← Chapters

သေမျိုး ဆင်းရဲဒုက္ခများ

Vol. 25 Ch. 339

သေမျိုး ဆင်းရဲဒုက္ခများ

Vol. 25 Ch. 339

အခန်း (၃၃၉) : သေမျိုး ဆင်းရဲဒုက္ခများ

အဖွဲ့က အိမ်လေးကို သေချာလေ့လာပြီးနောက် အထဲ ဝင်လိုက်ကြသည်။ သူတို့ကို အံ့ဩသွားစေသည်က ကျင့်ကြံရေး ဖျာတစ်ချပ်နှင့် စားပွဲငယ်လေးမှအပ တခြားဘာမှမရှိပေ။

သို့သော်လည်း သူတို့က အခန်းတစ်ခုလုံးကို လွှမ်းခြုံထားသည့် ဧကရာဇ်တာအိုစည်းချက်ကို ခံစားမိလိုက်ကြသည်။ ထိုအရာက ဤနေရာတွင် မဟာဧကရာဇ်တစ်ပါး နေထိုင်ခဲ့ဖူးကြောင်း ပြသနေလေသည်။

“ သေခြင်းတရား နတ်ဘုရားက ချပ်ဝတ်စည်းမျဉ်း လျှို့ဝှက်နည်းစနစ်ကို ဘာလို့ အသုံးပြုနိုင်တာလဲဆိုတာ နားလည်သွားပြီ။ သူက ဒီအခန်းကနေ ဉာဏ်အလင်းပွင့်ထားတာပဲ ဖြစ်ရမယ်” လီကျွင်းက ပြောလိုက်သည်။

“ သူ့ရဲ့ အားအကောင်းဆုံး နတ်ဘုရားဆိုတဲ့ ဂုဏ်ပုဒ်က အကြောင်းအရင်းတော့ ရှိနေတာပဲ”

အဖွဲ့က မိနစ်အနည်းငယ်ကြာ လှည့်ပတ်ကြည့်လိုက်ပြီးနောက် ဘာမှမတွေ့ရပေ။ ထိုအခန်းကို ရှာဖွေတွေ့ရှိသည့် တစ်ခုတည်းသော အကျိုးအမြတ်မှာ ကျင့်ကြံဖို့အတွက် နေရာကောင်း ဖြစ်နေခြင်း ဖြစ်၏။ သို့သော်လည်း သူတို့က ထိုဉာဏ်အလင်းပွင့်နေရာအား လေဟာနယ် ဖြိုခွင်းခြင်းအဆင့်အတွင်း အသုံးပြုသည်က စည်းမျဉ်းများကို နားလည်ဖို့အတွက်က ပို၍ကောင်းမွန်ကြောင်း သိကြလေသည်။

သူတို့၏ ကျင့်ကြံဆင့်က သေချာသည့်အဆင့်တစ်ခုသို့ ရောက်သွားသည့်အခါ ဂိုဏ်းကလည်း သူတို့၏ ကိုယ်ပိုင်ဉာဏ်အလင်းပွင့်နေရာများကို ပေးအပ်လာလိမ့်မည်။ မဟာဧကရာဇ်ကိုးပါး ရှိသော တာအိုအခွင့်အလမ်းဂိုဏ်းအနေဖြင့် သူတို့က တခြားသူများထက် ရွေးချယ်စရာ ပိုမို များပြားလေသည်။

“ သေခြင်းတရား နတ်ဘုရားရဲ့ မှတ်ဉာဏ်ထဲကနေ ဘာတွေသိခဲ့ရလဲ” ယန်းလီလင်းက ပြောလိုက်သည်။

“ ဘာမှမသိရဘူး။ သူက အဖမ်းမခံရခင် မှတ်ဉာဏ်တော်တော်များများကို ဖျက်ထားခဲ့ပုံပဲ” ဝမ်ကျူက ပြန်ဖြေလိုက်သည်။

လီကျွင်းက ခေါင်းညိတ်ကာ ပြောလိုက်သည် “ ငါတို့တွေက ဒီကမ္ဘာရဲ့ ကိစ္စတွေ နက်နဲမှန်း သိထားပြီးသားဆိုပေမဲ့ အခု သက်သေရပြီ။ ငါတို့အင်အားနဲ့ဆိုရင် အလယ်အလတ်ကမ္ဘာကို လွှမ်းမိုးအုပ်စိုးဖို့ လွယ်ကူတယ်ဆိုပေမဲ့ ဒီတစ်ခုက အတော်လေး ထူးခြားတယ်။ အဲဒါကြောင့် ငါတို့ အပြုအမူတွေကို သေချာဂရုစိုက်ရမယ်”

ဤအိမ်လေးအတွင်း ဘာသတင်းအချက်အလက်မှ ရှာမတွေ့သည့်နောက် သူတို့က လေးယောက်သား ဤနေရာတွင် အလှည့်ကျလာပြီး ကျင့်ကြံဖို့ အချိန်ဇယားတစ်ခု သတ်မှတ်ရန် ဆုံးဖြတ်လိုက်ကြသည်။

ထို့နောက် သူတို့က သေခြင်းတရား နတ်ဘုရား၏ ကောင်းကင်ဘုံဗိမာန်မှ ထွက်လာလိုက်ကြ၏။

တစ်လတာ ကုန်ဆုံးသွားလေပြီ။ လီကျွင်းက မရဏတိုင်းပြည်၏ တော်ဝင်နန်းတော်အတွင်းတွင် လီကျွင်းက စာထိုင်ရေးနေသည်။ ဝမ်ဝေ့က သူ့အား နောင်အနာဂတ်တွင် လမ်းညွှန်မှု ဖြစ်စေဖို့အတွက် ကမ္ဘာအုပ်စိုးသည့် အဆင့်များအား ချမှတ်ထားဖို့ ပြောထားလေသည်။ ချရေးစရာ သတင်းအချက်အလက် များများစားစား မရှိသေးသော်လည်း လီကျွင်းက အတွေးတချို့တော့ ရှိထားလေသည်။

သူက အာရုံစိုက်ထားစဉ် အပြင်ဘက်မှ ချဉ်းကပ်လာသည့် ခြေသံကို ကြားလိုက်ရသည်။ မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် ထျဲ့ကန်က သူ့အား လာတွေ့လေ၏။

“ အခြေအနေတွေရော ဘယ်လိုရှိလဲ” လီကျွင်းက ခေါင်းမော့မကြည့်ဘဲ မေးလိုက်သည်။

“ အခု သာမန်လူတွေရဲ့ နေထိုင်မှုအဆင့်အတန်းက မြင့်မားလာလောက်ပြီဆိုတော့ ငါတို့တွေ ယုံကြည်မှုစွမ်းအား ရဖို့ ပိုလွယ်ကူလာပြီမလား”

ထျဲ့ကန်က ခဏရပ်တန့်လိုက်ပြီးနောက် သက်ပြင်းချကာ ပြောလိုက်သည် “ အဲလိုထင်နေတယ်မလား။ ဒါပေမဲ့ ကံဆိုးတာက တိုးတက်နှုန်းက အတော်လေး နှေးကွေးနေတုန်းပဲ။”

“ အိုး”

လီကျွင်းက ခေါင်းမော့ကြည့်ကာ မေးလိုက်သည် “ ပြဿနာက ဘာလဲ”

“ သေမျိုးတွေက နတ်ဘုရားတွေအပေါ်ကို မှီခိုလွန်းတယ်။ ငါတို့အခြေအနေက ပြဿနာတွေ အများကြီး ရှိနေတုန်းပဲ။ ကိုယ့်ဘာသာ တိုးတက်ခြင်း၊ ကိုယ့်ဘာသာ မှီခိုခြင်းဆိုတဲ့ သဘောတရားတွေကို တစ်ခုမှ မသိကြဘူး။ ကြည့်ရတာ နတ်ဘုရားတွေရဲ့ ချုပ်ကိုင်မှုကို နှစ်အကြာကြီး ခံလိုက်ရတော့ သူတို့ရဲ့ တွေးခေါ်မှုတွေနဲ့ စိတ်ကလည်း ချုပ်နှောင်ခံထားရပုံပဲ”

ထျဲ့ကန်က သက်ပြင်း ထပ်ချလိုက်သည် “ အရှေ့ဘက်လွင်ပြင်မှာ စိုက်ပျိုးမြေရှိတော့ ငါတို့က သူတို့ကို စိုက်ပျိုးရေးအကြောင်း သင်ပေးဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ အများစုက သူတို့က စိုက်ပျိုးရေး နတ်ဘုရားမက သူတို့အတွက် စိုက်ပျိုးပေးမှာဆိုပြီးတော့ သင်ယူဖို့ မလိုဘူးဆိုပြီးတော့ ပြောခဲ့ကြတယ်လေ။ အိမ်ဆောက်ဖို့ အတွက်ကြတော့လည်း သစ်သားနတ်ဘုရားနဲ့ မြေကမ္ဘာနတ်ဘုရားက သူတို့အတွက် လုပ်ပေးလိမ့်မယ်ဆိုပြီးတော့ ဘာမှမလုပ်ကိုင်ချင်ကြဘူး။

ပြီးတော့ ပန်းပဲပညာရပ်ဆိုတာကလည်း ဒီကမ္ဘာမှာ မရှိဘူး။ သေမျိုးတွေက လက်နက်တွေ ဒါမှမဟုတ် သံပစ္စည်းတွေကို လိုချင်တဲ့အခါ သတ္တုနတ်ဘုရားကို ဆုတောင်းလိုက်ကြရုံပဲ”

လီကျွင်းက ထိုအရာကို ကြားပြီး မျက်မှောင်ကြုတ်လိုက်သည်။

“ ဒီနတ်ဘုရားတွေက ကမ္ဘာရဲ့ ဗဟုသုတတွေ အကုန်လုံးကို အပိုင်စီးထားပြီးတော့ သေမျိုးတွေကို သူတို့အပေါ် မှီခိုအောင် လုပ်ထားတာပဲ။ သူတို့ မရှိဘူးဆိုရင် သေမျိုးတွေက ရည်ရွယ်ချက် ပျောက်ဆုံးသွားရုံတင် မကဘူး။ နေ့စဉ် လုပ်ဆောင်နိုင်စွမ်းတွေလည်း ပျောက်ဆုံးသွားလိမ့်မယ်”

ထျဲ့ကန်က လီကျွင်း၏ စကားကို သဘောတူလိုက်သည်။ အလွှာနိမ့်ကမ္ဘာမှ လူတစ်ယောက်အနေနှင့် သူက အလွှာမြင့်ကမ္ဘာများသည် အလွှာနိမ့်များထက် ပို၍ တိုးတက်ကြောင်း သိထားလေသည်။

သို့သော်လည်း ဤကမ္ဘာနှင့် သူ့ကမ္ဘာရှိ သေမျိုးများကို ယှဉ်ကြည့်လိုက်သည့်အခါ သူက အနည်းငယ် သာလွန်သလို ခံစားမိလေသည်။ ထိုနတ်ဘုရားများက သေမျိုးများကို တင်းကုပ်အတွင်းမွေးထားသည့် အိမ်မွေးတိရစ္ဆာန်များဟု သဘောထားမှန်း သိထားသော်လည်း သူ ခံစားရသည့်အချက်ကို မပြောင်းလဲနိုင်ပေ။

“ ငါတို့တွေ ဘယ်လိုလုပ်သင့်လဲ”

“ ငါတို့တွေ ဒီကမ္ဘာမှာ ပညာရေးကို ဖြန့်ဝေပေးရမှာလား။ ဒီလိုနည်းနဲ့ဆိုရင် ကုသိုလ်လည်း ရပြီးတော့ လက်ရှိပြဿနာကိုပါ ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မယ်”

လူအများကို ပညာသင်ကြားပေးပြီး မိမိကိုယ့်ကို မှီခိုမှုအကြောင်း သင်ပေးလိုက်လျှင် သူတို့အတွက် ယုံကြည်မှု စွမ်းအားရရှိဖို့ ပို၍လွယ်ကူလာလိမ့်မည်။ သို့သော် လီကျွင်းက ခေါင်းခါလိုက်၏။

“ နတ်ဘုရားတွေလိုမျိုးပဲ။ ငါတို့ကလည်း ယုံကြည်မှုကို စုဆောင်းဖို့ လိုအပ်တယ်။ အဲဒါကြောင့် သေမျိုးတွေကို ဒီအတိုင်းထားလိုက်တာက သူတို့အတွက် အကျိုးအရှိဆုံးပဲ။ သူတို့စိတ်ကို ဖွင့်ပေးလိုက်ရင် ဒီနတ်ဘုရားလို့ ခေါ်တဲ့ အရာတွေက အားကောင်းနေတဲ့ ကျင့်ကြံသူတွေအပြင် ဘာမှမဟုတ်ဘူးဆိုတာကို သဘောပေါက်သွားကြလိမ့်မယ်။

တကယ်လို့ သူတို့က ကျင့်ကြံရေးအကြောင်း သိသွားကြမယ်ဆိုရင် ငါတို့ကို ယုံကြည်ဖို့အတွက် အတင်းဖိအားပေးရလိမ့်မယ်။ အဲဒါက ငါတို့ရဲ့ ရည်မှန်းချက်ကို ရရှိဖို့ပိုပြီးတော့ ခက်ခဲလိမ့်မယ်”

“ အဲလိုဆိုရင် အစီအစဉ်က ဘယ်လိုလဲ” ထျဲ့ကန်က မေးလိုက်သည်။

“ ရှင်းရှင်းလေးပါ။ ငါတို့တွေ ဒီနတ်ဘုရားတွေနဲ့ ရင်ဆိုင်ဖို့ ပွဲတစ်ခု စီစဉ်ရမှာပေါ့။ သူတို့ရဲ့ ချစ်လှစွာသော ဒီနတ်ဘုရားတွေက သူတို့ကို စားစရာနဲ့ ကစားစရာလို့ပဲ ဆက်ဆံနေတဲ့ မကောင်းဆိုးဝါးတွေဆိုတာကို ပြရမယ်။ သူတို့တွေ သေဆုံးသွားတဲ့အခါမှာ သူတို့တွေက အဲဒီနတ်ဘုရားတွေ ပြောတဲ့အတိုင်း ကောင်းကင်ဘုံဗိမာန်ကို ရောက်သွားတာ မဟုတ်ဘဲနဲ့ သူတို့အင်အားတိုးတက်ဖို့အတွက် သူ့တို့ဝိညာဉ်တွေ ဝါးမျိုခံလိုက်ရတဲ့အကြောင်းကို ပြောပြရမယ်”

“ အဲဒါဆိုရင် သခင်လေးရော ဘယ်လိုလုပ်မှာလဲ။ သူကလည်း ဒီကမ္ဘာမှာ နတ်ဘုရား ဖြစ်ရမှာပဲ မဟုတ်ဘူးလား”

“ ငါတို့တွေ သူ့ကိုကျတော့ တစ်ဦးတည်းနဲ့ တစ်ပါးတည်းသော အစစ်အမှန်နတ်ဘုရားဆိုပြီးတော့ ပုံသွင်းရမယ်။ ပြီးတော့ ဒီသေမျိုးတွေဘက်ကနေ တိုက်ခိုက်ပေးမဲ့ ကယ်တင်ရှင်လိုမျိုး ဂုဏ်သတင်း လုပ်ပေးရမယ်။ အဲဒါအပြင် သူတို့တွေရဲ့ သေခြင်းတရားအပေါ် ကြောက်ရွံ့မှုကိုလည်း အသုံးချနိုင်တယ်”

“ အိုး” ထျဲ့ကန်က  ဤလီကျွင်းသည် ဘယ်အချိန်က ဤမျှဉာဏ်များလာသလဲဟု အနည်းငယ်စဉ်းစားမိသွားသည်။

“ ဒီကမ္ဘာရဲ့သေမျိုးတွေက သံသရာစက်ဝန်းကို မသိကြသလို သူတို့သေဆုံးပြီးတဲ့နောက်မှာ သူတို့နတ်ဘုရားရဲ့ ကောင်းကင်ဘုံဗိမာန်ကို ရောက်သွားပြီးတော့ ပျော်ရွှင်ချမ်းမြေ့မှုအပြည့်နဲ့ နေထိုင်ရမယ်လို့ ထင်နေကြတာ။ ငါတို့ကသာ အစ်ကိုကြီးဝမ်ဝေ့ တစ်ယောက်တည်းကသာ သူတို့ကို အစစ်အမှန် မြင့်မြတ်နယ်မြေဆီ ခေါ်ဆောင်သွားနိုင်တယ်ဆိုတဲ့ အကြောင်းကို ယုံကြည်အောင် လုပ်နိုင်သရွေ့ သူတို့ရဲ့ ယုံကြည်ကိုးကွယ်မှုကို ငါတို့ဆီ ပြောင်းလဲပစ်ဖို့ မခက်ခဲလောက်ဘူး”

ထျဲ့ကန်က ခေတ္တမျှ စဉ်းစားပြီးသည့်နောက်တွင် ဤအကြံအစည်က ဖြစ်နိုင်ကြောင်း သိသွားသည်။ ဧကရာဇ်ဉာဏ်အလင်းပွင့် ကျောင်းတော်၏ အဖြစ်အပျက်များ အပြီးတွင် သူက ကောလဟာလများ၏ စွမ်းအားကို နားလည်လာခဲ့သည်။ ထိုအရာက ကျင့်ကြံသူများသာမက သေမျိုးများအပေါ်တွင်လည်း သက်ရောက်မှု ရှိလေသည်။

ကောလဟာလများ ပျံ့နှံ့သွားသည့်အခါ လူ လုံလုံလောက်လောက် ယုံကြည်နေသရွေ့ တကယ့်အချက်အလက်က အရေးမကြီးတော့ပေ။ လူဦးရေအရေအတွက်က အလိုလိုမှန်ကန်သည်ဟု ယူဆသွားကြလိမ့်မည်။ အထူးသဖြင့် ဤသို့သော ဉာဏ်ပညာ နည်းပါးလှသည့် ကမ္ဘာမျိုးတွင် ဖြစ်၏။

တစ်ယောက်ယောက်က ထိုသေမျိုးများကို အမှန်တရား သွားပြောပြလျှင်ပင် သူတို့က ယုံကြည်မည် မဟုတ်ပေ။ သူတို့ကို မငြင်းနိုင်လောက်သည့် သက်သေပြသည့်အခါတွင်ပင် အများစုက အမှန်တရား ဟူသောအရာကို လက်ခံဖို့အတွက် ငြင်းပယ်နေကြလိမ့်မည်။ အကြောင်းမှာ သူတို့၏ ကမ္ဘာ့အမြင်ကို စိန်ခေါ်နေ၍ ဖြစ်သည်။

သူတို့အတွက် အတုအယောင် ကမ္ဘာတွင် ရှင်သန်ရခြင်းက အမှန်တရားကို ရင်ဆိုင်ရခြင်းထက် ပို၍ကောင်းလေသည်။ ပို၍ သက်တောင့်သက်သာလည်း ရှိ၏။ ဤသည်က နှစ်များစွာ သိခဲ့သည့်အရာလည်း ဖြစ်လေသည်။

ထျဲ့ကန်က ထိုအရာကို ကောက်ချက်ချပြီးနောက် သက်ပြင်းချလိုက်သည်။ ကျင့်ကြံသူ တစ်ယောက်အနေနှင့် သူ့ဘဝကလည်း သေမျိုးများနှင့် မခြားနားလှပေ။ သူ့ဘဝတွင် ယုံကြည်ခဲ့သမျှ အမှန်တရားများက အားကောင်းသည့် ကျင့်ကြံသူတစ်ယောက် သို့မဟုတ် ကောင်းကင်တာအို၏ အလိမ်အညာမှအပ ဘာမှမဟုတ်နေမည်ကို မည်သူက သိမည်နည်း။

အကယ်၍ သူ့ကမ္ဘာ့အမြင်သာ ကွဲကြေသွားပြီး သူက အမှန်တရားကို သိခဲ့မည်ဆိုလျှင် သူက မည်သို့တုံ့ပြန်ရမည်နည်း။

အဖြေက အဆိုးဘက်မှ ဖြစ်လိမ့်မည်။ လူတချို့ကသာ စိတ်ထိန်းနိုင်ပြီး အမှန်တရားကို လက်ခံနိုင်ပြီး ရင်ဆိုင်နိုင်ကြလိမ့်မည်။ ထျဲ့ကန်က သူ့အနေနှင့် ထိုလူများထဲမှ တစ်ဦးဖြစ်မည်ဟု မထင်မိပေ။

သို့သော်လည်း သူ့သခင်လေးက ထိုလူများထဲမှ တစ်ဦး ဖြစ်၏။ သူ့နောက်ကို လိုက်ခြင်းက ရှေ့တွင်ရှိနေမည့် အမှန်တရားကို ရင်ဆိုင်ရန် မလိုအပ်တော့ပေ။ တစ်ရက်ကျ ထိုအမှန်တရားများကို သူ့သခင်လေးက ဆုံးဖြတ်ပေးနိုင်လိမ့်မည်။

ထိုအရာကို သိပြီးသည့်နောက်တွင် ထျဲ့ကန်က ရုတ်ချည်းဆိုသလို စိတ်က တည်ငြိမ်သွားသလို ခံစားလိုက်ရသည်။ သူ့စိတ်ဝိညာဉ်က လမ်းရှင်းသွားကာ သူ့လမ်းကြောင်းကို ပိုသိသွားလေသည်။

“ ညီအစ်ကို ထျဲ့ကန် ဂုဏ်ယူပါတယ်” လီကျွင်းက သူ့မိတ်ဆွေသည် ဉာဏ်အလင်းပွင့်သွားကြောင်း သတိထားမိလိုက်သည်။

“ ကျေးဇူးပါ” ထျဲ့ကန်က အပြုံးလေးဖြင့် ပြောလိုက်သည်။ ရုတ်တရက် ဉာဏ်အလင်းပွင့်သွားပြီးနောက် ထိုနှလုံးသားက ပို၍သိမ်မွေ့လာကာ စိတ်နှလုံးသားက ပို၍ ကြည်လင်သွားလေသည်။ ထိုအရာက သူ့အတွက် အံ့ဖွယ်ခန္ဓာကိုယ် နယ်ပယ်၏ ကောင်းကင်အဆင့်သို့ ဝင်ရောက်ဖို့အတွက် ပိုမိုလွယ်ကူလာစေကာ မိုးမြေကြားမှ စွမ်းအားကို ထိန်းချုပ်နိုင်လာစေသည်။

ပါရမီနှင့် ပတ်သက်လာသည့်အခါ ထျဲ့ကန်က ဤအဖွဲ့၏ အဖွဲ့သားများကို မယှဉ်နိုင်ကြောင်း သိထားလေသည်။ အလုပ်ကြိုးစားခြင်း၊ အားကောင်းသည့် စိတ်ဆန္ဒရှိခြင်းနှင့် အရင်းအမြစ် ထောက်ပံ့မှုများနှင့်သာ သူက ထိုလူများနှင့် အမှီလိုက်နိုင်လေသည်။ ထို့ကြောင့် သူက တိုးတက်မှုကို တန်ဖိုးထားလေသည်။

ထျဲ့ကန်က အနည်းငယ် တိုးတက်ပြီးသည့်နောက်တွင် မရဏနယ်မြေနှင့် ပတ်သက်ပြီး မည်သို့ကိုင်တွယ်ဖြေရှင်းရမည်ကို ဆက်လက်ဆွေးနွေးလိုက်သည်။

ထိုစဉ် လီကျွင်းက သူ ထွက်သွားသည်ကို ကြည့်ပြီးသည့်နောက်တွင် ဆက်သွယ်ရေး အဆောင်တစ်ခုအား ထုတ်ကာ ဝမ်ကျူနှင့် ဆက်သွယ်လိုက်သည်။

“ အခု မင်းရဲ့ သူလျှိုကို အသက်သွင်းဖို့ အချိန်ပဲ။ သူ့ကို ချဲ့ထွင်ရမဲ့အချိန် ရောက်ပြီလို့ ပြောလိုက်”

All Chapters