အလျင်စလို လှုပ်ရှားမှု
Vol. 25 Ch. 346
အခန်း (၃၄၆) : အလျင်စလို လှုပ်ရှားမှု
မိနစ်ပိုင်းမျှ တိတ်ဆိတ်သွားပြီးသည့်နောက်တွင် ဖျက်ဆီးခြင်း နတ်ဘုရားက ရုတ်တရက် ပြောလိုက်သည် “ ဒါက နတ်ဘုရားတွေရဲ့ နေဝင်ချိန်လား။ ငါတို့ခေတ်ရဲ့ အဆုံးသတ်လား”
မည်သူကမှ သူ့ကို ပြန်မဖြေကြပေ။ အကြောင်းမှာ သူတို့ကလည်း ထိုမေးခွန်း၏ အဖြေကို မသိကြပေ။ သူတို့၏ သက်တမ်းများ တစ်လျှောက် ကျူးကျော်မှုတချို့ကို ကြုံတွေ့ခဲ့ရသော်လည်း ဤသို့မျိုး မကြုံဖူးပေ။ ပုံမှန်အားဖြင့် သူတို့၏ ကျုးကျော်သူများက ထိပ်တိုက်ရင်ဆိုင်မှုတချို့ အပြီးတွင် ရှုံးနိမ့်သွားကြလေသည်။
ထို့အပြင် ထိုနတ်ဘုရားများက စစ်တပ်နှစ်ခု ထိပ်တိုက်ရင်ဆိုင်မှုနှင့်သာ အသုံးပြုလေ့ ရှိသည်။ သူတို့၏ ရန်သူသည် လုပ်ကြံမှုနှင့် သူတို့၏ စွမ်းအားကို မတည်မငြိမ် ဖြစ်လာစေလိမ့်မည်ဟု မထင်ထားကြပေ။
“ လတ်တလော ကျွန်မရဲ့ ဗိမာန်ထဲက နတ်ဘုရားအများစု ပျောက်ကွယ်သွားတာကို ခံစားမိလိုက်တယ်။” ရှင်သန်ခြင်း နတ်ဘုရားမက ပြောလိုက်သည် “ ပိုဆိုးတာက သူတို့ရဲ့ ယုံကြည်မှုကလည်း လုံးဝပျောက်ကွယ်သွားတယ်”
“ ကျုပ်တို့လည်း အတူတူပဲ။” ကျန်ရှိနေသည့် အထွတ်အထိပ် နတ်ဘုရားများက ပြောလိုက်သည်။
စစ်နတ်ဘုရားမက အံကြိတ်ကာ ထပ်ပြောလိုက်သည် “ ကျွန်မနယ်မြေထဲမှာရှိတဲ့ လွတ်လပ်ခွင့် မဟာမိတ်ကလည်း ပျောက်ကွယ်သွားတယ်။ သူတို့ကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘူး”
မည်သူကမှ ဘာမှမပြောကြပေ။ သူတို့က သူမသည် ထိုလူများကို ကာကွယ်ပေးထားသည့် အကြောင်းအရင်းအား သိလေသည်။ နတ်ဘုရားများသည် ထိုလူများအား အသုံးပြု၍ သေမျိုးများအကြား သူတို့၏ အကြောက်တရားများအား ဖြန့်ဝေကာ သူတို့၏ ယုံကြည်မှုကို တိုးမြင့်စေကြသည်။
သို့သော် ယခုတွင် ထိုဆုံးဖြတ်ချက်က သူတို့အား ပြန်လည်အမဲလိုက်လာပြီ ဖြစ်၏။
“ ကျုပ်တို့ ဘာလုပ်ကြမလဲ” ဓာတ်ငါးပါးနတ်ဘုရားထဲမှ တစ်ဦးတည်းသော အသက်ရှင်လျက် ကျန်ရှိသည့် ရေနတ်ဘုရားက မေးလိုက်သည်။
“ ကျွန်မတို့တွေ အဆိုးဆုံးအခြေအနေကို မပြင်ဆင်ခင် ဒဏ်ရာတွေကို ကုသရမယ်” ကြမ္မာနတ်ဘုရားမက ပြောလိုက်ပြီးနောက် သူမ၏ ပုံရိပ်က ချက်ချင်းဆိုသလို အစည်းအဝေးခန်းမှ ထွက်သွားလေသည်။ အခြားသော နတ်ဘုရားများကလည်း စိတ်လျှော့သွားပြီးနောက် ထွက်သွားကြလေသည်။
……………………
ကြမ္မာနယ်မြေ
ရှင်သန်ခြင်း နတ်ဘုရားမက အမိန့်မှာတမ်း နတ်ဘုရားနှင့် ဖျက်ဆီးခြင်း နတ်ဘုရားတို့နှင့်အတူတူ ကြမ္မာနတ်ဘုရားမ၏ ဘုံဗိမာန်သို့ ရောက်ရှိလာကြသည်။
“ မင်ယွင် … ဘာဖြစ်သွားတာလဲ။ ပုံမှန်ပြုမူနေကြနဲ့ မတူပါလား” ရှင်သန်ခြင်း နတ်ဘုရားမက မေးလိုက်သည်။
“ ငါတို့တွေမှာ အချိန်သိပ်မရတော့ဘူး” ကြမ္မာနတ်ဘုရားမက ပြောလိုက်သည်။ သူတို့သုံးယောက်အား အံ့အားသင့်သွားစေသည်မှာ ကြမ္မာနတ်ဘုရားမက သက်တမ်းကြီးရင့်သွားသည့်အလား သူမ၏ ဆံပင်များက ဖြည်းဖြည်းချင်း အဖြူရောင် ပြောင်းသွားလေသည်။ သူမ၏ မျက်နှာက ငယ်ရွယ်နုပျိုနေဆဲ ဖြစ်သော်လည်း တခြားလူများက သူမ၏ သက်တမ်းသည် အတော်လေး လျော့ကျသွားသည်ကို ခံစားမိလိုက်ကြသည်။
“ မင်း ဘာလုပ်လိုက်တာလဲ”
ကြမ္မာနတ်ဘုရားမက သူမ၏ မိတ်ဆွေအား ပြန်မဖြေပေ။ ဤလောက၏ အားအကောင်းဆုံး နတ်ဘုရားမ နှစ်ပါးအနေနှင့် သူတို့က တစ်ဦးနှင့်တစ်ဦး သိလာသည်မှာ အချိန်ကြာမြင့်လှပြီဖြစ်ပြီး သူတို့၏ မိတ်ဆွေဆက်ဆံရေးက အချိန်ကြာသည်အထိ တည်ရှိနေဆဲ ဖြစ်သည်။
“ ငါ ပြောခဲ့တဲ့အတိုင်း ငါတို့မှာ အချိန်သိပ်မရတော့ဘူး။ ငါတို့တွေ အစောင့်အရှောက် လုပ်ထုံးကို အသက်သွင်းနိုင်အောင် ရွေးချယ်ဖို့ လိုအပ်လာပြီ။ အဲဒါက ဒီကပ်ဘေးကနေ ရှင်သန်နိုင်မဲ့ တစ်ခုတည်းသော အခွင့်အရေး ဖြစ်လာနိုင်တယ်”
တခြားသော သုံးယောက်ကလည်း တိတ်ဆိတ်သွားစဉ် အမိန့်မှာတမ်း နတ်ဘုရားက ပြောလိုက်သည် “ တစ်ယောက်ယောက်ကိုများ စိတ်ထဲမှာ တွေးမိလို့လား”
“ အလင်းနတ်ဘုရား” ကြမ္မာနတ်ဘုရားမက ပြောလိုက်သည် “ ကျန်ရှိနေတဲ့ လူတွေထဲမှာ သူတစ်ယောက်ထဲကိုပဲ ယုံကြည်နိုင်တယ်။ ပြီးတော့ ငါတို့သာ အမြန်အဆန် ပြုမူမယ်ဆိုရင် ပြဿနာရှိမှာ မဟုတ်ဘူး”
အဖွဲ့က ချက်ချင်းဆိုသလို တုံ့ပြန်ကာ အလင်းနယ်မြေဆီ ဦးတည်လိုက်ကြသည်။ နယ်မြေ ၃၆ ခုအနက် ၁၅ ခုက အထွတ်အထိပ် နတ်ဘုရားများ မရှိသည့်အတွက် ကမောက်ကမဖြစ်နေကာ သူတို့၏ အပြုအမူများအား လျှို့ဝှက်ထားဖို့ လွယ်ကူလေသည်။
ထို့အပြင် ကျန်ရှိနေသည့် အထွတ်အထိပ် နတ်ဘုရားများက သူတို့၏ ဒဏ်ရာများကို တတ်နိုင်သမျှ မြန်မြန်ကုသဖို့ လုပ်နေကြသည်။ တချို့လူများက ရောက်ရှိလာမည့် မုန်တိုင်းထဲ အားအပြည့် ရင်ဆိုင်လိုကြစဉ် တချို့သူများကမူ လက်ရှိအခြေအနေကို အခွင့်ကောင်းယူဖို့ လောဘကြီးနေကြသည်။
ပိုင်ရှင်မဲ့ နယ်မြေ ၁၅ ခုနှင့် ပတ်သက်လာသည့်အခါ ထိုအရာများကို အပိုင်စီးကာ ယုံကြည်မှုစွမ်းအား သိမ်းယူဖို့ အသင့်တော်ဆုံးအချိန် ဖြစ်နေလေသည်။
သုံးယောက်သား ဦးတည်ချက်သို့ ရောက်လာပြီးသည့်နောက်တွင် အလင်းနတ်ဘုရား၏ ကောင်းကင်ဘုံဗိမာန်သို့ ဝင်သွားလိုက်ကြသည်။ အလင်းနတ်ဘုရားက ယခင်လုပ်ကြံမှုအပြီးကတည်းက သတိကြီးကြီးထားနေသောကြောင့် ချက်ချင်းသတိပြုမိသွားလေသည်။
အလင်းနတ်ဘုရားက သန့်ရှင်းနေသော အဖြူရောင်ဝတ်ရုံကို ရွှေရောင်ကြိုးမျှင်များနှင့် ဆင်ယင်ဝတ်ဆင်ထားသည်။ သူ၏ ခေါင်းအထက်တွင် အဖြူရောင် ရောင်ဝါတစ်ခု ထွန်းလင်းနေသည်က နတ်သားတစ်ပါးနှင့်တူသည်။
“ ခင်ဗျားတို့တွေ ဘာလို့ ဒီရောက်လာတာလဲ” သူက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“ ငါတို့နဲ့အတူတူ လိုက်လာဖို့ လိုတယ်” ကြမ္မာနတ်ဘုရားမက အကြမ်းဖျဉ်း ပြောလိုက်သည်။
“ အကြောင်းအရင်းကရော”
ရှင်သန်ခြင်း နတ်ဘုရားမက ကြမ္မာနတ်ဘုရားမ၏ ပုခုံးအား လက်တင်ကာ ဘာမှဆက်မပြောဖို့ တားလိုက်သည်။
“ ကျွန်မတို့တွေ ရှင့်အကူအညီလိုပေမဲ့ အခု သတင်းပေါက်ကြားမှာစိုးလို့ ဘာမှပြောလို့တော့ မရသေးဘူး။ အဲဒါက ကျွန်မတို့ကမ္ဘာကို ကယ်တင်နိုင်မဲ့ တစ်ခုတည်းသော အခွင့်အရေး ဖြစ်လာနိုင်တယ်”
အလင်းနတ်ဘုရားက ခေတ္တမျှ စဉ်းစားလိုက်သည်။ သူက ယခင်လုပ်ကြံမှုအတွင်း သေဆုံးလုနီးပါး ဖြစ်ခဲ့သည်ကို တွေးကာ တစ်ဖက်လူက သူ လက်တုံ့မပြန်နိုင်ခင် လွတ်မြောက်သွားသောကြောင့် ဒေါသထွက်လာလေသည်။
သူက အသက်ပြင်းပြင်းရှူကာ ပြောလိုက်သည် “ ကောင်းပြီ”
လေးယောက်သား အလျင်အမြန် ထွက်လာကြသည်။ နယ်မြေကြားရှိ အာကာပြင်အတွင်း သုံးယောက်သားက အမှတ်အသားပြားကို ထုတ်ကာ အသက်သွင်းလိုက်ကြသည်။ သိပ်မကြာခင် အလင်းနတ်ဘုရားက ကာလံဒေသအပြင်ဘက်တွင် တည်ရှိသည့် အဖြူရောင်ကျောင်းဆောင်အတွင်း ရောက်ရှိသွားသည်ကို မြင်လိုက်ရသည်။
ထိုအရာက သေးငယ်သော်လည်း မြင့်မြတ်သည့် အရှိန်အဝါများ ထုတ်လွှတ်နေလေသည်။ အလင်းနတ်ဘုရားက လှည့်ကြည့်လိုက်သည့်အခါ သူနှင့် အခြားသော အထွတ်အထိပ် နတ်ဘုရားများသည် ကျောင်းဆောင်ရှေ့တွင် ဒူးထောက်နေသည်ကို မြင်လိုက်ရသည်။
အလင်းနတ်ဘုရားက တစ်စုံတစ်ခုကို စတင်တွေးလာကာ ရေရွတ်လိုက်သည် “ နတ်ဘုရားဘုရင်လား”
သို့သော်လည်း ကျန်သုံးယောက်၏ အမူအရာလေးနက်မှုကို မြင်ပြီးသည့်အခါ ထပ်မမေးတော့ပေ။ သူက မိနစ်ပိုင်းကြာ ဒူးထောက်ပြီးနောက် ကျောင်းဆောင်ရှိ အရှိန်အဝါများက စတင်ပျောက်ကွယ်လာကာ လေးယောက်သားက ဧရာမရုပ်ထုကြီးတစ်ခု ရှိသည့် အခန်းအတွင်းသို့ ရောက်ရှိသွားကြသည်။
အလင်းနတ်ဘုရားက ခေါင်းမော့ကြည့်လိုက်သည့်အခါ မီတာတစ်ရာကျော် မြင့်မားသည့် ရုပ်ထုကို မြင်လိုက်ရသည်။ သူက ထိုသူ၏ မျက်နှာကို မမြင်ရ၍ အံ့အားသင့်သွားလေသည်။ သွင်ပြင်နှင့် ကြွက်သားများအရ အမျိုးသား ဖြစ်မှန်း သိသာလှ၏။
သို့သော်လည်း အလင်းနတ်ဘုရားက ထိုအမျိုးသား၏ မျက်နှာကို မမြင်နိုင်ပေ။ အတိအကျဆိုရလျှင် သူက ထိုအမျိုးသား၏ မျက်နှာကို မမှတ်မိပေ။ သူက မျက်တောင် ခတ်လိုက်လျှင် ထိုလူ၏ မျက်နှာကို ချက်ချင်းမေ့ပျောက်သွားလေသည်။ သူက အကြာကြီး စိုက်ကြည့်နေလျှင်လည်း မျက်နှာက ဝေဝါးလာကာ မေ့လျော့သွားမည် ဖြစ်၏။
“ ကြိုးစားနေဖို့ မလိုဘူး။ မင်း အောင်မြင်မှာ မဟုတ်ဘူး” အမိန့်မှာတမ်း နတ်ဘုရားက ပြောလိုက်သည်။ ထို့နောက် သူက အမှတ်အသားပြား ထုတ်လာသည်။ အခြားနှစ်ယောက်ကလည်း လိုက်လုပ်လိုက်သည်။ အမှတ်အသားပြား သုံးခုက ရုပ်ထုရှေ့တွင် လွင့်မြောနေသည်။
အမှတ်အသားပြားမှ အဖြူရောင်အလင်းတန်း ထွက်ပေါ်လာကာ အလင်းနတ်ဘုရားအား စတင်စစ်ဆေးလိုက်သည်။ မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် လေးခုမြောက် အမှတ်အသားပြား ထွက်ပေါ်လာပြီး သူ့အသိစိတ်ပင်လယ်အတွင်း ဝင်ရောက်သွားလေသည်။ ထိုစဉ် သတင်းအချက်အလက်များ အပါအဝင် သူ့ဝိညာဉ်ပေါ်တွင် အတားအဆီးမြောက်များစွာ ပေါ်ထွက်လာလေ၏။
ကြမ္မာနတ်ဘုရားမက အလင်းနတ်ဘုရားသည် သူ ရရှိသည့် သတင်းအချက်အလက်များကို နားလည်သဘောပေါက်အောင် လုပ်နေသည်ကို ကြည့်နေရင်း သက်ပြင်းချလိုက်မိသည်။
ဒီဟာက ငါနဲ့ ဒီကမ္ဘာကို ကယ်တင်ဖို့ လုံလောက်ပါစေလို့ပဲ မျှော်လင့်ပါတယ် …
……………….
မရဏနယ်မြေ
လီကျွင်းနှင့် အဖွဲ့က အစီအရင်အတွင်းမှ အရာအားလုံးကို စောင့်ကြည့်နေလေသည်။ ထို့နောက် လီကျွင်းက ရုတ်တရက်ဆိုသလို ဝမ်ကျူအား မေးလိုက်၏
“ တစ်ခုခု ရှာတွေ့သေးလား” သူက သူမ၏ မျက်နှာပေါ်မှ မျက်မှောင်ကြုတ်မှုကို သတိထားမိလိုက်သည်။
“ အင်း ” သူမက ရေရွတ်လိုက်သည် “ ရှင်သန်ခြင်း နတ်ဘုရားမ၊ ကြမ္မာနတ်ဘုရားမနဲ့ အမိန့်မှာတမ်း နတ်ဘုရားတို့ကလွဲရင် ကျန်တဲ့ အထွတ်အထိပ် နတ်ဘုရားတွေ အကုန်လုံး ကျွန်မတို့ တိုက်ကွက်အပြီးမှာ ဒဏ်ရာတချို့တော့ ရသွားကြတယ်။ ကျွန်မတို့ လွှတ်ထားတဲ့ သူလျှိုတွေအပေါ် မူတည်ပြီးတော့ သူတို့အားလုံးက ပင်မကျောင်းဆောင်ထဲမှာ ကုသနေကြတယ်လို့ သတင်းရထားတယ်။
ခြွင်းချက် သုံးယောက်လုံးကလည်း အတူတူပဲ။ မေးခွန်းက ဘာကြောင့်လဲ။ သူတို့က ဒဏ်ရာမရဘဲနဲ့ ဘာလို့ သီးသန့်လေ့ကျင့်ရေးဝင်သွားရတာလဲ”
“ အဲဒါဆိုတော့ သူတို့တစ်ခုခု ကြံစည်နေတယ်လို့ သံသယဝင်တာလား။ သူတို့ ကိုင်ဆောင်ထားသမျှ အရာအားလုံးကို ငါတို့ဖျက်ဆီးပစ်မှာကိုတော့ ကြည့်မနေနိုင်တာတော့ သေချာတယ်” လီကျွင်းက ဖြေလိုက်သည် “ အခု ငါတို့ နောက်ထပ် ဘာလုပ်ရမယ်ဆိုတာကို ဆက်လက် လေ့လာကြည့်ကြတာပေါ့။ ဘာဖြစ်ဖြစ် လက်ရှိအခြေအနေက ငါတို့ဘက်မှာ အရေးသာနေတယ်”
လအနည်းငယ် ကြာမြင့်သွားလေသည်။ အဖွဲ့က နယ်မြေ ၃၅ ခုအတွင်း ကမောက်ကမများအား ဆက်လက် စောင့်ကြည့်နေလေ၏။ သူတို့၏ ထောက်ပံ့မှုဖြင့် လွတ်လပ်ခွင့်မဟာမိတ်က ပို၍အားကောင်းလာလေသည်။ အကြောင်းမှာ သူတို့က မိစ္ဆာကျမ်းအား အသုံးပြုကာ နတ်ဘုရားများအား ဝါးမျိုပစ်၍ ဖြစ်သည်။
ထို့အပြင် ကျင့်ကြံရေးနည်းစနစ် လျှို့ဝှက်ရရှိထားသည့်သူများကလည်း စတင်သန်မာလာကာ တခြားသော နတ်ဘုရားများကို တိုက်ခိုက်ပြီး ဝါးမျိုပစ်ကြသည်။
ယနေ့တွင် လီကျွင်းနှင့် အခြားသူများက အစည်းအဝေး ခေါ်လိုက်ကြသည်။
“ ငါတို့ကို ဘာလို့ခေါ်လိုက်တာလဲ” ထျဲ့ကန်က မေးလိုက်သည်။
“ ငါတို့တွေ ပြင်ဆင်ထားဖို့ လိုတယ်။ အခု ငါတို့တွေ ကြမ္မာနတ်ဘုရားမကို တိုက်ခိုက်ကြတော့မယ်”
ထျဲ့ကန်က ချက်ချင်းဆိုသလို အံ့ဩသွားစဉ် ယန်းလီလင်းက မျက်မှောင်ကြုတ်လိုက်မိသည်။
“ ဒါက အလျင်မလိုနေဘူးလား။ လက်ရှိအခြေအနေက ငါတို့ဘက်မှာ အရေးသာနေတာ။ ငါတို့မတိုက်ခိုက်ခင် တခြား အထွတ်အထိပ် နတ်ဘုရားတွေကို ဖြည်းဖြည်းချင်း ချေမှုန်းပစ်လို့ရတယ်”
“ ပုံမှန်ဆိုရင်ပေါ့။ ဒါပေမဲ့ ဒီကျမ်းရဲ့ မိစ္ဆာသဘာဝက မဟာမိတ်နဲ့ အခုနတ်ဘုရားအသစ်တွေအပေါ်မှာ စတင်သက်ရောက်မှု ဖြစ်လာပြီ။ သူတို့က အချင်းချင်းတွေ သတ်ဖြတ်ပြီးတော့ တခြားသူတွေရဲ့ အင်အားကို ဝါးမျိုဖို့ လုပ်နေကြပြီ”
“ အဲလောက်တောင် မြန်တယ်လား” ယန်းလီလင်းက ပြောလိုက်သည်။ သူတို့၏ အစီအစဉ်အရ ထိုအရာက နောက်ပိုင်းမှ ဖြစ်လာမည့် ပြဿနာသာ ဖြစ်လေသည်။ ထို့အခါ သူတို့က ထိုလူများကို ထိန်းချုပ်ဖို့ ထိုလက္ခဏာရပ်များ ပြောင်းလဲဖို့ ဆေးလုံးအသုံးပြုကြမည် ဖြစ်သည်။
“ ဟုတ်တယ် ပိုအရေးကြီးတာ ငါ တစ်ခုခု မှားယွင်းနေတယ်လို့ ခံစားမိနေတယ်။ တကယ်လို့ ငါတို့သာ မြန်မြန်ဆန်ဆန် မတုံ့ပြန်ဘူးဆိုရင် အထွတ်အထိပ် နတ်ဘုရားတွေဆီကနေ ပြောင်းလဲမှုတွေ ဖြစ်လာနိုင်ချေ ရှိတယ်”
အဖွဲ့က ချက်ချင်းဆိုသလို ဆုံးဖြတ်ချက်ချကာ ပြင်ဆင်လိုက်ကြသည်။ အရာအားလုံး ပြင်ဆင်ပြီးသည်နှင့် သူတို့က ကူးသန်းရေးအစီအရင်ဖြင့် ကြမ္မာနယ်မြေအတွင်း လျှို့ဝှက်ဝင်ရောက်လိုက်ကြသည်။
ကံဆိုးစွာဖြင့် သူတို့ဝင်ရောက်လိုက်သည်နှင့် ကောင်းကင်မှ ဧရာမလက်ဝါးချက် နှစ်ဆယ် ကျဆင်းလာသည်။ ထိုလက်ဝါးချက်တိုင်းတွင် စည်းမျဉ်းများ ပါဝင်နေလေသည်။