သူတို့၏ မဟာတာအိုအရင်းအမြစ်ကို စတင်နားလည်ပြီးသည့်နောက် အလွယ်တကူ ဖြစ်ပေါ်လာခြင်း ဖြစ်ကြသည်။ ထိုဉာဏ်အလင်းပွင့်နေရာများကို သူတို့၏ မျိုးဆက်များထံ အုတ်မြစ်အနေဖြင့် ချန်ထားခဲ့တတ်ကြသည်။
ထိုဧကရာဇ်တာအိုစည်းချက်နှင့် အိမ်ငယ်ကို မြင်ကာ လီကျွင်းက ပြောလိုက်သည်။
“ ငါတို့တွေ ဒီကမ္ဘာရဲ့ သလင်းကျောက် အလွှာက ဧကရာဇ်တစ်ပိုင်းအဆင့် တိုက်ကွက်ကိုတောင် အလွယ်တကူ တားဆီးနိုင်တယ်ဆိုတော့ မဟာဧကရာဇ်နဲ့ ဆက်စပ်နေတယ်ဆိုပြီးတော့ တွေးမိတာ ကြာလှပြီလေ။ ဒါပေမဲ့ အခုတော့ ငါတို့တွေ လက်ဆုပ်လက်ကိုင် သက်သေပြနိုင်ပြီ”
“ တကယ့်မေးခွန်းက ဒီဧကရာဇ်က ဘယ်သူလဲ။ သူတို့က ဒီအလယ်အလတ်ကမ္ဘာကို လာခဲ့တဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာပဲ။” ယန်းလီလင်းက ထပ်ပြောလိုက်သည်။
ထို့နောက် ဝမ်ကျူက သူ သေခြင်းတရား နတ်ဘုရား၏ ဝိညာဉ်မှ ရရှိထားသော သတင်းအချက်အလက်များကို ရှင်းပြလိုက်သည်။
“ ဒါက ကြယ်တာရာအလွန်ကနေ ဒီကမ္ဘာထဲ ရောက်ရှိလာပြီး ပထမဆုံးနတ်ဘုရား ပေါ်ထွက်လာတဲ့ ဒဏ္ဍာရီရှိတယ်။ နတ်ဘုရားတွေက သူ့ကို နတ်ဘုရားဘုရင်လို့ ခေါ်ပြီးတော့ သူက လက်ရှိ ကျင့်ကြံရေးနည်းစနစ်ကို ဖြန့်ဝေခဲ့တယ်။”
“ တကယ်လို့ အဲဒါသာ အမှန်ဖြစ်မယ်ဆိုရင် ဒီဧကရာဇ်က ငါတို့အသင်္ချေအင်ပါယာကမ္ဘာက မဟုတ်နိုင်ချေများတယ်” လီကျွင်းက ပြောလိုက်သည်။
“ တကယ်လို့ ငါ မှတ်မိတာသာ မှန်မယ်ဆိုရင် ငါတို့နဲ့ အနီးဆုံး ကမ္ဘာအသိုင်းအဝိုင်းက သိုင်းပညာနည်းစနစ်ကို အဓိကကျင့်ကြံကြတာပဲ။
တကယ်လို့ မဟာဧကရာဇ်ကသာ သူ့ မွေးရပ်မြေက ကျင့်ကြံရေးနည်းစနစ်ကို ဒီကမ္ဘာမှာ ဖြန့်ဝေခဲ့တယ်ဆိုရင် သူက အဝေးကမ္ဘာအသိုင်းအဝိုင်းက ဖြစ်နေနိုင်တယ်”