ဖရိုဖရဲအခြေအနေ
Vol. 25 Ch. 344
အခန်း (၃၄၄) : ဖရိုဖရဲအခြေအနေ
မီးနယ်မြေ တောင်တန်းများရှိရာအရပ်၌
မုဆိုးတစ်ဦးသည် တောင်ပေါ် လျှောက်လာရင်း သူ့မိသားစုကို ကျွေးမွေးဖို့အတွက် တိရစ္ဆာန်တချို့ကို ဖမ်းဆီးဖို့ ပြင်ဆင်နေလေသည်။ သူက အမဲလိုက်ဝတ်စုံကို ဝတ်ဆင်ထားပြီး လက်ထဲတွင် တောခုတ်ဓားကို လက်နက်အဖြစ် ကိုင်ဆောင်ထားပြီး ကျောဘက်တွင် လေးမြားနှင့် အိတ်ငယ်တစ်လုံး ပါရှိ၏။
သူ့အဝတ်အောက်တွင် အမာရွတ်များစွာ ရှိနေသောကြောင့် သူက အတွေ့အကြုံများသည့် အမဲလိုက်မုဆိုးတစ်ဦးဖြစ်ကြောင်း ပြသနေလေသည်။ သူက လမ်းလျှောက်လာရင်း ဆက်တိုက် ရေရွတ်နေလေ၏။
“ လက်နက်နတ်ဘုရား ကျွန်တော်ရဲ့ လက်နက်တွေကို သားကောင်လိုက်နိုင်ဖို့အတွက် ပြီးပြည့်စုံတဲ့ ထက်ရှမှုကို ချီးမြှင့်ပေးပါ။ တိရစ္ဆာန်နတ်ဘုရား ကျွန်တော့်မိသားစုကို ဒီနေ့ကျွေးမွေးနိုင်ဖို့အတွက် သားကောင် ပို့ဆောင်ပေးပါ။ ရှင်သန်ခြင်း နတ်ဘုရားမ ကျွန်တော် အမြဲတိုင်းလုပ်ခဲ့သလိုမျိုး ဒီအမဲလိုက်မှုမှာ အသက်ရှင်နိုင်ဖို့ ကျွန်တော့်အသက်ကို ကာကွယ်ပေးပါ”
ထိုမုဆိုးက တောင်ပေါ်တက်သည့်အခါတိုင်း ထိုသို့ ဆုတောင်းလေ့ရှိလေသည်။ သူ့ ဆုတောင်းစကားများအား ကြားသည် မကြားသည် မသိပေ။ သို့သော်လည်း သူက ယခုအထိ ရှင်သန်နေသည့် အကြောင်းအရင်းအရ ယုံကြည်ထားလေသည်။
မုဆိုးက ပတ်ဝန်းကျင်နှင့် ရင်းနှီးနေသောကြောင့် အမြဲအသုံးပြုလေ့ရှိသည့် သဲလွန်စများနောက် လိုက်သွားလေသည်။ ထိုလမ်းက သားကောင်ရှာဖွေဖို့အတွက် အခွင့်အရေး မြင့်မားလေသည်။ လမ်းတစ်လျှောက်တွင် သူက မြေပြင်ပေါ်မှ သစ်ပင်များကိုပါ ကြည့်လိုက်သည်။
ခဏအကြာတွင် သူက သတိထားမိသည့်အရာ တွေ့သည့်အခါ သူနှင့်အတူ ပါလာသည့် အိတ်ငယ်လေးထဲ ကောက်ထည့်လိုက်သည်။ ထိုလမ်းတွင် မုဆိုးက တစ်နာရီကျော်လျှောက်ပြီးသည့်နောက် ယုန်နှစ်ကောင်ကို တွေ့လိုက်ရသည်။
သူက ကျွမ်းကျင်လိမ္မာစွာဖြင့် လေးနှင့်မြားကို တစ်ပြိုင်တည်းထုတ်ကာ ပေါ့ပါးသွက်လက်စွာ ပစ်ခတ်လိုက်သည်။
ဝှစ်…
ဝှစ်
မြားနှစ်ချက်က အံ့မခန်းအလျင်ဖြင့် ထွက်သွားပြီး တစ်ခုချင်းစီက ယုန်အား ချက်ကောင်းထိသွားလေသည်။
ထိုယုန်လေးနှစ်ကောင်က တုံ့ပြန်ဖို့ အချိန်ပင် မရှိလိုက်ပေ။ မုဆိုးက သူ့သားကောင်ကို သွား၍စစ်ဆေးကြည့်လိုက်သည်။ သူက သူတို့ဦးခေါင်းမှ မြားကို ဖယ်ကာ ကြိုးဖြင့် ယုန်နှစ်ကောင်ကို ခန္ဓာကိုယ်တွင် ချည်လိုက်သည်။
ထို့နောက် သူ့သွေးနံ့သည် တခြားတိရစ္ဆာန်များအား ဆွဲဆောင်နေမည်ကို စိုးရိမ်ကာ ထိုနေရာမှ မြန်မြန်ထွက်လာခဲ့သည်။ သူ့အတွက် ထိုယုန်နှစ်ကောင်က သူ့မိသားစုကို ကျွေးမွေးဖို့ သုံးရက်စာ လုံလောက်လေသည်။ အကယ်၍ သူတို့သာ အချိန်ကြာကြာ စားမည်ဆိုလျှင် အနည်းဆုံး တစ်ပတ်ခန့် လုံလောက်လိမ့်မည်။
မုဆိုးအတွက် ကံဆိုးသည်က ကံကြမ္မာက သူ့အတွက်သာ အစီအစဉ်များ ရှိနေဟန်ပေါ်သည်။ သူ အိမ်သို့ပြန်လာစဉ် အော်သံတစ်ခုကြောင့် ကြက်သီးတဖြန်းဖြန်း ထသွားလေ၏။ သူက ခေါင်းမော့ကာ ကြည့်လိုက်သည့်အချိန် ငါးမီတာ မြင့်မားသည့် တောဝက်ရိုင်းတစ်ကောင်ကို မြင်လိုက်ရသည်။
“ မိစ္ဆာတိရစ္ဆာန်လား” မုဆိုးက ကြောက်လန့်တကြားဖြစ်သွားလေသည်။ အကြောင်းမှာ ထိုမိစ္ဆာတိရစ္ဆာန်များက လူသားများ၏ ရန်သူဖြစ်ကြောင်း သိထားလေသည်။ နတ်ဘုရားများ၏ ကာကွယ်မှုဖြင့်သာ လူသားများက ဤသို့သော ဘေးကင်းကင်း ရှင်သန်နိုင်ခြင်း ဖြစ်၏။ မုဆိုးက တုံ့ဆိုင်းမနေဘဲ တခြားတစ်ဖက်သို့ ထွက်ပြေးလေသည်။ သူက သူ့လက်နက်များ၊ ဆေးပင်များနှင့် ယုန်ကိုပင် စွန့်ပစ်ခဲ့၏။ ယခုအရေးအကြီးဆုံးက သူ့အသက်ကို ကယ်တင်ဖို့မှန်း သိလေသည်။
သူက သူ့အမြန်နှုန်းသည် ထိုတောရိုင်းကြီးထက် နှေးကွေးနေကြောင်း သိထားလေသည်။ ထို့ကြောင့် သူက သူ့အား တုံ့ဆိုင်းစေသည့် အရာများကို ဖြုတ်ချပစ်ဖို့ တုံ့ဆိုင်းမနေပေ။
မုဆိုးက အသက်လုပြေးနေစဉ် နောက်မှလိုက်ပါလာသည့် သေခြင်းတရား အငွေ့အသက်ကို ခံစားမိနေ၏။ သူက လက်လျှော့ကာ ကံကြမ္မာကို လက်ခံလိုက်ချင်သော်လည်း ရွာမှ သူ့ဇနီးနှင့် ကလေးနှစ်ယောက်ကို စဉ်းစားမိသည့်အခါ အံကြိတ်ကာ ဆက်လက်ပြေးလိုက်သည်။
သူတို့အတွက် သူက အသက်ရှင်ရမည်။ ထို့ကြောင့် သူက ဆုံးဖြတ်ကာ ပိုမိုမြန်မြန်ဆန်ဆန် ပြေးလိုက်သည်။ မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် တောဝက်ရိုင်း နီးကပ်လာသည့်အခါ မုဆိုးက တောင်စွန်းတစ်ခုကို မြင်လိုက်ရသည်။
သူက စက္ကန့်ပိုင်းပင် တုံ့ဆိုင်းမနေဘဲ ခုန်ချလိုက်လေသည်။ သူက အလောင်းအစား လုပ်ကြည့်ချင်မိ၏။ အကယ်၍ သူသာ အသက်ရှင်ကျန်ခဲ့လျှင် အဆိုးဆုံး အခြေအနေက ဒဏ်ရာရရှိမည်သာဖြစ်ပြီး သူ့အသက်ကို ကယ်တင်နိုင်လိမ့်မည်။
သူ သေဆုံးသွားလျှင်ပင် တောဝက်ရိုင်း၏ အစာဖြစ်သည်ထက် ပိုကောင်းလေသည်။ သူက မိစ္ဆာတိရစ္ဆာန်သည် သူနှင့်အတူ ခုန်ချမည် မဟုတ်ကြောင်း လောင်းထားသည်။ သူ့လောင်းကြေးက မှန်နေခဲ့၏။
သူ ပြုတ်ကျသွားသည့်အခါ တောဝက်ရိုင်းကြီးက သူ့အား အမုန်းတရားဖြင့် ကြည့်နေသည်ကို မြင်လိုက်ရသည်။ မုဆိုးက ထိုအရာကို မြင်ပြီး ခပ်ယဲ့ယဲ့ပြုံးလိုက်မိ၏။ ထို့နောက် သူက အဆိုးဆုံးအခြေအနေကို ပြင်ဆင်ထားလိုက်သည်။
သူ့အတွက် ကံကောင်းသည်က ကံကြမ္မာက ယခုတစ်ခေါက် မျက်နှာသာပေးဟန်ပေါ်သည်။ သူ ထင်ထားသလို မြေပြင်ပေါ် ပြုတ်ကျသွားခြင်း မဟုတ်ဘဲ မြစ်ထဲ ပြုတ်ကျသွားလေသည်။
ငါ အနောက်ရွာမှာ ရေကူးသင်ထားခဲ့တာပဲ … ကြမ္မာနတ်ဘုရားမကို ကျေးဇူးတင်ပါတယ်။
မုဆိုးက ရေမျက်နှာပြင်ပေါ် တက်လာကာ တွေးလိုက်သည်။
မုဆိုးက မနီးမဝေးတွင် လှိုဏ်ဂူတစ်ခုကို မြင်လိုက်ရသည်။ ထို့ကြောင့် သူက ကူးခတ်ကာ သွားကြည့်လိုက်သည်။ ယခုလက်ရှိ သူက ယခုအခြေအနေမှ မည်သို့ထွက်ရမည်ကို စဉ်းစားနေလေသည်။
သူက အခန်းကို သွားပြီးသည့်နောက်တွင် မုဆိုးက တခြားသော အန္တရာယ်များသည့် တိရစ္ဆာန်များနှင့် မတွေ့ရအောင် သတိထားလေသည်။ ထို့ကြောင့် သူက ဖြည်းဖြည်းချင်း လျှောက်ဝင်သွား၏။ သူ့အတွက် ကံကောင်းသည်က လှိုဏ်ခေါင်းက သဘာဝမကျစွာ လင်းထိန်နေသည်။
အထဲသို့ ဝင်သွားပြီးသည့်နောက်တွင် လှိုဏ်ဂူအတွင်းမှ ပစ္စည်းတချို့ကို မြင်လိုက်ရသည်။ သို့သော်လည်း သူ့အကြည့်က ရွှေရောင်တလက်လက် တောက်ပနေသည့် သတ္တုလုံးပေါ် ရောက်ရှိသွားလေ၏။ မုဆိုးက ထိုအရာသည် သူနှင့် သူ့မိသားစု ကြွယ်ဝချမ်းသာဖို့ လုံလောက်ရဲ့လားဟု စဉ်းစားနေမိသည်။
သူက အပြေးအလွှား သွားကာ ကောက်ယူပြီး လေ့လာကြည့်လိုက်သည်။ ကံဆိုးသည်က သူက ထိုအရာ၏ တန်ဖိုးအစစ်အမှန်ကို မသိပေ။ ထို့ကြောင့် သူက တခြားသော ပစ္စည်းများကို လျှောက်ကြည့်လိုက်သည်။ သူက စာအုပ်တစ်အုပ်ကို ကောက်ကိုင်လိုက်၏။ နောင်တရစရာကောင်းသည်ကား မုဆိုးက မည်သို့ဖတ်ရမည်ကို မသိပေ။ ကံကောင်းစွာဖြင့် ထိုစာအုပ်က ထိုအချက်အပေါ် သက်ရောက်မှု မရှိပေ။ မုဆိုးက စာအုပ်ကို ကောက်ကိုင်လိုက်သည်နှင့် သူ့စိတ်အတွင်း များပြားသည့် သတင်းအချက်အလက်များ ဝင်ရောက်လာကာ မေ့လဲလုနီးပါး ဖြစ်သွားလေသည်။
သူ့အကြည့်များက ချက်ချင်းဆိုသလို ပြောင်းလဲသွားလေ၏။ ယခင်ရွာငယ်လေးမှ သာမန်လူတစ်ယောက်၏ မသိနားလည်မှုများက ပျောက်ကွယ်သွားပြီး ကမ္ဘာ၏ အမှန်တရားကို သိသည့် ဉာဏ်ပညာများဖြင့် အစားထိုးသွားလေသည်။
“ ဒါက ဒီလိုကိုး” မုဆိုးက မထိတထိအပြုံးဖြင့် ရေရွတ်လိုက်သည် “ နတ်ဘုရားလို့ ခေါ်နေတဲ့ဟာတွေက အင်အားကို ဖြည်းဖြည်းချင်း ရယူထားတဲ့ သေမျိုးတွေက လွဲပြီး ဘာမှမဟုတ်ဘူးပေါ့။ ဒီလူတွေက လူသားတွေကို အောက်ခြေမှာ ထားပြီးတော့ သူတို့ကိုယ်သူတို့ ဆက်မောက်မာနေကြတာပေါ့ ဟား…ဟား…ဟား…”
မုဆိုးက ငါးမိနစ်ကြာ ရယ်မောလိုက်ပြီးနောက် သူ့မျက်ဝန်းအထက် ရက်စက်သည့် အလင်းတစ်ချက် ဖြတ်ပြေးသွားလေသည်။
“ နတ်ဘုရားဝါးမျိုခြင်း ကျင့်စဉ်တဲ့လား။ ကောင်းပြီ ကောင်းပြီ”
မုဆိုးက သူ့လက်ထဲမှ သတ္တုလုံးကို ကြည့်ကာ ရည်ရွယ်ချက်ကို သိရှိသွားလေသည်။ ထိုအရာ သူ့အား မြင့်မြတ်ကျောင်းဆောင်အဆင့်သို့ ဝင်ရောက်နိုင်မည့် ဂုဏ်သတင်းပမာဏ အနည်းငယ် ပါဝင်နေလေသည်။
သူက တုံ့ဆိုင်းမနေဘဲ သူ့ကျင့်ကြံရေး ခရီးစဉ်ကို စတင်လိုက်သည်။ သုံးရက်အတွင်း သူက နိဝမ်ဆုံမှတ်ကို ဖွင့်ကာ အံ့ဖွယ်အသိစိတ် ပင်လယ်အတွင်း မြင့်မြတ်ကျောင်းဆောင်ကို ဖန်တီးနိုင်ခဲ့သည်။
သူ့ ကျင့်ကြံရေးပြီးဆုံးသွားသည့်အခါ လှိုဏ်ဂူအတွင်းရှိ နောက်ဆုံးပစ္စည်းကို ကြည့်လိုက်သည်။ ထိုအရာက ထူးဆန်းသည့် စာလုံးများ ရေးသားထားသည့် စာရွက်အပိုင်းအစ တစ်ခု ဖြစ်၏။ သူ ရရှိထားသည့် သတင်းအချက်အလက်များအရ ထိုအရာသည် အဆောင်ဟု ခေါ်ကြောင်းသိလိုက်သည်။
သူက ထိုအရာကို ခန္ဓာပေါ်တွင် ဆောင်ထားသရွေ့ တခြားသော နတ်ဘုရားများအကြည့်အောက်မှ ပုန်းအောင်းနိုင်ကာ သူက စတင်ကျင့်ကြံနိုင်သည်ကိုလည်း သတိမထားမိစေရန် တားဆီးထားနိုင်လေသည်။ ထို့ကြောင့် သူက ဆွဲသီးအဖြစ် ပြောင်းကာ လည်ပင်းတွင် ဝတ်ဆင်ထားလိုက်သည်။
သူက ထိုနည်းလမ်းသည် ဘေးမကင်းမှန်းသိသော်လည်း ရွေးချယ်စရာ မရှိပေ။ သူ သင်ယူထားသလောက် ခန္ဓာကိုယ်တွင် မြင့်မြတ်စွမ်းအား ရှိပြီးမှသာ အဆောင်ကို ခန္ဓာကိုယ်အတွင်း သိမ်းဆည်းနိုင်လိမ့်မည် ဖြစ်၏။
ဘာမှလုပ်စရာမရှိတော့သည်ကို သိကြပြီးနောက် မုဆိုးက တောင်ပေါ်ကို ပြန်တက်လာလိုက်သည်။ သူက မြင့်မြတ်ကျောင်းဆောင်အဆင့်သို့ ရောက်ရှိပြီးသည့်နောက်တွင် သူ့ခန္ဓာကိုယ်က လူသားတစ်ယောက်၏ အထွတ်အထိပ်သို့ ရောက်ရှိသွားလေပြီ။ ထူးခြားနေခြင်း မဟုတ်သော်လည်း တောင်တက်ဖို့အတွက်တော့ လုံလောက်သည်ထက် ပိုပေသည်။
တောင်တက်လာပြီးနောက် မုဆိုးက ရွာကို ချက်ချင်းပြန်မသွားသေးဘဲ စောစောလေးက တောဝက်ရိုင်းကြီးအား ပြန်လည်အမဲလိုက်ခဲ့သည်။ ယခင်က ထိုနတ်ဘုရားများခေါ်သည့် မိစ္ဆာတိရစ္ဆာန်ဟူသည့် အရာကို ကြောက်ရွံ့နေခဲ့သည်။
ယခုတွင်မူ သူက ထိုအရာများသည် ကမ္ဘာမှ ဝိညာဉ်စွမ်းအား စုပ်ယူကာ ပြောင်းလဲထားသည့် တိရစ္ဆာန်များသာ ဖြစ်ကြောင်း သိလိုက်ရသည်။ ကံဆိုးစွာဖြင့် သူတို့အတွက် ပြီးပြည့်စုံသည့် ကျင့်ကြံရေး နည်းစနစ် မရှိသောကြောင့် ထိုစွမ်းအားများကိုသာ စုပ်ယူနိုင်ကြသည်။
ထို့ကြောင့် သူတို့၏ ကြီးထွားနှုန်းက ကန့်သတ်ချက် ရှိ၏။ ထို့အပြင် နတ်ဘုရားများက သူတို့အား အသုံးပြုကာ သေမျိုးများကို ထိန်းချုပ်ကြသည်။
မုဆိုးက မိစ္ဆာတိရစ္ဆာန်များအား သတ်ဖြတ်ပြီး သူ့ကောင်းကျိုးကို ရွာအား ဖြန့်ဝေလိုသည်။ ထိုအခါမှ ဂုဏ်သတင်းကိုစုဆောင်းကာ ပိုမိုကျင့်ကြံနိုင်လိမ့်မည်။ သူက သူ့ကျင့်ကြံဆင့် သေချာသည့် အဆင့်တစ်ခုသို့ မရောက်မချင်း တခြားနတ်ဘုရားတစ်ပါးအား ဝါးမျိုနိုင်မည် မဟုတ်ပေ။
ထိုမုဆိုးတစ်ယောက်တည်းက ကံအပြောင်းအလဲကို ရှာတွေ့ခဲ့ခြင်း မဟုတ်ပေ။ မီးနယ်မြေအတွင်း သူ့လိုမျိုး အယောက်ထောင်ချီ ရှိလေသည်။ ထိုနယ်မြေမျှသာမကပဲ အခြားသောနယ်မြေ ၃၅ ခုတွင်လည်း အတူတူသာ ဖြစ်၏။
အထွတ်အထိပ် နတ်ဘုရားများက လီကျွင်း၏ ကမ်းလှမ်းမှုကို လက်ခံရမလား သို့မဟုတ် တိုက်ခိုက်ရမလား စဉ်းစားနေစဉ် သူတို့ကမ္ဘာတစ်ဝှမ်း ဖရိုဖရဲအခြေအနေများ စတင်ဖြစ်ပွားလာသည်။
ကြမ္မာနတ်ဘုရားမကဲ့သို့သော ကမ္ဘာ၏ အပြောင်းအလဲကို အာရုံခံကောင်းလွန်းသည့် အထွတ်အထိပ် နတ်ဘုရားများက တစ်ခုခုမှားယွင်းနေသည်ကို ချက်ချင်းသဘောပေါက်သွားသည်။ ကံဆိုးစွာဖြင့် မိုးမြေလျှို့ဝှက်ချက်များကို လီကျွင်း၏ အဖွဲ့က လျှို့ဝှက်ထားကာ ဂမ္ဘီရနှင့် တွက်ချက်မှုများအား အသုံးမဝင်အောင် ပြုလုပ်ထားလေသည်။
ထို့အပြင် အချိန်ကြာလာသည့်အခါ ကြမ္မာနတ်ဘုရားမက သူမ၏ အဆုံးသတ်နေ့ရက် အလျင်အမြန် နီးကပ်လာသည်ကို ခံစားမိလိုက်သည်။ သူမက ကံတရားအား ဆက်လက် စောင့်မနေလိုဘဲ လှုပ်ရှားဖို့ ပြင်လိုက်သည်။