ကံကြမ္မာကို ထိန်းချုပ်ခြင်း…
Vol. 122 Ch. 1687
“စိတ်ဝင်စားဖို့ ကောင်းတဲ့ဘဝပဲ။ စိတ်ဝင်စားဖို့ကောင်းတဲ့ ကောင်းကင်ဘုံပဲ၊ စိတ်ဝင်စားဖို့ကောင်းတဲ့ ဖန်တီးမှုပဲ။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ဒီလို ဖန်တီးခံရတော့ရော ဘာဖြစ်သေးသလဲ။ ငါ ဝမ်လင်းဟာ ရှေးဟောင်းကောင်းကင်ဘုံနယ်မြေထဲ ဝင်ရောက်ခဲ့ပြီး နတ်ဘုရားပြစ်ဒဏ်ကို ချိုးဖျက်ခဲ့ပြီး ဒီပြစ်ဒဏ်ကို ဘယ်လိုဖန်တီးထားခဲ့လဲဆိုတာ ရှာသိခဲ့ပြီ။ ဒီနောက် ငါဟာ တနေ့မှာ ဒီလှိုဏ်ဂူလောကထဲကနေ လှမ်းထွက်နိုင်မှာ ဖြစ်တယ်။ ငါဟာ အင်မောတယ်ကောင်းကင်ဘုံနယ်မြေထဲ ဝင်ရောက်ပြီး အဲ့နေရာက ကြီးမြတ်တဲ့ကျင့်ကြံသူတွေ ဘယ်လောက်များအစွမ်းထက်မလဲ ငါ မြင်ချင်သေးတယ်…”
“သူတို့မှာ သက်ရှိတွေကို ထွန်းကားမြင့်တက်လာအောင် ဖန်တီးဖို့ ဘာစွမ်းရည်တွေများ ရှိနေလို့လဲ။ သူတို့က တခြားဖြစ်တည်မှုသက်ရှိတွေရဲ့ သခင်တွေ ဖြစ်လာဖို့ ဘာများ အရည်အချင်းတွေ ရှိနေကြလို့လဲ…”
“ပထမမျိုးဆက် ဟင်္သာငှက်က သူ့မွေးရပ်မြေကို လူအနည်းငယ်ပဲ ခေါ်သွားပေးလို့ ရနိုင်တယ်လို့ ပြောခဲ့တာ အံ့အားသင့်စရာ မရှိတော့ဘူး။ ဘာကြောင့်လဲဆိုတော့ သူကလွဲလို့ ကျန်တဲ့လူတွေဟာ အင်မောတယ်ကောင်းကင်ဘုံနယ်မြေက မဟုတ်လို့ပဲ။ သူတို့အားလုံးဟာ ဒီလှိုဏ်ဂူလောကထဲမှာ မွေးဖွားခဲ့ကြတာသာ ဖြစ်တယ်…”
“သူက သူ့မွေးရပ်မြေမှာ လီမူဝမ်ကို ပြန်ရှင်သန်အောင် လုပ်ပေးနိုင်တဲ့ တစ်စုံတစ်ယောက် ရှိတယ်လို့ ပြောခဲ့တာ အံ့ဩစရာ မရှိတော့ဘူး…”
“မြင့်မြတ်သောပြန့်ကြဲစိတ်ဝိညာဉ်ဟာ ခုနစ်သန်းလောကကနေ သူ့လူတွေကို ခေါ်ထုတ်နိုင်ခဲ့မှတော့ ငါ ဝမ်လင်းဟာလည်း လုပ်နိုင်တယ်။ အင်မောတယ်ကောင်းကင်ဘုံနယ်မြေရဲ့ လူတွေက ဘယ်လောက်များ အစွမ်းထက်နိုင်မလဲ ငါ မြင်ချင်သေးတယ်…”
“ငါ ဒီလှိုဏ်ဂူလောကထဲကနေ လှမ်းထွက်ပြီး အင်မောတယ်ကောင်းကင်ဘုံနယ်မြေကို ဝင်ရောက်တဲ့အခါကျရင် ငါ သွေးလွှမ်းပစ်နိုင်မလား မြင်ချင်မိတယ်။ လှိုဏ်ဂူလောကမှာ မွေးဖွားခဲ့တဲ့ ကျင့်ကြံသူလေးတစ်ယောက်က အင်မောတယ်ကောင်းကင်ဘုံနယ်မြေရဲ့ အစွမ်းထက်ကျင့်ကြံသူတွေရဲ့ ထိပ်ဆုံးမှာ ခြေချနိုင်ခဲ့ရင်….”
ဝမ်လင်းသည် ရူးသွပ်စွာ ရယ်မောလိုက်လေ၏။ သူသည် ယနေ့တွေ့ခဲ့ရသော အရာများအပေါ် များစွာ အံ့အားသင့်မိနေခြင်း မရှိပေ။ သူသည် ဒီအဖြစ်ကို တင်ကြို၍ ထင်မြင်ထားခဲ့ပြီး ဖြစ်၏။ သို့ပေမည့် သူသည် ဒီအဖြစ်ကို မယုံကြည်ချင်ခဲ့ခြင်းပင်။ သူသည် သည်အကြောင်းကို မတွေးဖို့ သူ့ကိုယ်သူ လိမ်ညာထားခဲ့လေ၏။
သို့သော် ယနေ့တွင်မူ သူသည် အရာအားလုံးကို မျက်မြင် တွေ့ရှိလာခဲ့ပြီ ဖြစ်၏။ သူသည် အမှန်တရားကို သိသွားရင်ကော ဘာဖြစ်သေးသနည်း။ သူသည် ဝမ်လင်းသာ ဖြစ်နေဆဲ၊ ကောင်းကင်ဘံကိုဖိဆန်မည့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေဆဲပင် မဟုတ်လား။ သူသည် လီမူဝမ်ကို ပြန်ရှင်သန်အောင်လုပ်ဖို့ ခရီးနှင်နေဦးမည်သာ။ သူသည် လောကကို တစ်ကိုယ်တည်း ရင်ဆိုင်ဖြတ်သန်းဦးမည်ပင်။
သူသည် ခိုင်မြဲသောစိတ်နှလုံးဖြင့် ရှေ့ဆက်မည်သာ ဖြစ်သည်။
သူ ရယ်မောနေရင်း အမှန်တရားကို သိရှိခြင်းနှင့်အတူ ဒုတိမြောက်နေမင်းထံ ဦးတည်ခြေလှမ်း၏။ ထိုနေမင်း၌ မီးနတ်ဘုရားပြစ်ဒဏ်ပါဝင်၏။ သူက အနား တိုးလာရင်း လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။
ဒုတိယမြောက်နေမင်းမှာလည်း ပျက်စီးသွားလေ၏။ ခုနစ်ရောင်စုံလူ ဖန်တီးခဲ့သော မီးနတ်ဘုရားပြစ်ဒဏ် လှစ်ဟပေါ်လာ၏။
တုံ့နှေးမနေဘဲ ဝမ်လင်းသည် တတိယမြောက်နေမင်းထံသို့ ခြေလှမ်း၏။ ကျယ်လောင်စွာ တုန်ဟည်းသံတို့ ပဲ့တင်ထပ်ကာ ထိုနေမင်းအတွင်းမှ ဖိအားတစ်ခု ပျံ့လွင့်လာ၏။ ထိုဖိအားသည် ကောင်းကင်ဘုံ၏ခွန်အားအလား။ သက်ရှိအားလုံးကို ဖိနှိပ်နိုင်သည့်နှယ်။
နေသုံးစင်းကို ချိုးဖျက်ပြီးနောက် ဝမ်လင်းက အရူးအမူး ရယ်မောရင်း ရှေ့ဆက်လာသည်။ သူသည် ညာလက်ကို ပင့်မြှောက်ကာ ဧရာမလက်ဝါးတစ်ခုကို ဖန်တီးကာ လေးခုမြောက်နေမင်းကို ရိုက်ချလိုက်သည်။
လေးခုမြောက်နေမင်းထံ၌ ဓားလေးလက်ပါဝင်ကာ ကြောက်မက်ဖွယ်ဓားစွမ်းအင်ကို ပေးစွမ်း၏။ သို့ပေမည့် ဝမ်လင်းသည် ထိုဓားစွမ်းအင်နှင့် ပတ်သတ်၍ တစ်စက်လေးပင် အလေးမစိုက်ပေ။
ငါးခုမြောက်နေမင်းတွင်မူ မရေမတွက်နိုင်သော ပုံရိပ်ယောင်များ ပါဝင်သည်။ ထိုပုံရိပ်ယောင်များသည် အတူတကွ ပေါင်းစပ်နေပြီး ဝေဝါး၏။ ယင်းကား ပုံရိပ်ယောင်နတ်ဘုရားပြစ်ဒဏ်၏ မူလဇစ်မြစ်ပင်။
ခြောက်ခုမြောက်နေမင်းတွင် ရတနာသုံးခု၏အော်ရာများ ပါဝင်သည်။ ထိုရတနာများသည် ဝမ်လင်း အစောပိုင်းတုန်းက ဆန့်ကျင်တိုက်ခိုက်ခဲ့သော ရတနာများပင်။ ခုချိန်တွင် ဝမ်လင်းက ယင်းတို့ထဲမှ နှစ်ခုကို ဖျက်စီးခဲ့ပြီး ဖြစ်ရာ ယင်းတို့၏အော်ရာများ အတူတူ ပေါင်းစပ်နေကြသည်။
ခုနစ်ခုမြောက်နေမင်းတွင် ရှေးကလန်သုံးခု၏ စိတ်ဝိညာဉ်များ ပါဝင်သည်။ ၎င်းထဲ၌ ရှေးကလန်သုံးခု၏ မရေမတွက်နိုင်သော စိတ်ဝိညာဉ်များကို ချိပ်ပိတ်ထားသည်။
ရှစ်ခုမြောက်နေမင်းထံ ချဉ်းကပ်လာရင်း ဝမ်လင်းသည် မိမိကိုယ်ကိုယ်နတ်ဘုရားပြစ်ဒဏ်၏ အော်ရာကို ခံစားမိသည်။ ထိုအော်ရာသည် အလျင်အမြန် ပြောင်းလဲနေပြီး ခွဲခြားသိမြင်ဖို့ ခက်ခဲစေသည်။
ရှစ်ခုမြောက်နေမင်းထိ ချိုးဖျက်လာပြီးနောက် တဝုန်းဝုန်းမြည်သံများသည် ဒီရှေးဟောင်းကောင်းကင်ဘုံနယ်မြေ တခွင်တွင် ပဲ့တင်ထပ်သည်။ ခပ်အုတ်အုတ်အသံများသည် မြေကမ္ဘာကိုပါ တုန်ဟည်းစေပြီး မြေပြင်ထက်ရှိ ရုပ်တုများပါ တုန်ယင်လာကြသည်။
သို့ရာတွင် ဝမ်လင်းသည် ဘာကိုမျှ ဂရုမစိုက်ပေ။ သူ့အကြည့်က ကိုးခုမြောက်နေမင်းထံ ကျရောက်နေ၏။ သူသည် ကိုးခုမြောက်နေမင်းအတွင်းရှိ နတ်ဘုရားပြစ်ဒဏ်ကို အရင်တုန်းက လုံးဝ မမြင်တွေ့ခဲ့ဖူးပေ။
သူသည် ကိုးခုမြောက်နေမင်းအတွင်းရှိ အတော်လေးကို ရင်းနှီးသောအော်ရာအချို့ကို ခံစားမိ၏။ ထိုအော်ရာများသည် သူ့အပိုင်ပင်။ လီမူဝမ်၊ သူ့မိဘနှစ်ပါး နှင့် သူ တွေ့ကြုံခဲ့ဖူးသောလူများစွာ၏ အော်ရာများ ဖြစ်နေသည်။
ကိုးခုမြောက်နေမင်းဘေးတွင် ရပ်နေရင်း ဝမ်လင်းက တည်ငြိမ်စွာဖြင့် မျက်လုံးမှိတ်လိုက်သည်။ သူသည် နေရာတွင်ပင် အချိန်အတန်ကြာ ရပ်နေ၏။ အချိန်မည်မျှကြာကြာ ကုန်ဆုံးသွားမှန်း မသိရပြီးနောက် သူသည် မျက်လုံးပြန်ဖွင့်လာသည်။ သူ့မျက်လုံးထဲ၌ ဉာဏ်အလင်းတို့ ရှိနေ၏။
“ကိုးခုမြောက်နေမင်း၊ ကိုးခုမြောက်နတ်ဘုရရားပြစ်ဒဏ်၊ နတ်ဘုရားပြစ်ဒဏ်တွေရဲ့ မူလဇစ်မြစ်။ ဒီနေမင်းထဲမှာ အတွင်းနဲ့အပြင်နယ်မြေတွေမှာ နေထိုင်တဲ့သက်ရှိဖြစ်တည်မှုအားလုံးရဲ့ ကံကြမ္မ ပါဝင်နေတယ်။ ဒီကိုးခုမြောက်နတ်ဘုရားပြစ်ဒဏ်ဟာ တကယ့်အစီအစဉ်ပဲ။ အတွင်းနယ်မြေမှာ မွေးဖွားခဲ့တဲ့သူမှန်သမျှ ဒီနေရာမှာ မှတ်တမ်းတင်ထားတာ ခံရလိမ့်မယ်…”
ကိုးခုမြောက်နေမင်းကို ကြည့်ကာ ဝမ်လင်း၏မျက်လုံးထဲ၌ အေးစက်မှု ဖြတ်ပြေးသွားသည်။ သူသည် ဒီနတ်ဘုရားပြစ်ဒဏ်ကို ဖျက်စီးပစ်ချင်၏။ ခုလက်ရှိ သူ့ကျင့်ကြံမှုအဆင့်ဖြင့်လည်း သူ့ထံ၌ ထိုသို့ အခွင့်အရေး ရှိပေသည်။ သို့ပေမည့် သူ့နားလည်မှုအရ သူသာ ထိုသို့ လုပ်လိုက်ပါက လှိုဏ်ဂူလောကသည် ဗရမ်းဗတာ ဖြစ်ကုန်လိမ့်မည်ပင်။ တကယ်တော့ သည်လောကမှာ သဘာဝလောကတစ်ခုမဟုတ်၊ ခုနစ်ရောင်စုံလူ ဖန်တီးထားခဲ့သောလောက ဖြစ်နေသည် မဟုတ်လား။
စဉ်းစားနေရင်း ဝမ်လင်းသည် သူ့ညာလက်ကို ပင့်မြှောက်ကာ ကိုးခုမြောက်နေမင်းထံ ဖိချလိုက်သည်။ သူ့နတ်ဘုရားအာရုံသည် သူ့ညာလက်ကနေ ဖြတ်သန်း၍ ကိုးခုမြောက်နေမင်းထံ တရှိန်ထိုး ဝင်ရောက်သွားသည်။
သူ၏နတ်ဘုရားအာရုံသည် ကိုးခုမြောက်နေမင်း၏ အတွင်းနက်ပိုင်းထိ ဝင်ရောက်သွားလေ၏။ ထိုနေမင်း၏အတွင်းပိုင်းမှာ ဗရမ်းဗတာ ဖြစ်နေ၏။ သူ့နတ်ဘုရားအာရုံ ဖြတ်သန်းလာရင်း သူသည် အရာများစွာကို တွေ့မြင်သည်။
သူသည် မရေမတွက်နိုင်သော သေမျိုးများနှင့် ကျင့်ကြံသူများကို တွေ့မြင်၏။ သူသည် သူ မသိသော လူများစွာ၏ မျက်နှာများကိုလည်း မြင်သည်။ ထိုသူတို့အားလုံးသည် ရှေးဝတ်ရုံများ ဝတ်ဆင်ထားကာ သေဆုံးခဲ့တာ အချိန်ကြာမြင့်လွန်းခဲ့ပြီ ဖြစ်သည်။
ကိုးခုမြောက်နေမင်းအတွင်း၌ လှိုဏ်ဂူလောက စတင်ဖန်တီးခဲ့စဉ်တည်းက ပေါ်ထွက်လာခဲ့သော သက်ရှိဖြစ်တည်မှုအားလုံး၏ ကံကြမ္မာ ပါဝင်ပေသည်။ ၎င်းသည် ပြန်လည်မွေးဖွားခြင်းစက်ဝန်းတစ်ခုကဲ့သို့၊ ဥပဒေသတစ်ခုကဲ့သို့ပင်။ ၎င်းသည် ကံကောင်းခြင်းနှင့် အခွင့်အရေးကိုလည်း ပြုလုပ်ပေးသလို ကံကြမ္မာဆိုးကိုလည်း ဖန်တီးပေးသည့်အရာပင်။
ကိုးခုမြောက်နေမင်းထံ၌ ကံကြမ္မာဟူသောအရာ ပါဝင်နေချေသည်။
ဝမ်လင်း၏နတ်ဘုရားအာရုံ ပျံ့လွင့်နေရင်း အချိန်မည်မျှကြာမှန်း မသိပြီးနောက် သူက သူ၏ကိုယ်ပိုင်ကံကြမ္မာကို ရှာတွေ့သည်။ ထိုအော်ရာသည် အလွန်အစွမ်းထက်ကာ ဤမျှဗရမ်းဗတာ ဖြစ်နေသော နေရာ၌ သိသာမြင်သာ ရှိနေသည်။
သူ၏ကိုယ်ပိုင်ကံကြမ္မာကို ကြည့်နေရင်း ဝမ်လင်းသည် ငြိမ်သက်စွာ စဉ်းစားနေသည်။ အချိန်အတန်ကြာပြီးနောက် သူက ဆုံးဖြတ်ချက် ချလိုက်၏။ သူ့နတ်ဘုရားအာရုံ ပျံ့လွင့်လာကာ သူ၏ကိုယ်ပိုင်ကံကြမ္မာကို ဝန်းရံသည်။ သူသည် ၎င်းကို ဝါးမြိုကာ သူ့နတ်ဘုရားအာရုံနှင့် ပေါင်းစပ်လိုက်သည်။
သူသည် ထိုကံကြမ္မာနှင့် ပေါင်းစပ်လိုက်သည့်အခိုက်၌ သူ၏နတ်ဘုရားအာရုံမှာ ကြီးစွာ ပြောင်းလဲသွားသည်။ သူ၏ခန္ဓာကိုယ်မှာ အပြင်းအထန် တုန်ယင်သည်။
သူသည် တုန်ယင်နေရင်း သူ၏ခန္ဓာကိုယ်သည် ပြီးပြည့်စုံသလို ဖြစ်လာ၏။ ခုချိန်မှစ၍ သူ၏ကိုယ်ပိုင်ကံတရားကို သူ့ဟာသူ ဆုံးဖြတ်နိုင်သွားသည့်အလား။ သည်လောက၌ သူ့ကံမ္မကို ပြောင်းလဲစေနိုင်မည့် အားတစ်ခု မရှိလေတော့ပေ။
သည်နတ်ဘုရားပြစ်ဒဏ်သည်လည်း မလုပ်နိုင်တော့ပေ။ သူနေထိုင်ခဲ့သည် လှိုဏ်ဂူလောကို ဖန်တီးခဲ့သော ခုနစ်ရောင်စုံလူလည်း မလုပ်နိုင်တော့ပေ။
ထိုသို့လုပ်နိုင်သည့်သူမှာ ရှေးအချိန်များတည်းက မည်သူမျှ လုပ်နိုင်စွမ်းမရှိလုနီးနီးပင်။
ဝမ်လင်းသည် သူ၏ကံကြမ္မကို ပြန်ယူပြီးနောက် သူ့နတ်ဘုရားအာရုံကို ပြန်မရုတ်သိမ်းပေ။ သူ၏နတ်ဘုရားအာရုံသည် ကိုးခုမြောက်နေမင်းအတွင်း ဆက်လက်ရှာဖွေနေ၏။ သူ့မိတ်ဆွေများ၊ သူ့ဆွေမျိုးများ၊ သူ ချစ်ရသူများကို ရှာကြည့်နေသည်။ သူသည် ထိုသူတို့၏ကံကြမ္မာများကိုလည်း ပြန်ယူဆောင်မည် ဖြစ်သည်။
အတော်များများသည် သေဆုံးသွားခဲ့ကြပြီး ဖြစ်သော်လည်း ဝမ်လင်းသည် သူတို့ကို ဒီကံကြမ္မာ၏ တားဆီးချုပ်နှောင်ခြင်း ခံရမည်ကို ခွင့်မပြုတော့ပေ။
သူ ဆက်လက်ရှာဖွေနေရင်း သူသည် သူ၏အဖေနှင့်အမေ၏ ကံကြမ္မာများကိုလည်း တွေ့သည်။ ထိုအဖြစ်က သူ့မိဘနှစ်ပါးမှာ သေဆုံးသွားပြီ ဖြစ်နေလျှင်ပင် သူ့ကို မျက်ရည်ကျစေသည်။ သူတို့၏ကံတရားမှာ တစ်ယောက်နှင့်တစ်ယောက် ယှက်လိမ်နေပေသည်။
သူ့မိဘနှစ်ပါးကြားရှိ ချစ်ခြင်းမေတ္တာမှာ တည်ကြည်နွေးထွေးပေသည်။ သေဆုံးခြင်း၌ပင် သူတို့သည် တစ်ယောက်အပေါ်တစ်ယောက် မှီခိုနေကြ၏။
သူ့နတ်ဘုရားအာရုံသည် သူ့မိဘနှစ်ပါး၏ ကံကြမ္မာများကို ညင်သာစွာ ထွေးခြုံလိုက်သည်။ သူသည် ဆယ့်သုံး၊ ခေါင်းကြီး၊ ကျောက်ရီ၊ ချင်းရှောင်၊ချင်းလင်တို့ကိုလည်း တွေ့သည်။
သူသည် အရှင်တောင်ပိုင်းတိမ်၊ အရှင်ဟုန်ရှန်၊ ဝမ်ကျိုး၊ ဟင်္သာငှက်နတ်အင်ပါယာဟောင်း၊ သွန်းထျန်တို့ကိုလည်း တွေ့ရှိသည်။
သူသည် နောက်ထပ်လူများကိုလည်း တွေ့သည်။ သူသည် သူ၏သားဖြစ်သူ ဝမ်ပိုင်ကိုလည်း တွေ့သည်။ ကျိုးယုကိုလည်း တွေ့သည်။ သူက သူတို့၏ကံကြမ္မာများကို ကောင်းကင်ဘုံ၏ထိန်းချုပ်မှု ဆက်လက် မခံရစေအောင် ထုတ်ယူလိုက်လေ၏။
သူသည် အနီရောင်လိပ်ပြာ၊ မူပင်းမေ၊ ရှီဇီဖန်တို့ကိုလည်း တွေ့၏။ သူသည် လီချန်မေကိုလည်း တွေ့သည်။
သို့ပေမည့် သူ ဆက်လက် ရှာဖွေနေစဉ် ချင်းရွှေ၊စစ်ထူနန်နှင့် သူ၏ ပျောက်ဆုံးနေသောဆရာဖြစ်သူ ရှေ့ဖြစ်ဟောသူတို့ကိုမူ မတွေ့ပေ။ အဆုံးသပ်၌ ထိုသူတို့၏ကံကြမ္မာသည် ပျောက်ကွယ်နေသည့်အလား။
ဝမ်လင်းသည် သူ့အတွက် အလွန်အရေးကြီးသော နောက်တစ်ယောက်ကိုလည်း ရှာမတွေ့နိုင်သေးပေ။ ထိုသူမှာ သူ့ချစ်သူ၊ သူ့မိဘနှစ်ပါးအပြင် သူ့ဘဝအတွက် အရေးကြီးဆုံးသူဖြစ်သည့် လီမူဝမ်ပင်။
ဝမ်လင်း မည်မျှ ရှာဖွေပါစေ သူသည် လီမူဝမ်၏ကံကြမ္မာအော်ရာကို ရှာမတွေ့နိုင် ဖြစ်ရ၏။ သူမ၏စိတ်ဝိညာဉ်က လေထဲတွင် ဒီအတိုင်း ပျောက်သွားသည့်အလား။ သို့ပေမည့် ထိုပျောက်ကွယ်နေမှုမှာ ချင်းရွှေ၊စစ်ထူနန်၊ရှေ့ဖြစ်ဟောသူတို့နှင့် မတူပေ။ သူတို့၏ကံကြမ္မာများက သည်ကိုးခုမြောက်နေမင်းအတွင်း၌ ဘယ်သောအခါမျှ မရှိခဲ့ကြတာ ဖြစ်၏။
လီမူဝမ်၏ ကံကြမ္မာကမူ တည်ရှိခဲ့သည်။ သို့သော် တစ်စုံတစ်ယောက်က သူ့ထက် ခြေတစ်လှမ်းဦးကာ သူမ၏ ကံကြမ္မာအော်ရာကို ယူဆောင်သွားခဲ့သလို ဖြစ်နေ၏။
***