မင်း ဘာလုပ်လိုက်တာလဲ
Vol. 25 Ch. 347
အခန်း (၃၄၇) : မင်း ဘာလုပ်လိုက်တာလဲ
လီကျွင်းက ထိုတိုက်ကွက်ကို မြင်ပြီးနောက် အမူအရာ ပျက်ယွင်းသွားလေသည်။ သူက အလိုလိုသိစိတ် ဖြစ်ပေါ်လာသည်နှင့် လက်ဝှေ့လိုက်သည်။ အဖွဲ့အနားတွင် သွေးပင်လယ် တစ်ခု ထွက်ပေါ်လာကာ တိုက်ကွက်အား ကာဆီးလိုက်၏။
ဝုန်း
ကြမ္မာနယ်မြေက အနည်းငယ် လှုပ်ခတ်သွားသောကြောင့် သေမျိုးများက ထိတ်လန့်သွားကြသည်။ လီကျွင်း၏ နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာလေ၏။ သူက တိုက်ကွက်အများစုကို ခုခံနိုင်လိုက်သော်လည်း ရုတ်ချည်းဆန်လွန်းသည့်အတွက် အနည်းငယ် ဒဏ်ရာရသွားလေသည်။
သူက နှုတ်ခမ်းထောင့်မှ သွေးကို သုတ်ကာ ခေါင်းမော့ကြည့်လိုက်သည်။ သူ့မျက်ဝန်းအထက် ဒေါသကို မြင်တွေ့နိုင်လေ၏။ သူက နတ်ဘုရားများ၏ အကွက်အောက် ကျရောက်သွားသည့်အတွက် အနည်းငယ် မာနထိခိုက်သလို ခံစားရသည်။
သို့သော်လည်း သူက အလျင်အမြန် တည်ငြိမ်သွားသည်။
အားကောင်းသည့် ကမ္ဘာမှ လူတစ်ယောက်အနေနှင့် ထိုသို့သော အားနည်းသည့်ကမ္ဘာများမှ မွေးသည့်သူများထက် သာလွန်စွမ်းရှိနေသည်မှ ပုံမှန်သာဖြစ်၏။ အထူးသဖြင့် သူ့ကမ္ဘာ၏ အဆင့်အတန်းနှင့် အနေအထားပေါ်တွင် ဖြစ်သည်။
သို့သော်လည်း သူ့အား တခြားလူများအပေါ် အထင်မသေးသင့်ကြောင်း သင်ကြားထားသည်။ အလွှာနိမ့်ကမ္ဘာမှလူများက အားနည်းကာ ကန့်သတ်ချက် ရှိနေသော်လည်း သူတို့၏ အနာဂတ် အလားအလာများက ကန့်သတ်ထားသည်ဟု ဆိုလိုခြင်း မဟုတ်ပေ။ သူတို့က လုပ်နိုင်စွမ်း မရှိဘူးဟု ဆိုလိုခြင်း မဟုတ်ပေ။
အသင်္ချေအင်ပါယာကမ္ဘာ၌ အလွှာနိမ့်မှ မွေးဖွားလာပြီး ဖြည်းဖြည်းချင်း မြင့်တက်ကာ အားကောင်းသည့် ဧကရာဇ်မျိုးနွယ်များမှ ကောင်းကင်ရွေးချယ်ခံများကို ကျော်လွန်၍ တာအိုကို သက်သေပြသွားဖူးသည့် မဟာဧကရာဇ်များစွာ ရှိခဲ့ဖူးသည်။
လီကျွင်းက တည်ငြိမ်အောင် ထိန်းလိုက်ပြီးနောက် အခြေအနေကို သုံးသပ်လိုက်သည်။
သူက အာကာပြင်အက်ကြောင်းမှ အထွတ်အထိပ် နတ်ဘုရားနှစ်ဆယ် ထွက်လာသည်ကို မြင်လိုက်ရသည်။ သူက ဆံပင်အဖြူ ကြမ္မာနတ်ဘုရားမကို မြင်လိုက်သည့်အခါ လက်ရှိအခြေအနေသည် သူမနှင့် ပတ်သက်နေရမည်ဖြစ်ကြောင်း သဘောပေါက်သွားသည်။
“ မင်း ဘာလုပ်လိုက်တာလဲ” သူက သိချင်စွာ မေးလိုက်သည်။
“ ဖြစ်နိုင်ချေ လှုံ့ဆော်မှုမျိုး တစ်ခုပေါ့” သူမက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည် “ ငါတို့ဘက် ပိုအရေးသာတဲ့ အနာဂတ်ကို အနည်းငယ် ပြောင်းလဲလိုက်ရုံပဲ”
လီကျွင်းက ထိုအရာကို ကြားပြီး ကိစ္စများစွာကို ချက်ချင်းသဘောပေါက်သွားသည်။ နတ်ဘုရားဝါးမျိုခြင်း ကျင့်စဉ်ကို အသုံးပြုနေကြသည့် လူများ၏ မိစ္ဆာသဘာဝ ရုတ်ချည်းထွက်ပေါ်လာသည့် အကြောင်းအရင်းကိုလည်း နားလည်သွားသည်။
သူ့အနေနှင့် ကြာကြာစောင့်နေလျှင် အခွင့်အရေးက သူ့ဘက်သာနေမည်မှန်း သိသော်လည်း ကြမ္မာနတ်ဘုရားကို တိုက်ခိုက်ဖို့ အလျင်လိုနေသည့် အကြောင်းအရင်းကိုလည်း နားလည်သွားသည်။
ထိုအရာအားလုံးက ထိုစည်းမျဉ်းစွမ်းအားကြောင့်သာ ဖြစ်ရမည်။
“ ပြောရရင် ဒါက အတော်လေးကို ကောင်းတဲ့နည်းလမ်းပဲ။ ဒါပေမဲ့ ခင်ဗျားရဲ့လက်ရှိအခြေအနေအရဆိုရင် ပေးဆပ်လိုက်ရတဲ့ တန်ကြေးကလည်း နည်းမှာ မဟုတ်ဘူး” လီကျွင်းက တည်ငြိမ်စွာ ပြုံးလိုက်သည်။
“ ဒါတွေအားလုံးက သွေးကြွေးအတွက်ပဲ”
ကြမ္မာနတ်ဘုရားမက စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။ သူမအနေနှင့် ထိုလူများကို ကံကြမ္မာစွမ်းအားဖြင့် ကာကွယ်ထားလိမ့်မည်ဟု မထင်ထားမိပေ။ ထို့ကြောင့် သူမ ပေးဆပ်ရသည့်တန်ကြေးက ပိုမိုမြင့်တက်သွားလေသည်။
ပို၍အရေးကြီးသည်က သူမက ထိုအပြင်လူများ၏ စွမ်းအားကို လျှော့တွက်မိခဲ့သည်။ အထွတ်အထိပ် နတ်ဘုရားနှစ်ဆယ်ကျော် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခဲ့သော်လည်း သူတို့ထဲမှ တစ်ယောက်တည်းဖြင့် သူတို့၏ အားပြင်းတိုက်ကွက်ကို တားဆီးနိုင်လိုက်သည်။
“ မင်းက မနိုင်သေးပါဘူး” ကြမ္မာနတ်ဘုရားမက ပြောလိုက်သည်။ သူမက လက်ဝှေ့လိုက်သည့်အခါ နောက်ထပ် အာကာပြင်အက်ကြောင်းတစ်ခု ပေါ်ထွက်လာသည်။ ဤတစ်ကြိမ် ဧရာမစစ်တပ်တစ်ခု ထွက်ပေါ်လာလေ၏။ ထိုသူတို့က မိုးအုံ့သွားသည့်အလား ကောင်းကင်ကို ဖုံးလွှမ်းသွားလေသည်။
သူမသာ မကဘဲ တခြားသော အထွတ်အထိပ် နတ်ဘုရားများကလည်း တူညီစွာ ပြုလုပ်လိုက်ကြသည်။
ထိုအရာကို မြင်ပြီး လီကျွင်းက မျက်မှောင်ကြုတ်လိုက်သည်။ သူက ကြမ္မာနတ်ဘုရားမ၏ အစီအစဉ်ကို ခန့်မှန်းမိလိုက်သည်။ တစ်ဦးချင်းစီ၏ စွမ်းအားက သူတို့ကို သတ်ဖို့ မလုံလောက်သည့်အတွက် အရေအတွက်ကို အသုံးပြုလိုခြင်း ဖြစ်သည်။
ထိုအကြံအစည်က ဖြစ်နိုင်လေသည်။ လီကျွင်းက သူတို့အယောက်နှစ်ဆယ်နှင့် တိုက်ခိုက်ရာတွင် အနိုင်ရရှိဖို့ ယုံကြည်ချက် ရှိထားသော်လည်း ထိုတပ်မဟာကြီးသာ ဝန်းရံခံရလျှင် အန္တရာယ်များပြားသွားလိမ့်မည်။
သူ့မူလအဆီအနှစ်က သူ့သက်လုံနှင့်အတူ ပျောက်ကွယ်သွားလျှင် ကူကယ်ရာမဲ့ဖြစ်သွားလိမ့်မည်။ သူ့စွမ်းအားက ဤကမ္ဘာတွင် ကန့်သတ်ချက် ရှိနေသည့်အကြောင်း ထည့်မပြောရသေးပေ။ ထို့ကြောင့် လီကျွင်းက တုံ့ဆိုင်းခြင်း မရှိဘဲ သူ့သတ်ဖြတ်ရေးအဖွဲ့ကို ဆင့်ခေါ်လိုက်သည်။ ထျဲ့ကန်ကလည်း အတူတူ လုပ်ဆောင်လိုက်သည်။ သူတို့၏ သိုလှောင်လက်စွပ်များက သက်ရှိများကို ထည့်လာနိုင်စွမ်း ရှိသည့်အတွက် လိုလိုမယ်မယ် သူတို့၏တပ်ဖွဲ့ကို သူတို့နှင့်အတူ တစ်ပါတည်း ခေါ်ဆောင်လာ၏။
နှစ်ဖွဲ့က နှစ်ယောက်သား အဖွဲ့ကို ခေါ်ထုတ်လိုက်ပြီးသည့်နောက်တွင် အချိန်ဖြုန်းတီးမနေဘဲ အစီအရင်ကို အသက်သွင်းဖို့ အမိန့်ပေးလိုက်သည်။
သတ်ဖြတ်ရေးအဖွဲ့မှ သွေးနီရောင်အလင်းတန်း ထွက်ပေါ်လာပြီးနောက်တွင် လက်နက်တချို့နှင့် ဒိုင်းကာ ကိုင်ဆောင်ထားသည့် ပုံရိပ်သို့ ပြောင်းလဲသွားလေသည်။ ထိုပုံရိပ်ပေါ်ထွက်လာသည်နှင့် သူတို့အနားရှိ အရှိန်အဝါက သိသိသာသာ တိုးတက်လာသည်။
သူတို့၏ အသက်ဓာတ်ကို မျှဝေနိုင်ပြီး သေခြင်းတရားကို ကာကွယ်နိုင်သည့် မသေနိုင်သော တပ်ဖွဲ့နှင့် မတူဘဲ သတ်ဖြတ်ရေးအဖွဲ့က သူတို့၏ ကာကွယ်နိုင်စွမ်း၊ တိုက်ခိုက်စွမ်း၊ အရှိန်နှင့် ပြန်လည်ကုသနိုင်စွမ်းတို့အတွက် သတ်ဖြတ်ရေးချီကို စုပ်ယူနိုင်ကြသည်။
ထို့ကြောင့် သူတို့က တိုက်ခိုက်လေလေ ပိုမိုအားကောင်းလာလေလေ ဖြစ်၏။ လီကျွင်းက အစီအရင်ကို အသက်သွင်းလိုက်ပြီးသည့်နောက်တွင် ထျဲ့ကန်ကလည်း အတူတူ လုပ်ဆောင်လိုက်သည်။ သူ့မသေနိုင်သော တပ်ဖွဲ့တွင် ဦးခေါင်းထိပ်၌ ဦးခေါင်းခွံတစ်ခု ရှိလာသည်။
နတ်ဘုရားအတွက်မူ သူတို့တွင် အစီအရင် မရှိဘဲ ကောင်းကင်ဘုံဗိမာန်သာ ရှိလေသည်။ လေဟာနယ်နတ်ဘုရားများနှင့်အထက်က သူတို့ကောင်းကင်ဘုံဗိမာန်မှ ယုံကြည်မှုစွမ်းအားကို စုပ်ယူကာ သူတို့ တပ်ဖွဲ့၏ အင်အားကို တိုးမြှင့်နိုင်ကြသည်။ နောက်ဆုံးတွင် နှစ်ဖွဲ့က ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်ကြသည်။
နတ်ဘုရား၏ စစ်တပ်ကို ကောင်းကောင်းလေ့ကျင့်ထားကာ စစ်နတ်ဘုရားမက ဦးဆောင်လာသည်။ သူမက သင့်တော်သည့် ချပ်ဝတ်ဝတ်ဆင်ထားပြီး သူတို့က မြင့်မြတ်စွမ်းအားများဖြင့် သူတို့၏ တိုက်ကွက်ကို ပိုမိုအားကောင်းလာစေသည်။
ထိုအရာကို အစီအရင်အဖြစ် သတ်မှတ်လို့ရလေသည်။
သူတို့က ကောင်းကင်တွင် တန်းစီကာ လှံများကို မြှောက်လိုက်သည့်အချိန် သူတို့၏ လက်နက်များမှ ဓာတ်သဘာဝမန္တန်များ ထွက်ပေါ်လာသည်။ မီးတောက်၊ မိုးကြိုး၊ လေနှင့် ရေတို့က ကောင်းကင်မှ ထွက်ပေါ်လာသည်။
ထိုဓာတ်သဘာဝများ၏ အရောင်မျိုးစုံက ကောင်းကင်မှ ပန်းပွင့်လာသလို ဖြစ်၏။
သတ်ဖြတ်ရေးအဖွဲ့က သူတို့ကိုယ်သူတို့ ဒိုင်းကာဖြင့် ကာလိုက်ပြီး ရန်သူ့ထံ တဟုန်ထိုးပြေးဝင်သွားကြသည်။ သူတို့က မျက်နှာချင်းဆိုင်အနေအထားသို့ ရောက်ရှိသွားသည့်အခါ နတ်ဘုရားတပ်ဖွဲ့က ဓာတ်သဘာဝတိုက်ခိုက်မှုများကို မြှင့်တင်လိုက်ပြီး အနီးမလာနိုင်အောင် တားဆီးထားလေသည်။ သို့သော်လည်း သူတို့ခေါင်းဆောင်၏ အမိန့်အောက်တွင် နောက်ထပ် တိုက်ကွက်ကို အသုံးပြုလိုက်ကြသည်။
အထိန်းအကွပ်မဲ့သွေး
မကြာခင် နတ်ဘုရားများက သူတို့၏ ခန္ဓာကိုယ်မှ သွေးများသည် သူတို့၏ ထိန်းချုပ်မှုအောက် မရှိတော့ကြောင်း ခံစားမိလိုက်ကြသည်။ အများစုက သူတို့၏ ခန္ဓာကိုယ်၏ ဒွါရများမှ သွေးများစီးကျလာပြီး အသက်ဓာတ် ဖြည်းဖြည်းချင်း လွင့်ပြယ်သွားကြသည်။
အားလုံးက မြင့်မြတ်စွမ်းအားဖြင့် သူတို့၏ သွေးများကို တည်ငြိမ်စေဖို့ ကြိုးစားလိုက်ကြသော်လည်း သတ်ဖြတ်ရေးအဖွဲ့က ထိုအခွင့်အရေးကို အသုံးချကာ သူတို့၏ ရန်သူဆီ ရောက်ရှိလာကြသည်။ ထို့နောက် သတ်ဖြတ်မှု စတင်လာကြသည်။
ကောင်းကင်တွင် ရွှေရောင်သွေးစက်များ ကျဆင်းလာသည်။ နတ်ဘုရားများက တစ်ဦးပြီးတစ်ဦး သဲပွင့်များကဲ့သို့ ကြွေကျလာကြ၏။ ကောင်းကင်က ထိုသက်ရှိများ၏ ဆုံးရှုံးမှုကို ဝမ်းနည်းနေသည့်အလား မှုန်မှိုင်းနေလေသည်။
အရေအတွက်အားဖြင့် အဆနှစ်ဆယ် ကွာဟသော်လည်း လီကျွင်း၏ တပ်မဟာက အရေးသာနေဆဲ ဖြစ်၏။ ထိုအကြောင်းအရင်းမှာ သူတို့က ကောင်းမွန်စွာ လေ့ကျင့်ထားရုံသာမက ကျင့်ကြံဆင့်ကြောင့်လည်း ဖြစ်သည်။
နတ်ဘုရားအဆင့်တွင် နတ်ဘုရားတစ်ပိုင်းများက အံ့ဖွယ်ပလ္လင်အဆင့်နှင့် ညီမျှပြီး သဘာဝလွန်အဆင့် ကျင့်ကြံသူများက အစစ်အမှန်ကျင့်ကြံသူများနှင့် ညီမျှလေသည်။ လီကျွင်းနှင့် ထျဲ့ကန်၏ အဖွဲ့နှစ်ဖွဲ့လုံးတွင် သဘာဝလွန်အဆင့်နှင့်အထက် ကျင့်ကြံသူများသာ ပါဝင်ကြသည်။ သို့သော်လည်း နတ်ဘုရားများက သူတို့ဘက်တွင် နတ်ဘုရားတစ်ပိုင်း အဆင့်များက ပိုများလေသည်။
သတ်ဖြတ်ရေးအဖွဲ့က ရန်သူကို သုတ်သင်နေစဉ် မသေနိုင်သော တပ်ဖွဲ့ကလည်း အတူတူ လုပ်ဆောင်နေလေ၏။ ထိုလူများက ကာကွယ်မနေဘဲ တစ်ဖက်လူကိုသာ သည်းကြီးမည်းကြီး တိုက်ခိုက်နေကြသည်။ ပြောရလျှင် သူတို့တွင် မသေနိုင်စွမ်း ရှိထားသည် မဟုတ်ပါလော။
နတ်ဘုရားများက သူတို့ရန်သူများ၏ နှလုံးသားကို ထိုးဖောက်ကာ လှံများကို ဖြတ်တောက်ပြီး ဦးခေါင်းကိုပင် ဖြတ်တောက်ခဲ့ကြသည်။
တချို့က ခန္ဓာကိုယ်တစ်ဝက်ကိုပင် ဖောက်ခွဲခံလိုက်ရကာကာ သွေးနှင့် အတွင်းအင်္ဂါများက အစိတ်စိတ်အပိုင်းပိုင်း ဖြစ်သွားလေသည်။ သို့သော်လည်း စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် သူတို့က ပုံမှန် ပြန်ဖြစ်သွားကြလေ၏။ ထို့ကြောင့် တစ်ဖက်လူဆီ အကြောက်တရား ဖြစ်လာစေသည်။ ပြောရလျှင် မသေနိုင်သည့် တပ်ဖွဲ့ကို တိုက်ခိုက်လိုကြမည် မဟုတ်ပေ။ ဤသည်က စိတ်ဓာတ်ကျဖွယ် ကောင်းလွန်းလှသည်။
ထို့ကြောင့် မသေနိုင်သော တပ်ဖွဲ့က သူတို့၏ ရန်သူများကို သေမင်းက သေမျိုးများ၏ ဝိညာဉ်ကို ခေါ်ဆောင်သွားသည့်အလား အလွယ်တကူ သတ်ဖြတ်နေကြသည်။
ထိုစဉ် အသက်ဓာတ်တွင် ကျွမ်းကျင်သူဖြစ်သည့် ရှင်သန်ခြင်း နတ်ဘုရားက ထိုတပ်ဖွဲ့၏ မသေနိုင်စွမ်း အကြောင်းအရင်းကို နားလည်သွားလေသည်။ ထို့ကြောင့် သူမက သူတို့ကို သတ်ဖို့ နည်းလမ်းနှစ်ခုကို နားလည်သွားသည်။
ပထမတစ်ခုက အသက်ဓာတ်မျှဝေရေး ပင်မချက်ဖြစ်သည့် ထျဲ့ကန်ကို သတ်ဖို့ ဖြစ်သည်။ သို့သော်လည်း သူမက ထိုနည်းလမ်းကို အသုံးမပြုလိုပေ။ အကြောင်းမှာ ထိုသူက မည်မျှအားကောင်းသည်မှန်း မသိ၍ ဖြစ်သည်။ ထို့အပြင် သူမက တစ်ဖက်လူသည် ပို၍ပြင်ဆင်ထားကြောင်း သိထားလေသည်။ နောက်ထပ် နည်းလမ်းမှာ အားကောင်းသည့် တိုက်ကွက်ကို အသုံးပြုကာ ထိုစစ်သားများ၏ ခန္ဓာကိုယ် ၉၀ ရာခိုင်နှုန်းကျော်ကို ဖျက်ဆီးပစ်ပြီး ပြန်လည်မရှင်သန်နိုင်အောင် ပြုလုပ်ခြင်း ဖြစ်သည်။ ထို့ကြောင့် သူမက တပ်ဖွဲ့အား ထိုသို့လုပ်ဖို့ အမိန့်ပေးလိုက်သည်။
ကံဆိုးစွာဖြင့် ထျဲ့ကန်ကလည်း ဤတစ်ကြိမ် ပြင်ဆင်လာကာ ကစားမနေတော့ပေ။ သူတို့တပ်ဖွဲ့ အသုံးပြုထားသည့် အစီအရင်က သူတို့၏ ကာကွယ်နိုင်စွမ်းကို သိသိသာသာ မြှင့်တင်ပေးသည့် ကာကွယ်နိုင်စွမ်း ရှိသည်။ ဤနည်းဖြင့် တစ်ဖက်လူက သူတို့၏ စစ်သားများကို ချက်ချင်းသတ်နိုင်မည် မဟုတ်ပေ။
ဤနည်းဖြင့် တိုက်ပွဲက နာရီပိုင်းကြာ ကြာမြင့်ခဲ့သည်။ မြေပြင်တွင် သာမန်လူများ မနေနိုင်လောက်အောင် အက်ကြောင်းများ၊ ချိုင့်ကြီးများဖြင့် ပြည့်နှက်နေလေသည်။ ထို့အပြင် မိုးကြိုးချက်များ၊ လေဆင်နှာမောင်းများနှင့်အတူ တည်ရှိနေသေး၏။
မြေပြင်ပေါ်တွင် အလောင်းများစွာ ပုံနေပြီး ချပ်ဝတ်များမှ သွေးများစီးကျနေကြသည်။ ဖျက်ဆီးခံထားရသော လက်နက်များကလည်း မြေပြင်အပေါ် ပြန့်ကျဲကာ အလင်းရောင် အနည်းငယ် တောက်ပနေခြင်းက သူတို့၏ တစ်ခါက ဂုဏ်ကျက်သရေကို ညွှန်ပြနေသည်။
တိမ်များကြားတွင် လီကျွင်းက ထိုအရာအားလုံးကို တည်ငြိမ်စွာ ကြည့်နေလေသည်။ ယခု သူက သေခြင်းတရားနှင့် သတ်ဖြတ်ခြင်းကို အသားကျသွားလေသည်။ သို့သော်လည်း သိပ်မကြာခင် သူက တစ်ခုခု သတိပြုမိသွားပြီး မျက်မှောင်ကြုတ်လိုက်သည်။
ထိုအထွတ်အထိပ် နတ်ဘုရားများအနေဖြင့် သူ့ဘက်မှ အရေးသာနေသော်လည်း အလွန်တည်ငြိမ်နေကြသည်။
သူတို့က ဘာတွေကြံစည်နေကြတာလဲ … ဒီကမ္ဘာရဲ့ သဘာဝအရဆိုရင် သူတို့မှာ ဝှက်ဖဲတော့ ရှိရမယ်။ ဒါပေမဲ့ အခြေအနေက အဲဒီအခြေအနေအထိ မရောက်သေးဘူး။
သူ့စိတ်ထဲ ထိုအတွေးဝင်လာသည့်အခါ ရှင်သန်ခြင်း နတ်ဘုရားမက လှုပ်ရှားလိုက်သည်ကို မြင်လိုက်ရသည်။ သူမက လက်ရှိအခြေအနေကို ချက်ချင်းဆိုသလို ပြောင်းလဲပစ်လိုက်၏။