သေခြင်းတရားနတ်ဘုရား၏ ကံကြမ္မာ
Vol. 25 Ch. 343
အခန်း (၃၄၃) : သေခြင်းတရားနတ်ဘုရား၏ ကံကြမ္မာ
လီကျွင်းက ကံကြမ္မာအရိပ်အား သူတို့၏ နောက်တာဝန်အကြောင်း ညွှန်ကြားပြီးသည့်နောက်တွင် တခြားလူများအား ကြည့်ကာ ပြောလိုက်သည် “ ကောင်းပြီ။ ငါတို့တွေ သေခြင်းတရား နတ်ဘုရားရဲ့ ကောင်းကင်ဘုံဗိမာန်ကို ဖြေရှင်းကြမယ်”
သိပ်မကြာခင် သုံးယောက်သား ပျံသန်းသွားကြပြီး ဒုတိယကုန်းမြေသို့ ရောက်ရှိသွားကြသည်။ သူတို့နှင့်အတူတူရှိသည်က သေခြင်းတရား နတ်ဘုရား ဖြစ်၏။ သို့သော်လည်း သူ့အကြည့်များက ဗလာကျင်းနေကာ တုံ့ပြန်မှုမရှိပေ။
“ သူ့ကို ရုပ်သေးရုပ်အဖြစ် ပြောင်းတာမှာ ပြဿနာရှိသေးလား” လီကျွင်းက မေးလိုက်သည်။
“ အစတုန်းက သူ ခုခံသေးတယ်။ ဒါပေမဲ့ လီလင်းက ကောင်းကင်အဆင့် ဝိညာဉ်သန့်စင်ရေးဆေးလုံး ဖော်စပ်ပြီးတဲ့နောက်မှာ ဖြစ်စဉ်က ပိုပြီးတော့ ချောမွေ့သွားတယ်”
“ ကောင်းပြီ စလိုက်ရအောင်”
ဝမ်ကျူက ခေါင်းညိတ်လိုက်ပြီးနောက် သေခြင်းတရား နတ်ဘုရားကို ထိန်းချုပ်လိုက်သည်။ မျက်နှာကို ဖုံးအုပ်ထားပြီး အနက်ရောင်ချပ်ဝတ် ဝတ်ဆင်ထားသည့် သူ၏ ကိုယ်ပွားများစွာက ပေါ်ထွက်လာသည်။ ထို့နောက် ချပ်ဝတ်ကိုယ်ပွားများက ကုန်းမြေ၏ နေရာအသီးသီးသို့ ပျံ့နှံ့သွားလေသည်။
ဖခင်မြို့တော်က ဤကုန်းမြေပေါ်တွင် အကြီးမားဆုံး မြို့တစ်မြို့ ဖြစ်ပေသည်။ လူဦးရေက သန်းလေးဆယ်ကျော် ရှိ၏။ အားလုံးက သေခြင်းတရား နတ်ဘုရားကို အစွန်းရောက် ကိုးကွယ်ကြသည့် သေမျိုးများသာ ဖြစ်ကြသည်။
ဒီနေ့တွင် တခြားနေ့ရက်များလို ပုံမှန်နေ့ရက်များသာ ဖြစ်၏။ လူများက သူတို့၏ နေ့စဉ်ဘဝအတိုင်း လှုပ်ရှားသွားလာနေကြသည်။ သို့သော်လည်း မမျှော်လင့်ထားသည့် အရာတစ်ခု ဖြစ်ပျက်လာခဲ့၏။ မြို့ရှိ အကြီးမားဆုံး ကျောင်းဆောင်က ရုတ်ချည်းဆိုသလို ကောင်းကင်အထိ ရွှေရောင်အလင်းများ တောက်ပသွားလေသည်။
သေမျိုးတိုင်းက ထိုရွှေရောင်အလင်းကို ခံစားမိလိုက်ကြကာ သူတို့လုပ်နေကျ အရာအားလုံးကို ရပ်တန့်လိုက်ပြီး လမ်းမပေါ်တွင် စုလာကြသည်။
ထို့နောက် မြို့သူမြို့သားအားလုံးက အနက်ရောင် ချပ်ဝတ်ဝတ်ဆင်ထားသည့် အမျိုးသားကို မြင်လိုက်ရသည်။ ခဏအကြာတွင် သူတို့အားလုံးက အံ့ဩသွားပြီး ချက်ချင်းဆိုသလို ဒူးထောက်ကာ ပြောလိုက်ကြသည် “ တမန်တော်ကို ကြိုဆိုပါတယ်”
လူသန်းလေးဆယ်ကျော်၏ အသံက ကောင်းကင်အထက် ပျံ့နှံ့သွားကာ လှပသည့် သံစဉ်တစ်ခု ဖြစ်ပေါ်လာသည်။
“ မြို့အရှင်က ဘယ်မှာလဲ” ချပ်ဝတ်ကိုယ်ပွားက မေးလိုက်သည်။
ရုတ်ချည်းဆိုသလို ရိုးရိုးရှင်းရှင်း အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် လူလတ်အရွယ်အမျိုးသားက လူအုပ်ကြားမှ ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။ သူက တစ်ဦးတည်း ရပ်နေသူဖြစ်၍ သတိပြုမိဖို့ လွယ်ကူလှသည်။
“ တမန်တော် ကျွန်တော်က လက်ရှိ မြို့အရှင်ပါ”
ချပ်ဝတ်ကိုယ်ပွားက လက်ဝှေ့လိုက်သည့်အခါ လူလတ်အရွယ်အမျိုးသားက ကောင်းကင်အထက် ရုတ်ချည်းရောက်သွားသည်။ သူက ပြုတ်ကျမည်ကို ကြောက်ကာ အော်ဟစ်ချင်သော်လည်း သူ့ အကြောက်တရားက တမန်တော်နှင့် သေခြင်းတရားနတ်ဘုရားအပေါ် အံ့ဩမှုတို့ဖြင့် အစားထိုးသွားလေသည်။
“ သေခြင်းတရား နတ်ဘုရားက သာလွန်မှုကို ရယူပြီးတော့ ကံကြမ္မာစွမ်းအားကို ထိန်းချုပ်တော့မယ်လို့ သတင်းဖြန့်လိုက်။ အဲဒီအခါ သူ့ရဲ့ပုံရိပ်က ပြောင်းလဲသွားလိမ့်မယ်။ သူ့အမိန့်နဲ့ သူ့ ရုပ်ထုတွေအားလုံးကို အခုကစပြီးတော့ အဆင့်တက်လှမ်းဖို့ မပြီးမြောက်ခင်အထိ ဗလာထားမယ်”
မြို့အရှင်က ခေတ္တမျှ တုန်လှုပ်သွားကာ သူ့မျက်နှာအထက် အံ့အားသင့်ကာ ပျော်ရွှင်သည့် အမူအရာမျိုး ပေါ်ထွက်လာသည်။ သူတို့နတ်ဘုရားက အားကောင်းနေပြီဖြစ်သော်လည်း ယခုအခါ အဆင့်တက်လှမ်းမည် ဖြစ်သောကြောင့် ပို၍အားကောင်းလာပေတော့မည်။ သူက သူ့ပျော်ရွှင်မှုကို မဖုံးကွယ်နိုင်ပေ။
သူသာလျှင်မကဘဲ ထိုစကားကို ကြားလိုက်ရသော မြို့တွင်းရှိ သေမျိုးအားလုံးက မြို့အရှင်နှင့်အတူတူ ခံစားမိကြသည်။
မြို့အရှင်က မြေပြင်ပေါ် ပြန်ရောက်လာပြီးသည့်နောက်တွင် မြို့ထဲမှ အကောင်းဆုံး လက်မှုပညာသည်များကို ဆင့်ခေါ်ကာ တမန်တော်၏ စကားအတိုင်း သေခြင်းတရား နတ်ဘုရား၏ ရုပ်ထုနှင့် ကျောင်းဆောင်ကို ပြန်လည်ပြုပြင်ခဲ့သည်။
ထိုမြို့အရှင်တစ်ယောက်ထဲ လုပ်နေခြင်း မဟုတ်ပေ။ မြို့ကြီးများ၊ မြို့ငယ်များနှင့် ရွာငယ်များအားလုံးတွင် တမန်တော်များ ပေါ်ထွက်လာပြီး သေခြင်းတရား နတ်ဘုရား၏ မှာတမ်းကို ထုတ်ပြန်ခဲ့သည်။
သေခြင်းတရား နတ်ဘုရား၏ အဆင့်တက်လှမ်းမှုကို ကြိုဆိုဖို့ ပွဲအခမ်းအနားပင် လုပ်ခဲ့ကြသေးသည်။ ယနေ့မှစ၍ ကုန်းမြေရှိလူအားလုံးသည် အဆင့်တက်လှမ်းခြင်း နေ့ရက်ဟူ၍ အားလပ်ရက်အသစ်ကို ဖန်တီးခဲ့ကြသည်။
ဝေဟင်၌ လီကျွင်းနှင့် တခြားလူများက ထိုအရာများကို တည်တည်ငြိမ်ငြိမ် ကြည့်နေလေသည်။ ထို့နောက် သူတို့က ဝမ်ကျူအား ကြည့်ကာ ပြောလိုက်သည် “ နောက်အဆင့်ကို စလိုက်တော့”
ထိုသုံးဦး၏ ပတ်ဝန်းကျင်တွင် အဖြူရောင် ဒိုင်းကာတစ်ခု ပေါ်ထွက်လာလေသည်။ သူတို့က အချိန်စတင်မြန်ဆန်လာသည်ကို ကြည့်လိုက်ကြ၏။ သူတို့က တီဗွီဇာတ်လမ်းတွေမှာ ရှေ့ကျော်ရစ်သလို မြင်ကွင်းမျိုးကို မြင်တွေ့လိုက်ရသည်။
အားလုံးနှင့် အရာအားလုံးက မြန်မြန်ဆန်ဆန် လှုပ်ရှားနေကြသောကြောင့် ဝါးတားတား ဖြစ်သွားကြသည်။ ထို့နောက် အရာအားလုံး ရပ်တန့်သွားလေ၏။
“ အခု ဘယ်လောက်ကြာသွားပြီလဲ”
“ နှစ် ၃၀၀ပါ” ဝမ်ကျူက ပြန်ဖြေလိုက်သည်။
“ အဲဒါက လူဦးရေ ဖန်တီးဖို့ရော သေခြင်းတရား နတ်ဘုရားရဲ့ တကယ့်မျက်နှာအစစ်အမှန်ကို မေ့သွားဖို့ရော အချိန်ကောင်းပဲ”
လီကျွင်းက သေခြင်းတရား နတ်ဘုရားကို ကြည့်လိုက်သည်။ ယခုတွင် သူက အခြေအနေ ဆိုးဆိုးရွားရွား ဖြစ်နေလေ၏။ သူ့ဆံပင်များက မီးခိုးရောင် ဖြစ်နေလေသည်။ အကြောင်းမှာ အချိန်ကို ထိန်းချုပ်ဖို့အတွက် သူ့အသက်ဓာတ် အဆီအနှစ်များကို အသုံးချလိုက်ရ၍ ဖြစ်သည်။ သူ့ခန္ဓာကိုယ်က မံမီကဲ့သို့ ခြောက်တွနေလေ၏။
သူ့အတွက် ကံဆိုးသည်က သူ့အလုပ်က မပြီးဆုံးသေးပေ။ ယခင် တမန်တော် ကိုယ်ပွားများက သေခြင်းတရားနတ်ဘုရား၏ အဆင့်တက်လှမ်းမှုအကြောင်း ကြေညာပြီးသွားသည့်အခါ သူက ယခု ကံကြမ္မာနှင့် သေခြင်းတရား၏ အရှင်သခင် ဖြစ်သွားလေပြီ။
ကျောင်းဆောင်အားလုံးကို ဝမ်ဝေ့၏ မျက်နှာနှင့် ခန္ဓာကိုယ်အဖြစ် ပြောင်းလဲထားပြီး သေမျိုးများက သူ့အား စတင်ကိုးကွယ်ကြသည်။ ယခုမှစ၍ အဖွဲ့၏ အကြံအစည်က တစ်နည်းတစ်ဖုံ အောင်မြင်ခဲ့လေသည်။
လီကျွင်းက ဝမ်ကျူအား မေးလိုက်သည် “ သူ့စွမ်းအားကို ထပ်သုံးလို့ရသေးလား။”
“ ယုံကြည်မှု နည်းနည်းကျန်သေးတယ်။ ပြီးတော့ လိုအပ်လာမယ်ဆိုရင် သူ့ဝိညာဉ်ကိုပါ စတေးလို့ရသေးတယ်”
“ ဒီလိုဆိုရင် နောက်ထပ် ကုန်းမြေတစ်ခု ဖန်တီးရအောင်။ ဒီနည်းနဲ့ဆိုရင် ယုံကြည်မှု စုဆောင်းဖို့ ပိုပြီးတော့ သက်ရောက်မှုကောင်းပြီးတော့ အစွန်းရောက် ကိုးကွယ်သူတွေကို လေ့ကျင့်ပေးဖို့ နည်းလမ်းကောင်းပဲ”
ထို့နောက် သူက အနက်ရောင် ကျောက်တုံးကို ထုတ်ကာ ပေးလိုက်သည်။ ထိုကျောက်တုံးကို မြင်ကာ ဝမ်ကျူက ချက်ချင်းဆိုသလို သူ့အကြံအစည်ကို သဘောပေါက်သွားလေ၏။ သူမက သေခြင်းတရားနတ်ဘုရားအား ထိန်းချုပ်ကာ ထိုကောင်းကင်ဘုံဗိမာန်၏ အမြုတေအတွင်း ကျောက်တုံးကို ထားလိုက်သည်။
ထို့နောက် ချက်ချင်းဆိုသလို အာကာပြင်စွမ်းအားတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်ဘုံဗိမာန်အရွယ်အစားလောက် စတင်ကြီးမားလာသည်။
မိနစ်ပိုင်းအတွင်း ထိုအရာက ငါးဆမက ကြီးမားသွားလေ၏။ ထို့နောက်တွင် ကုန်းမြေအသစ်သုံးခု ဖြစ်ပေါ်လာသည်။
နောက်ဆုံးတွင် ဒုတိယကုန်းမြေမှ တမန်တော်က သေမျိုးများအုပ်စုကို စုစည်းကာ သူတို့၏ ချစ်လှစွာသော နတ်ဘုရားအတွက် ယုံကြည်မှုကို ဖြန့်ဝေဖို့ ပင်လယ်တစ်ဝိုက် ခရီးပို့ဆောင်ပေးခဲ့သည်။
ထိုအဖြစ်အပျက်များကို ကျော်ဖြတ်ပြီးသည့်နောက်တွင် ပင်လယ်၏ မတည်ငြိမ်မှုများအကြား ဖြတ်သန်းကာ အားအကောင်းဆုံး ပင်လယ်သတ္တဝါများနှင့် ရင်ဆိုင်ကြုံတွေ့ရပြီး အသက်ရှင်ကျန်ပြီးနောက်တွင် ထိုလူများ၏ ယုံကြည်မှုက သိသိသာသာ တိုးမြင့်လာလေသည်။ သူတို့၏ နတ်ဘုရားက အမြဲတမ်းလိုလို သူတို့၏ အသက်များကို အမြဲလိုလို ကာကွယ်ပေးထားကြောင်း ယုံကြည်သွားကြလေသည်။
တခြားသော ကုန်းမြေသို့ ရောက်ရှိသည့်အခါ သူတို့က ထိုနေရာတွင် အခြေချကာ သူတို့၏ နတ်ဘုရားအတွက် ကျောင်းဆောင်များကို စတင်ဆောက်လုပ်ကြသည်။
“ နောက်ထပ် အချိန်ထပ်မြန်နိုင်သေးလား” လီကျွင်းက မေးလိုက်သည်။
“ ဒီနှုန်းထားနဲ့ဆိုရင် သူက နှစ်ငါးဆယ်တောင် ခံနိုင်မှာ မဟုတ်တော့ဘူး”
“ အဲဒါဆိုရင် လူဦးရေတိုးမြင့်ဖို့အတွက် အချိန်မလုံလောက်သေးဘူးပဲ” လီကျွင်းက ပြောလိုက်သည်။
“ ငါတို့တွေ သူ့ဝိညာဉ်နဲ့ ခန္ဓာကိုယ်ကို အားမွေးပေးမယ်ဆိုရင်ရော”
လီကျွင်းက ထိုအရာကို ကြားပြီး အကြည့်များ တောက်ပသွားလေသည်။ ထို့နောက် သူမက ခေါင်းညိတ်လိုက်၏။
ထို့နောက် ယန်းလီလင်းက ဆေးလုံးတချို့ ထုတ်တိုက်လာသည်။ ထိုအရာများက ကောင်းကင်အဆင့်အဆီအနှစ် ပြန်လည်အားဖြည့်ဆေးများ ဖြစ်ပေသည်။ ထိုအရာက သေခြင်းတရား နတ်ဘုရား၏ ယခင်သုံးစွဲထားသည့် စွမ်းအားကို ပြန်လည်အားဖြည့်ပေးနိုင်သည်။
တခြားသော ဆေးလုံးများအတွက်မူ ထိုအရာများက ထိပ်တန်းမြေကမ္ဘာအဆင့် ယင်အားဖြည့် ဆေးလုံး ဖြစ်ပေသည်။ ထိုအရာကို ကမ္ဘာဦးစိတ်ဝိညာဉ် ကျင့်ကြံသူများသည် သူတို့၏ ဝိညာဉ်ကို ကျင့်ကြံဖို့အတွက် အသုံးပြုကြလေသည်။ သူတို့က တုံ့ဆိုင်းခြင်းမရှိ ထိုအရာအားလုံးကို တိုက်ကျွေးလိုက်သည်။
ထို့နောက် သေခြင်းတရား နတ်ဘုရား၏ မံမီခန္ဓာကိုယ်က ဖြည်းဖြည်းချင်း ပုံမှန်ပြန်ဖြစ်လာသည်။ သို့သော်လည်း သူ့ခန္ဓာကိုယ်အတွင်း စွမ်းအားများစွာ ပါဝင်နေသောကြောင့် သူက အနည်းငယ် ဖောင်းပွလာလေ၏။
ဝမ်ကျူက ချက်ချင်းဆိုသလို ထိန်းချုပ်ကာ သူ့ခန္ဓာကိုယ်အတွင်းရှိ လက်ကျန်ဆေး အာနိသင်များအား စည်းပိတ်ပေးလိုက်သည်။
ထို့နောက်တွင် သူ့ဝိညာဉ်စွမ်းအားက သိသိသာသာ တိုးမြင့်လာလေ၏။ ပုံမှန်အားဖြင့် ကိစ္စကောင်း ဖြစ်ပေသည်။ ကံဆိုးစွာဖြင့် သေခြင်းတရား နတ်ဘုရားက အများကြီး သောက်သုံးလိုက်သောကြောင့် သူ့ဝိညာဉ်၏ စွမ်းအားက သူ့ထိန်းချုပ်မှုအောက်ထက် ကျော်လွန်သွားလေသည်။
ကျင့်ကြံသူအများစုက ထိုသို့ မလုပ်ကြသည်မှာ ထိုအရာက သူတို့ဝိညာဉ်ကို မတည်မငြိမ်ဖြစ်စေပြီး ပျက်စီးသွားစေနိုင်၍ ဖြစ်သည်။ သို့သော်လည်း သူတို့သုံးယောက်က ထိုအရာကို ဂရုမစိုက်ပေ။ သူတို့က သေခြင်းတရား နတ်ဘုရား၏ စွမ်းအားကို အလျင်အမြန် မြှင့်တင်ပေးချင်ရုံမျှသာ ဖြစ်၏။
သူ့ဝိညာဉ်က သေချာသည့်အနေအထားသို့ ရောက်ရှိသွားသည့်အခါ ဝမ်ကျူက သူ့အား ထိန်းချုပ်လိုက်ပြီး တခြားသော ကုန်းမြေနှစ်ခု၏ အချိန်စီးဆင်းမှုကို မြှင့်တင်လိုက်သည်။
ဤတစ်ကြိမ် နှစ်ငါးရာ ကြာမြင့်သွားလေ၏။ ထို့နောက် ချက်ချင်းဆိုသလို သေခြင်းတရားနတ်ဘုရား၏ ခန္ဓာကိုယ်အား ချက်ချင်းဆိုသလို အမှုန့်ဖြစ်သွားကာ လေဖြင့် လွင့်ပါသွားတော့သည်။
သူ့ခန္ဓာကိုယ်၊ ဝိညာဉ်နှင့် စည်းမျဉ်းများက ချက်ချင်းဆိုသလို ပျက်သုဉ်းသွားလေသည်။
ထိုနှစ်ငါးရာအတွင်း လူသားများ၏ မျိုးဆက်ပေါင်းများစွာက မွေးဖွားလာကာ သေဆုံးသွားကြသည်။ သူတို့က မျိုးဆက်များအလိုက် သူတို့၏ အမွေအနှစ်ကို လက်ဆင့်ကမ်းပေးခဲ့ကြသည်။ ဤကုန်းမြေ၏ လူဦးရေလေးမှာ အယောက်တစ်သိန်းမှ တစ်ဆယ်ဘီလီယံအထိ တိုးမြင့်လာခဲ့ပြီး ယုံကြည်မှုစွမ်းအား အမြောက်အများ ထောက်ပံ့ပေးနေသည်။
အချိန်စွမ်းအား သက်ရောက်မှုမရှိဘဲ သူတို့သုံးယောက်လုံးက ကောင်းကင်မှာ လွင့်မြောနေစဉ် အဖြစ်အပျက်အားလုံးကို တည်တည်ငြိမ်ငြိမ်သာ ကြည့်နေလေသည်။
ယန်းလီလင်းက သက်ပြင်းချကာ ပြောလိုက်သည် “ နှစ် ငါးရာ။ သေမျိုးတွေအားလုံး မွေးဖွားပြီး သေဆုံးဖို့ နှစ်ငါးရာဆိုတာက မျိုးဆက်ပေါင်းများစွာအတွက်တောင် လုံလောက်တယ်။ သူတို့ရဲ့ တိုးတောင်းလှတဲ့ သက်တမ်းတွေက တကယ်ကို အဖြစ်ဆိုးပဲ”
ယန်းလီလင်းက လက်ရှိ နှစ် ၈၀၀ ကျော် သက်တမ်းရှိပြီ ဖြစ်ကာ သူမကိုယ်သူမ ငယ်ရွယ်သေးသည်ဟုသာ ယူဆထားသည်။ ထိုသေမျိုးများအတွက်မူ သူမက သူတို့၏ ဘိုးဘေးအဖြစ် မှတ်ယူနိုင်လေ၏။
“ ကိုယ်တို့အတွက်လည်း အတူတူပဲ မဟုတ်ဘူးလား” လီကျွင်းက ပြောလိုက်သည် “ သူတို့က ဆယ်စုနှစ်လောက်ပဲ နေနိုင်တယ်ဆိုပေမဲ့ ကိုယ်တို့က နှစ်သန်းချီနေနိုင်ရုံလေးပဲ။ အဆုံးသတ်မှာ မသေမျိုးဘဝကို မရဘူးဆိုရင် သူတို့လိုမျိုးပဲ တစ်ရက်တော့ မြေကြီးထဲ ပြန်ရောက်သွားရမှာပဲ။
တစ်ခုတည်းသော ကွာခြားချက်က ကိုယ်တို့တွေက အချိန်နည်းနည်း ပိုကြာရုံပဲ”
အားလုံးက ထိုအရာကို ကြားပြီး တိတ်ဆိတ်သွားလေသည်။ မျိုးဆက်တိုင်း၌ ဂိုဏ်းများ သို့မဟုတ် အင်အားစုများက မဟာဧကရာဇ်ကို မွေးထုတ်ပေးသည့်အခါ ထိုသူက ကမ္ဘာတွင် အားအကောင်းဆုံး ဖြစ်လာလိမ့်မည်။ သို့သော် ထိုအရာတင်မကဘဲ လူများစွာအတွက်လည်း အချိန်အနှောင်အဖွဲ့မှ လွတ်မြောက်နိုင်သည့် အခွင့်အရေးလည်း ဖြစ်သည်။
ထို့ကြောင့် အကယ်၍ အနာဂတ်မှာ ဝမ်ဝေ့က မဟာဧကရာဇ်ဖြစ်လာဖို့ ကျရှုံးသွားမည်ဆိုလျှင် သူတို့ကံတရားကလည်း သေမျိုးများနှင့် အတူတူသာ ဖြစ်နေလိမ့်မည်။