← Chapters

လှိုဏ်ဂူလောက

Vol. 122 Ch. 1686

လှိုဏ်ဂူလောက

Vol. 122 Ch. 1686

ရှေးဟောင်းကောင်းကင်ဘုံနယ်မြေ။

ဤနေရာသည် အတွင်းနှင့်အပြင်နယ်မြေအတွင်း တည်ရှိသော ရှေးဟောင်းကောင်းကင်ဘုံနယ်မြေပင် ဖြစ်သည်။

ထိုနေရာသည် အတွင်းနယ်မြေရှိ ကောင်းကင်ဘုံနယ်မြေလေးခုထက် ပို၍ ရှေးကျသည်။ အချိန်စတင်ကတည်းက တည်ရှိခဲ့ခြင်းပင်။ သည်နေရာကို ရှေးဟောင်းကောင်းကင်ဘုံနယ်မြေဟု အမည်တပ်နိုင်သည်။

ပြီးခဲ့သောချိပ်ပိတ်နယ်မြေအရှင်က သည်နေရာကနေ လာခဲ့ခြင်း ဖြစ်သည်။ ကောင်းကင်ဘုံအင်ပါယာကိုယ်လုပ်တော်များသည်လည်း ဒီနေရာကနေလာခဲ့ခြင်းပင်။ အရာအားလုံးသည် ဤနေရာကနေ စတင်ခဲ့လေ၏။

ရေအရံအတား မရှိတော့သည့်အခါ ကျယ်ပြောလှသောမြေပြင်ထုသည် ရှင်းလင်းလာခဲ့၏။ မှိန်ဖျော့ဖျော့ကောင်းကင်ထက်တွင် မုန်တိုင်းများ နေ့လနှစ်ချီ မပြတ်ရှိနေသည်။

ထိုမုန်တိုင်းတို့၏နောက်၌ ကွယ်ဝှက်နေသော နေကိုးစင်းရှိသည်။ ဝမ်လင်းကို ရပ်တန့်သွားစေသည်က ထိုမုန်တိုင်းတို့နောက်ကွယ်ရှိ နေကိုးစင်းပင်။

“ဒီမှာလည်း နေကိုးစင်း ရှိနေတယ်…” ဝမ်လင်း၏မျက်လုံးသူငယ်အိမ် ကြုံ့သွား၏။ သူသည် အင်မောတယ်ကောင်းကင်ဘုံနယ်မြေကို ကြည့်မိခဲ့စဉ်ကလည်း ကောင်းကင်ထက်တွင် တည်ရှိနေသော နေကိုးစင်းကို တွေ့မြင်ခဲ့ဖူး၏။

အခု သည်နေရာတွင်လည်း နေကိုးစင်းကို ထပ်မံ တွေ့ရသည့်အခါ သူ့စိတ်ထဲ၌ ထင်မြင်ချက်တစ်ခု ရှိလာ၏။

“ဒီနေရာဟာ အရင်တုန်းက ငါ တွေ့မြင်ခဲ့ဖူးတဲ့ အင်မောတယ်ကောင်းကင်ဘုံနယ်မြေရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နိုင်တယ်။ အဲ့လိုမဟုတ်ခဲ့ရင်တောင် ဒီနေရာဟာ အင်မောတယ်ကောင်းကင်ဘုံနယ်မြေနဲ့ နက်ရှိုင်းတဲ့ ပတ်သတ်မှု ရှိနေမှာ သေချာတယ်…” ဝမ်လင်းသည် ကောင်းကင်ထက်သို့ ငြိမ်သက်စွာ မော့ကြည့်နေ၏။ သူ၏ကျင့်ကြံမှုအဆင့် ပိုမြင့်မားလာလေလေ သူသည် လိုက်ကာစကို ဖွင့်လှစ်ကာ အတွင်းနှင့်အပြင်နယ်မြေတို့၏ မဟာလျှို့ဝှက်ချက်ကြီးကို ရှာတွေ့တော့မည် ဖြစ်လာ၏။

ထိုလျှို့ဝှက်ချက်သည် ရက်စက်လွန်းတာ ဖြစ်နိုင်ကောင်း၏။ အရာအားလုံး၏ အဆုံးသပ် သို့မဟုတ် နောက်ထပ်အစပျိုးမှုတစ်ခုလည်း ဖြစ်နိုင်ကောင်းသည်။

နှစ်ပေါင်းနှစ်ထောင်ကျော် ကျင့်ကြံခဲ့ပြီး သေခြင်းရှင်ခြင်းရုန်းကန်မှုများကို ဖြတ်ကျော်ပြီးနောက် ဝမ်လင်းသည် ရှေးဟောင်းကောင်းကင်ဘုံနယ်မြေသို့ ခြေလှမ်းနိုင်ခဲ့လေပြီ။ ကျင့်ကြံသူမြောက်များစွာအတွက် တော်ဝင်ကုန်းမြေ။

သည်မြေပြင်ထုမှာ လုံးဝ ဆိတ်ငြိမ်နေ၏။ မြေပြင်ထက်၌ မရေမတွက်နိုင်သော ရုပ်တုများစွာ ရှိလို့နေသည်။ ထိုရုပ်တုများသည် အသက်ရှင်လျက် ကျောက်ဖြစ်သွားသည်ဟု ထင်မှတ်ရသည်။ ယင်းတို့သည် အမျိုးမျိုးပုံစံအနေထားများ ရှိနေကြသည်။ အချို့သည် မတ်တပ်ရပ်နေ၏။ အချို့က ဒူးထောက်လျက် ကျောက်သား ဖြစ်ကုန်၏။ အချို့က အော်ဟစ်နေ၏။ အချို့မှာ ကြမ်းကြုတ်သောဟန်အမူအရာ ပိုင်ဆိုင်ထားကြသည်။ ထိုရုပ်တုများသည် သည်ကုန်းမြေ၌ ရှိနေခဲ့သည်မှာ နှစ်ပေါင်းမရေနိုင်လောက်တော့ပေ။

အချိန်အတန်ကြာ စဉ်းစားနေပြီးနောက် ဝမ်လင်းက ကောင်းကင်ထက်၌ ရပ်၏။ သူ့ခေါင်းကို မော့သည်။ သူသည် ကောင်းကင်ထက်ရှိ နေကိုးစင်းကို ကြည့်သည်။ ထို့နောက် ရှေ့သို့ ခြေလှမ်းကာ အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ မြေကမ္ဘာပြိုပျက်စီးသည့်အလား ဟိန်းမြည်သံ ကပ်ပါလာသည်။

ထိုဟိန်းမြည်သံ ပဲ့တင်ထပ်ရင်း ဝမ်လင်းသည် ပထမဆုံးနေတစ်စင်းထံ ဦးတည်လာသည်။

ချက်ခြင်း သူသည် မုန်တိုင်းမြူများကြား ကွယ်ဝှက်နေသော ပထမဆုံးနေမင်း၏ ဘေးနားသို့ ရောက်လာသည်။ လေများ အပြင်းအထန် တိုက်ခတ်လို့နေသည်။

သို့သော် သူ့ခန္ဓာကိုယ်ကမူ တောင်တစ်လုံးအလား မလှုပ်မယှက် ရှိနေ၏။ လေပြင်းများက သူ့အပေါ် သက်ရောက်မှု မရှိလေပေ။ သူ့မျက်လုံးတို့မှာ တောက်ပနေ၏။

ဝမ်လင်းသည် ထိုနေမင်းရှေ့၌ သေးနုပ်လွန်းဟန် ပေါက်နေ၏။ သူသည် အမှုန်အမွှားတစ်ခုအလား။ သို့ပေမည့် ထိုအမှုန့်အမွှားသည် ကြောက်မက်ဖွယ်အော်ရာကို ပေးစွမ်းနေသည်။ ထိုအော်ရာကြောင့် သူ့ကို ဖုန်မှုန့်ဟု မည်သူကများ ပြောဝံ့ပါအုံးမည်နည်း။

ထိုအော်ရာဖြင့်ဆို သူ့ကို မည်သူက ယှဉ်ဝံ့ပါမည်နည်း။

သည်ပထမဆုံးနေမင်းသည်ပင် အရည်အချင်း မပြည့်မှီပေ။

ဝမ်လင်းသည် မြူများ ရစ်ဆိုင်းနေသော နေမင်းကို ကြည့်သည်။ သူ့လက်ကို ဝေ့ယမ်းလိုက်သည်။ လှည့်ပတ်နေသော မြူများသည် တုန်ဟည်းကာ ဘေးတစ်ဖက်သို့ တွန်းထုတ်ခြင်း ခံရသည်။

မြူများက လှိုင်းများကဲ့သို့ ပြန့်ကြဲသွားကာ ပထမဆုံးနေတစ်စင်းသည် ဝမ်လင်း၏ရှေ့တွင် ရှင်းလင်းစွာ လှစ်ဟပေါ်လာသည်။

သူ့မျက်လုံးထဲ၌ အေးစက်မှု ဖြတ်ပြေးသွားကာ သူသည် ညာလက်ကို ထပ်မံ ဝေ့ယမ်းသည်။ နေမင်းထံမှ အလင်းသည် မှိန်ဖျော့သွားပြီးနောက် ၎င်းသည် ဝမ်လင်းရှေ့တွင် စတင်ပြိုပျက်စီးသည်။

ကျယ်လောင်စွာ မြည်ဟည်းသံတို့ လောက၌ ပြည့်နှက်၏။ သူ့ရှေ့ရှိ ကြီးမားလွန်းသော နေမင်းသည် မြန်ဆန်စွာ ကြုံ့လာသည်။ ၎င်းသည် ကြီးမားဆဲ ဖြစ်သော်လည်း အရင်အရွယ်အစားနှင့် ယှဉ်ပါက ကောင်းကင်နှင့်မြေကြီးကဲ့သို့ ဖြစ်နေတော့သည်။

“ဒါက ဘယ်လိုနေမင်းမျိုးလဲ။ ဒါဟာ မန္တာန်တစ်ခုကြောင့် ဖြစ်ပေါ်နေတာပဲ။ ဒီထဲမှာ နတ်ဘုရားပြစ်ဒဏ်ရဲ့ စွမ်းအား ပါဝင်တယ်။ ဒါဟာ နတ်ဘုရားပြစ်ဒဏ်ရဲ့ မူလဇစ်မြစ်ပဲ…” ဝမ်လင်း၏မျက်လုံးသည် တောက်ပသွားကာ သူသည် အကြိမ်များစွာ လက်ဝေ့ယမ်းလိုက်သည်။ သူ လက်ဝေ့ယမ်းလိုက်တိုင်း နေမင်းသည် ထပ်မံ ကြုံ့လာသည်။

ခဏအကြာတွင် နေမင်းသည် ကျယ်လောင်စွာ တုန်ဟည်း၍ ဝမ်လင်း၏ရှေ့တွင် လုံးဝ ပျက်စီးခြင်း ဆိုက်ရောက်သည်။

၎င်းသည် ပျက်စီးသွားနေရင်း တွန့်ခေါက်ပုံပျက်သော မိုးကြိုးတန်းတစ်ခု ဝမ်လင်းရှေ့တွင် ပေါ်လာသည်။ ထိုမိုးကြိုးတန်းထံ၌ အရောင်ကိုးရောင်ရှိကာ ယင်းမှာ နေမင်းအတွင်း၌ ချိပ်ပိတ်ထားခံရသည့်ပုံ ပေါက်သည်။ ၎င်း၏တည်ရှိမှုကြောင့် ပထမဆုံးနတ်ဘုရားပြစ်ဒဏ်၏ အများစုမှာ မိုးကြိုး ဖြစ်နေခြင်းပင်။

ထိုချိပ်ပိတ်ထားသော နေမင်းအတွင်းရှိ ကိုးရောင်စုံမိုးကြိုးတန်းကို ကြည့်ကာ ဝမ်လင်းသည် သူ ပထမဆုံးအကြိမ် ရင်ဆိုင်ခဲ့ရသော နတ်ဘုရားပြစ်ဒဏ်၏ ဖျက်စီးခြင်းမိုးကြိုးစွမ်းအားကို ခံစားမိလိုက်သည်။

“ဒီလောကမှာ ရှိတဲ့အရာအားလုံးဟာ အကြောင်းရင်းမရှိဘဲ မပေါ်ထွက်လာနိုင်ဘူးလို့ ငါ သံသယရှိခဲ့တာ ကြာခဲ့ပြီ။ နတ်ဘုရားပြစ်ဒဏ်တွေတောင် သူ့ဟာသူ ပေါ်လာခဲ့တာ မဟုတ်ဘူးပဲ။ တချို့ထူးခြားတဲ့စွမ်းအား ဒါမှမဟုတ် အစွမ်းထက်တည်ရှိမှုတစ်ခုခုက ဒီနတ်ဘုရားပြစ်ဒဏ်ကို ပြုလုပ်ဖန်တီးခဲ့တာပဲ…”

ဝမ်လင်းသည် ခပ်တိုးတိုး ရေရွတ်နေရင်း သူ့လက်ကို ချိပ်ပိတ်ခံကိုးရောင်စုံမိုးကြိုးတန်းထံသို့ ဆန့်ထုတ်လိုက်သည်။ မိုးကြိုးတုန်ဟည်းသံများ ပဲ့တင်ထပ်ကာ ၎င်းမိုးကြိုးသည် ဝမ်လင်းထံ ပျံသန်းလာပြီး ဖမ်းဆုပ်ခြင်း ခံလိုက်ရသည်။

သူ့လက်ထဲ၌ မိုးကြိုးတန်းသည် ဆက်လက် တွန့်ခေါက်လာသည်။ ၎င်းမိုးကြိုးသည် ၎င်းကို ဖန်တီးခဲ့သော ဆန်းကြယ်သောတည်ရှိမှုထက် ဝမ်လင်းသည် ပို၍ မသန်မာပါက ဘယ်တော့မှ အညံ့မခံမည့်အလား။

မိုးကြိုးတန်းကို ဆုပ်ကိုင်ထားရင်း ဝမ်လင်းသည် ချီတုံချတုံ ဖြစ်နေသည်။

“ငါဟာ နတ်ဘုရားပြစ်ဒဏ်ကို ဘယ်လို ဖန်တီးခဲ့လဲ ဆိုတာ မြင်နိုင်ပြီ။ ငါ့မှာ ခန့်မှန်းချက်တစ်ခုလည်း ရှိနေတယ်။ ဒါက ဒီခန့်မှန်းချက်ကို သေချာအောင်လို့ ငါ လုပ်ကြည့်ချင်ရုံပဲ…” အချိန်အတန်ကြာပြီးနောက် ဝမ်လင်းထံမှ ပြတ်သားသောအကြည့် လှစ်ဟပေါ်သည်။ သူ၏အစွမ်းထက် နတ်ဘုရားအာရုံသည် ပျံ့လွင့်လာကာ သူ့လက်ထဲရှိ မိုးကြိုးတန်းထံ ဝင်ရောက်သည်။ သူသည် ထိုမိုးကြိုးတန်းကို မည်သူက ဖန်တီးခဲ့သနည်းကို မြင်ချင်မိသည်။

သူ့နတ်ဘုရားအာရုံ မိုးကြိုးတန်းအတွင်းသို့ ဝင်ရောက်သွားသည်နှင့် သူ့စိတ်မှာ တုန်ဟည်းသွားသည်။ သူ့အမြင်သည် ဝေဝါးလာ၏။ အချိန်သည် အတိတ်ကာလ နှစ်ပေါင်းသန်းချီသို့ ပြန်ရောက်သွားသည့်အလား။

သူသည် လောကတစ်ခုကို ဖြည်းဖြည်းချင်း တွေ့မြင်လာသည်။ ထိုလောကသည် ခုနစ်ရောင်စုံအလင်းတို့ဖြင့် ပြည့်နေ၏။ ထိုအလင်းသည် ယင်းလောကကို ခြုံလွှမ်းထားပြီး အိပ်မက်တစ်ခုအလား။ ယင်းလောကသည် အလွန်ကြီးမားကာ အဆုံးအဆမဲ့နေသည်။

ခုနစ်ရောင်စုံအလင်းတို့၏ အလယ်၌ ခုနစ်ရောင်စုံဝတ်ရုံကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းလူတစ်ယောက် ရှိနေသည်။ သူ၏အကြည့်က ထည်ဝါလေးနက်၏။ သူ့ထံမှ ပြင်းထန်သောဖိအား ပျံ့လွင့်နေသည်။

လောကသည် သူ၏ခြေဖဝါးအောက်တွင် ရှိနေသည့်အလား။ သူ ထုတ်ဖော်သော ဂုဏ်ဒြပ်၌ အတိုင်းမသိအေးစက်မှုတို့ ပါဝင်နေ၏။

ထိုလူ၏ နှုတ်ခမ်းတို့မှာ မထူမပါး ဖြစ်ကာ သူ့ကို လေးနက်သောဟန်ပန် ရှိသူဟု ထင်ရစေ၏။ ဆိုလိုသည်မှာ သူသည် တော်တည့်မှန်ကန်သူ မဟုတ်လေပေ။

ဝမ်လင်းသည် အနှီခုနစ်ရောင်စုံလူကို တွေ့မြင်လိုက်သည့်အခိုက်၌ သူ့စိတ်မှာ တုန်ဟည်းသွားမိ၏။ ထိုလူသည် သူ၏သိုလှောင်နေရာလွတ်အတွင်းရှိ ခုနစ်ရောင်စုံရုပ်တုလူနှင့် ချွတ်ဆွတ်နီးပါးတူ၏။ သူတို့နှစ်ယောက်သည် တစ်ယောက်တည်းလို ဖြစ်နေသည်။

ဝမ်လင်းသည် ခုနစ်ရောင်စုံလောက၌ သူ ချင်းရွှေကို ကယ်တင်ခဲ့ချိန်က ခုနစ်ရောင်စုံတာအိုသခင်တစ်ယောက်ကိုလည်း တွေ့ဆုံခဲ့ရသေးသည်ကို ပြန်အမှတ်ရလိုက်သည်။ သို့သော် ထိုလူမှာ ယခုခုနစ်ရောင်စုံလူနှင့် ယှဉ်၍ မရပေ။

အခုခုနစ်ရောင်စုံလူနှင့် ခုနစ်ရောင်စုံတာအိုသခင်တို့ကြား၌ တူညီမှုများစွာ ရှိနေသော်လည်း သူတို့နှစ်ယောက်ကို တွေ့မြင်သည့်သူတိုင်းသည် လူတစ်ယောက်တည်းဟု တွေးကြလိမ့်မည် မဟုတ်ပေ။

“ငါ့လှိုဏ်ဂူလောကဟာ ကိုယ်ပိုင်လောကတစ်ခု ဖြစ်လာလိမ့်မယ်။ ကောင်းကင်နဲ့မြေကြီးကိုလည်း ဖန်တီးခဲ့တယ်။ ဒီလှိုဏ်ဂူလောကမှာ ရှိတဲ့ အရာအားလုံးကို ငါ့အတွေးတစ်ချက်တည်းနဲ့ ပြောင်းလဲပစ်နိုင်တယ်။ ဒီလောကဟာ မဟာအုပ်စိုးသူစန့်လင်း( စန့်လင်း=တောအုပ်)ရဲ့ သစ်တောတာအိုလောကနဲ့ မယှဉ်နိုင်ပေမယ့် သိပ်တော့မကွာဟလှဘူး။ ကံမကောင်းစွာနဲ့ အဲ့လှိုဏ်ဂူလောကမှာ ကောင်းကင်ဘုံရဲ့ တာအို မရှိနေတာပဲ။ ဒါ့ကြောင့် အချိန်ကို ကျော်လွန်လို့ မရဘူး။ ဆိုလိုတာက ဒီလောကဟာ သက်ရှိတွေကို မွေးဖွားပြီး အပူဇော်ခံမီးတောက်တွေကို ဖန်တီးဖို့ အသုံးမပြုနိုင်ဘူး။ ဒါပေမဲ့ ဒီအရာတွေအားလုံးဟာ ဒီကနေ့ကစပြီး ပြောင်းလဲသွားလိမ့်မယ်။ ဘာလို့လဲဆိုတော့ ငါက ကောင်းကင်ဘုံတာအိုကို ခိုးယူမှာ မလို့ပဲ…”

“ကောင်းကင်ဘုံတာအိုနဲ့ဆိုရင် အခုကစပြီး ငါ့လှိုဏ်ဂူလောကဟာ သက်ရှိဖြစ်တည်မှုတွေကို မွေးဖွားနိုင်ပြီး အချိန်ကိုလည်း စီးဆင်းစေလိမ့်မယ်။ ကျင့်ကြံသူတွေ ပေါ်လာလိမ့်မယ်။ ကျင့်ကြံသူတွေ ရှိလာခဲ့ရင် နတ်ဘုရားပြစ်ဒဏ်လည်း ရှိလာမယ်။ ပထမဆုံး နတ်ဘုရားပြစ်ဒဏ်ဟာ မိုးကြိုးလို့ ငါ သတ်မှတ်တယ်…”

ထိုခုနစ်ရောင်စုံလူက သူ့ကိုယ်သူ ခပ်တိုးတိုး ရေရွတ်ရင်း ကောင်းကင်ထက်သို့ လက်ဝေ့ယမ်းလိုက်သည်။ ကောင်းကင်သည် တုန်ဟည်းသွားကာ လေဟာနယ်အတွင်းမှ မိုးကြိုး ပေါ်လာကာ သူ့လက်တွင် လာရောက်စုဝေးသည်။

သူ့ညာလက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်စေသည်။ ထိုအခိုက်တွင် အဆုံးမဲ့မိုးကြိုးတို့သည် နတ်ဘုရားပြစ်ဒဏ်မိုးကြိုးအဖြစ်သို့ ဖွဲ့စည်းလေသည်။

“အခုက စပြီး မင်းဟာ ဒီအဘိုးအိုအတွက် နတ်ဘုရားပြစ်ဒဏ်မိုးကြိုး ဖြစ်လာရလိမ့်မယ်။ ကောင်းကင်ဘုံကိုဖိဆန်တဲ့ စိတ်ဆန္ဒနဲ့ ကျင့်ကြံသူတွေရဲ့ တည်ရှိမှုမှန်သမျှကို အပြစ်ပေးပါ…”

ထိုမြင်ကွင်းပုံရိပ်သည် ပျောက်ကွယ်သွားလေ၏။ ဝမ်လင်း၏နတ်ဘုရားအာရုံသည် သူ့ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်ရောက်လာခဲ့လေပြီ။ သူ့ခန္ဓာကိုယ်သည် တုန်ယင်နေ၏။ သူသည် သူ့လက်ထဲရှိ ရုန်းကန်နေသောနတ်ဘုရားပြစ်ဒဏ်မိုးကြိုးကို စိတ်ရှုပ်ထွေးဟန်ဖြင့် ကြည့်နေသည်။

ဝမ်လင်းသည် ခပ်တိုးတိုး ရေရွတ်လိုက်၏။ “ငါ ဟိုးလွန်ခဲ့တဲ့အချိန်တွေတည်းက ဒါကို ခန့်မှန်းမိခဲ့ပြီးသားပဲ…”

“လှိုဏ်ဂူ…လှိုဏ်ဂူ…တစ္ဆေအိုကြီးကျန့် တခါ ပြောခဲ့ဖူးတယ်။ အတွင်းနယ်မြေဟာ အတွင်းလှိုဏ်ဂူတစ်ခုတဲ့။ အခု ဒီအဖြစ်ဟာ ရှင်းနေပြီ။ ဒါပေမဲ့ ငါ ဒါကို မယုံကြည်ချင်သေးဘူး။ အခု ငါ့ရဲ့အဖြစ်ဟာ ပြန့်ကြဲမိုးကြိုးကလန်ထဲက ခုနစ်သန်းလောကရဲ့ အရှင်ပြန့်ကြဲစိတ်ဝိညာဉ်လို ဖြစ်နေပြီ။ သူဟာ သူနေတဲ့လောကဟာ တပါးသူ ဖန်တီးခြင်းခံထားရတဲ့ လောကဖြစ်တယ်ဆိုတဲ့ လှျို့ဝှက်ချက်ကို သိသွားတဲ့နောက် ရူးသွပ်လုနီးပါး ဖြစ်သွားခဲ့ရတယ်…”

“လှိုဏ်ဂူ…လှိုဏ်ဂူ…။ ဒီတော့ ဒါက ငါ့ရဲ့လောကအဖြစ် ပြောင်းခဲ့တာ၊ အတွင်းအပြင်နယ်မြေ လောကအဖြစ် ပြောင်းခဲ့တာပေါ့။ ငါတို့ရဲ့လောကဟာ အင်မောတယ်ကောင်းကင်ဘုံနယ်မြေက အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ရဲ့ လှိုဏ်ဂူတစ်ခုလား…”

“ဒီတော့ ဒါက အမှန်တရားပေါ့။ သိပ်ကို ရက်စက်လွန်းတယ်။ အတွင်းနဲ့အပြင်နယ်မြေက သက်ရှိတွေဟာ ဒီအစွမ်းထက်ကျင့်ကြံသူရဲ့ လှိုဏ်ဂူထဲက ဖြစ်တည်မှုတွေပေါ့။ ကောင်းကင်ဘုံကိုဖိဆန်တဲ့ ကျင့်ကြံသူ၊ ကောင်းကင်ဘုံကို ဖိဆန်တဲ့ ကျင့်ကြံသူ…။ နတ်ဘုရားပြစ်ဒဏ်ဟာ ကောင်းကင်ဘုံကို ဖိဆန်တဲ့ ကျင့်ကြံသူတွေကို အပြစ်ပေးတာဟာ ဘာကြောင့်လဲဆိုတော့ ကောင်းကင်ဘုံကိုဖိဆန်တဲ့ ကျင့်ကြံသူတွေဟာ အစစ်အမှန်ကောင်းကင်ဘုံဟာ ဘာလဲဆိုတာကို ရှာဖွေဖို့ တဖြည်းဖြည်း ရွေးချယ်ကြမှာ ဖြစ်လို့ပဲကိုး….။ ဒါ့ကြောင့် နတ်ဘုရားပြစ်ဒဏ်က သူတို့ကို အပြစ်ပေးတာပဲ…”

“ဒါဟာ ခုနစ်သန်းလောကထက်စာရင် အများကြီး ပိုကျယ်ပြန့်သွားပြီ။ ငါ ဒါကို ဟိုးလွန်ခဲ့တဲ့အချိန်တည်းက ခန့်မှန်းမိနေခဲ့တာ။ ငါ ဒါကို ခန့်မှန်းမိခဲ့တယ်။ ငါ ဒါကို မယုံချင်တာ တစ်ခုပဲ…”

ဝမ်လင်းသည် ရယ်မော၍ ကောင်းကင်ထက်သို့ လက်ညွှန်လိုက်သည်။ သူ၏ရယ်သံမှာ ပိုပို၍ ကျယ်လောင်လာသည်။

***

All Chapters