အရိပ်ဗျူဟာများ
Vol. 25 Ch. 345
အခန်း (၃၄၅) : အရိပ်ဗျူဟာများ
မရဏနယ်မြေ
လီကျွင်းနှင့် အဖွဲ့ရှေ့တွင် ပုံရိပ်များစွာ ရှိနေပြီး အခြေအနေကို လေ့လာနေကြသည်။ ထိုပုံရိပ်များက နတ်ဘုရားများ၏ တည်နေရာ၊ ပတ်ဝန်းကျင်နှင့် စကားဝိုင်းများကို ပြသနေရုံသာမက ကျင့်ကြံရေး လမ်းစဉ်ကို စတင်လျှောက်လာကြသည့် သေမျိုးများစွာကိုလည်း ပြသနေသည်။
“ ပြောရရင် ဒီကမ္ဘာကို အုပ်စိုးနိုင်တာက အရင်းအမြစ်နဲ့ ပတ်သက်ပြီး အကျိုးမရှိဘူး” ထျဲ့ကန်က ပြောလိုက်သည် “ သေမျိုးတွေအားလုံးကို သူတော်စင်အဆောင် တချို့အပါအဝင် ကောင်းကင်အဆင့် အဆောင်တွေကို ပေးလိုက်တာဆိုတော့ တန်တယ်တော့ မထင်ဘူး”
အထူးသဖြင့် အထွတ်အထိပ် နတ်ဘုရား၏ အကြည့်များမှာ ပုန်းအောင်းနိုင်ဖို့အတွက် သူတို့ကို ပေးလိုက်သည့် အဆောင်က အနည်းဆုံး ကောင်းကင်အဆင့် ဖြစ်ကြသည်။ ထိုအထွတ်အထိပ် နတ်ဘုရားများက လေဟာနယ်ဖြိုခွင်းခြင်းအဆင့်ဟု ယူဆလို့ရသည် မဟုတ်ပါလော။
ကြမ္မာနတ်ဘုရားကဲ့သို့သော အာရုံခံကောင်းသည့် နတ်ဘုရားများနှင့် ပတ်သက်လာသည့်အခါ သေချာဖို့အတွက် သူတော်စင်အဆင့် အဆောင်တချို့ကိုပင် ထုတ်သုံးရလေသည်။
“တကယ်လို့ ငါတို့ အလယ်အလတ်ကမ္ဘာကို အုပ်စိုးဖို့ အရင်းအမြစ်အများကြီး သုံးရတယ်ဆိုရင် မတန်ဘူး” ယန်းလီလင်းက ပြောလိုက်သည် “ ဒါပေမဲ့ ဒီကမ္ဘာက ထူးခြားပြီးတော့ ငါတို့တွေကလည်း တတ်နိုင်သမျှ မြန်မြန်ဆန်ဆန် ပြီးချင်တော့ တန်တယ်။”
“ အမှန်ပဲ။ အဲဒါဆိုတော့ နောက်ထပ်အစီအစဉ်က ဘာလဲ”
“ ငါတို့တွေ အာရုံလွှဲမှုတစ်ခု လိုတယ်။ အခုကမ္ဘာကြီးက ဖရိုဖရဲ အခြေအနေ စ ဖြစ်လာပြီ။ အဆောင်တွေနဲ့ဆိုရင် ဒီလူတွေကို ခဏတာတော့ ဝှက်ထားနိုင်လိမ့်မယ်။ ဒါပေမဲ့ သူတို့တွေ အင်အားကောင်းပြီးတော့ နတ်ဘုရားတွေ အများကြီးကို ဝါးမျိုလာတဲ့အခါမှာ အထွတ်အထိပ် နတ်ဘုရားတွေက သတိထားမိသွားပြီးတော့ သူတို့ကို သုတ်သင်ပစ်ဖို့လုပ်မှာပဲ။ သူတို့ကို အာရုံလွှဲဖို့ လိုအပ်တယ်”
လီကျွင်းက ဝမ်ကျူအား ကြည့်ကာ ခေါင်းညိတ်လိုက်သည်။ သူမက ဆက်သွယ်ရေးအဆောင်ကို ထုတ်ကာ အမိန့်ပေးလိုက်၏။
…………………………
မီးနယ်မြေ၊ မီးနတ်ဘုရားဟို့၏ ကောင်းကင်ဘုံဗိမာန်
မီးနတ်ဘုရားက သူ့ကျောင်းဆောင်အတွင်း ရှိနေပြီး အနီရောင်ပလ္လင်ပေါ်တွင် ထိုင်နေလေသည်။ ခန်းမအတွင်း အရောင်မျိုးစုံသော မီးတောက်များဖြင့် လွှမ်းခြုံထားပြီး ပျော်ရွှင်ဖွယ်လေထုမျိုး ဖန်တီးပေးနေသည်။ သူက ရွှေရောင်ကြိုးမျှင်နှင့် တူသည့် ယုံကြည်မှုစွမ်းအားကို စုပ်ယူနေရင်း မျက်လုံးမှိတ်ထားလေသည်။
သူ့ဝတ်ရုံအောက်ရှိ ဓားချက်ဒဏ်ရာများက ဖြည်းဖြည်းချင်း ပြန်လည်ကောင်းမွန်လာလေ၏။ မည်သို့ပင်ဆိုစေကာမူ သူ့မျက်နှာက ဖြူဖျော့နေဆဲ ဖြစ်သည်။
သူက လက်ရှိအခြေအနေကို စဉ်းစားမိသည့်အခါ မီးနတ်ဘုရားက အံကြိတ်ကာ ဆက်လက် စုပ်ယူလိုက်သည်။ သာမန်အခြေအနေများတွင် သူက ဒဏ်ရာများကို ကုသဖို့ အချိန်ယူလိမ့်မည်။ သို့သော်လည်း အပြင်လူများက ကမ္ဘာကို ခြိမ်းခြောက်ထားသောကြောင့် သူတို့အတွက် အခွင့်အရေး မပေးလိုပေ။
မီးနတ်ဘုရားက ရုတ်ချည်း မျက်လုံးပွင့်လာကာ သူ့ပလ္လင်ပေါ်မှ ထခုန်လိုက်သည်။ သို့သော်လည်း နောက်ကျလွန်းသွားခဲ့လေပြီ။ သူ မတုံ့ပြန်နိုင်ခင် ဓားက နှလုံးသားကို ထိုးစိုက်သွားလေ၏။
နှစ်များစွာ သူ့အတွေ့အကြုံနှင့် အလိုလိုသိစိတ်အရ ဘေးဖက်သို့ ရှောင်နိုင်လိုက်သောကြောင့် သေစေလောက်သည့် အနေအထားကို ရှောင်ကွင်းနိုင်လိုက်သည်။ သို့သော်လည်း ဓားက သူ့ညာဖက်လက်ကို ဖြတ်တောက်လိုက်သောကြောင့် ရွှေရောင်သွေးများ ပန်းထွက်လာလေသည်။
မီးနတ်ဘုရားအား ချက်ချင်းဆိုသလို သူ့ခန္ဓာကိုယ်အား ထိန်းချုပ်ကာ သွေးဆုံးရှုံးမှုကို တားဆီးလိုက်သည်။ ကံဆိုးစွာဖြင့် သူ့ ကုသနိုင်စွမ်းက ဟန့်တားခံထားရသည်ကို တွေ့လိုက်ရသည်။ သူက သူ့အားတိုက်ခိုက်သည့်သူကို ကြည့်လိုက်သည်။
“ အပြင်လူလား”
အနက်ရောင် ကိုယ်ကြပ်ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသားက မျက်လုံးမှအပ အရာအားလုံးကို ဖုံးအုပ်ထားသည်။ သူ့အဝတ်များက ရိုးရှင်းသော်လည်း ဝိညာဉ်စွမ်းအား ပါနေသည့်အလား သင်္ကေတမြောက်များစွာ ရေးထွင်းထားလေသည်။
အရိပ်နှင့်တူသည့် အကာအကွယ်မျိုးက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်နေ၏။ မီးနတ်ဘုရားက ထိုလူသည် သူ့အရိပ်မှ ထွက်လာသည်ကို အမှတ်ရလိုက်သည်။ စောစောလေးအထိ သူပင် သတိမပြုမိလိုက်ပေ။ သူက သူ့ဘုံဗိမာန်အတွင်း အားကောင်းသည်ကို သိသော်လည်း ချက်ချင်းဆိုသလို တစ်ခုခုမှားယွင်းနေသည်ကို ခံစားမိလိုက်သည်။ ထို့နောက် သူ့အမူအရာက ပျက်ယွင်းသွားလေသည်။ သူ ထိန်းချုပ်ထားသည့် စည်းမျဉ်းစွမ်းအားအများစုက သိသိသာသာ လျော့ကျသွားလေ၏။
ထို့အပြင် သူ ရှိနေသည့်အခန်းကလည်း ပိတ်ဆို့ခံထားရပြီး သူ့အား ပြင်ပကမ္ဘာနှင့် မဆက်နွယ်နိုင်အောင် တားဆီးထားကာ ဘုံဗိမာန်၏ စွမ်းအားဖြင့် အဝေးသို့ ကူးသန်းမသွားလာနိုင်အောင်လည်း တားဆီးထားလေသည်။
“ မင်းက ငါ့ဗိမာန်ထဲ ဘယ်လိုလုပ် ကျူးကျော်လာတာလဲ”
ကံဆိုးစွာဖြင့် ထိုလူက စကားတစ်ခွန်းမှ မပြောပေ။ ထို့အပြင် အခြေအနေက ပို၍ ဆိုးလာလေ၏။
အခန်းအတွင်း လူကိုးယောက် ရုတ်ချည်းပေါ်ထွက်လာကာ အားလုံးက ယခင်တိုက်ခိုက်ထားသည့် ဝတ်ရုံနက်နှင့်လူလိုမျိုး ဖြစ်၏။ ထိုလူများတွင် နတ်ဘုရားငယ် အရှိန်အဝါမျိုး ရှိကြသည်။
မီးနတ်ဘုရားက ဤကမ္ဘာ၏ ချုပ်နှောင်မှုကြောင့်သာ မဟုတ်လျှင် ထိုလူများသည် သူနှင့် အဆင့်တူ ဖြစ်ကြောင်း ခံစားမိလေသည်။
တစ်ဦးချင်းစီက လက်ထဲတွင် ကျောက်စိမ်းပြားကို ကိုင်ထားကြပြီး မီးနတ်ဘုရား၏ ခေါင်းအထက် ထူးဆန်းသည့် သင်္ကေတစက်ဝန်းတစ်ခု ပေါ်ထွက်လာသည်။ ထို့နောက် ချက်ချင်းဆိုသလို သူ့အင်အား ဝါးမျိုခံလိုက်ရသည်ကို ခံစားမိလိုက်၏။
သူက တုံ့ဆိုင်းခြင်း မရှိဘဲ သူနှင့် အနီးဆုံးလူဆီ သွားကာ သတ်ပစ်ဖို့ လုပ်လိုက်သည်။ ကံဆိုးစွာဖြင့် ထိုအစီအရင်ထဲတွင် မပါရှိသည့် ဆယ်ယောက်မြောက် လူက သူ့အား တားဆီးလာသည်။
မီးနတ်ဘုရား၏ ကျန်ရှိနေသေးသော လက်တစ်ဖက်မှ မီးတောက်လှံ တစ်ချောင်း ထွက်ပေါ်လာကာ လုပ်ကြံသမားနှင့် ထိပ်တိုက် ရင်ဆိုင်လိုက်သည်။ အထွတ်အထိပ် နတ်ဘုရား၏ စည်းမျဉ်းစွမ်းအားကြောင့် အနည်းငယ် အရေးသာပြီး သူ့အား တွန်းလွှတ်နိုင်လိုက်သည်။
ကံဆိုးစွာဖြင့် စည်းမျဉ်းများအပေါ် လွှမ်းမိုးနိုင်စွမ်းက သိသိသာသာ အားနည်းလာလေသည်။ ထို့အပြင် သူ့မြင့်မြတ်စွမ်းအားနှင့် ဝိညာဉ်တို့က ဖြည်းဖြည်းချင်း လျော့ပါးလာလေ၏။ သူ့အား ပို၍ဒေါသထွက်စေသည်မှာ တစ်ဖက်လူက သူ့အား ထိပ်တိုက် တိုက်ခိုက်လိုသည့် စိတ်ဆန္ဒမရှိဘဲ သူ အားနည်းသည်အထိ အချိန်ဆွဲနေလေသည်။
“ ငကြောက်တွေ” မီးနတ်ဘုရားက အော်ပြောလိုက်သည် “ ငါ့ကို ယောက်ျားလို လာတိုက်လှည့်”
ကံဆိုးစွာဖြင့် လုပ်ကြံသူက ထိုအရာကို ကြားပြီး သရော်ပြုံးပြုံးကာ ပြန်မဖြေပေ။ လက်ရွေးစင် လုပ်ကြံသူ တစ်ယောက်အနေနှင့် ထိပ်တိုက်ရင်ဆိုင်မှုများတွင် အားကောင်းရုံသာမက သူ့ရည်ရွယ်ချက် ပြီးမြောက်ဖို့အတွက် နည်းလမ်းပေါင်းစုံ အသုံးပြုနိုင်အောင် လေ့ကျင့်ပေးထားသည်။ ထို့ကြောင့် သူက ထိုနတ်ဘုရား၏ စကားများအား ဂရုမစိုက်ပေ။
မိနစ်သုံးဆယ် ကြာမြင့်ပြီးသည့်နောက်တွင် မီးနတ်ဘုရား၏ စွမ်းအားက အစစ်အမှန် နတ်ဘုရား သို့မဟုတ် သဘာဝလွန်အဆင့်ထိ လျော့ကျသွားလေသည်။ သို့သော်လည်း လုပ်ကြံသူက သူ့အား ချက်ချင်း မသတ်သေးပေ။ သူက မီးနတ်ဘုရားသည် သေမျိုးအဆင့်လောက်ထိ လျော့ကျသွားသည်ကို စောင့်ဆိုင်းပြီးမှ ခေါင်းဖြတ်လိုက်သည်။
မီးနတ်ဘုရားက မုန်းတီးမှုအပြည့်ဖြင့် သေဆုံးသွားလေသည်။ သူက ရန်သူကို မျှားခေါ်ကာ လျှို့ဝှက်နည်းလမ်းကို အသုံးပြုရင်း သူ့သွေးနှင့် ဝိညာဉ်ကို လောင်ကျွမ်းပြီး အားကောင်းသည့် တိုက်ကွက်ကို အသုံးပြုချင်သော်လည်း ကံဆိုးစွာဖြင့် အသုံးမဝင်ခဲ့ပေ။
သူ သေဆုံးသွားသည့်အခါ အစီအရင်ထဲမှ လူတစ်ယောက်က ပြောလိုက်၏ “ စည်းမျဉ်းထိန်းချုပ်သူအနေနဲ့ ဒီလူက အရမ်းကို အားနည်းလွန်းတယ်”
တခြားလူများကလည်း သူ့စကားကို သဘောတူကြလေသည်။ သူတို့၏ လေ့ကျင့်မှု တစ်စိတ်တစ်ပိုင်းအရ သူတို့သည် စည်းမျဉ်း ထိန်းချုပ်ထားသည့်သူများ၏ မှတ်တမ်းကို ကြည့်ရှုခွင့်ရခဲ့ပြီး အများစုကို တိုက်ခိုက်ခဲ့ဖူးသည်။ အထူးသဖြင့် မီးစည်းမျဉ်း သက်ရှိများ ဖြစ်၏။
ထိုလူများ၏ အဓိကတိုက်ကွက်မှာ တစ်ဖက်လူ၏ ခန္ဓာကိုယ်ရှိ အပူချိန်ကို မခံနိုင်လောက်ဖွယ်အဆင့်ထိ တိုးမြှင့်လိုက်ခြင်း ဖြစ်သည်။ ဤနည်းဖြင့် တစ်ဖက်လူက သေဆုံးသွားလိမ့်မည်။ သို့မဟုတ် တိုက်ကွက်ကို ခံနိုင်ရည် ရှိပါကလည်း အင်အားက သိသိသာသာ လျော့ကျသွားလိမ့်မည် ဖြစ်သည်။
အကယ်၍ ထိုအရာအားလုံးကို လျစ်လျူရှုထားနိုင်လျှင်ပင် ခန္ဓာကိုယ်အတွင်းရှိ အပူချိန်ကြောင့် ဆက်တိုက်ဆိုသလို အာရုံများမိနေလိမ့်မည်။ ထို့ကြောင့် ကိုယ့်ဘက်မှ အရေးသာလာစေလိမ့်မည်။
အကယ်၍ မီးစည်းမျဉ်း ထိန်းချုပ်သည့် အားကောင်းသည့် သူများအတွက်မူ တချို့က အရာအားလုံး၊ လေဟာနယ်၊ တခြားသော စည်းမျဉ်းများနှင့် အချိန်ကိုပင် လောင်ကျွမ်းနိုင်စွမ်းကို ပိုင်ဆိုင်ထားကြသည်။ သို့သော် သူတို့က တခြားသော ဓာတ်ငါးပါးကို ထိန်းချုပ်ဖို့အတွက် ကန့်သတ်ချက်များ ရှိထားကြသည်။ အနည်းဆုံးတော့ သူတို့၏ မီးစည်းမျဉ်းအပေါ် မှော်စွမ်းရည်တချို့ ထပ်ပေါင်းထည့်ထားကြသည်။
နောက်ထပ် လမ်းစဉ်က မီးစည်းမျဉ်းကို အဆုံးစွန်အထိ ကျင့်ကြံပြီး သန့်စင်ယန်စည်းမျဉ်း ပြောင်းလဲနိုင်သည်အထိ ကျင့်ကြံခြင်းဖြစ်၏။ အကယ်၍ သန့်စင်ယန်စည်းမျဉ်းကိုသာ အဆုံးစွန်အထိ ကျင့်ကြံနိုင်ခဲ့လျှင် ယင်နှင့် ယန်ကို ပြောင်းလဲနိုင်ပြီး သန့်စင်ယင် စည်းမျဉ်းကိုလည်း ဉာဏ်အလင်းပွင့်နိုင်လိမ့်မည်။ နောက်ဆုံးတွင် ယင်ယန် စည်းမျဉ်းကို ကျင့်ကြံနိုင်လိမ့်မည် ဖြစ်၏။
ထိုနည်းလမ်းနှင့် ယှဉ်သည့်အခါ ထိုအထွတ်အထိပ် နတ်ဘုရားများ ကျင့်ကြံသည့် နည်းလမ်းက အတော်လေးကို အခြေခံကျလွန်းသည်။
“ အချိန်မဖြုန်းဘဲနဲ့ ဆက်ပြီးတော့ လုပ်ရအောင်” မီးနတ်ဘုရားကို သတ်လိုက်သည့် လုပ်ကြံသူက ပြောလိုက်သည် “ ငါတို့ခေါင်းဆောင်က ဒီကောင်းကင်ဘုံဗိမာန်ရဲ့ သတင်းအချက်အလက်တွေရဖို့ ပြဿနာအများကြီး ဖြတ်ကျော်ထားရတာ။ အဲဒါကြောင့် ငါတို့အတွက် ကျူးကျော်ဖို့ လွယ်ခဲ့တာ။ ဒီမှာ အချိန်မဖြုန်းဘဲနဲ့ သခင်လေးရဲ့ အကြံအစည်ကို မနှောင့်နှေးဘဲ အကောင်အထည် ဖော်ကြစို့”
ထိုအဖွဲ့က နောက်ပစ်မှတ်ဆီ ဦးတည်လိုက်ကြသည်။ လုပ်ကြံရေးတာဝန်များဖြင့် လွှတ်လိုက်သည့်သူများက သူတို့တစ်ဖွဲ့တည်း မဟုတ်ပေ။
မြေကမ္ဘာနတ်ဘုရားကလည်း အဆိပ်ကြောင့် သတ်ဖြတ်ခံရသလို အမှောင်ထုနတ်ဘုရားကလည်း လျှို့ဝှက်ဆန်းကြယ်ပစ္စည်းတစ်ခုကို တွေ့ရှိပြီးနောက် အားကောင်းသည့် ကျိန်စာသင့်ကာ သေဆုံးသွားခဲ့သည်။ သူက သူ့စွမ်းရည်ကို ယုံကြည်ကာ အားနည်းသည့် ကျိန်စာများက သူ့အပေါ် သက်ရောက်မှု ရှိလိမ့်မည်ဟု ထင်မထားခဲ့ပေ။
မိုးကြိုးနတ်ဘုရားကမူ သူ့လက်အောက်ခံ နတ်ဘုရားမတစ်ပါးနှင့် အိပ်ရာအထက် လူးလှိမ့်နေရင်း သေဆုံးသွားခဲ့သည်။ သူ့ကမ္ဘာဦးယန်က ချက်ချင်းဆိုသလို ခြောက်သွေ့အောင် စုပ်ယူခံလိုက်ရပြီး မတုံ့ပြန်နိုင်ခင် သေဆုံးသွားလေသည်။
အိပ်မက် နတ်ဘုရားမအတွက်မူ သူမအား ပြီးပြည့်စုံသည့် ပုံရိပ်ယောင်အတွင်း ရောက်သွားစေအောင် လျှို့ဝှက်စွာ ဆေးလုံးတစ်လုံး တိုက်ကျွေးခဲ့သည်။ သူမ၏ ဝိညာဉ်များ ပြန့်ကျဲပြီး သေဆုံးမသွားခင်အထိ သူမက ထိုပုံရိပ်ယောင်မှ နိုးထမလာခဲ့ပေ။
အများစုက သူတို့၏ အနီးကပ် လက်အောက်ခံများ၏ ရုတ်တရက် သစ္စာဖောက်မှုကြောင့် သေဆုံးသွားကြလေသည်။
……………………
အထွတ်အထိပ် နတ်ဘုရား အစည်းအဝေးခန်းမ
နတ်ဘုရားအားလုံးက ဘေးပတ်လည်ကို ကြည့်ကာ အားလုံး၏ ပုံရိပ်များက အနည်းနှင့်အများ ဒဏ်ရာရရှိနေသည်ကို သတိထားမိလိုက်ကြသည်။ သူတို့က တိုက်ပွဲဆင်နွှဲလာဟန်ပေါ်သည်။ ထို့နောက် သူတို့က ဘေးပတ်လည်ကို ကြည့်သည့်အခါ လူနှစ်ဆယ်သာ ပေါ်လာကြောင်း သတိပြုမိလိုက်သည်။
“ အဲဒါဆိုတော့ သေခြင်းတရား နတ်ဘုရားကို ထည့်မတွက်ဘူးဆိုရင် ငါတို့ထဲက ၁၅ယောက်က ဒီလုပ်ကြံမှုမှာ သေသွားတာလား” ရှင်သန်ခြင်း နတ်ဘုရားမက အသံဩရှရှဖြင့် မေးလိုက်သည်။
မည်သူကမှ သူမအား ပြန်မဖြေကြပေ။ မည်သူမှလည်း လက်ရှိရလဒ်ကို မျှော်လင့်မထားကြပေ။ လူများစွာက အပြင်လူများသည် သေခြင်းတရား နတ်ဘုရား၏ ပိုင်နက်ကို ရယူပြီးသည့်နောက်တွင် ခေတ္တမျှ တိတ်ဆိတ်နေလိမ့်မည်ဟု ထင်ထားခဲ့ကြသည်။ ထိုအရာက သူတို့အား အစီအစဉ် ချမှတ်ဖို့အတွက် ပြင်ဆင်ဖို့ အချိန်အလုံအလောက်ပေးလိမ့်မည်ဟု ထင်ထားခဲ့သည်။