← Chapters

လေဟာနယ်ရပ်တန့်ခြင်းမန္တာန်…

Vol. 123 Ch. 1689

လေဟာနယ်ရပ်တန့်ခြင်းမန္တာန်…

Vol. 123 Ch. 1689

ဝမ်လင်းသည် မြေပြင်ထက်သို့ လွင့်စင်ကျသွားသော ပုံရိပ်ထံ လျှပ်စီးတန်းအလား တိုးဝင်လာပြီး အနားရောက်လာသည်။ ထိုစဉ် မြေပြင်တွင်းနက်ထဲမှ ဒေါသတကြီးအော်သံတစ်သံ ထွက်ပေါ်လာ၏။

ထိုအော်ဟိန်းသံနှင့်အတူ ရွှေရောင်အလင်းတန်းများ ပေါ်လာသည်။ ထိုရွှေရောင်အလင်းသည် မှိန်ဖျော့ကာ ခရမ်းရောင်အငွေ့အသက် ပါဝင်နေ၏။ ၎င်းသည် မသန့်စင်သည့်အလား။ ထိုအလင်း ပေါ်လာခြင်းနှင့်အတူ ပြင်းထန်သောအားတစ်ခု ကပ်ပါလာသည်။

ဝမ်လင်း နီးကပ်လာသည့်အခါ ရွှေရောင်အလင်းက ပေါက်ကွဲထွက်၍ သူ့ဆံပင်တို့ကို ရိုက်ခတ်ကာ လွင့်ဝဲသွားစေသည်။ ၎င်းအလင်းက ဝမ်လင်းကို ရိုက်ချပစ်ဖို့ ကြိုးစားလာသည့်နှယ်။

“မင်း ငါ့ကို တိုက်ခိုက်ဝံ့လား။ မင်းဟာ ကောင်းကင်ဘုံသားတွေရဲ့ ခွန်အားကို ရန်ပြုဝံ့တယ်ပေါ့။ ဒါ့ကြောင့် မင်း သေရမယ်…” ထိုဟိန်းအော်သံထဲ၌ ကြီးမားသည့် ဒေါသ ပြည့်နှက်နေ၏။ ထိုပုံရိပ်သည် ဝေဝါးလှကာ ၎င်း၏ပတ်လည်၌ ရွှေရောင်ရင့်ရင့်အလင်းတစ်ခု ဝန်းရံလို့နေသည်။

ဝမ်လင်းသည် အေးစက်စက်နှာခေါင်းရှုံ့လိုက်၏။ သူသည် လေဟာနယ်ဂိတ်တံခါးကို ချိုးဖျက်ကာ စိတ်ဝိညာဉ်လေဟာနယ်အလယ်အဆင့်သို့ တက်လှမ်းခဲ့ပြီး ဖြစ်၏။ ကောင်းကင်ဘုံသားများသည်ပင် သူ့ကို မယှဉ်သာတော့ပေ။

ထိုပုံရိပ် ထိုးထွက်လာသည်နှင့် ဝမ်လင်းက ရှေ့သို့ ခြေလှမ်း၍ လက်ဆန့်ထုတ်လိုက်သည်။ လောကသည် အရောင်များ ပြောင်းလဲကုန်သည်။ ဥပေဒမြောက်များစွာမှာ ဝမ်လင်း၏ ဖမ်းဆုပ်ခြင်း ခံရပြီး တွန့်ခေါက်ပုံပျက်သည်။

ပိန်ပါးပါးပုံရိပ်က ရုန်းကန်လို၏။ သို့သော် ၎င်း မည်မျှ ရုန်းကန်ပါစေ အချည်းနှီးပင်။ အဆုံးသပ်၌ ထိုပုံရိပ်သည် ကြောက်လန့်တကြား အော်ဟစ်လိုက်ရပြီး ဝမ်လင်း၏ လည်ပင်းကနေ ဆုပ်ကိုင်ဖမ်းခြင်းကို ခံလိုက်ရသည်။

ဝမ်လင်းသည် ခပ်ကြမ်းကြမ်း သူ့လက်ကို ညှစ်လိုက်၏။ ထိုပုံရိပ်ထံမှ ပျက်စီးသွားတော့မည့်အလား တုန်ဟည်းသံတို့ မြည်သည်။ သို့ပေမည့် အဆုံးသပ်၌ သွေးမြူများသာ ပေါက်ကွဲထွက်လာပြီး သူ၏ခန္ဓာကိုယ်မှာ မပျက်စီးလေပေ။

ဝမ်လင်းသည် အံ့အားသင့်သွားမိ၏။ သူ့အမြင်၌ ထိုပုံရိပ်မှာ ဘာမှ မထူးခြားလှသော အဘိုးအိုတစ်ယောက်သာ ဖြစ်၏။ တစ်ခုခု ထူးခြားတာ ရှိသည်ဆိုလျှင်ပင် သူ၏ခန္ဓာကိုယ်ထဲ၌ ကောင်းကင်ဘုံသွေးများ ပါဝင်နေခြင်းသာ ဖြစ်ပေမည်။ သူသည် အလွန်အားနည်းပေ၏။ သို့သော် ထိုသူ၏ခန္ဓာကိုယ်ခွန်အားက ဝမ်လင်းကို အံ့အားသင့်မိစေသည်။

“မင်း…အဆင့်နိမ့်နယ်မြေက ကျင့်ကြံသူ၊ မင်းဟာ ကောင်းကင်ဘုံသားတစ်ယောက်ကို တိုက်ခိုက်ရဲတယ်လား။ မင်း ဘာကြောင့် ဒီကောင်းကင်ဘုံသားကို မလွှတ်ပေးသေးတာလဲ။ မင်းကိုယ်မင်း အစွမ်းထက်တယ်လို့ မထင်နဲ့။ ငါသာ အတိတ်တုန်းက ဒဏ်ရာ ရထားတာကြောင့် မဟုတ်ရင် မင်းကို လက်တစ်ချောင်းတည်းနဲ့ သတ်ပြစ်နိုင်တယ်…” ထိုအဘိုးအိုသည် အလျင်စလို အော်ဟစ်လိုက်၏။

ဝမ်လင်း၏အမူအရာမှာ တည်ငြိမ်နေပေသည်။ သို့သော် ထိုအဘိုးအို၏စကားများကို ကြားသည့်အခါ သူ့မျက်လုံးထဲ၌ အေးစက်မှု ဖြတ်ပြေးသွားသည်။ သူက လေထဲသို့ ထိုအဘိုးအိုကို ပစ်လွှတ်လိုက်၏။ ထို့နောက် သူ့လက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်ပေါ်စေကာ အဘိုးအိုထံ ဖိချလိုက်သည်။

လောကသည် တုန်ဟည်းကာ ကောင်းကင်သည် အရောင်ပြောင်းလဲကုန်ပြီး ၎င်းလက်ဝါးရိုက်ချက်က အဘိုးအိုထံ ဦးတည် ဖိနှိပ်လာ၏။ ကြီးမားသည့်လက်ဝါးရာတစ်ခု ပေါ်လာကာ လောကရှိစွမ်းအားကို စတင်စုပ်ယူသည်။ ယင်းလက်ဝါးသည် မြည်ဟည်းကာ ကောင်းကင်ထက်မှ သက်ဆင်းလာသည်။

အဘိုးအို၏အမူအရာသည် ပြောင်းလဲသွားပြီး သူ၏မျက်လုံးထဲ၌ မယုံကြည်နိုင်မှုတို့ ပြည့်နှက်လာသည်။ သူသည် အသည်းအသန်ရှောင်ကာ အလန့်တကြား အော်၏။ သို့သော် ဧရာမလက်ဝါးရာမှာ သူ့ခန္ဓာကိုယ်ထံ ချက်ခြင်း ကျဆင်းသွားသည်။

ထိုအဘိုးအိုသည် သွေးအန်ထွက်ကာ သူ့ခန္ဓာကိုယ်ထံမှ တစီစီအသံများ ထွက်ပေါ်လာ၏။ သူ၏ဘယ်လက်မှာ တုန်ယင်နေပြီး အသွေးအသားပုံအဖြစ် ပျက်စီးသည်။ ထိုအဘိုးအိုမှာ ထိတ်လန့်နေမိလေပြီ။ သူသည် စိတ်ရှုပ်ထွေးမှုလည်း ရှိနေ၏။ သူ့မှတ်ဉာဏ်ထဲ၌ သူသည် ထိုစဉ်က စစ်ပွဲအတွင်း ဒဏ်ရာအပြင်းအထန် ရထားခဲ့သည်ကို သိသည်။

အဆုံးသပ်၌ သူက ကြယ်ရှစ်လုံးနှင့်တစ်ဝက် ရှေးဟောင်းနတ်ဘုရားထဲ ဝင်ရောက်ဖို့ ရွေးချယ်ကာ ၎င်း၏စွမ်းအားကို ဒဏ်ရာ ကုသဖို့ အသုံးပြု၍ အခုချိန်ထိ ရှင်သန်နေခဲ့ခြင်းပင်။ မရေမတွက်နိုင်သောနှစ်များစွာ ကြာလာသည့်နောက် သူ့ဒဏ်ရာများသည် ပိုကောင်းမွန်လာနေစဉ် သူ ကုသဖို့အတွက် သုံးနေသော ရှေးဟောင်းနတ်ဘုရားသည် ဖျက်စီးခံလိုက်ရသည်ကို သိလိုက်သည်။ သူသည် ဒေါသတကြီး နိုးထလာခဲ့ပြီး ဝမ်လင်းသည် ကောင်းကင်ဘုံသားတစ်ယောက် မဟုတ်ဘဲ လှိုဏ်ဂူလောကနယ်မြေတွင် မွေးဖွားခဲ့သူမှန်း သိရှိသွားသည်။

ကောင်းကင်ဘုံအုပ်စိုးသူ၏ အင်မောတယ်သက်တော်စောင့်များထဲမှ တစ်ယောက်အနေဖြင့် သူသည် သည်အဆင့်နိမ့်နယ်မြေမှ ပုရွတ်ဆိတ်များအပေါ် သူ ဆန္ဒရှိသလို သူ၏ဒေါသကို ပေါက်ကွဲပစ်နိုင်သည်ဟု ယုံကြည်ထားပေသည်။ ထိုကဲ့သို့ အမြစ်ဆွဲထင်နေသော သည်အတွေးကြောင့် သူက သူ့ဒေါသကို ပေါက်ကွဲကာ ဝမ်လင်းကို အစောပိုင်းက သတ်ပစ်ချင်ခဲ့ခြင်း ဖြစ်သည်။ သို့ပေမည့် သူ မတိုက်ခိုက်နိုင်ခင်မှာပင် ဝမ်လင်းသည် ချောက်ခြားဖွယ်မန္တာန်တစ်ခုကို သုံး၍ သူ့ကို ဖမ်းဆီးကာ မြေပြင်ထဲသို့ ဆွဲထုတ် ပစ်ချခဲ့ပေသည်။

ထိုပစ်ချခံရမှုက ထိုအဘိုးအိုကို နာကျင်မှုနှင့် ပြည့်နှက်သွားစေ၏။ သို့သော် သူသည် သတိမဝင်သေးပေ။ သူက ပို၍ ဒေါသထွက်သွားရုံသာ ဖြစ်၏။ ဝမ်လင်း သူ့လည်ပင်းကို ညှစ်၍ သူ့ဘယ်လက်ကို ဖျက်စီးပစ်လိုက်သည့်အခါကျမှ သူသည် ကြောက်လန့်မိသွားရ၏။ ခုချိန်၌ သူ သတိဝင်လာခဲ့ပြီ ဖြစ်ကာ ထိုလူသည် ကောင်းကင်ဘုံသားများရှေ့တွင် အမြဲဒူးထောက်သော အဆင့်နိမ့်နယ်မြေမှ ပုရွတ်ဆိတ်များနှင့် မတူညီသည်ကို သိရှိလိုက်သည်။

“ကောင်းကင်ဘုံဖိဆန်တဲ့ကျင့်ကြံသူ။ မင်းဟာ အဆင့်နိမ့်နယ်မြေက ကောင်းကင်ဘုံကိုဖိဆန်တဲ့ ကျင့်ကြံသူပဲ…” ထိုအဘိုးအို၏အသံ၌ မယုံကြည်နိုင်မှုတို့ ပြည့်နေ၏။ သူ၏ခန္ဓာကိုယ်သည် တုန်ယင်ကာ မြန်ဆန်စွာ နောက်ဆုတ်သည်။

ဝမ်လင်း၏အမူအရာသည် တည်ငြိမ်နေ၏။ သူက အင်္ကျီလက်အိုးကို ဝေ့ယမ်းကာ ရှေ့သို့ လှမ်းသည်။ သူသည် ထိုအဘိုးအို၏ ရှေ့သို့ တိုက်ရိုက် ရောက်ရှိသွားပြီးနောက် သူ၏လက်ဝါးမှာ ဖြည်းဖြည်းချင်း ကျဆင်းသည်။

ကျယ်လောင်စွာ ပေါက်ကွဲသံ ထွက်ပေါ်၏။ အဘိုးအိုသည် ထိတ်လန့်တကြား အော်ဟစ်လိုက်ရပြီးနောက် သွေးအန်ထွက်သည်။ သူသည် ဒဏ်ရာအပြင်းအထန် ထရသွားပြန်၏။ သူ့ခန္ဓာကိုယ်မှာ နောက်သို့ တရွတ်တိုက်ဆွဲသွားပြီး သူ၏မျက်လုံးထဲတွင် အလွန်အမင်းကြောက်ရွှံ့မှုတို့ ပြည့်နှက်လာသည်။

“မဖြစ်နိုင်ဘူး။ အတိတ်တုန်းက သခင်ဟာ ကောင်းကင်ဘုံဆန့်ကျင်တဲ့ကျင့်ကြံသူတွေ ထွက်ပေါ်လာတာကို တားဆီးဖို့အတွက် နတ်ဘုရားပြစ်ဒဏ်ကို ချမှတ်ထားခဲ့တယ်။ ဒီနတ်ဘုရားပြစ်ဒဏ်နဲ့ဆိုရင် ကောင်းကင်ဘုံကို ဖိဆန်တဲ့ တတိယအဆင့်ကျင့်ကြံသူတွေ မပေါ်လာသင့်ဘူး။ ဒါဟာ မဖြစ်နိုင်ဘူး…”

“သခင်မပြောနဲ့။ အင်မောတယ်ကောင်းကင်ဘုံနယ်မြေတစ်ခုလုံးမှာတောင် အဆင့်နိမ့်နယ်မြေက ပုရွတ်ဆိတ်လိုကောင်တွေဟာ ကောင်းကင်ဘုံဖိဆန်တဲ့ကျင့်ကြံသူအဖြစ် ဘယ်သူကမျှ တတိယအဆင့်ကို မတက်လှမ်းနိုင်ကြဘူး။ ဒါဟာ…”

ထိုအဘိုးအိုသည် ပါးစပ်ထောင့်မှ သွေးများကို သုတ်၍ ရုတ်တရက် လှည့်လာသည်။ သူ့မျက်လုံးထဲ၌ ရူးသွပ်မှုတို့ ရှိလေ၏။ သူသည် ကောင်းကင်ဘုံသားတစ်ယောက် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သူသည် အတိတ်တုန်းက မဟာစစ်ပွဲကြီးကို တွေ့ကြုံခဲ့ဖူးသူ တစ်ယောက် ဖြစ်၏။ ထိုစစ်ပွဲတွင် ရှင်သန်နိုင်ခဲ့သူမှန်သမျှမှ အားမနည်းလှပေ။

သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖန်တီးကာ သူ့လျှာထိပ်ကို ကိုက်၍ ရွှေရောင်သွေးများ ထွေးထုတ်လိုက်သည်။ သို့ရာတွင် သူ သွေးများ ထွေးထုတ်လိုက်ချိန်၌ ဝမ်လင်း၏မျက်လုံးမှာ အရောင်တောက်သွားသည်။ ဝမ်လင်းသည် သူ့ညာလက်ကို မြှောက်၍ ထိုအဘိုးအိုထံ ညွှန်လိုက်သည်။

ရပ်တန့်ခြင်း…။

ထိုအဘိုးအိုသည် တုန်ယင်ကာ သူ၏ရှေ့ရှိ သွေးများမှာ လေထဲတွင်ပင် အေးခဲသွားသည်။ သူ၏ခန္ဓာကိုယ်လှုပ်ရှားမှုအားလုံး ဆုံးရှုံးသွား၏။ သူ၏ခန္ဓာကိုယ်အတွင်း၌ အချိန်စီးဆင်းမှုသည်ပင် ရပ်တန့်လို့သွားသည်။

သို့ပေမည့် ထိုအဘိုးအိုသည် ကောင်းကင်ဘုံသားတစ်ယောက် ဖြစ်၏။ သူသည် အေးခဲသွားသည်နှင့် သူ့စိတ်ထဲမှ ကြောက်မက်ဖွယ်တုန်ခါမှုသည် သူ့စိတ်ကို လှုပ်ခါသွားစေသည်။

“လေဟာနယ်ရပ်တန့်ခြင်းမန္တာန်။ ဒါဟာ ကောင်းကင်ဘုံအုပ်စိုးသူရဲ့ မဟာမန္တာန်တစ်ခုဖြစ်တဲ့ လေဟာနယ်ရပ်တန့်ခြင်းမန္တာန်ပဲ။ မင်း ဒီမန္တာန်ကို ဘယ်လိုလုပ် သိထားတာလဲ။ ဘယ်ကနေ သင်ခဲ့တာလဲ၊ မင်းကို ဘယ်သူက သင်ပေးခဲ့တာလဲ….”

သူသည် ရပ်တန့်ခြင်းမန္တာန်ဖြင့် ထိမှန်ခြင်း ခံရသည့်အခါ သူ၏အတွေးများသည် ရပ်တန့်သွားသည်။ ဝမ်လင်းသည် ထိုအဘိုးအို၏ရှေ့သို့ တည်ငြိမ်စွာ ရောက်လာပြီး ကြည့်၏။ သူ့လက်ကို ပင့်မြှောက်၍ အဘိုးအို၏နှဖူးထက်သို့ တင်လိုက်သည်။

“အတိတ်တုန်းက ဘာတွေဖြစ်ခဲ့လဲ ငါ ကြည့်ကြည့်မယ်…”

***

All Chapters