မိမိကိုယ်ကိုယ် အပြစ်ပေးခြင်း…
Vol. 122 Ch. 1685
ထို့အတွက်ကြောင့် အကြိမ်များစွာ စမ်းသပ်ပြီးသည့်နောက် ဝမ်လင်းသည် ရပ်တန့်ခြင်းမန္တာန်ကို သုံးကာ သူတို့တစ်ယောက်ချင်းစီ၏ စိတ်များကို ရပ်တန့်သွားအောင် လုပ်ခဲ့၏။ သူ့ကိုယ်ပိုင်စိတ်ကိုလည်း ရပ်တန့်စေလိုက်သည်ဖြစ်ရာ ရန်သူသည် သူ့စိတ်ကို မဖတ်နိုင်တော့ပေ။
ထိုအခိုက်တွင် သူက စိတ်ထဲ၌ မြန်ဆန်စွာ ကောက်ချက်ချလိုက်ရာ အဖြေတစ်ခု တွေ့ရှိသွားသည်။
သူတို့နှစ်ယောက်လုံး မြေပြင်ထက်သို့ ကျရောက်လာနေရင်း သူတို့၏ခန္ဓာကိုယ်များပေါ်ရှိ ရပ်တန့်ခြင်းမန္တာန်များသည် ပြေလျော့သွားကြသည်။ သူတို့ လွတ်လပ်သွားသည်နှင့် တူညီသောအရာကို လုပ်ကြ၏။ သူတို့သည် နောက်မဆုတ်ပေ။ သူတို့မျက်လုံးထဲ၌ အေးစက်မှုများ လှစ်ဟပေါ်ကာ အကြမ်းပတမ်း တိုက်ခိုက်မှုများ စတင်တော့သည်။
ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်လေ၏။ အချိန်တိုအတွင်း သူတို့သည် ထပ်တူညီသောမန္တာန်ဆယ်ခုကျော်ကို အသုံးပြုလိုက်ကြပြီးပင်။ ယင်းမန္တာန်များထဲ၌ ပေဖန်၏ ကောင်းကင်ဘုံမန္တာန်၊ ချင်းရွှေ၏မန္တာန်များ၊ ဝမ်လင်း၏ ပင်ကိုယ်မန္တာန်များလည်း ပါဝင်သည်။
အမျိုးမျိုးသော မန္တာန်များက ကောင်းကင်နှင့်မြေကြီးကို လှုပ်ခါစေရာ ရလဒ်အနေဖြင့် အဝေးထိ တုန်ဟည်းသံများ ပဲ့တင်ထပ်တော့သည်။ မှိန်ဖျော့သော ဒီလောကအောက်၌ ဝုန်းဒိုင်းကြဲ ဆက်တိုက် တိုက်ခိုက်မှုများ ဖြစ်ပွားနေသည်။
နှစ်ယောက်လုံးက အင်ပြည့်အားပြည့် မီးအနှစ်သာရများ၊ မိုးကြိုးအနှစ်သာရများကို အသုံးပြုကြ၏။ သို့သော် အဆုံးသပ်၌ နှစ်ဖက်လုံး အပြင်းအထန် ခံစားလိုက်ရသည်ပင်။ နှစ်ယောက်လုံး သွေးအန်ကာ သုန်မှုန်နေကြ၏။ ပြင်းထန်စွာ မြည်ဟည်းသံ ဖြစ်ပေါ်ကာ ဝမ်လင်းသည် နောက်သို့ အမြန်ဆုတ်၏။ အချိန်တိုအတွင်း သူသည် သူ့ကိုယ်သူနှင့် တိုက်ခိုက်ရသည်မှာ မည်မျှ ခက်ခဲသည်ကို ခံစားမိသည်။ သူသည် သူနှင့် တိုက်ခိုက်သည့်အခါ အခြားသူများ ခံစားရသလို တွေ့ကြုံနေရသည်။
သူ့ထံ၌ ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ် ပိုင်ဆိုင်၏။ ဆံဖြူလူငယ်မှာလည်း အလားတူပင်။ သူသည် စိတ်ဝိညာဉ်လေဟာနယ်အလယ်အဆင့် ဖြစ်၏။ ဆံဖြူလူငယ်သည်လည်း အတူတူပင်။
ဝမ်လင်းသည် ရတနာလက်နက်များကို ထုတ်ယူ၏။ သို့သော် သူ့ကို တုန်လှုပ်မိစေသည်မှာ ထိုလူငယ်ကလည်း တူညီသောရတနာများကို ထုတ်ယူလိုက်ခြင်းပင်။ ထိုသို့ဖြစ်၍ ဝမ်လင်းသည် ရတနာများကို ဆက်လက် မထုတ်ယူတော့ပေ။ သူသည် ဆံဖြူလူငယ်သည် သူ့ထံ၌ ရှိသည့် အရာအားလုံး ရှိနေသည်ကို နားလည်လာခဲ့သည်။
“အသုံးမဝင်ဘူး။ ငါက မင်းပဲ။ မင်း ငါ့ကို မသတ်နိုင်ဘူး…” ဆံဖြူလူငယ်က နောက်ဆုတ်၏။ သူ့ပါးစပ်ထောင့်မှ သွေးများကို သုတ်ကာ သူသည် ကြမ်းကြုတ်စွာ စတင်ရယ်မောလေ၏။
ဝမ်လင်းက စကားမဆိုပေ။ သို့သော် သူ့မျက်လုံးထဲရှိ အေးစက်မှုနှင့် သတ်ဖြတ်လိုမှုက ပို၍ အားကောင်းလာ၏။ သူသည် အလင်းတန်းတစ်ခုအလား ရှေ့သို့ တိုးဝင်လာပြန်၏။
ဆံဖြူလူငယ်၏မျက်လုံးထဲ၌ လှောင်ပြောင်လိုမှုတို့ လှစ်ဟပေါ်ကာ သူလည်း ဝမ်လင်းထံ တိုးဝင်လာသည်။
သူတို့နှစ်ယောက်နီးကပ်လာ၏။ သူတို့သည် မန္တာန်မျိုးစုံကို အချင်းချင်း ဖလှယ်လိုက်ကြရာ တူညီသောဒဏ်ရာများ ရသွားကြ၏။ သို့ပေမည့် သူတို့နှစ်ယောက်လုံး နောက်ပြန်လွင့်လာသည့်အခါ၌ ဝမ်လင်းသည် မာန်သွင်းကာ ရှေ့သို့ တဖန် တိုးဝင်လာ၏။
ထိုသို့ ဆက်တိုက် ဖြစ်နေ၏။ ဆယ်ကြိမ်ကျော်မျှ ထိုသို့ ဖြစ်ပေါ်နေပြီး သူတို့၏စိတ်ထဲ၌ သတ်ဖြတ်လိုခြင်းကလွဲ၍ တခြားအတွေး မရှိလေတော့ပေ။ ဝမ်လင်း၏မျက်လုံးတို့က လုံးဝနီရဲနေ၏။ ဆံဖြူလူငယ်မှာလည်း ထို့အတူပင်။
“သတ်…သတ်…သတ်…သတ်…” ဝမ်လင်းက သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်ပေါ်စေရာ အတိုင်းမသိမိုးကြိုးအနှစ်သာရ ထိုးထွက်သွား၏။
ဆံဖြူလူငယ်ကလည်း တူညီသောစကားများကို ဆို၏။ တူညီသောမိုးကြိုး ပေါ်လာကာ ဝမ်လင်းထံ တရှိန်ထိုး ဝင်လာ၏။
ချက်ခြင်းလိုလို သူတို့နှစ်ယောက်သည် ဆယ့်ကိုးကြိမ်မြောက် ထိပ်တိုက်တွေ့ကြသည်။ မိုးကြိုးများ ထိပ်တိုက်တွေ့ရာ မိုးကြိုးသံများ မြည်ဟည်း၏။ သူတို့၏ခန္ဓာကိုယ်များ တုန်ယင်ကာ သူတို့၏ညာမျက်လုံးများသည် ပျက်စီးလုနီးနီးတည်း။
နောက်ဆုတ်နေရင်း ဝမ်လင်းက မာန်သွင်းလျက် မျက်လုံးမှိတ်လိုက်၏။ သူ့ခန္ဓာကိုယ်၌ အမှန်အမှားတာအို ပြည့်နှက်လာသည်။ မျက်လုံးမှိတ်လိုက်ရင်း ဒီလောကရှိ အရာအားလုံးမှာ အတုအယောင် ဖြစ်လာ၏။
ဆံဖြူလူငယ်ကလည်း မျက်လုံးမှိတ်ကာ အမှန်အမှားနယ်ပယ်ထဲသို့ ဝင်ရောက်၏။
သို့ပေမည့် သူ မျက်လုံးမှိတ်လိုက်သည့်အခိုက်၌ ဝမ်လင်းက ရုတ်တရက် မျက်လုံးပြန်ဖွင့်လာ၏။ သူ့မျက်လုံးထဲ၌ ရူးသွပ်မှု မရှိလေတော့ပေ။
ဆံဖြူလူငယ်က တုန်ယင်သွား၏။ သူ့အမူအရာမှာလည်း ပထမဆုံးအကြိမ် အကြီးအကျယ် ပြောင်းလဲသွားသည်။ ပထမဆုံးအကြိမ်အဖြစ် သူ့လှုပ်ရှားမှုက ဝမ်လင်းနှင့် မတူညီလေတော့ပေ။ သူသည် နောက်သို့ မြန်ဆန်စွာ ဆုတ်၍ မျက်လုံးဖွင့်ရန် ကြိုးစားသည်။
သို့ပေမည့် ဝမ်လင်းက ထိုအခိုက်ကို အချိန်အတန်ကြာ စောင့်နေခဲ့ရသည် မဟုတ်လား။ သူက ထိုလူ့ကို လွတ်မြောက်ခွင့် အဘယ်ကြောင့် ပေးမည်နည်း။ ဝမ်လင်းက ရှေ့သို့ တိုးလာရင်း သူ့လက်ဝါးကို လူငယ်၏ရင်ဘက်ပေါ်သို့ ရိုက်ချ၏။ သူ့လက်ချောင်းများကို ပြန်ကွေးညွှတ်ကာ နောက်သို့ ဆွဲငင်ယူ၏။ “ကံမ္မစာလုံး…”
သူ၏အနှစ်သာရများ ထုတ်နှုတ်ခံရသဖြင့် ဆံဖြူလူငယ်သည် နာကျင်စွာအော်ဟစ်လိုက်ရပြီး သွေးအန်ထွက်သည်။ သူသည် သူ့မျက်လုံးကို ဖွင့်နိုင်ခါစ ဖြစ်၏။ ဝမ်လင်း၏ ဘယ်လက်ရှိ ရှင်သန်ခြင်းအားက ဆံဖြူလူငယ်၏ မျက်ခုံးနှစ်ခုကြားသို့ ကျရောက်သွားလေ၏။
၎င်း ကျရောက်သွားသည့်အခိုက်၌ ထိုလူငယ်၏ အနှစ်သာရများကို ထုတ်နှုတ်ယူလိုက်သော ဝမ်လင်း၏ညာလက်က သူ၏မျက်ခုံးနှစ်ခုကြားသို့ ထပ်မံ ကျရောက်သည်။ ထိုလက်ဝါးမှာ သေဆုံးခြင်းပါဝင်၏။
“သေခြင်းရှင်ခြင်းချိပ်ဟန်…”
“မဖြစ်နိုင်ဘူး…” ဆံဖြူလူငယ်သည် ဖြူရောသွားကာ သူ့မျက်လုံးထဲ၌ မယုံကြည်နိုင်မှုတို့ ပြည့်နှက်၏။ သူသည် သွေးများစွာ ထပ်အန်ထုတ်လိုက်ရပြီး နောက်ဆုတ်နေစဉ် သူ့ခန္ဓာကိုယ်သည် ပျက်စီးလုနီးနီး ဖြစ်ရသည်။
အဖြစ်အပျက်မှာ တိုတောင်းလှ၏။ ကံမ္မစာလုံးနှင့် သေခြင်းရှင်ခြင်းချိပ်ဟန်တို့က ဆံဖြူလူငယ်ကို ဒဏ်ရာအပြင်းအထန် ရစေလိုက်သည့်အခိုက်၌ ဝမ်လင်းက မျက်လုံးမှိတ်လိုက်၏။ သူသည် ရှေ့သို့ ခြေလှမ်းကာ မျက်လုံးပြန်ဖွင့်သည်။ သူ၏ ကြောက်မက်ဖွယ်အကြည့်မှာ လှစ်ဟပေါ်သည်။
သူ့အကြည့်က ဆံဖြူလူငယ်၏မျက်လုံးထံ ကျရောက်သည်။ ထိုအဖြစ်က ဆံဖြူလူငယ်၏ စိတ်ကို တုန်ခါသွားစေ၏။ သူသည် အမှန်တကယ်ပင် ကြောက်လန့်မှုကို ခံစားမိ၏။ သူ တုံ့ဆိုင်းမိသွားသည်။ သူသည် မျက်လုံးမှိတ်သင့်လား၊ ဖွင့်သင့်လား မသိတော့ပေ။
ထိုသို့ တုန့်ဆိုင်းနေစဉ်အတွင်း ဝမ်လင်းက မျက်လုံးထပ်မံ မှိတ်လိုက်သည်။ သည်အခိုက်၌ လောကရှိ အရာအားလုံးသည် အတုအယောင် ဖြစ်ကာ သူက ညာလက်ကို ဝေ့ယမ်းသည်။
ဆံဖြူလူငယ်သည် နာကျင်ထိတ်လန့်စွာ အော်ဟစ်လိုက်ရပြီး နောက်သို့ အမြန်ဆုတ်သည်။ သူ့ထံမှ တုန်ဟည်းသံတို့ ထွက်ပေါ်လာကာ သူသည် အဆက်မပြတ် သွေးအန်ရသည်။ သူ့ဝတ်ရုံဖြူမှာ သွေးများ စွန်းထင်းနေပြီး သူက ရေအရံအတားထံသို့ တရှိန်ထိုး ဦးတည်သည်။
အမှန်အမှားတာအိုအောက်၌ သူ့ခန္ဓာကိုယ်မှာ ဝေဝါးလာကာ အချိန်မရွေး ပျောက်ကွယ်သွားတော့မည့်အလား။ သို့ပေမည့် သူက သူ့ကိုယ်သူ တောင့်ခံထားကာ ခြစ်ကုတ်အော်ဟစ်လိုက်၏။
“မဖြစ်နိုင်ဘူး။ မဖြစ်နိုင်ဘူး။ ငါက မင်းမှာ ရှိသမျှကို ပုံတူကူးနိုင်တယ်။ မင်းရဲ့မှတ်ဉာဏ်၊ အတွေးတွေအားလုံး ငါ့ရှိကနေ မကွယ်ဝှက်ထားနိုင်ဘူး။ မင်းနဲ့ ပတ်သတ်လို့ ငါ မသိတဲ့ဟာ မရှိဘူး…”
“မင်း ငါ့ကို အရူးမလုပ်နိုင်ဘူး။ မင်း ငါ့ကို အရူးမလုပ်နိုင်ဘူး။ ငါဟာ မင်းပဲ။ မင်း မလုပ်နိုင်ခဲ့ရင် မင်းက မင်းကိုယ်မင်း အရင်ဆုံး အရူးလုပ်ခဲ့တာပဲ။ ငါ နားလည်ပြီ…လှည့်ဖြားခြင်းတာအို…”
“သေစမ်းကွာ။ ဒါက လျှိုကျင်းပြောင်ရဲ့ လှည့်ဖြားခြင်းတာအိုပဲ…” ဆံဖြူလူငယ် နားလည်သွား၏။ သို့သော် သူသည် ရေအရံအတားထံသို့ မြန်ဆန်စွာ ပိုရွှေ့လျားနေသည်။ သူသည် ထိုနေရာသို့ ပြန်ရောက်သွားပါက ဝမ်လင်းကို ကြောက်စရာမလိုတော့သည်ကို သိသည်။ ဝမ်လင်း သူ့ကို မသတ်နိုင်သ၍ ထိုအရံအတားကိုလည်း ချိုးဖျက်နိုင်လိမ့်မည် မဟုတ်ပေ။
ဆံဖြူလူငယ် ပြောသည်မှာ မှန်ပေ၏။ ဝမ်လင်းလုပ်ခဲ့သည့် အရာမှန်သမျှသည် လှည့်ဖြားခြင်းတာအိုကို အသုံးပြုခဲ့ခြင်းပင်။ ဦးဆုံး ဝမ်လင်းက ဆက်တိုက် တိုက်ခိုက်နေခြ့၏။ ထို့နောက် သူက ရပ်တန့်ခြင်း မန္တာန်ကို သုံး၍ သည်အခြေအနေကို ကောက်ချက်ချနိုင်ဖို့ အချိန်ကို အရယူသည်။
ထိုကောက်ချက်ချမှုသည် သော့ချက် မဟုတ်သေးပေ။ သို့သော် ထိုအချိန်တိုလေးက ဝမ်လင်းကို အိပ်မက်တာအိုကို သုံး၍ သူ့ကိုယ်သူ အိပ်မက်အခြေအနေသို့ ကျရောက်စေရန် လုပ်နိုင်ခဲ့သည်။ ထို့အတွက်ကြောင့် သူသည် သူ့ကိုယ်သူ လှည့်ဖြားနိုင်ခဲ့ပေသည်။
ထိုအခါ သူ့စိတ်သည် နှစ်ပိုင်းကွဲသွားကာ တစ်ယောက် သူကိုယ်တိုင် ဖြစ်ပြီး ဆံဖြူလူငယ်နှင့် ဆက်တိုက် တိုက်ခိုက်နေခဲ့စဉ် တခြားစိတ်နှင့်သူကတော့ ထိုလူငယ်ကို သတ်နိုင်မည့် အခွင့်အရေးကို တည်ငြိမ်စွာ စောင့်ကြည့်နေခဲ့ခြင်းပင်။
ထိုအခွင့်အရေးသည် ဆံဖြူလူငယ် မျက်လုံးမှိတ်လိုက်သည့်အခါ၌ ရောက်ရှိလာခဲ့၏။ အကြောင်းမှာ သူက ဝမ်လင်းသည် အမှန်အမှားတာအိုကို အသုံးပြုတော့မည်ဟု တွေးခဲ့သောကြောင့်ပင်။
ထိုသို့သာမဟုတ်ပါက သူနှင့် လုံးဝကွာခြားမှုမရှိသော မိမိကိုယ်ကိုယ်နတ်ဘုရားပြစ်ဒဏ်ကို သတ်နိုင်ဖို့မှာ အလွန်ခက်ခဲမည်ပင်။ မည်သို့ပင်ဖြစ်စေ ဝမ်လင်းသည် ဆံဖြူလူငယ်ကို အချိန်တိုအတွင်း မသတ်နိုင်ခဲ့ပေ။ သူ့ကိုယ်သူ တိုက်ခိုက်နေရခြင်းဟူသော ခံစားချက်က ဝမ်လင်းကို မသက်မသာ ဖြစ်စေသည်။
သည်အခိုက်၌ ဆံဖြူလူငယ်က အကြောင်းရင်းကို ချက်ခြင်း တွေ့ရှိသွားပေပြီ။ ဝမ်လင်းက ထိုလူငယ် နောက်ဆုတ်ကာ ရေအရံအတားထံ နောက်ဆုတ်သွားသည်ကို တွေ့မြင်သည့်အခါ မျက်မှောင်ကြုတ်သွားမိ၏။
ထိုလူငယ်သည် အရံအတားတွင်းသို့ ဝင်ရောက်သွားသည်နှင့် ဝမ်လင်း၏နည်းလမ်းကို နားလည်သွားခဲ့ပြီ ဖြစ်ရာ သူ့အနေဖြင့် ထိုလူငယ်ကို ရင်ဆိုင်ဖို့ ပိုခက်ခဲသွားတော့မည်ပင်။ ဆံဖြူလူငယ်သည် တစ်ကြိမ်သာ အရူးလုပ်၍ ရနိုင်မည် ဖြစ်ပြီး ဒုတိယအကြိမ် ရှိလာနိုင်တော့မည် မဟုတ်ပေ။
နောက်သို့ အမြန်ဆုတ်နေသော ဆံဖြူလူငယ်ကို စိုက်ကြည့်နေရင်း ဝမ်လင်း၏မျက်လုံးထဲ၌ အေးစက်မှု ဖြတ်ပြေးသွား၏။ သူသည် ထိုလူငယ်ကို လွတ်မြောက်ခွင့် မပြုနိုင်ပေ။ သူက ထိုသူ့ကို သတ်ရပေမည်။
ဝမ်လင်းသည် ဆံဖြူလူငယ့်အပေါ်သို့ နောက်ထပ် ရပ်တန့်ခြင်းမန္တာန်ကို အသုံးမပြုပေ။ ရပ်တန့်ခြင်းမန္တာန်မှာ သက်ရောက်မှု မရှိတော့၍ ဖြစ်၏။ ဆံဖြူလူငယ်သည် ရေအရံအတားအတွင်းသို့ ဝင်ရောက်တော့မည့်အခါ၌ ဝမ်လင်းသည် အံတင်းတင်းကြိတ်ကာ ပြတ်သားသောအကြည့်ကို ထုတ်ဖော်၏။ သူ့ညာလက်ကို ပင့်မြှောက်ကာ သူ့ညာခြေထောက်ကို ချက်ခြင်း ရိုက်ချပစ်လိုက်၏။
ထိုရိုက်ချမှုက သူ့ခြေထောက်ကို သွေးအလိမ်းလိမ်း ဖြစ်သွားစေသည်။ သူ့ညာခြေထောက်ရှိ အရိုးများသည် ကျိုးကြေကုန်သည်။ ဆံဖြူလူငယ်မှာလည်း နာကျင်စွာ အော်ဟစ်၍ ဝမ်လင်းကဲ့သို့ပင် သူ့ညာခြေထောက်မှာလည်း သွေးအလိမ်းလိမ်း ဖြစ်သွားသည်။
“မင်း ဘယ်လိုလုပ် ဒီလောက်မြန်မြန် နားလည်ခဲ့တာလဲ။ မင်း…” ဆံဖြူလူငယ်၏မျက်လုံးထဲ၌ ကြောက်လန့်မှုတို့ ပြည့်လာ၏။ သူက သွေးအန်လိုက်ရသည်။ သူသည် ဒဏ်ရာပြင်းထန်စွာ ရထားခဲ့ပြီး ဖြစ်၏။ ထို့အခိုက်၌ သူ့ညာခြေထောက်မှာ တစစီ ဖြစ်သွားသဖြင့် သူ့အရှိန် လျော့ကျသွားသည်။
သူ အရှိန်လျော့ကျသွားသည်နှင့် ဝမ်လင်းက ရှေ့သို့ မိုးကြိုးတန်းအလား တိုးဝင်လာ၏။ ဝမ်လင်းက ထိုလူငယ်၏ ရှေ့သို့ ရောက်လာသည့်အခါ ခန္ဓာကိုယ်ချင်း ဝင်ဆောင့်ပစ်သည်။
ကျယ်လောင်စွာ မြည်ဟည်းသွားပြီး ဆံဖြူလူငယ်၏ခန္ဓာကိုယ်မှာ လုံးဝ တစစီ ဖြစ်သွားလေ၏။ ဝမ်လင်းကို ပိတ်ဆို့ထားသော ရေအရံအတားမှာလည်း တွန့်ခေါက်ပုံပျက်ကာ လွင့်ပျောက်သွားသည်။
ဝမ်လင်းသည် ရှေ့သို့ အလျင်စလို မဝင်ပေ။ သို့သော် သူက မျက်လုံးမှိတ်လိုက်၏။ သူ၏ကျင့်ကြံမှုက မြင့်တက်လာကာ သူ့ရှေးဟောင်းနတ်ဘုရားစွမ်းအားသည် ညာခြေထောက်နေရာ၌ စုဝေး၏။ သူသည် သူ၏စိတ်ဝိညာဉ်လေဟာနယ်အလယ်အဆင့်နှင့် ရှေးဟောင်းနတ်ဘုရားစွမ်းအားကို သုံးကာ အလျင်အမြန် ပြန်ကောင်းမွန်လာသည်။
ခဏအကြာတွင် ဝမ်လင်းသည် ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး လွင့်ပြယ်သွားသော ရေအရံအတားထံသို့ ခြေလှမ်းဝင်၏။ သို့ပေမည့် သူသည် ခြေတစ်လှမ်းသာ ဝင်လိုက်ရုံ ရှိသေး ရုတ်တရက် ရပ်တန့်သွားသည်။ သူသည် ၎င်းကို တွေ့မြင်လိုက်ရသည်။
***