← Chapters

ရှေးဟောင်းကောင်းကင်ဘုံနယ်မြေ…

Vol. 122 Ch. 1683

ရှေးဟောင်းကောင်းကင်ဘုံနယ်မြေ…

Vol. 122 Ch. 1683

ထိုရှေးဟောင်းနတ်ဘုရား၏ ရင်ဘက်တွင် ဒဏ်ရာ အမာရွတ်ကြီးတစ်ခု ရှိနေ၏။ တစ်စုံတစ်ယောက်က သူ၏ရင်ဘက်ကို အတိတ်တုန်းက ထိုးခုတ်ခဲ့သည့်အလား။ တော်ဝင်သွေးမျိုးဆက် မပိုင်ဆိုင်ထားလျှင်ပင် ကြယ်ရှစ်လုံးရှေးဟောင်းနတ်ဘုရားသည် အလွန်အစွမ်းထက်နေပြီးပင်။

ထိုရှေးဟောင်းနတ်ဘုရားက ဝမ်လင်းနှင့် ပေတစ်ထောင်ပင် မလိုတော့ပေ။ ယင်းအကွာအဝေးကို ရှည်လျားသည်ဟု ဆိုနိုင်၏။သို့သော် ပေထောင်သောင်းချီ မြင့်မားသော ရှေးဟောင်းနတ်ဘုရားအဖို့ လက်သီးတစ်ချက်ထိုးစရာ အကွာအဝေးအတွင်း ရှိနေ၏။ ယင်းရှေးဟောင်းနတ်ဘုရားက ဝမ်လင်းထံ လက်သီးထိုးချလိုက်လေပြီ။ တုန်ဟည်းသံတို့ ပဲ့တင်ထပ်လေ၏။

ပြင်းထန်သောမုန်တိုင်းတစ်ခု ပျံ့လွင့်လာကာ တိမ်များကို တဝီဝီဖြစ်သွားစေ၏။ ဧရာမအရိပ်တစ်ခုက ထိုရှေးဟောင်းနတ်ဘုရား ရှေ့တွင် ပေါ်လာသည်။

ထိုအရိပ်မှာလည်း ရှေးဟောင်းနတ်ဘုရားတစ်ပါးပင် ဖြစ်၏။ သို့သော် သူကမူ ချပ်ဝတ်တစ်စုံ ဝတ်ဆင်ထားသည်။ ယင်းအရိပ်ထံမှ အတိုင်းမသိသတ်ဖြတ်ခြင်းအော်ရာ ထွက်ပေါ်လာ၏။ ထိုအရိပ်၏နှဖူးထက်တွင် အမှန်တကယ်ပင် ကြယ်ကိုးလုံး ရှိနေ၏။

ဝမ်လင်းသည် မူလတည်းက တော်ဝင်ရှေးဟောင်းနတ်ဘုရားတစ်ပါး ဖြစ်၏။ ထို့ကြောင့် သူသည် ကြယ်ရှစ်လုံးရှေးဟောင်းနတ်ဘုရား၏နောက်တွင် ပေါ်လာသော ကြယ်ကိုးလုံးရှေးဟောင်းနတ်ဘုရားအရိပ်မှာ လေးစားခံတစ်ဦးဖြစ်မှန်း သိပေ၏။

ကြယ်ရှစ်လုံးရှေးဟောင်းနတ်ဘုရားသည် ချပ်ဝတ်နှင့်ကြယ်ကိုးလုံး ရှေးဟောင်းနတ်ဘုရားအပေါ် သစ္စာရှိခဲ့သည်မှာ ထင်ရှားလေသည်။

ဝမ်လင်းသည် မျက်လုံးမှိတ်ထားသော်လည်း အရာအားလုံးကို ရှင်းလင်းစွာ ခံစားနိုင်၏။ ကြယ်ရှစ်လုံး ရှေးဟောင်းနတ်ဘုရား၏လက်သီးချက် ပျံသန်းလာချိန် လောကသည် တုန်ဟည်းသည်။ ထိုလက်သီးချက်သည် ဝမ်လင်းနှင့် ပေတစ်ရာပင် မလိုသော အကွာအဝေးသို့ ရောက်လာသည့်အချိန်ထိ သူသည် မျက်လုံးမှိတ်ထားဆဲပင်။ သူက မျက်လုံးမှိတ်ထားလျက်ဖြင့် ရှေ့သို့ ခြေလှမ်းကာ သူ့ညာလက်ဝါးကို ပင့်မြှောက်၍ ထိုလက်သီးချက်ကို ရင်ဆိုင်လိုက်သည်။

သူ့လက်ဝါးဖြင့် ပိတ်ဆို့တားဆီးလိုက်ပြီး သူက ၎င်းရှေးဟောင်းနတ်ဘုရားကို ဘေးတစ်ဖက်သို့ တွန်းထုတ်လိုက်၏။ မျက်လုံးဟောက်ပတ်ဖြင့် ရှေးဟောင်းနတ်ဘုရားသည် ထိုသို့ ပြုလုပ်ခံရသည့်အခါ သူ့မျက်လုံးထဲ၌ မယုံကြည်နိုင်မှုတို့ ပြည့်နှက်သွားသည်။

ထိုလက်သီးချက်ကို ဘေးသို့ တွန်းထုတ်လိုက်ပြီးနောက် ဝမ်လင်း၏လက်ဝါးက ၎င်း၏ဦးခေါင်းကို ညင်သာစွာ ထိပုတ်လိုက်လေ၏။

ကျယ်လောင်စွာ ပေါက်ကွဲထွက်သံ ထွက်ပေါ်လာပြီး အနှီရှေးဟောင်းနတ်ဘုရားသည် သွေးများစွာ အန်ထုတ်၍ ပေတစ်သိန်းထိ နောက်ဆုတ်သွားရသည်။

တစ်ချိန်တည်းမှာ တခြားရှေးဟောင်းနတ်ဘုရားသုံးပါးသည် မူတညီသော နေရာလေးခုကနေ နီးကပ်လာကာ လက်သီးများ ပစ်သွင်းလာ၏။ ကြယ်ရှစ်လုံးရှေးဟောင်းနတ်ဘုရား သုံးပါး၏ ခွန်အားပြည့် လက်သီးချက်များသည် ကြောက်မက်ဖွယ်ပင်။ ထိုအခိုက်၌ ဝမ်လင်း၏မျက်ခုံးနှစ်ခုကြားရှိ ကြယ်ခုနစ်လုံးသည် စတင် လှည့်ပတ်သည်။ သူ၏တော်ဝင်ရှေးဟောင်းနတ်ဘုရားစွမ်းအားမှာ မြင့်တက်လာချေသည်။

ထိုအခိုက်၌ အချိန် နှေးကွေးသွားသည်ဟု ထင်မှားရ၏။ ဝမ်လင်းသည် မျက်လုံးမှိတ်ထားဆဲ ဖြစ်ပြီး သူက ရှေ့သို့ ခြေလှမ်းတစ်ဝက် လှမ်းသည်။ သူ့ညာလက်ဖြင့် ရှေးဟောင်းနတ်ဘုရားတစ်ပါး၏ လက်သီးချက်ကို ပုတ်၍ ဘေးတစ်ဖက်သို့ လွင့်ထွက်စေသည်။ ထို့နောက် သူက ထိုရှေးဟောင်းနတ်ဘုရား၏ ရင်ဘက်ကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

၎င်းရှေးဟောင်းနတ်ဘုရားသည် တုန်ယင်ကာ သူ့ပါးစပ်ထောင့်မှ သွေးများ စီးကျသွားပြီးနောက် ပေတစ်သိန်းထိ လွင့်ထွက်သွားသည်။

ဝမ်လင်းသည် လှည့်၍ သူ့လက်နှစ်ဖက်ကို ဖြန့်ကားလိုက်ပြီး တခြားရှေးဟောင်းနတ်ဘုရားနှစ်ပါး၏ လက်သီးချက်များကို ဖမ်းဆုပ်လိုက်သည်။ သူသည် သူတို့၏လက်သီးချက်များ၏ အစိတ်အပိုင်းငယ်ကိုသာ ဖမ်းဆုပ်လိုက်သော်လည်း ယင်းက သူတို့၏စိတ်ဝိညာဉ်များကို ကိုင်လှုပ်ဖမ်းဆုပ်လိုက်သည့်နှယ်။ ထို့နောက် သူသည် သူတို့ကို နောက်သို့ တွန်းထုတ်လိုက်လေသည်။

တုန်လှုပ်ဖွယ် မြည်ဟည်းသံ ပဲ့တင်ထပ်၏။ ရှေးဟောင်းနတ်ဘုရားနှစ်ပါးမှာ သွေးအန်ပြီး နောက်သို့ လွင့်ထွက်သွားသည်။

အဖြစ်အပျက်များသည် မြန်ဆန်လှ၏။ ဝမ်လင်းသည် ရှေးဟောင်းနတ်ဘုရားလေးပါးကို နောက်သို့ အတင်းအကြပ် ဆုတ်စေလိုက်သည်။ ရွှေရောင်လက်စွပ်မှှ ရွှေရောင်အလင်း၏ တစ်ဝက်မှာလည်း လွင့်ပျောက်သွားပြီး ဖြစ်ကာ ဆက်လက်၍လည်း မြန်ဆန်စွာ ပျောက်ကွယ်နေ၏။ ထိုအလင်းအားလုံး ပျောက်ကွယ်သွားသည်နှင့် ဝမ်လင်းသည် ၎င်းလက်စွပ်ကို အပြည့်အဝထိန်းချုပ်နိုင်မည် ဖြစ်သည်။

ထိုရှေးဟောင်းနတ်ဘုရားများသည် ပေတစ်သိန်းထိ လွင့်ထွက်သွားသော်လည်း ကျန်သည့် ရှေးဟောင်းမိစ္ဆာလေးပါးမှာ ဝမ်လင်းထံ တိုးဝင်လာကြတုန်းပင်။ သူတို့သည် ရက်စက်သွေးဆာသည့်ဟန်များ ပြည့်နေပြီး ရှေးဟောင်းမိစ္ဆာမန္တာန်များသည် ဝမ်လင်းထံ တရကြမ်း ဦးတည်ဝင်လာကြသည်။

ထိုမန္တာန်များသည် အံ့မခန်းပင်။

ဧရာမပုဆိန်နက်တစ်လက် ပေါ်လာ၏။ ၎င်းမှာ ရှေးဟောင်းမိစ္ဆာရတနာတစ်ခုပင်။ ရှေးဟောင်းမိစ္ဆာများထဲမှ တစ်ယောက်က ၎င်းပုဆိန်ကို ဖမ်းဆုပ်ကိုင်ကာ ဝမ်လင်းထံ ခုတ်ပိုင်းချသည်။

ရှေးဟောင်းနတ်ဘုရားများက သူနှင့် ကလန်တူတူ ဖြစ်သည့်အတွက်ကြောင့် ဝမ်လင်းက အနည်းငယ် အလျှော့ပေးခဲ့ခြင်းပင်။ သည်ရှေးဟောင်းမိစ္ဆာများကမူ မျိုးနွယ်တူသော်လည်း ကလန်မတူပေ။ ပုဆိန်ခုတ်ပိုင်းချက် ကျရောက်လာနေစဉ် ဝမ်လင်းသည် ဖျတ်ခနဲ သူ့ညာလက်ဖြင့် ထိုပုဆိန်သွားကို ဆန့်ကျင်ဖိချလိုက်၏။ ထိုရှေးဟောင်းမိစ္ဆာမှာ တုန်ယင်သွားပြီး ပုဆိန်ချက်သည် အတိုင်းအဆမဲ့ မိစ္ဆာစွမ်းအင်များအဖြစ်သို့ ပျက်စီးသည်။ ထိုမိစ္ဆာစွမ်းအင်က ဝမ်လင်း၏ညာမျက်လုံးထံ တရှိန်ထိုး ဝင်ရောက်လာ၏။

ဖျတ်ခနဲအတွင်း ၎င်းစွမ်းအင်အားလုံး ဝမ်လင်း၏ညာမျက်လုံး၏ စုပ်ယူခြင်းကို ခံလိုက်ရလေပြီ။

သူ ထိုမိစ္ဆာစွမ်းအင်ကို စုပ်ယူနေရင်း တစ်ပြိုင်နက်တည်းမှာ သူက ရှေ့သို့ လှမ်းလိုက်ရာ ရှေးဟောင်းမိစ္ဆာတစ်ပါး၏ ရှေ့သို့ ရောက်သွား၏။ သူ့ညာလက်ကို ၎င်း၏ရင်ဘက်ပေါ်သို့ ဖိချလိုက်ပြီးနောက် လက်သီးဆုပ်ကာ ပြန်ဆွဲယူလိုက်သည်။ နာကျင်စွာအော်ဟစ်သံ ပဲ့တင်ထပ်သွားပြီးနောက် ကြယ်ရှစ်လုံးရှေးဟောင်းမိစ္ဆာသည် ပေါက်ကွဲထွက်သွားတော့သည်။ သိပ်သည်းသော အနက်ရောင်အခိုးငွေ့များကို ထုတ်နှုတ်ယူကာ ဝမ်လင်းက သူ့ညာမျက်လုံးထဲသို့ ယင်းအခိုးအငွေ့များအား ဖိချလိုက်သည်။

ထိုအဖြစ်က ကျန်သည့် ရှေးဟောင်းမိစ္ဆာသုံးပါးကို နောက်မတွန့်သွားစေပေ။ သူတို့သည် ဆင်ခြင်တုံတရား ဆုံးရှုံးထားကြသည့်အလား။ သူတို့သည် ရက်စက်သွေးဆာမှုအပြည့်ဖြင့် ဝမ်လင်းထံသို့သာ တရကြမ်း တိုးဝင်လာသည်။ ရှေးဟောင်းမိစ္ဆာများထဲမှ တစ်ယောက်သည် ဝမ်လင်း၏နောက်တွင် ရောက်နှင့်နေပြီး ဖြစ်၍ သူ့ကို ဝါးမြိုချင်နေသည်။

တစ်ချိန်တည်းမှာ ကျန်သည့်ရှေးဟောင်းမိစ္ဆာနှစ်ပါးက ဘယ်နှင့်ညာကနေ ရောက်လာကြ၏။ ရှေးဟောင်းမိစ္ဆာမန္တာန်များ ပေါ်လာကာ သူ့ထံ အရှိန်အဟုန်ဖြင့် တိုးဝင်လာသည်။

ရှေးဟောင်းနတ်ဆိုးလေးပါးကပါ နီးကပ်လာကြပေပြီ။

ဝမ်လင်း၏အမူအရာသည် တည်ငြိမ်လျက်သာ။ သူ့မျက်လုံးကို မှိတ်ထားဆဲပင်။ သူ့နှဖူးပေါ်ရှိ ရွှေရောင်လက်စွပ်မှာ လုံးဝ မှိန်ဖျော့လုနီးနီး ဖြစ်ပြီး ရွှေရောင်အမျှင်တန်းတစ်ခုကသာ လင်းလက်နိုင်ဖို့ ရုန်းကန်နေရှာသည်။ ရှေးဟောင်းမိစ္ဆာတစ်ပါးက သူ့ကို ဝါးမြိုပစ်ရန် ကြိုးစားလာသည့်အခါ ဝမ်လင်းသည် မရှောင်ပေ။ ထိုအစား သူက နောက်လှည့်၍ ထိုရှေးဟောင်းမိစ္ဆာကို ရိုက်ချလိုက်သည်။

ကျယ်လောင်စွာ တုန်ဟည်းသံ ဖြစ်ပေါ်၏။ ရှေးဟောင်းမိစ္ဆာသည် နာကျင်ထိတ်လန့်စွာ အော်ဟစ်လိုက်ရသည်။ ထို့နောက် မိစ္ဆာစွမ်းအင်မုန်တိုင်းတစ်ခု ပေါ်လာကာ ၎င်း၏ခန္ဓာကိုယ် ပေါက်ကွဲထွက်သွား၏။ ဝမ်လင်းသည် မရပ်တန့်ပေ။ သူသည် မုန်တိုင်းတွင်းမှ လှမ်းထွက်လာပြီး သူ့ဘယ်လက်ဖြင့် နောက်ထပ် ရှေးဟောင်းမိစ္ဆာထံ ပင့်မြှောက်လိုက်၏။ ကံမ္မလက်ဝါး ထပ်မံ ပေါ်လာချေပြီ။

သူသည် ရှေးဟောင်းမိစ္ဆာစွမ်းအင်ကို စုပ်ယူနေရင်း တည်ငြိမ်စွာဖြင့် နောက်ဆုံးကျန်နေသော ရှေးဟောင်းမိစ္ဆာထံသို့ ခြေလှမ်းသည်။ မရေမတွက်နိုင်သော ရှေးဟောင်းမိစ္ဆာမန္တာန်များသည် ဝမ်လင်းထံ ဝင်ရောက်လာကြ၏။ သို့သော် ၎င်းတို့သည် သူ့ကို သည်အတိုင်း ဖြတ်ကျော်သွားလေသည်။ ထိုရှေးဟောင်းမိစ္ဆာသည် မယုံကြည်နိုင်ဟန်ဖြစ်နေစဉ် ဝမ်လင်း၏လက်ဝါးက သူ့ရင်ဘက်ပေါ်သို့ ကျရောက်သွားသည်။

ကျယ်လောင်စွာ တုန်ဟည်းသံတို့ ပဲ့တင်ထပ်ပြီး ရှေးဟောင်းမိစ္ဆာသည် အခိုးအငွေ့များအဖြစ်သို့ ပြောင်း၏။ ၎င်းသည် လွင့်ပြယ်မသွားခင် ဝမ်လင်း လက်ဝါး၏ စုပ်ယူခြင်းကို ခံလိုက်ရသည်။

ထိုအဖြစ်သနစ်တို့က ရှေးဟောင်းနတ်ဆိုးလေးပါးကိုမူ တစ်စက်လေးပင် မရပ်တန့်သွားစေပေ။ သူတို့က ဝမ်လင်းကို ဝန်းရံလာပြီး စူးစူးရှရှာ အော်ဟစ်သည်။

ဝမ်လင်း၏ခန္ဓာကိုယ်သည် မလှုပ်ရှားပေ။ သို့သော် သူ့ညာလက်ကမူ သူ့မှိတ်ထားသော ညာမျက်လုံးထံ ဖိလိုက်၏။ ရွှေရောင်လက်စွပ်ထံမှ နောက်ဆုံးကျန်သော ရွှေရောင်အလင်းမှာ လွင့်ပါးသွား၏။ ခုချိန်၌ သူ့နှဖူးထက်တွင် ရှိနေသော ရွှေရောင်လက်စွပ်သည် မည်သည့်အလင်းမှ မတောက်ပလေတော့ပေ။

ဝမ်လင်းက မျက်လုံး ပြန်ဖွင့်လာသည်။

တိမ်စိုင်များ၏ ကီလိုမီတာသန်းချီသော အပြင်ဘက်၌ တစ္ဆေအိုကြီးကျန့်မှာ စိတ်လှုပ်တရှား ဖြစ်လာ၏။ သူသည် တိမ်စိုင်များအတွင်းရှိ ဝမ်လင်းကို စိုက်ကြည့်လျက် သူ့မျက်လုံးတို့မှာ ပို၍ အရောင်တောက်လာသည်။

“ဒီလောက်အချိန်တိုလေးအတွင်း…သူ…သူက တကယ်ပဲ ဒီရတနာကို အရယူနိုင်ခဲ့တယ်။ သူဟာ တတိယမြောက်သူ ဖြစ်နိုင်တဲ့ အခွင့်အရေးဟာ သုံးဆယ်ရာခိုင်နှုန်း မဟုတ်တော့ဘူး။ ငါးဆယ်ရာခိုင်နှုန်းလောက် ရှိလာပြီ…”

“ငါ အတွင်းလှိုဏ်ဂူလောကထဲ ရှာဖွေနေခဲ့တာ နှစ်ပေါင်း မရေမတွက်နိုင်တော့ဘူး။ ဒီလိုပဲ ခုနစ်ရောင်စုံကလည်း အပြင်လှိုဏ်ဂူလောကထဲမှာ နှစ်ပေါင်းမရေမတွက်နိုင်အောင် တတိယမြောက်သူကို ရှာဖွေနေခဲ့တာ။ ငါတို့ဟာ တတိယမြောက်သူကို လုံးဝ ရှာမတွေ့ခဲ့ဘူး။ အဲ့တတိယမြောက်သူ ဘယ်နေရာမှာ ရှိနေလဲဆိုတာကိုတောင် မသိခဲ့ရဘူး…”

“ငါသာ သူ့ကို အရင်ဆုံး ရှာနိုင်ခဲ့ရင်…” တစ္ဆေအိုကြီးကျန့်၏ မျက်လုံးသည် အရောင်တောက်လာ၏။ သူသည် လက်သီးခပ်တင်းတင်း ဆုပ်လိုက်သည်။

ဝမ်လင်းကမူ သူ မျက်လုံးဖွင့်လာချိန်၌ သူ့ကောင်းကင်ဘုံအင်မောတယ်ခန္ဓာကိုယ် သွေးစက်မှာ ပေါ်လာပြီး လက်စွပ်ထဲ ရွှေ့လျားသည်။ ၎င်းသည် တစ်ပတ်လည့်လည်ပြီးနောက် ရွှေရောင်လက်စွပ်သည် သာ၍ တောက်ပလာတော့သည်။

သို့ပေမည့် သည်တစ်ကြိမ်၌ ယင်းရွှေရောင်အလင်းမှာ ဝမ်လင်း၏အပိုင် ဖြစ်သည်။

“မင်းတို့အားလုံး သေချင်နေကြတာပဲ…” ဝမ်လင်း၏ဆံပင်ဖြူများသည် လေမတိုက်ပါဘဲ ရွှေ့လျားနေသည်။ ရွှေရောင်လက်စွပ်သည် သူ့နှင်းကဲ့သို့ဖြူသော ဆံပင်များကို လင်းထင်းသွားစေသည်။ သူ ထိုသို့ ပြောလိုက်သည့်အခိုက်၌ သူ့ထံမှ ကြောက်မက်ဖွယ် သတ်ဖြတ်လိုစိတ် ပျံ့လွင့်လာသည်။

ထိုသတ်ဖြတ်ခြင်းအော်ရာ အောက်၌ ဝမ်လင်းသည် ညာလက်ကို ပင့်မြှောက်ကာ အထက်သို့ ညွှန်လိုက်သည်။ ဧရာမရွှေရောင်လက်ဝါးရာတစ်ခု ပေါ်ထွက်လာခဲ့သည်။

စစ်စိတ်ဝိညာဉ်လက်ဝါး။

သူ့အိပ်မက်တာအိုကနေ နိုးထလာခဲ့ပြီးသည့်နောက် အခုအကြိမ်သည် ဒီလက်ဝါးပညာရပ်ကို အသုံးပြုတာ ပထမဆုံးပင်။ ယင်းစစ်စိတ်ဝိညာဉ်လက်ဝါးသည် အရင်ထက် အဆများစွာ ပိုအစွမ်းထက်နေလေပြီ။ လက်ဝါးရာ ပေါ်လာသည်နှင့် ဟင်းလင်းပြင်ပါ တုန်ခါလာ၏။ ရှေးဟောင်းနတ်ဆိုးလေးပါး တုန်ခါလာပြီးနောက် လက်ဝါးရာက သူတို့၏ခန္ဓာကိုယ်များကို ထွင်းဖောက်သွားရင်း သူတို့သည် နာကျင်စွာ အော်ဟစ်ကြ၏။ ထို့နောက် သူတို့ ပျက်စီးရကုန်သည်။

နတ်ဆိုးစွမ်းအင် အမျှင်တန်းတို့က ဝမ်လင်း၏ ဘယ်မျက်လုံးတို့ စုဝေးကာ စုပ်ယူခြင်း ခံလိုက်ရသည်။

“မင်းတို့လေးယောက်လည်း ရှိသေးတယ်။ ငါ့ရှေးဟောင်းနတ်ဘုရားကလန်ဝင်တွေအနေနဲ့ မင်းတို့ဟာ တိုက်ပွဲမှာပဲ သေခဲ့သင့်တာ။ ဒါပေမဲ့ မင်းတို့ရဲ့ ဆင်ခြင်မှုအသိတရားကို ဖယ်ရှားခံခဲ့ရပြီး ခုလို ရုပ်သေးတွေ ဖြစ်လာခဲ့ကြတယ်။ ငါဟာ မင်းတို့ရဲ့ ဘုရင်ပဲ။ ငါ မင်းတို့ရဲ့ ဝမ်းနည်းမှုကို ခံစားမိတယ်…”

ဝမ်လင်း၏မျက်လုံးထဲ၌လည်း ဝမ်းနည်းမှုတို့ ရှိလေ၏။ ထိုရှေးဟောင်းနတ်ဘုရားများသည် သူ့ထံ တရကြမ်း တိုးဝင်လာကြစဉ် သူက သူတို့ထံသို့ လက်ညွှန်လိုက်လေသည်။

ရှေးဟောင်းနတ်ဆိုးလေးပါးကို ဖျက်စီးခဲ့သော စစ်စိတ်ဝိညာဉ်လက်ဝါးသည် ရှေးဟောင်းနတ်ဘုရားလေးပါးထံသို့ တရှိန်ထိုး ဦးတည်ဝင်၏။ ဝမ်လင်းသည် နောက်ဆက်တွဲအဖြစ်ကို မမြင်ချင်သည့်အလား မျက်လုံးမှိတ်လိုက်သည်။

သူ မျက်လုံးမှိတ်လိုက်သည့်အခိုက်၌ ကျယ်လောင်စွာ တုန်ဟည်းသံ ပဲ့တင်ထပ်သည်။ နတ်ဘုရားလေးပါးလုံး ပျောက်ကွယ်ကုန်ကြ၏။ သူတို့ မသေဆုံးသွားခင် သူတို့၏မျက်နှာပေါ်၌ ကျေနပ်သွားသည့်ပုံ ရသည်။

“နတ်ဘုရားပြစ်ဒဏ် အဆုံးသပ်သင့်ပြီ…” ဝမ်လင်းက ခေါင်းမော့ကာ သူ့မျက်လုံးကို ဖွင့်လိုက်၏။ သူက အဟထံ ကြည့်၍ တစ်လှမ်းချင်း လှမ်းလာသည်။ သူ အဟထဲသို့ ခြေလှမ်းလိုက်သည့်အခါ အတွင်း၌ မြင်လိုက်ရသည့်အရာကြောင့် သူ့မျက်လုံးသူငယ်အိမ်မှာ ကြုံ့သွားလေ၏။

သူသည် ထိုအဟအတွင်း၌ အတိတ်တုန်းက သူ တွေ့မြင်ခဲ့ဖူးသော လောကတစ်ခုကို မြင်လိုက်ရသည်။ ထိုလောကရှိ ကောင်းကင်မှာ မှိန်ဖျော့နေပြီး မရေမတွက်နိုင်သော ရုပ်တုကြီးများလည်း ရှိလို့်နေသည်။ ထိုရုပ်တုများမှာ ရှေးဟောင်းနတ်ဘုရား၊ ရှေးဟောင်းမိစ္ဆာနှင့် ရှေးဟောင်းနတ်ဆိုးတို့၏ ရုပ်တုများပင် ဖြစ်သည်။

ထိုလောကဧရိယာတွင် စစ်မှန်သော ကောင်းကင်ဘုံစွမ်းအင်တို့ ပြည့်နေ၏။ ယင်းသည် အားမကောင်းလှသော်လည်း သည်အက်ကြောင်းအပြင်ဘက်ရှိ ကောင်းကင်ဘုံစွမ်းအင်နှင့်မူ သိသိသာသာ ကွာခြားလှသည်။ ယင်းကာ အင်မောတယ်ကောင်းကင်ဘုံနယ်မြေ၏ အော်ရာပင် ဖြစ်၏။

ဝမ်လင်း၏အောက်တွင် လူငယ်တစ်ယောက်က ရှေးဟောင်းနတ်ဆိုးရုပ်တုပေါ်တွင် ထိုင်နေ၏။ ထိုလူငယ်သည် ဆံပင်ဖြူများ ပိုင်ဆိုင်ထားသလို ဝတ်စုံဖြူကို ဝတ်ဆင်ပြီး အေးစက်စက်အကြည့်တို့ ရှိသည်။ သူ့လက်နှစ်ဖက်ကို နောက်ပစ်လျက် သူသည် ကောင်းကင်ထက်သို့ မော့ကြည့်နေသည်။

ထိုလူငယ်ကို တွေ့မြင်လိုက်ရသည့်အခိုက်၌ ဝမ်လင်း၏မျက်လုံးသူငယ်အိမ်မှာ ကြုံ့သွားလေသည်။

၎င်း၏ပုံပန်းသွင်ပြင်၊အမူအရာ၊ အော်ရာ၊ အရာအားလုံးသည် သူနှင့် အတူတူ ဖြစ်နေ၏။ သူနှင့် ထိုလူငယ်ကို ခွဲပြောရန်ပင် မဖြစ်နိုင်ပေ။

ဝမ်လင်း၏မျက်လုံးသည် ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီးနောက် သူက ဖြည်းဖြည်းချင်း ပြောလိုက်၏။ “မင်း ဘယ်သူလဲ…”

***

All Chapters