ချိပ်ပိတ်မှု ပေါ်လာခြင်း…
Vol. 123 Ch. 1690
ဝမ်လင်း၏ညာလက် ကျရောက်လာသည့်အခါ၌ သူ၏အစွမ်းထက်နတ်ဘုရားအာရုံသည် အဘိုးအို၏ဦးခေါင်းထံ တရှိန်ထိုး ဝင်ရောက်လာသည်။ သူ၏နတ်ဘုရားအာရုံသည် ထိုအဘိုးအို၏ နတ်ဘုရားအာရုံနှင့် ခန္ဓာကိုယ်ထဲသို့ တဟုန်ထိုး ဦးတည်ဝင်သည်။
ထိုအဘိုးအို၏ခန္ဓာကိုယ်ထံမှ တစီစီအသံများ ထွက်ပေါ်လာသည်။ သူ၏အမူအရာသည် ရှုံ့တွလာပြီး ပြင်းထန်စွာ နာကျင်မှုကို ခံစားရသည့်နှယ်။ သူ့ဒွာရပေါက်များထံမှ သွေးများ စတင် စိမ့်ထွက်လာသည်။
ပြင်းထန်စွာ နာကျင်မှုကို ခံစားလိုက်ရပြီးနောက် သူ့အပေါ်ရှိ ရပ်တန့်ခြင်းမန္တာန်သည် အနည်းငယ် လွင့်ပြယ်သည်။ အဘိုးအိုသည် စူးစူးဝါးဝါးအော်ဟစ်လိုက်၏။
သူသည် ဝမ်လင်းလက်ထဲမှ လွတ်မြောက်လို၏။ သို့သော် သူ မည်မျှ ရုန်းကန်ပါစေ ဝ်လင်း၏ညာလက်သည် တောင်တစ်လုံးအလား ခိုင်မာလှသည်။ သူ့အဖို့ တစ်စက်လေးပင် လွတ်မြောက်နိုင်မည့် အခွင့်အရေး မရှိလေပေ။
နာကျင်စွာအော်ဟစ်ကာ ထိုအဘိုးအို၏မျက်လုံးထဲတွင် မျှော်လင့်ချက်မဲ့မှုများ ပြည့်နှက်လာကာ သူ၏မျက်နှာမှာလည်း သေလောက်အောင် ဖြူရောလာသည်။
“မင်းဟာ ကောင်းကင်ဘုံသားတစ်ယောက်ကို သတ်တဲ့ ပြစ်မှုကို လုပ်နေတာပဲ။ မင်း သေရလိမ့်မယ်။ ငါဟာ ကောင်းကင်ဘုံအုပ်စိုးသူရဲ့ တပ်သားတစ်ယောက်ပဲ၊ ငါ့မှာ ကောင်းကင်ဘုံသားတစ်ယောက်ရဲ့ သွေးလည်း ပိုင်ဆိုင်ထားတယ်။ မင်း ဒီနေ့ ငါ့ကို သတ်လိုက်တာနဲ့ မင်းကိုယ်မင်း အပြစ်ဒဏ်တစ်ခုကို ယူဆောင်မိသလို ဖြစ်လိမ့်မယ်…”
ဝမ်လင်း၏အမူအရာသည် တည်ငြိမ်လျက်ပင်။ သူက ညာလက်ကို ပိုတင်းဆုပ်လိုက်ပြီး သူ၏နတ်ဘုရားအာရုံသည် ထိုအဘိုးအို၏စိတ်အတွင်းသို့ တရကြမ်း တိုးဝင်သည်။ ဝမ်လင်းသည် ထိုသူ၏မှတ်ဉာဏ်များကို ယူဆောင်လို၏။
ရှေးဟောင်းကောင်းကင်ဘုံနယ်မြေ၏အတွင်းပိုင်း၌ သည်ရုပ်တုများ၏ အလယ်တွင် ရှေးကလန်သုံးခု၏ ရုပ်တုကြီးလေးခု ရှိနေသည်။
ထိုပတ်ဝန်းကျင်သည် လုံးဝ ငြိမ်သက်တိတ်ဆိတ်နေသည်။ သည်အခိုက်၌ ခပ်ရှရှအသံတစ်သံ ထိုရုပ်တုများထဲမှ တစ်ခုထံကနေ ပဲ့တင်ထပ်လာသည်။
“ဟင်္သာငှက်…မင်းရဲ့မျိုးဆက်က အားမနည်းလှပါဘူး။ ဒါပေမဲ့ ကောင်းကင်ဘုံတပ်သားတစ်ယောက်ရဲ့ မှတ်ဉာဏ်ကို ရှာဖွေချင်နေတယ်ဆိုတော့ နည်းနည်းတော့ မောက်မာလှတယ်။ ဒီတပ်သားတွေက ငါတို့လောက် မသန်မာဘူးဆိုပေမယ့် သူတို့မှာ ကောင်းကင်ဘုံသွေးမျိုးဆက်ပိုင်ဆိုင်ထားကြတာပဲ။ ပုရွတ်ဆိတ်တစ်ကောင်က သူတို့ရဲ့ မှတ်ဉာဏ်ကို ဘယ်လိုလုပ် ရှာဖွေလို့ ရပါ့မလဲ…”
လှောင်ပြောမှုအပြည့် အသံတစ်သံ ပဲ့တင်ထပ်သည်။
“သူဟာ တတိယအဆင့်ကို ဝင်ရောက်ပြီး နတ်ဘုရားပြစ်ဒဏ်ကို ချိုးဖျက်ပြီး ဒီကို ရောက်လာခဲ့တာ။ သူဟာ ကိုးခုမြောက်နေမင်းကိုပါ ဖျက်စီးပြီး သူ့ကိုယ်ပိုင်ကံကြမ္မာကိုပါ ပြန်ယူဆောင်ခဲ့သေးတယ်။ ကျားဖြူ…မင်းက သူ့ကို လှောင်တယ်လား။ ဒါပေမဲ့ မင်းသာ အဆင့်နိမ့်နယ်မြေက ကျင့်ကြံသူတစ်ယောက်ဆိုရင် မင်း ဒီလို လုပ်နိုင်မလား…”
ရှေးကျပြီး အေးစက်စက်အသံတစ်သံသည် တခြားရုပ်တုထံမှ ထွက်ပေါ်လာသည်။
“ငါသာဆိုရင် ဟုတ်လား။ ဒါက ငါ မလုပ်နိုင်ဘူးလို့ ဆိုလိုတာ မဟုတ်လား။ ငါတို့ကောင်းကင်ဘုံသားတွေပေါ်မှာ ကောင်းကင်ဘုံသားအုပ်စိုးသူ ချခင်းထားတဲ့ ချိပ်ပိတ်မှုတွေ ရှိကြတယ်။ ဒါဟာ ငါတို့ ခုနစ်ရောင်စုံတာအိုကလန်ရဲ့ အဓိကကျင့်ကြံသူတေွ အတွက် ကျေနပ်ရတဲ့ ကံကောင်းမှုကြီးတစ်ခုပဲ။ ဒီပုရွတ်ဆိတ်ကောင်လေး ဒဏ်ရာကုစားနေတဲ့ ကောင်းကင်ဘုံတပ်သားကို အပြင်းအထန် ဒဏ်ရာရစေခဲ့တာကိုတော့ ငါ မအံဩပါဘူး။ ဒါပေမဲ့ သူဟာ ကောင်းကင်ဘုံအုပ်စိုးသူရဲ့ ချိပ်ပိတ်မှုကို ချိုးဖျက်ဖို့ ကြိုးစားခဲ့ရင်တော့ သူ့သေတွင်းသူရှာတာပဲလို့ ငါ ယုံကြည်တယ်…”
“တော်လောက်ပြီ…မင်းတို့ ဘာကြောင့် ရန်စောင်နေကြတာလဲ။ ဟင်္သာငှက်…မင်းရဲ့မျိုးဆက်ဟာ နည်းနည်းတော့ မောက်မာတယ်။ သူ ကောင်းကင်ဘုံအုပ်စိုးသူရဲ့ ချိပ်ပိတ်မှုကြောင့် သေသွားတော့ရော ဘာဖြစ်သေးသလဲ။ ဒါက မင်းရဲ့ အစီအစဉ်ကို သက်ရောက်မှု ရှိမှာလား….” တတိယမြောက်ရုပ်တုထံမှ နောက်ထပ်အသံတစ်သံ ထွက်ပေါ်လာပြန်သည်။
“အနည်းငယ် စဉ်းစားပြီးနောက် ဟင်္သာငှက်၏အသံ ပဲ့တင်ထပ်လာသည်။ သူဟာ မူလတုန်းကတော့ ငါ့အစီအစဉ်ရဲ့ အစိတ်အပိုင်းတစ်ခု မဟုတ်ဘူး။ ဒီကို အရင်ဆုံး ရောက်လာတဲ့သူဟာ သူ ဖြစ်နေတဲ့အတွက် ငါ နည်းနည်းတော့ အံ့အားသင့်မိသွားတယ်…”
“ဒီကောင်လေးဟာ သာမန်မဟုတ်ဘူး။ သူဟာ တတိယအဆင့်ကို ကောင်းကင်ဘုံဆန့်ကျင်တဲ့ကျင့်ကြံသူအဖြစ် ပထမဆုံး တက်လှမ်းလာတဲ့သူပဲ။ ကံမကောင်းစွာနဲ့ သူဟာ နိမ့်ကျတဲ့နယ်မြေက ကျင့်ကြံသူတစ်ယောက် ဖြစ်နေတယ်။ သူသာ အင်မောတယ်ကောင်းကင်ဘုံနယ်မြေမှာ မွေးဖွားခဲ့ရင် ကျော်ကြားလာလောက်မှာ။ ဒါပေမဲ့လည်း ကောင်းကင်ဘုံတပ်သားရဲ့ မှတ်ဉာဏ်ကို ရှာဖွေဖို့ သူ မကြိုးစားသင့်ဘူး။ ကောင်းကင်ဘုံအုပ်စိုးသူရဲ့ ချိပ်ပိတ်မှုဟာ ငါတို့လေးယောက် ပေါင်းပြီး ကြိုးစားရင်တောင် ချိုးဖျက်နိုင်တဲ့ အရာ မဟုတ်ဘူးလေ။ သူ ဆယ့်ငါးမိနစ်အတွင်း သေသွားမှာ ငါ စိုးမိတယ်။ ကံမကောင်းဘူး…တကယ် သနားစရာပဲ…”
သူတို့၏အသံများသည် တဖြည်းဖြည်း ပျောက်ကွယ်ကာ ပြန်လည် တိတ်ဆိတ်သွားသည်။ ဟင်္သာငှက်သည် စိတ်ထဲကနေ သက်ပြင်းချမိသည်။ သူသည် ဝမ်လင်းကို သိပေ၏။ သို့သော် သူသည် ဝမ်လင်းအနေဖြင့် ကောင်းကင်ဘုံအုပ်စိုးသူ၏ ချိပ်ပိတ်မှုကို ချိုးဖျက်နိုင်မည်ဟု မထင်ပေ။
ထိုကောင်းကင်ဘုံတပ်သားအဘိုးအို၏ နတ်ဘုရားအာရုံမှာ ၎င်း၏ကိုယ်ပိုင်နယ်မြေ ဖြစ်ပေါ်ထားပြီး ဖြစ်၏။ ၎င်းပတ်လည်တွင် ဝမ်လင်း၏ နတ်ဘုရားအာရုံကို တားဆီးထားသော ထူထဲသည့် မြူလွှာတစ်ခု ရှိသည်။
ဝမ်လင်း ထိုသို့သော အခြေအနေကို ကြုံဖူးသည်မှာ အခုက ပထမဆုံး မဟုတ်ပေ။ သူသည် ငွေရောင်အမျိုးသမီး၏မှတ်ဉာဏ်ကို ရှာဖွေခဲ့စဉ်ကလည်း ထိုသို့သောအရာကို တွေ့ကြုံခဲ့ဖူးသည်။ သူမ၏ ချိပ်ပိတ်ထားသော မှတ်ဉာဏ်ထဲ၌လည်း ခုနစ်ရောင်စုံပုံရိပ် ပေါ်လာခဲ့ဖူးသည်။
ယနေ့တွင် ဝမ်လင်းသည် ထိုအဘိုးအို၏ နတ်ဘုရားအာရုံထဲ၌ ထူထဲသောမြူလွှာကို ထပ်မံ တွေ့ရှိရပြန်သည်။ သူသည် ခဏတာ တုန့်ဆိုင်းသွား၏။ သူ့နတ်ဘုရားအာရုံကို မြူလွှာအပြင်ဘက်၌ စတင် စုဝေးစေ၏။ ခဏအကြာတွင် မြူလွှာ၏အပြင်ဘက်တွင် ဝမ်လင်း၏ပုံရိပ် ပေါ်လာသည်။
ဤကား အံ့ဖွယ်မြင်ကွင်းတစ်ခုပင်။ ရှေးဟောင်းကောင်းကင်ဘုံနယ်မြေ အပြင်ဘက်တွင်မူ ဝမ်လင်းသည် မျက်လုံးမှိတ်ထားလျက် ရှိပြီး သူ့ညာလက်ကို တုန်ယင်နေသော အဘိုးအို၏နှဖူးပေါ်သို့ ဖိလို့ထားသည်။
သို့ပေမည့် ဝမ်လင်း၏နတ်ဘုရားအာရုံအတွင်း၌မူ သူ၏မူလစိတ်ဝိညာဉ်သည် အဘိုးအို၏စိတ်အတွင်း၌ ရှိနေ၏။ ဝမ်လင်း၏မူလစိတ်ဝိညာဉ်မှာလည်း အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ ဆံပင်ဖြူများ ပိုင်ဆိုင်သည်။
သူသည် နေရာတွင် ရပ်၍ သူ့ရှေ့ရှိ လှည့်ပတ်နေသော မြူများကို ကြည့်နေ၏။ ထိုမြူထဲ၌ ချိပ်ပိတ်မှုကဲ့သို့ အစွမ်းထက်ဖိအားတစ်ခု ပါဝင်နေသည်။ ထိုချိပ်ပိတ်မှုသည် စိတ်ဝိညာဉ်ရှာဖွေခြင်းမန္တာန်အားလုံးကို ဟန့်တားနိုင်စွမ်း ရှိလေ၏။
“ငွေရောင်အမျိုးသမီးမှာလည်း ဒီလို ချိပ်ပိတ်မှုမျိုး ရှိခဲ့တယ်။ အခု ဒီအဘိုးအိုမှာလည်း ဒီချိပ်ပိတ်မှု ရှိနေပြန်တယ်။ စိတ်ဝင်စားစရာပဲ။ ကောင်းကင်ဘုံအုပ်စိုးသူရဲ့ လက်အောက်က ကောင်းကင်ဘုံသားတိုင်း ဒီလို ချိပ်ပိတ်မှုမျိုး ရှိနေကြတယ်ပုံပဲ…”
ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်လာ၏။ အတိတ်တုန်းက သူ၏ကျင့်ကြံမှုအဆင့်မှာ မလုံလောက်ခဲ့သည်ဖြစ်ရာ မြူလွှာ၏အပြင်ဘက်၌ လက်လျှော့ခဲ့ရသည်။ အတိတ်တုန်းက သူ၏ကျင့်ကြံမှုအပြင် နောက်ထပ် အကြောင်းရင်းတစ်ခုလည်း ရှိခဲ့သေး၏။ သူ မြူလွှာကို ချိုးဖျက်၍ ရနိုင်ဖြစ်စေ၊ မရနိုင်သည်က ကိစ္စမရှိခဲ့ပေ။ သို့သော် သူ၏လုပ်ရပ်က ငွေရောင်အမျိုးသမီးအပေါ် အန္တရာယ်ကြီးကြီးမားမား ဖြစ်သွားနိုင်လောက်သည်။
သို့ပေမည့် ဝမ်လင်းသည် ဒီအဘိုးအိုပေါ်တွင်မူ မည်သည့်ခံစားမှုမျှ ရှိမနေပေ။ သူတို့နှစ်ယောက်ကြား၌ အမုန်းတရားလည်း ရှိမထားပေ။ ထိုအဘိုးအို၏ အစောပိုင်းတုန်းက လုပ်ရမှာလည်း သေလောက်သည့်အထိ မထိုက်တန်ခဲ့ပေ။ ဝမ်လင်းသာ အတွင်းနှင့်အပြင်နယ်မြေများသည် လှိုဏ်ဂူတစ်ခုကဲ့သို့ ဖြစ်နေသည်ကို မသိရှိခဲ့ပါက ထိုသူ့ကို သတ်လိမ့်မည် မဟုတ်ပေ။
သို့ရာတွင် ခုချိန်၌ ဝမ်လင်းသည် အရာအားလုံးကို နားလည်ခဲ့ပြီ ဖြစ်၏။ ထိုအခါ ကောင်းကင်ဘုံအုပ်စိုးသူနှင့် သူ့လက်အောက်မှ လူများအပေါ် ဝမ်လင်းသည် ရှင်းပြရန်ခက်ခဲသော အမုန်းတရား ခံစားမိနေ၏။
အထူးသဖြင့် လီမူဝမ်၏ ကံကြမ္မာ ပျောက်ကွယ်နေခြင်းက ထိုအမုန်းတရားကို အထွတ်အထိပ်သို့ ရောက်စေခဲ့ပေသည်။
အေးစက်စက်နှာခေါင်းရှုံ့၍ ဝမ်လင်းက အဘိုးအို၏စိတ်အတွင်းရှိ မြူလွှာထဲသို့ ခြေလှမ်းဝင်သည်။ သူက ညာလက်ကို ဝေ့ယမ်းလိုက်ရာ မုန်တိုင်းတစ်ခု ထိုမြူလွှာထံ တရှိန်ထိုး ဦးတည်လေ၏။
ထိုမုန်တိုင်းသည် မြူလွှာကို တွန်းထုတ်၏။ မျက်စိတစ်မှိတ်အတွင်း ဝမ်လင်း၏ရှေ့၌ အပေါက်တစ်ခု ဖြစ်ပေါ်လာသည်။ ထိုအပေါက် ပွင့်ဟ ပေါ်လာသည်နှင့် ဝမ်လင်းက ရှေ့သို့ လှမ်းဝင်ကာ မြူလွှာများကြားထဲ ပျောက်ကွယ်သွားလေသည်။
မြူလွှာအတွင်း၌ ဝမ်လင်းသည် မြန်ဆန်စွာ ရှေ့ဆက်လာသည်။ သူ၏ရှေ့ရှိ မြူလွှာမှာ ရွှေ့လျား၍ လမ်းကြောင်းတစ်ခု လှစ်ဟပေါ်သည်။ ဝမ်လင်းသည် မြူလွှာအတွင်းနက်ပိုင်းသို့ ဖြည်းဖြည်းချင်း ဝင်ရောက်လာ၏။
သူ မြူလွှာအတွင်းနက်ပိုင်းသို့ ရောက်လာသည်နှင့် သူ၏ရှေ့ရှိ မြူလွှာထဲ၌ ခုနစ်ရောင်စုံအလင်းတစ်ခု ပေါ်လာသည်။ ထိုခုနစ်ရောင်စုံအလင်းသည် နက်မှောင်သောမြူကြား၌ အလွန်အမင်း တောက်ပလှ၏။
ဝမ်လင်း လှမ်းမျှော်ကြည့်လိုက်သည့်အခါ သူက ခုနစ်ရောင်စုံအလင်း ထွင်းဖောက်ခံထားရသော မြူလွှာအတွင်းနက်ပိုင်း၌ သက်လတ်ပိုင်းလူတစ်ယောက် ဒူးထောက်ထိုင်နေသည်ကို တွေ့မြင်ရသည်။
သက်လတ်ပိုင်းလူသည် မျက်လုံးမှိတ်ထားပြီး သူ၏ခန္ဓာကိုယ်ကို ခုနစ်ရောင်စုံအလင်းက ဝန်းရံထားသည်။ သူသည် ကြောက်မက်ဖွယ်ဖိအားကို ပေးစွမ်းနေပြီး မည်သူမျှ ခြေလှမ်းတစ်ဝက်ပင် ရှေ့ဆက်မတိုးလာစေနိုင်သည့်အလား။
ထိုခုနစ်ရောင်စုံလူသည် ဝမ်လင်း တောက်ပသောလေဟာနယ် ကြယ်အဖွဲ့အစည်းအတွင်းရှိ ခုနစ်ရောင်စုံနယ်မြေ၌ တွေ့ဆုံခဲ့သော ခုနစ်ရောင်စုံတာအိုသခင် မဟုတ်ပေ။ သို့သော် သူ၏ သိုလှောင်နေရာလွတ်အတွင်းရှိ ခုနစ်ရောင်စုံရုပ်တု၏ အစစ်အမှန်ခန္ဓာကိုယ်နှင့်မူ အတူတူ ဖြစ်နေပေသည်။
သည်လူ့ကို တွေ့မြင်ရသည်မှာ ဝမ်လင်းအဖို့ ဒုတိယကြိမ်မြောက်ပင်။ သူသည် အနည်းငယ် စဉ်းစားပြီးနောက် သူ၏မျက်လုံးထဲ၌ အေးစက်မှု ဖြတ်ပြေးသွားကာ တွေဝေခြင်းမရှိ သူ ရှေ့ဆက်တိုးလာ၏။ သူ့ညာလက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေလိုက်ရာ သည်အဘိုးအို၏စိတ်အတွင်း၌ မြည်ဟည်းသံတို့ ပေါ်ထွက်သည်။ ဧရာမလက်ဝါးရာတစ်ခု ဝမ်လင်း၏ရှေ့တွင် ပေါ်လာကာ မြူလွှာကို ထွင်းဖောက်၍ သက်လတ်ပိုင်းလူထံ ပျံသန်းသွားသည်။
ထိုလူမှာ ချိပ်ပိတ်မှုတစ်ခု ဖြစ်၏။ သူ့အောက်ရှိ ကောင်းကင်ဘုံသားတိုင်း၏ မှတ်ဉာဏ်ကို ရှာဖွေခြင်းကနေ တားဆီးထားသော ချိပ်ပိတ်မှု ဖြစ်လေ၏။
ထိုလက်ဝါးရာသည် ဒူးထောက်နေသော သက်လတ်ပိုင်းလူထံ ချက်ခြင်း နီးကပ်သွားကာ သူ့အား ထွင်းဖောက်သွားသည်။ သို့သော် ဤအခိုက်တွင် လက်ဝါးရာသည် ဖြည်းဖြည်းချင်း ပျက်စီးသွားရလေ၏။ အံ့ဖွယ်ပင်။ အနီးကပ် သေချာကြည့်ပါက လက်ဝါးရိုက်ချက်သည် ထိုသက်လတ်ပိုင်းလူကို မထိမှန်ဘဲ သူနှင့် သုံးလက်မအကွာတွင် ပျက်စီးသွားသည်ကို တွေ့မြင်နိုင်ပေမည်။
ဝမ်လင်းသည် မျက်မှောင်ကြုတ်သွား၏။ လက်ဝါးရာ ပျက်စီးသွားသည့်အခိုက်အတန့်၌ သူသည် ရှေ့သို့ လက်ညွှန်သည်။ လေပြင်းတစ်ချက် သူ့လက်ချောင်းထံမှ သက်လတ်ပိုင်းလူထံ ထိုးထွက်သွား၏။ သည်တစ်ကြိမ်၌ ဝမ်လင်းသည် သေချာ ကြည့်နေ၏။ သူက ထိုလေပြင်းသည် ယင်းလူနှင့် သုံးလက်မအကွာတွင် ပျောက်ကွယ်သွားသည်ကို တွေ့မြင်သည်။
ဝမ်လင်းသည် သက်လတ်ပိုင်းလူကို စိုက်ကြည့်လျက် ရှေ့ဆက်လှမ်းသည်။ သူသည် သက်လတ်ပိုင်းလူရှေ့သို့ ကိုယ်တိုင်ကိုယ်ကျ ရောက်လာ၏။ သူ့လက်နှစ်ချောင်းဖြင့် ဓားတစ်လက် ဖြစ်ပေါ်စေသည်။ သူ၏ရှေးဟောင်းနတ်ဘုရားကြယ်များသည် လည်ပတ်ကာ ရှေးဟောင်းနတ်ဘုရားစွမ်းအား အမြောက်အများသည် သူ၏လက်ချောင်းနှစ်ခုအတွင်း ဝင်ရောက်သည်။ ခုချိန်၌ သူ၏လက်ချောင်းနှစ်ခုတွင် ကျင့်ကြံခြင်းဂြိုဟ်တစ်ခုကို ဖျက်စီးပစ်စေနိုင်သော စွမ်းအား ပါဝင်နေသည်။
သူ့လက်နှစ်ချောင်းက သက်လတ်ပိုင်းလူထံ နီးကပ်ကာ သုံးလက်မအကွာထိ ရောက်လာသည်။
ဝမ်လင်းသည် သုံးလက်မအကွာသို့ ရောက်လာသည့်အခါ သူ၏မျက်လုံးမှာ တောက်ပသွား၏။ သူသည် သူ၏လက်ချောင်းများ မြန်ဆန်စွာ ပျက်စီးနေသည်ကို မြင်သည်။ နာကျင်မှုဟူ၍ မရှိပေ။သို့သော် သူက သူ့လက်ချောင်းများ ပျောက်ကွယ်သွားသည်ကို ရှင်းလင်းစွာ မြင်နေရသည်။
ချက်ခြင်းလိုလိုပင် သူ၏လက်ချောင်းနှစ်ခုမှ အစိတ်အပိုင်းငယ်မှာ ပျောက်ကွယ်သွားခဲ့၏။ ထိုသုံးလက်မဧရိယာသည် ဖြတ်ကျော်လာသည့် မည်သည့်အရာကိုမဆို လွင့်ပါးပျောက်ကွယ်စေနိုင်သည့် အလား။
သူသည် အတင်းအကြပ် လုပ်ဆောင်ပါက သူ့ညာလက်တစ်ခုလုံးမှာ ထိုသက်လတ်ပိုင်းလူကို မထိခင်မှာပင် သဲလွန်စမရှိ ပျောက်ကွယ်သွားရလိမ့်မည်။ ဝမ်လင်းက မျက်မှောင်ကြုတ်သွားကာ သူ့ညာလက်ကို ပြန်ရုတ်သည်။
သူသည် နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်ကာ သက်လတ်ပိုင်းလူကို တည်တည်ငြိမ်ငြိမ် ကြည့်သည်။ ထို့နောက် သူ့လက်နှစ်ချောင်းနှစ်ချောင်းကို ကြည့်လိုက်ရာ မည်သည့်ဒဏ်ရာအမာရွတ်မှ ထင်ကျန်မနေသည်ကို တွေ့ရသည်။ သို့သော် လက်နှစ်ချောင်း၏ အစိတ်အပိုင်းတစ်ခုကတော့ ပျောက်ကွယ်သွားလေပြီ။
“ထူးခြားတဲ့စွမ်းအားပဲ…” ဝမ်လင်းသည် ခပ်တိုးတိုး ရေရွတ်လိုက်ရင်း ရှေးဟောင်းနတ်ဘုရားစွမ်းအားများ သူ့လက်ချောင်းအတွင်းသို့ ဝင်ရောက်လာ၏။ သူ့လက်ချောင်းနှစ်ချောင်း ပတ်လည်ရှိ အသွေးအသားတို့သည် ဖြည်းဖြည်းချင်း ရွှေ့လျားကာ ပျောက်ကွယ်သွားသော အစိတ်အပိုင်းကို ပြန်ဖွဲ့စည်းသည်။
အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်းသည် ချီတုံချတုံ ဖြစ်နေ၏။ သက်လတ်ပိုင်းလူထံမှ ချိပ်ပိတ်မှု ဒီနေရာတွင် ရှိနေသည့်အတွက် သူ့အနေဖြင့် ထိုအဘိုးအို၏ မှတ်ဉာဏ်များကို ရဖို့မှာ ခက်ခဲတော့သည်။ သို့သော်ငြားလည်း မဖြစ်နိုင်သည်တော့ မဟုတ်ပေ။
***