← Chapters

အကြွင်းအကျန် ကောင်းကင်ဘုံသား…

Vol. 122 Ch. 1688

အကြွင်းအကျန် ကောင်းကင်ဘုံသား…

Vol. 122 Ch. 1688

ဝမ်လင်းသည် ကိုးခုမြောက်နေမင်းအတွင်း၌ ဆက်လက် ရှာဖွေကြည့်နေ၏။ အဆုံးသပ်၌ သူသည် ရင်းနီးသော လူများစွာ၏ ကံကြမ္မာအော်ရာကို တွေ့ခဲ့သော်လည်း ချင်းရွှေ၊ စစ်ထူနန်နှင့် သူ့အတွက်အရေးကြီးဆုံး အမျိုးသမီးဖြစ်သူတို့ကိုမူ ရှာနိုင်စွမ်း မရှိခဲ့ပေ။

သူ့နတ်ဘုရားအာရုံသည် ကိုးခုမြောက်နေမင်းထံမှ ပြန်ရောက်လာသည့်အခါ သူသည် မျက်လုံးဖွင့်လိုက်၏။ သူ့မျက်လုံးထဲ၌ စိတ်ရှုပ်ထွေးမှုတို့ ရှိနေသည်။

“စစ်ထူနဲ့ ချင်းရွှေတို့ရဲ့ ကံကြမ္မာတွေဟာ ဒီနေရာမှာ ဘာကြောင့် မရှိရတာလဲ။ သူတို့ဟာ လှိုဏ်ဂူလောကက မဟုတ်ဘူးလား…” ဝမ်လင်း၏မျက်လုံးထဲရှိ စိတ်ရှုပ်ထွေးမှုသည် ပို၍ အားကောင်းလာခဲ့သည်။

သူသည် တောက်ပသောလေဟာနယ်ရှိ ခုနစ်ရောင်စုံနယ်မြေထဲ၌ သူ ချင်းရွှေနှင့် ခုနစ်ရောင်စုံတာအိုသခင်တို့ကို တွေ့မြင်ခဲ့သည့် အချိန်ကို ပြန်အမှတ်ရမိသွားသည်။ သူသည် ချင်းရွှေ၏ တဘဝလုံးကို တွေ့မြင်ခဲ့၏။ ခုနစ်ရောင်စုံတာအိုသခင်၏ ထူးခြားသောအကြည့်ကိုလည်း မြင်ခဲ့သည်ပင်။

“အဲ့လူရဲ့ အကြည့်က ချင်းရွှေရဲ့ ကံကြမ္မာ ဒီကိုးခုမြောက်နေမင်းထဲ ရှိမနေရတဲ့ အကြောင်းရင်းကို နည်းနည်းတော့ ရှင်းပြနိုင်သလိုပဲ။ ဒါပေမဲ့ စစ်ထူကရော၊ ငါဟာ စစ်ထူနဲ့ ပတ်ပတ်သလို့ အများကြီး သိထားတယ်။ သူ့ပါရမီဟာ အံ့အားသင့်ဖို့ ကောင်းလှတယ်။ ငါ သူ့ကို တွေ့တဲ့အချိန်တိုင်း သူ့ ကျင့်ကြံမှုအဆင့်ဟာ များစွာ တိုးတက်လာနေခဲ့တာ။ ဒါဟာ သူ့ကံကြမ္မာဟာ ဒီကိုးခုမြောက်နေမင်းထဲမှာ မရှိနေတဲ့အတွက်ကြောင့်များလား…” ဝမ်လင်းသည် ငြိမ်သက်စွာ စဉ်းစားနေရင်း အောက်ဘက်ရှိ မြေပြင်ထုထံ ကြည့်လိုက်သည်။ သူသည် တစ်စုံတစ်ခုကို ဖမ်းဆုပ်မိသည့်ဟန် ရ၏။ သို့သော် သူ ဖြတ်မမြင်နိုင်သော မြူလွှာတစ်ခု ရှိနေသေးသည်။

“ဒါ့အပြင် ရှေ့ဖြစ်ဟောသူလည်း ရှိသေးတယ်။ သူဟာ အမြဲတမ်း လျှို့ဝှက်တဲ့သူတစ်ယောက်။ ငါလည်း သူ ဘာတွေးနေလဲကို ခုထိ ရှာမတွေ့နိုင်သေးဘူး။ ဖြစ်နိုင်တာက သူ ဘာတွေးနေတယ်ဆိုတာ သူကိုယ်တိုင်ပဲ သိနေတဲ့ပုံရတယ်။ ငါ့ရဲ့ ခုလက်ရှိ စိတ်ဝိညာဉ်လေဟာနယ်အဆင့် ကျင့်ကြံခြင်းနဲ့တောင် ငါ သူ့ကို ရှိန်မိနေတုန်းပဲ။ သူ့ရှိမှာ လျှို့ဝှက်ချက်တွေ များလွန်းတယ်။ ဒါက ငါ့ကို ထိတ်လန့်စေမိတယ်…” ဝမ်လင်းသည် သူ၏ရှေ့ရှိ ကိုးခုမြောက်နေမင်းကို ကြည့်နေ၏။ သူ့မျက်လုံးထဲတွင် အေးစက်မှုတစ်ခု ဖြတ်ပြေးသွားသည်။

“ဝမ်အာရဲ့ကံကြမ္မာကတော့ စစ်ထူနဲ့တခြားသူတွေရယ်နဲ့ မတူဘူး။ သူ့ရဲ့ ကံကြမ္မာအရိပ်အယောင်ဟာ ဒီမှာ ရှိနေတယ်။ သူမဟာ ဒီနေရာမှာ ရှိသင့်တယ်။ ဒါပေမဲ့ ငါ သူမကို မရှာနိုင်ခဲ့ဘူး။ ဝမ်အာရဲ့ ကံကြမ္မာကို ဘယ်သူက ယူသွားခဲ့တာလဲ…”

ဝမ်လင်း၏ မျက်လုံးထဲရှိ အေးစက်မှုသည် ပို၍ အားကောင်းလာ၏။ ကြောက်မက်ဖွယ်ထိ ဖြစ်လာသည်။ အဆုံးသပ်၌ သူသည် ကောင်းကင်ထက်သို့ မော့ကြည့်သည်။ သူ့မျက်လုံးထဲရှိ အေးစက်မှုသည် သတ်ဖြတ်ခြင်းဆန္ဒအဖြစ်သို့ ပြောင်းလဲသည်။

“ဝမ်အာဟာ သာမန်အမျိုးသမီးတစ်ယောက်ပဲ။ ဒါ့ကြောင့် သူမရဲ့ ကံကြမ္မာကို သတိပြုမိတာ မဖြစ်သင့်ဘူး။ ဒါပေမဲ့ ခုတော့ သူမရဲ့ ကံကြမ္မာဟာ ယူဆောင်သွားတာ ခံရတယ်။ ဒါကို ယူသွားတဲ့သူ ဘယ်သူပဲ ဖြဖစ်ဖြစ် ငါ ဝမ်လင်းဟာ သူမကို ပြန်ရှင်သန်အောင် လုပ်မယ်လို့ ကျိန်ဆိုတယ်။ တစ်စုံတစ်ယောက်ကသာ သူမရဲ့ ကံကြမ္မာကို ပြောင်းလဲရဲခဲ့ရင် အင်မောတယ်ကောင်းကင်ဘုံနယ်မြေကလူ ဖြစ်နေခဲ့ရင်တောင် ငါဟာ လက်စားပြန်ချေမယ်။ ထျန်မိသားစုလိုမျိုး အင်မောတယ်ကောင်းကင်ဘုံနယ်မြေမှာ ငါ သွေးချောင်းစီးစေမယ်…”

ဝမ်လင်း၏ သည်းခံနိုင်စွမ်း အကန့်အသတ်မှာ လီမူဝမ် ဖြစ်၏။ ဝမ်အာ၏ ကံကြမ္မာကို တစ်စုံတစ်ယောက် ယူဆောင်သွားသည်ဟု ခံစားမိရခြင်းသည် သူ့ရင်ဘက်ထဲမှ သူ့နှလုံးသားကို ဆွဲထုတ်ပစ်လိုက်သလိုပင်။ ထိုနာကျင်မှုကြောင့် ဝမ်လင်းသည် ရူးသွပ်သွားနိုင်သည်။

လူတစ်ယောက်သည် ပို၍ နားလည်လာလေလေ ပို၍ နာကျင်ရလေပင်။ သည်အခိုက်၌ ဝမ်လင်းသည်လည်း ထိုသို့ ဖြစ်နေသည်။ သူ့ထံ၌ ရွေးချယ်ခွင့်သာ ရှိခဲ့ပါက သူသည် ဘာကိုမှ မသိချင်တော့ပေ။ သေမျိုးတစ်ယောက်အဖြစ်သာ သူ့ဘဝကို ရှင်သန်နေထိုင်ချင်တော့သည်။

သို့ပေမည့် သူ သိလာခဲ့သည်မှစ၍ သူ့ထံ ပြန်ဆုတ်၍ရမည့်လမ်း မရှိတော့ပေ။ ဝမ်အာ၏ ကံကြမ္မာသည် ယူဆောင်ခြင်း ခံလိုက်ရပြီ။ ထို့ကြောင့် သူသည် ၎င်းကို ပြန်ယူဆောင်ရဦးမည်။ သူမ၏ကံကြမ္မာကို ပြန်ယူဆောင်ခြင်းသည် သူမကို နိုးထစေဖို့ ပထမဆုံးခြေလှမ်းပင် မဟုတ်လား။

ဝမ်လင်းသည် ကိုးခုမြောက်နေမင်းအတွင်း၌ ကံကြမ္မာများကို မြင်တွေ့ခဲ့ပြီးနောက် ၎င်းကို နားလည်ခဲ့ပေပြီ။ သူသည် လီမူဝမ်ကို ပြန်ရှင်သန်စေလိုပါက သူမကို နိုးထလာအောင် လုပ်ရပေမည်။

သူ့မျက်လုံးထဲရှိ ကြောက်မက်ဖွယ်သတ်ဖြတ်လိုစိတ် ပျောက်ကွယ်သွားပြီး တဖြည်းဖြည်း ကွယ်ဝှက်သွားသည်။ သူ့အမူအရာမှာ သုန်မှုန်နေသည်။ သူသည် ကိုးခုမြောက်နေမင်းကို ကြည့်ပင် မကြည့်တော့ဘဲ အောက်ဘက်သို့ ခြေလှမ်းလိုက်သည်။

မြေပြင်ထက်တွင် ရှေးကလန်သုံးခု၏ ရုပ်တုများ ရှိနေသည်။ ထီးတည်းလေက တိုက်ခတ်နေရာ မြေပြင်ထက်တွင် ဖုန်များ တထောင်းထောင်းထနေ၏။ သဲမှုန့်၊ဖုန်မှုန့်များ ဒီလောက၌ ပြည့်ဖုံးလို့နေ၏။

အကြည့်တစ်ချက်ဖြင့်ပင် သည်လောက၌ မည်သည့်သက်ရှိမှ ရှိမနေဘဲ မြေပြင်ထက်ရှိ ရုပ်တုများကြား၌ ချိုင့်ခွက်များ၊ တွင်းပေါက်များသာ ရှိနေသည်ကို မြင်နိုင်ပေမည်။

ထိုချိုင့်ကြီးများသည် ဟိုးလွန်ခဲ့သော အချိန်က မဟာစစ်ပွဲကြီးတစ်ခုကြောင့် ထင်းကျန်ခဲ့တာ ဖြစ်ပေမည်။ တွင်းနက်များမှာလည်း ထို့အတူပင်။

လေပြင်းတိုက်ခတ်သံတို့သည် မြေပြင်ထက်ရှိ ဖုန်မှုန့်များကို သယ်ဆောင်သွားသော်လည်း အမျိုးမျိုးမန္တာန်များ၏ ကျန်ရစ်နေသော အော်ရာများကို ဆောင်ကြဉ်းမသွားနိုင်ပေ။

ဝမ်လင်းသည် ရှေးဟောင်းနတ်ဘုရားရုပ်တုတစ်ခု၏ ထိပ်တွင် ခြေချလိုက်၏။ သူ့ဆံပင်ဖြူများသည် လေကြောင့် တလွင့်လွင့် ဖြစ်နေသည်။ ဝမ်လင်း၏မျက်လုံးသည် တဖြည်းဖြည်း တည်ငြိမ်လာသည်။ အချိန်အတန်ကြာပြီးနောက် သူသည် သူ့အောက်ရှိ ရုပ်တုကို ကြည့်လိုက်သည်။

ထိုရှေးဟောင်းနတ်ဘုရားသည် သေဆုံးသွားခဲ့ပြီးပင်။ သို့သော် ၎င်းအတွင်း၌ ထူးဆန်းသောစွမ်းအားတစ်ခု ရှိနေ၏။ ထိုစွမ်းအားသည် ယင်းရုပ်တုကို တချိန်ချိန်တွင် နိုးထစေကာ ၎င်း၏ဆင်ခြင်ဉာဏ် ဆုံးရှုံးနေမည့် ရုပ်သေးတစ်ရုပ် ဖြစ်လာစေမည်။ ထို့နောက်တွင် ကောင်းကင်ဘုံ၏ တမန်တော်များ ဖြစ်လာကြမည်။

“ရှေးကလန်သုံးခုဟာ ဒီလှိုဏ်ဂူလောကို စောင့်ကြပ်တဲ့ အစောင့်တွေ ဖြစ်လာကြတယ်။ ဘယ်လောက် ရင်နင့်စရာ ကောင်းလိုက်လဲ၊ မုန်းဖို့ ကောင်းလိုက်လဲ…” ဝမ်လင်းသည် ခေါင်းယမ်း၍ သူ့ညာခြေထောက်ကို ရုပ်တု ပေါ်သို့ စောင့်နင်းလိုက်၏။ သူ လေထဲသို့ ခုန်တက်လိုက်ချိန်၌ ရုပ်တုထံ ကျယ်လောင်စွာ မြည်ဟည်းသံ ထွက်ပေါ်လာသည်။ ဝမ်လင်း ခြေဆောင့်လိုက်သော နေရာတွင် မရေမတွက်နိုင်သော အက်ကြောင်းများ ပေါ်လာပြီး ထိုအက်ကြောင်းများသည် ရုပ်တုကို ပြည့်ဖုံးသွားသည်။

ထို့နောက် ရုပ်တုသည် အစိတ်စိတ်အမွှာမွှာ ဖြစ်ကာ မြေပြင်အနှံ့ ပြန့်ကြဲသွားတော့သည်။

“ဖုန်မှုန့်ကနေ ဖုန်မှုန့်၊ မြေကြီးကနေ မြေကြီး၊ မင်းတို့ သေသွားခဲ့ပြီဆိုမှတော့ ဆက်တင်းခံမနေတော့နဲ့။ တိုက်ပွဲမှာပဲ သေဆုံးခြင်းဟာ ငါတို့လို လူတွေအတွက် အကောင်းဆုံးပဲ…” ဝမ်လင်းသည် သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်ပြီး ရှေ့သို့ ခြေလှမ်းသည်။ သူ ဖြတ်သန်းသွားသည့်နေရာတိုင်းရှိ ရှေးဟောင်းနတ်ဘုရားရုပ်တု၊ ရှေးဟောင်းမိစ္ဆာရုပ်တု၊ ရှေးဟောင်းနတ်ဆိုးရုပ်တုများသည် အားလုံး ပျက်စီးကုန်လေသည်။

“ငါ မင်းတို့အားလုံးကို ဒီနေ့ မဖျက်စီးခဲ့ရင် အနာဂတ်မှာ နိုးထလာတဲ့အခါကျရင် ရုပ်သေးတွေအဖြစ် ဒီလောကကို ဖျက်စီးကြလိမ့်မယ်…” ဝမ်လင်းသည် သက်ပြင်းချကာ သူ့ညာလက်ကို ဝေ့ယမ်းသည်။ ရှေးဟောင်းမိစ္ဆာရုပ်တုတစ်ခု ပျက်စီးသွားကာ အစိတ်အပိုင်းများအဖြစ်သို့ ပြန့်ကြဲသွားသည်။

ရှေးကလန်သုံးခုတို့၏ ရုပ်တုများသည် ပျက်စီးနေရင်း ရှေးဟောင်းနတ်ဘုရား၊မိစ္ဆာ၊နတ်ဆိုးတို့၏ အော်ရာများသည် အခိုးအငွေ့များကဲ့သို့ ပေါ်လာလေ၏။ ယင်းတို့သည် သည်မြေပြင်အနှံ့ ဝိုးတဝါးအရိပ်များအသွင် ဖြစ်ပေါ်သည်။

ထိုအရိပ်များသည် သူတို့ အသက်ရှိစဉ်က ပုံပန်းအသွင်တိုင်း ရှိနေကြ၏။ အမာရွတ်များသည်ပင် ပေါ်နေသေးသည်။ သူတို့၏မျက်လုံးထဲ၌ စိတ်ရှုပ်ထွေးမှုတို့ ရှိနေသည်။ သို့သော် ခဏအကြာတွင် သူတို့သည် အရာအားလုံးကို နားလည်သွားတော့၏။ သူတို့သည် ခါးသီးစွာ ပြုံးလိုက်ကြပြီး ဝမ်လင်းကို ဦးညွတ်လိုက်ပြီးနောက် အခိုးအငွေ့အဖြစ်သို့ ပြန်ပြောင်းလဲသွားတော့သည်။ အခိုးအငွေ့များသည် ဝမ်လင်းထံ တရကြမ်း တိုးဝင်လာပြီး သူနှင့် ပေါင်းစပ်လေ၏။

ဝမ်လင်းသည် ရှေ့သို့ လှမ်းလာရင်း ရုပ်တုအားလုံး ပျက်စီးခြင်းဆိုက်သည်။ မရေမတွက်နိုင်သော တုန်ဟည်းသံများနှင့်အတူ အရိပ်များစွာက သူ့ထံ လက်နှစ်ဖက်ယှက်၍ ဦးညွှတ်သည် မြင်ကွင်းမှာ တုန်လှုပ်ဖွယ်ကောင်းလှ၏။ တစ်ချိန်တည်းမှာပင် ဤနေရာ၌ ဝမ်းနည်းမှုအငွေ့အသက် ခြုံလွှမ်းသည်။

ဝမ်လင်းသည် စကားဆက်မဆိုတော့ပေ။ သူသည် ရှေ့သို့ ငြိမ်သက်စွာ ဆက်လျှောက်လာ၏။ ကျယ်လောင်စွာ တုန်ဟည်းမှုတို့ ဆက်လက် ဖြစ်ပေါ်နေရင်း အရိပ်မြောက်များစွာက သူ့ကို ဦးညွှတ်ကြကာ ရှေးကလန်သုံးခု၏ အော်ရာများသည် သူ၏မျက်ခုံးနှစ်ခုကြား၊ ဘယ်မျက်လုံး၊ ညာမျက်လုံးတို့အတွင်းသို့ ဝင်ရောက်လေသည်။

မြေပြင်ထုသည် ကြီးမားကျယ်ပြန့်၏။ မြေပြင်တစ်ခုလုံး ဝမ်းနည်းရိပ်တို့ ပြည့်နေ၏။

အချိန်မည်မျှ ကြာသွားမှန်း မသိပြီးနောက် ဧရာမရုပ်တုကြီးတစ်ခုသည် သူ့ရှေ့တွင် ပေါ်လာသည်။ ထိုရုပ်တုထံ၌ ကြယ်ကိုးလုံး ပိုင်ဆိုင်ထားသည်။ ကြယ်ကိုးလုံးသည် ဝေဝါးနေသော်လည်း ပုံစံအသွင် ဖြစ်ပေါ်နေ၏။ ၎င်းမှာ ကြယ်ကိုးလုံးအဆင့်နှင့် အလွန်တရာ နီးကပ်နေသော ရှေးဟောင်းနတ်ဘုရားတစ်ပါး ဖြစ်နေသည်။

၎င်းသည် ညာလက်သီးဆုပ်၍ လေထဲသို့ ထိုးဟန်ဖြင့် မားမားရပ်နေ၏။ ၎င်းသည် ရုပ်တုအဖြစ်သို့ ပြောင်းလဲခံရစဉ်၌ ၎င်း၏အမူအရာတွင် နာကျင်မှုနှင့် မကျေမနပ်မှုတို့ ပါဝင်နေသည်။

သူသည် ရိုးရှင်းသော ချပ်ဝတ်တစ်ခုကို ဝတ်ဆင်ထား၏။ ထိုချပ်ဝတ်သည် ရုပ်တု၏အစိတ်အပိုင်းပင် ဖြစ်လာခဲ့ချေသည်။

၎င်းမှာ ဝမ်လင်း မြင်ဖူးသမျှတွင် အဆင့်မြင့်ဆုံးရှေးဟောင်းနတ်ဘုရား ဖြစ်၏။ ဝမ်လင်းသည် ထိုရှေးဟောင်းနတ်ဘုရားရုပ်တုရှေ့တွင် ရပ်နေရင်း ၎င်း၏ တုန်လှုပ်ဖွယ်ခွန်အားကို ခပ်ရေးရေး ခံစားမိသညည်။ ၎င်း၏ လေထဲတွင် တစ်ဝက်တစ်ပျက် ဖြစ်နေသော လက်သီးချက်သည် လောကကို ဖွင့်ဟကာ မရေမတွက်နိုင်သော ကျင့်ကြံသူများကို သတ်ပစ်နိုင်စွမ်း ရှိလောက်သည်။

၎င်း၏မျက်လုံးကို ကြည့်လိုက်ပါက သင်သည် ဟိုးလွန်ခဲ့သောနှစ်ပေါင်းများစွာက ၎င်း၏‌ဒေါသတကြီး အော်ဟစ်သံကို ကြားရနိုင်လောက်မည်။

ထိုရုပ်တုရှေ့တွင် ရပ်နေရင်း ဝမ်လင်းသည် ခဏတာ ရပ်တန့်သွား၏။ သူသည် လက်နှစ်ဖက်ဆုပ်ကာ ထိုရုပ်တုထံသို့ လက်ဝေ့ယမ်းလိုက်သည်။ မရေမတွက်နိုင်သော အက်ကြောင်းများ ပေါ်လာကာ ရုပ်တုတစ်ခုလုံးကို မြန်ဆန်စွာ ဖုံးလွှမ်းသွားသည်။ ကျယ်လောင်စွာ မြည်ဟည်းသံနှင့်အတူ ထိုရုပ်တုသည် စတင် ပြိုကျပျက်စီးသည်။

သို့ပေမည့် ၎င်း ပျက်စီးသည်နှင့် ဝဲကတော့တစ်ခု ပေါ်လာကာ ထိုရုပ်တု၏ မျက်ခုံးနှစ်ခုကြားရှိ ကြယ်ကိုးလုံး ဗဟိုချက်၌ မြန်ဆန်စွာ လှည့်ပတ်သည်။

ထိုဝဲကတော့ လှည့်ပတ်သော မျက်ခုံးနှစ်ခုကြား ဧရိယာမှာ အရည်ပျော်ကျသွားသည်ဟု ထင်ရကာ ဝဲကတော့အတွင်းမှ စူးရှသောဟိန်းသံ ထွက်ပေါ်လာသည်။ ဝမ်လင်း၏မျက်လုံးသည် ကျဉ်းမြောင်းသွား၏။ ဝဲကတော့ ပေါ်လာသည့်အခါ၌ သူသည် တစ်စုံတစ်ခုကို သတိပြုမိလိုက်သည်။ သူသည် အေးစက်စက်လှမ်းကြည့်လိုက်သည်။

သွေ့ခြောက်သောလက်တစ်ဖက်သည် ဝဲကတော့ထံမှ ဆန့်ထွက်လာ၏။ ထိုလက် ဆန့်ထွက်လာသည့်အခါ ဆိုးရွားသောအော်ရာတစ်ခုသည် ဝဲကတော့အတွင်းမှ ပျံ့လွင့်လာသည်။

ထိုအော်ရာသည် သွေ့ခြောက်သောလက်မှ အလုံးစုံ ဖြစ်ပေါ်လာခြင်းတည်း။ ထိုလက်သည် သေခြင်းတရားကို ကိုယ်စားပြုသည်ဟု ထင်ရကာ အတိုင်းမသိခွန်အား ပါဝင်၏။ ထိုလက်ထံမှ ရွှေရောင်အလင်း ပေါက်ကွဲထွက်လာသည်။

စူးရှရှအော်သံသည် ပို၍ သိပ်သည်းလာသည်။ ပို၍လည်း ရှင်းလင်းလာသည်။

“မင်းဟာ ကောင်းကင်ဘုံသားတစ်ယောက်ရဲ့ အိပ်စက်မှုကို နှောက်ယှက်ခဲ့တယ်။ မင်းဟာ ငါ့ရဲ့ ဒဏ်ရာကုသနေမှုကိုလည်း ဖျက်စီးခဲ့တယ်။ မင်းဟာ မြို့တော်ရဲ့စည်းမျဉ်းကိုလည်း ချိုးဖောက်ခဲ့တယ်။ မင်း ဘယ်ကပဲ ရောက်လာလာ…မင်း သေရမယ်။ သေရလိမ့်မယ်…။ မင်း သေရရုံသာမက မင်းမိသားစုဝင်တွေပါ သေရမယ်…”

“ဆူလိုက်တာ…” ထိုအသံ ပြော၍ မဆုံးခင်မှာပင် ဝမ်လင်းသည် အေးစက်စက် နှာခေါင်းရှုံ့ကာ ကြားဖြတ်ပြောလိုက်သည်။ ဝမ်လင်းသည် ရှေ့သို့ ခြေလှမ်းလိုက်ပြီး သူ့လက်ဖြင့် ထိုသွေ့ခြောက်သောလက်ထံ ဖမ်းယူလိုက်၏။ သူသည် လူတစ်ယောက်ကို ဆွဲထုတ်ယူလိုက်၏။ သူ၏မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွားသည်။

“မင်းဟာ နာနာကျင် ရုန်းကန်နေရတာပဲ။ မင်း ထွက်လာအောင် ငါ ကူညီပေးမယ်။ ဒီနေရာကနေ ထွက်လာစမ်း…” ဝမ်လင်းသည် မာန်သွင်းကာ ခပ်ကြမ်းကြမ်း ဆွဲထုတ်လိုက်သည်။ ထိုရုပ်တု လုံးဝ ပျက်စီးသွားစဉ် ခပ်ပိန်ပိန် အဝတ်ဗလာဖြင့်လူတစ်ယောက် လှမ်းထွက်လာသည်။ ဝမ်လင်းသည် ထိုသူ့ကို မြေပြင်ထက်သို့ ကြမ်းတမ်းစွာ ပစ်ချလိုက်သည်။

မြေပြင်ထုသည် တုန်ယင်သွားကာ တုန်ခါလှိုင်းတစ်ခု ပျံ့လွင့်လာသည်။ ဧရာမတွင်းပေါက်တစ်ခုသည် မြေပြင်ထက်တွင် ပေါ်လာ၏။ ထိုတွင်းပေါက်ထံ ဝမ်လင်းသည် တိုးဝင်လာသည်။

“အသက်ရှင်နေတဲ့ တစ်ယောက်ယောက် ရှိနေတာပဲ…ကောင်းတယ်။ မင်းဟာ ကောင်းကင်ဘုံသား ဖြစ်ဖြစ်၊ ကျင့်ကြံသူတစ်ယောက်ပဲ ဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး။ ငါ မင်းရဲ့ မှတ်ဉာဏ်တွေကို ယူဆောင်မယ်…”

***

All Chapters