← Chapters

တာအိုခုနစ်ခုကလန်…

Vol. 123 Ch. 1692

တာအိုခုနစ်ခုကလန်…

Vol. 123 Ch. 1692

ဝမ်လင်းသည် သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။ သူ၏ရှေးအင်မောတယ်လက်ချောင်းဖြင့် ရှေ့သို့ အကြိမ်ကြိမ် လက်ညွှန်လိုက်သည်။ သူလက်ညွှန်လိုက်တိုင်း အဖျက်အစီးအားသည် အနည်းငယ် လွင့်ပါးသွား၏။ သူ၏ညာလက်ညှိုးသည် ဆက်တိုက် ပျက်စီးလိုက် ပြန်ဖွဲ့စည်းလိုက်ဖြစ်နေရင်း တုန်ခါလှိုင်းအတွင်း အဟတစ်ခုကို ဖွင့်လှစ်သည်။ ဝမ်လင်းသည် ထိုအဟကနေ လှမ်းထွက်လာ၏။

ထိုအဖျက်အစီးအား ပျံ့နှံ့သွားရင်း ကီလိုမီတာသန်းချီအတွင်းရှိ အရာအားလုံးသည် အပျက်အစီးပုံ ဖြစ်သွားရလေ၏။

ဝမ်လင်းသည် ကောင်းကင်ထက်ကနေ အပျက်အစီးပုံ ဖြစ်နေသော မြေပြင်ထက်သို့ ငုံ့ကြည့်သည်။

သူ့ဆံပင်များက လွင့်ဝဲနေလျက် သူ့ဝတ်ရုံမှာ တဖျတ်ဖျတ် ဖြစ်နေသည်။ သို့သော် သူသည် အလွန်တည်ငြိမ်နေ၏။

သူက ညာလက်ကို ဝေ့ယမ်းလိုက်ရာ အက်ကြောင်းများ ပြည့်နေသော ရွှေရောင်သလင်းကျောက် သူ့လက်ထဲတွင် ပေါ်လာ၏။ ထိုသလင်းကျောက်ထဲ၌ အဘိုးအို၏ဘဝတစ်ခုလုံး မှတ်ဉာဏ်များ ပါဝင်ပေသည်။

သို့ပေမည့် ထိုမှတ်ဉာဏ်များကို နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်၍ မရနိုင်ပေ။ ဝမ်လင်း၏ ကျင့်ကြံမှုအဆင့် ပိုမြင့်မားခဲ့လျှင်ပင် သူသည် ထိုအဘိုးအို၏မှတ်ဉာဏ်များကို မြင်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။

ကောင်းကင်ဘုံသားတစ်ယောက်၏ မှတ်ဉာဏ်များကို ကောင်းကင်ဘုံသွေးမျိုးဆက်နှင့် တစ်စုံတစ်ယောက်ကသာ ကြည့်ရှုနိုင်ပေ၏။ ယင်းမှာ လျှို့ဝှက်အတားအဆီးတစ်ခု ဖြစ်သည်။ ဝမ်လင်းသည် ရှေးဟောင်းကလန်ဝင် ဖြစ်နေလျှင်ပင် သူသည် ၎င်းကို မကြည့်ရှုနိုင်မြဲ ဖြစ်ရ၏။

အဆင့်များကြား ကွာခြားမှု ရှိခြင်းပင်။ ဥပမာ ပုရွတ်ဆိတ်တစ်ကောင်သည် ဆင်တစ်ကောင်၏ မှတ်ဉာဏ်ကို ရရှိခဲ့လျှင်ပင် ထိုပုရွတ်ဆိတ်သည် ၎င်းမှတ်ဉာဏ်ကို နားလည်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ခြင်းပင်။ သို့ပေမည့် ဝမ်လင်းကမူ ကွာခြားပေသည်။ သူ့ထံ၌ သူ၏အင်မောတယ်ကောင်းကင်ဘုံခန္ဓာကိုယ် ပိုင်ဆိုင်စေသည့် ကောင်းကင်ဘုံသွေးမျိုးဆက် ရွှေရောင်သွေးစက် ရှိသည် မဟုတ်လား။ အင်မောတယ်ကောင်းကင်ဘုံနယ်မြေ၌ပင် ယင်းသွေးစက်သည် အလွန်တရာ သန့်စင်လှပေသည်။

ထိုသွေးဖြင့်ဆိုပါက ဝမ်လင်းသည် ထိုမှတ်ဉာဏ်များကို စာအုပ်တစ်အုပ်ကဲ့သို့ လွယ်ကူစွာ ဖတ်နိုင်ပေသည်။

သူ မျက်လုံးမှိတ်လိုက်သည်နှင့် သူသည် စိတ်ကူးလောကတစ်ခုအတွင်းသို့ ဝင်ရောက်သွားသလား ထင်ရသည်။

သူသည် ထူးဆန်းသောကုန်းမြေတစ်ခုကို မြင်သည်။ ထိုကုန်းမြေသည် အလွန်ကျယ်ပြောသည်။ ထိုမှတ်ဉာဏ်များ၏ ပိုင်ရှင်သည်ပင် အနှီကုန်းမြေ၏ အဆုံးသပ်ကို လုံးဝ မမြင်ဖူးခဲ့ပုံပင်။ ထိုမှတ်ဉာဏ်ပိုင်ရှင်သည် အတွင်းနှင့်အပြင်နယ်မြေအကွာအဝေးများလောက်သာ အဝေးဆုံး သွားရောက်ခဲ့၏။ သို့သော် ထိုအကွာအဝေးသည် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၏ အပုံတစ်သောင်းပုံ တစ်ပုံသာ ရှိပေသည်။

ယင်းကုန်းမြေ၌ အသိသာဆုံးအရာကမူ ကောင်းကင်ထက်ရှိ နေကိုးစင်း ဖြစ်၏။ ထိုနေမင်းများသည်‌ ကောင်းကင်ယံတွင် တွဲခိုနေကာ ယင်းတို့၏အလင်းက ကမ္ဘာမြေကို ခြုံလွှမ်းထား၏။

ထိုအဘိုးအို၏မှတ်ဉာဏ်များကို စုပ်ယူပြီးနောက် ဝမ်လင်းသည် နေကိုးစင်းကို တွေ့မြင်ရသည့်အခါ သူသည် ရှေးဟောင်းဒဏ္ဌာရီတစ်ခုကို ဖမ်းဆုပ်နိုင်သည့် မှတ်ဉာဏ်တစ်ခုကို တွေ့ရှိလိုက်ရသည်။

ထိုဒဏ္ဌာရီမှာ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေပေါ်ရှိ နေကိုးစင်းသည် မဟာအင်ပါယာကိုးယောက်ကို ကိုယ်စားပြုခြင်း ဖြစ်၏။ ထိုအဘိုးအို၏ သခင်၊ ခုနစ်ရောင်စုံရုပ်တုမှ လူသည်ပင် ထိုအဆင့်သို့ မရောက်သေးပေ။

ယင်းဒဏ္ဌာရီ၌ နေကိုးစင်းသည် အကန့်အသတ် ဖြစ်၏။ ပြောကြသည်မှာ ဆယ်စင်းမြောက်နေမင်း အင်မောတယ်ကောင်းကင်ဘုံနယ်မြေတွင် ပေါ်လာခဲ့ပါက အတိုင်းမသိကပ်ဘေးများ ဖြစ်ပွားလိမ့်မည် ဟူ၏။

ထိုအဘိုးအိုမှာ သည်အင်မောတယ်ကုန်းမြေတွင် မွေးဖွားခဲ့သူ ဖြစ်သည်။ သူ ကြီးပြင်းလာသည့်အခါ ကလန်တစ်ခုသို့ ဝင်ရောက်ခဲ့၏။ ထိုကလန်ကို တာအိုခုနစ်ခုကလန်ဟု ခေါ်သည်။

တာအိုခုနစ်ခုကလန်၏ ကလန်ခေါင်းဆောင်များမှာ တာအိုလက်တွဲဖော်နှစ်ယောက် ဖြစ်၏။ တစ်ယောက်မှာ ခုနစ်ရောင်စုံလူ ဖြစ်သည်။ သူ့ကို ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူဟု ခေါ်ပေသည်။

သူ၏ကျင့်ကြံမှုအဆင့်မှာ ဆန်းကြယ်လှ၏။ သူသည် သူ့ကိုယ်ပိုင်ကလန်ကို ထူထောင်ခဲ့ပြီး တပည့်များစွာကို စုဆောင်းခဲ့သည်။ ကလန်တည်ထောင်ပြီး နှစ်ပေါင်းသောင်းချီ ကုန်လွန်ခဲ့စဉ် အချိန်အတွင်း ကလန်သည် ကပ်ဘေးများစွာကို ရင်ဆိုင်ခဲ့ရ၏။ သို့သော် အဆုံးသပ်တွင်မူ ထိုအန္တရာယ်အဖုံဖုံမှာ သည်တာအိုစုံတွဲကြောင့် ဖြေရှင်းနိုင်ခဲ့သည်ပင်။ သူတို့စုံတွဲသည် ဒီဒေသတွင် တဖြည်းဖြည်း ကျော်ကြားလာခဲ့၏။

အချိန်ကုန်လွန်လာသည်နှင့်အမျှ ထိုအဘိုးအိုသည် ကောင်းကင်ဘုံတပ်သားတစ်ရာထဲတွင် တစ်ယောက် အပါအဝင် ဖြစ်လာကာ တာအိုခုနစ်ခုကလန်၌ အစွမ်းထက်ကျွမ်းကျင်သူတစ်ယောက် ဖြစ်လာခဲ့တော့သည်။

သူသည် ဟင်္သာငှက်၊အဇူရာနဂါး၊ ကျားဖြူ၊ လိပ်နက်တို့၏ အောက်တွင်သာ ရှိလေ၏။ သူ၏အဆင့်အတန်းမှာ မြင့်မားကာ သူ လိုချင်သည့် မည်သည့်ဆေးလုံးများကို မဆို ရရှိနိုင်ပေသည်။

တစ်နေ့တွင်တော့…

ထိုအဘိုးအို၏မှတ်ဉာဏ်ထဲ၌ တာအိုခုနစ်ခုကလန်၏ အပြင်ဘက်ကနေ တောက်ပသောအလင်း ထွက်ပေါ်လာ၏။ ထိုအော်ရသည် ကုန်းမြေကို ခြုံလွှမ်းကာ သူ့ကိုပါ ထိတ်လန့်စေမိသည်။

ထိုဖိအားအောက်၌ ညဘက်တွင် မပေါ်လာသင့်သော နေနှစ်စင်းသည် ကြောက်လန့်နေသော ထိုအဘိုးအို၏ရှေ့တွင် ပေါ်လာခဲ့ပေသည်။

ရုတ်တရက် ပေါ်လာသော နေနှစ်စင်းက ညကို လင်းထင်းစေ၏။ အဘိုးအိုသည် တုန်ယင်ကာ ဤခမ်းနားလှသည့် မြင်ကွင်းကို ကြည့်ကာ ထိုနေမင်းကို ကိုယ်စားပြုသည့် ဒဏ္ဌာရီတစ်ခုကို အမှတ်ရသွားသည်။

အတိုင်းမသိ ကြောက်ရွှံ့နေရင်း သူသည် မြည်ဟည်းသံများ၊ သူ့ဒွာရပေါက်များမှ သွေးများ စိမ့်ထွက်လာစေသော အော်သံဟစ်သံများကို ကြားလိုက်ရ၏။ သူ့စိတ်မှာ တုန်ရီကာ သူ သတိမေ့သွားပေသည်။

သူ သတိ မမေ့ခင် အခိုက်၌ သူသည် ကလန်ခေါင်းဆောင်နှင့် သူ့တာအိုလက်တွဲဖော်တို့သည် ထိုနေနှစ်စင်း ထွက်ပေါ်လာသော နေရာသို့ ဦးတည်တိုးဝင်ကာ တိုက်ခိုက်ကြသည်ကို အာရုံခံစားမိခဲ့သေးသည်။

ရက်ပေါင်းများစွာ ကြာပြီးနောက်မှ သူ ပြန်နိုးထလာခဲ့၏။ သူသည် သူ၏ကျင့်ကြံမှုသည် အဆင့်အနည်းငယ် လျှော့ကျသွားသည်ကို ခါးသီးစွာ တွေ့မြင်လိုက်ရသည်။ လအနည်းငယ် ကြာပြီးနောက် ခုနစ်ရောင်စုံတာအိုကလန်၏ ကလန်ခေါင်းဆောင်သည် တစ်ကိုယ်တည်း ပြန်လာခဲ့သည်။ သူ၏အမူအရာမှာ သုန်မှုန်နေသော်လည်း သူ့မျက်လုံးတို့ကမူ တောက်ပနေခဲ့၏။

ခုနစ်ရောင်စုံ ကောင်းကင်ဘုံအုပ်စိုးသူသည် သူ၏တာအိုလက်တွဲဖော် မည်သည့်နေရာသို့ ရောက်သွားသည်ကို မပြောပြခဲ့ပေ။ ထိုအစား သူသည် တပည့်အချို့၊ ကောင်းကင်ဘုံအင်ပါယာကိုယ်လုပ်တော်များ၊ တပ်သားတစ်ရာ၊ ဗိုလ်ချုပ်လေးယောက်( ကျားဖြူ၊လိပ်နက်၊အဇူရာနဂါး၊ဟင်္သာငှက်) တို့ကို သူ ဖန်တီးထားသည့် လှိုဏ်ဂူလောကသို့ ခေါ်ဆောင်ခဲ့လေ၏။ သူသည် လှိုဏ်ဂူလောကကို ချိပ်ပိတ်ကာ ၎င်းပေါ်တွင် မရေမတွက်နိုင်သောချိပ်ပိတ်မှုများ နေရာချသည်။ သူသည် သည်အဘိုးအိုပင် တစ်ခါမျှ မမြင်ဖူးသော ရတနာအချို့ကိုပါ ထုတ်ယူ၍ လှိုဏ်ဂူကို ချိပ်ပိတ်လိုက်လေသည်။

မှတ်ဉာဏ်သလင်းသည် အက်ကြောင်းများ ဖြစ်ပေါ်နေခြင်းကြောင့် ထိုအဘိုးအို၏ မှတ်ဉာဏ်သည် တစစီ ဖြစ်နေ၏။

သို့သော် ဝမ်လင်းသည် ထိုမှတ်ဉာဏ်အစိတ်အပိုင်းတစ်ခုအတွင်း၌ အမျိုးသမီးတစ်ယောက်ကိုလည်း တွေ့မြင်သည်။ သူမသည် ငွေရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ကောင်းကင်ဘုံအုပ်စိုးသူ၏ ကိုယ်လုပ်တော်များထဲမှ တစ်ယောက် ဖြစ်သည်။

ဝမ်လင်းသည် ထိုအမျိုးသမီးနှင့် ရင်းနှီးပေ၏။ သူက သူမကို တွေ့မြင်သည့်အခါ အတိတ်တုန်းက အဖြစ်အပျက်နှာ ရှင်းလင်းစွာ ပြန်ချိတ်ဆက်မိသွားသည်။ ထိုအမျိုးသမီးမှာ ခုနစ်ရောင်စုံရုပ်တုကို ကြောက်လန့်နေသော ဝမ်လင်း၏သိုလှောင်နေရာလွတ်ထဲရှိ ငွေရောင်အမျိုးသမီးအလောင်းပင်။

နောက်ထပ် မှတ်ဉာဏ်အစိတ်အပိုင်းတစ်ခုအတွင်း၌ ဝမ်လင်းသည် ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူကို တွေ့မြင်သည်။ ယင်းအုပ်စိုးသူကို အတွင်းနယ်မြေက ရှေးဟောင်းကောင်းကင်ဘုံအင်ပါယာဟု သိရှိထားကြ၏။ သူသည် ခုနစ်ရောင်စုံရုပ်တုလူနှင့် အတူတူပင် ဖြစ်၏။

ထိုသူက လူတိုင်းကို လှိုဏ်ဂူလောကအတွင်းသို့ ခေါ်ဆောင်ခဲ့ကာ ဝင်ပေါက်နှင့်ထွက်ပေါက်ကို ချိပ်ပိတ်လိုက်တော့သည်။ ထို့နောက် သူသည် ထွက်ခွာသွားကာ တစ်ခုခုကို သွားလုပ်ဆောင်သည်။ ကောင်းကင်ဘုံအင်ပါယာကိုယ်လုပ်တော်များ၊ တပ်သားများနှင့် ဗိုလ်ချုပ်လေးယောက်တို့သည် သူတို့၏ ကောင်းကင်ဘုံအုပ်စိုးသူ မည်သည့်အရာကို လုပ်နေသည်ကို မသိပေ။ သို့ပေမည့် မည်သူကမျှ မေးခွန်းမထုတ်ဝံ့ကြပေ။ ထို့ကြောင့် သူတို့သည် တံခါးပိတ်ကျင့်ကြံကာ ကောင်းကင်ဘုံအုပ်စိုးသူ သူတို့အား ဆင့်ခေါ်မည်ကို စောင့်နေခဲ့ကြသည်။

တနေ့တွင်တော့ လှိုဏ်ဂူလောက၏ အပြင်ဘက်မှ သုန်မှုန်သောအသံတစ်သံ ထွက်ပေါ်လာ၏။ ထိုအသံသည် ကျင့်ကြံနေသော လူတိုင်းကို နိုးထလာစေတော့သည်။

“ခုနစ်ရောင်စုံတာအိုအုပ်စိုးသူ၊ မင်းဟာ မင်းရဲ့ တာအိုလက်တွဲဖော်ကို ချန်ထားခဲ့ပြီး အဝေးကို ထွက်သွားခဲ့တယ်။ ဒါ့ကြောင့် မင်းရှိမှာ ကြီးမြတ်တဲ့ရတနာတစ်ခုခု ပိုင်ဆိုင်ထားလိမ့်မယ်။ မင်းဟာ ငါ့ကို ဒီနေရာကို ရောက်လာအောင် စွဲဆောင်နိုင်ဖို့ သဲလွန်စအချို့ကို ချန်ထားခဲ့တယ်။ ဒီရှေးလူက မင်းရဲ့ လက်ထဲမှာ ဘယ်လိုမျိုး လှည့်ကွက်လေးတွေ ရှိနေမလဲ မြင်ချင်မိသေးတယ်…”

ထိုအဘိုးအိုသည် သည်အသံနှင့် မရင်းနှီးပေ။ သို့သော် ထိုအသံထဲ၌ ပြင်းထန်သောဖိအားတစ်ခု ပါဝင်နေ၏။ ထိုကောင်းကင်ဘုံတပ်သား အဘိုးအိုသည် တုန်ယင်ကာ မျက်လုံးဖွင့်လာ၏။ သူ နောက်ထပ် ကြားလိုက်ရသည့်အရာကြောင့် သူသည် အတော်လေးကို လန့်မိသွားလေသည်။

“ရှေးလူယဲ့မို၊ ငါ မင်းကို ဒီနေရာရှိ ဖိတ်ကြားခဲ့တယ်။ ဒါပေမဲ့ မင်းက ဒါကို လှည့်ကွက်တစ်ခုလို့ ပြောနေတယ်။ ဒါဟာ လှည့်ကွက် ဟုတ်၊မဟုတ်…မင်း အဲ့အရာကို တွေ့မြင်တဲ့အခါကျရင် သိလာလိမ့်မယ်…”

ထိုအဘိုးအိုသည် ရှေးလူယဲ့မိုဟူသော နာမည်ကို ကောင်းကောင်းသိပေ၏။ ရှေးနိုင်ငံ၏ အုပ်စိုးသူတစ်ယောက်အနေဖြင့် ရှေးလူယဲ့မိုသည် အတော်လေး ကျော်ကြားလှသည်။

နောက်ထပ် ဆက်ဖြစ်သည့်အရာကမူ မှတ်ဉာဏ်ထဲ၌ ပျက်စီးသွားခဲ့၏။ ထို့ကြောင့် ဝမ်လင်းသည် မည်သို့ဆက်ဖြစ်ပျက်သည်ကို မမြင်နိုင်တော့ပေ။ ဝမ်လင်း တွေ့မြင်လိုက်ရသည့်အရာမှာ နောက်ဆုံးမှတ်ဉာဏ်အစိတ်အပိုင်းတစ်ခု ဖြစ်သည်။

ထိုမှတ်ဉာဏ်အစိတ်အပိုင်းထဲ၌ သူသည် ဗရမ်းဗတာ ဗြောင်းဆန်လှသည့် တိုက်ပွဲတစ်ခုကို တွေ့မြင်၏။ သို့သော် ယင်းတိုက်ပွဲမြင်ကွင်းမှာ ဝေဝါးနေသဖြင့် တိုက်ပွဲတွင် ပါဝင်သူတိုင်းကို သေသေချာချာ မမြင်ရပေ။ သူသည် တပ်သားတစ်ရာ၊ ဗိုလ်ချုပ်လေးယောက်နှင့် အင်ပါယာကိုယ်လုပ်တော်များက လူသုံးယောက်နှင့် တိုက်ခိုက်နေသည်ကိုသာ မြင်နိုင်သည်။

ထိုသုံးယောက်မှာလည်း ဝေဝါးနေပြီး ရွှေရောင်အလင်းတောက်ပလွန်းသဖြင့် မည်သူမည်ဝါဖြစ်သည်ကို ရှင်းရှင်းလင်းလင်း မြင်ရဖို့ မဖြစ်နိုင်တော့ပေ။ ထိုတိုက်ပွဲ၌ လူပေါင်းများစွာ သေဆုံးပြီး အချိန်အတော်ကြာခဲ့၏။ ထိုသုံးယောက်ထဲမှ တစ်ယောက်က ရွှေရောင်အလင်းကို ထုတ်လွှတ်ကာ ရယ်မောလေသည်။ သူသည် တာအိုခုနစ်ခုကလန်မှ လူများကို သိမ်းကြုံး ဖြတ်ကျော်ကာ ကျောက်တံခါးတစ်ခုထံသို့ ဦးတည်လေ၏။

“ဒီဘုရင် ကိုယ်တိုင် ရောက်လာခဲ့ပြီ။ ခုနစ်ရောင်စုံအုပ်စိုးသူကောင်လေး…မင်း ထွက်လာပြီး ငါ့ရှေ့မှာ လာဒူးမထောက်သေးဘူးလား…” ထိုလူ့ထံမှ ရယ်သံသည် ရွှေရောင်အလင်းတို့ဖြင့် ဖုံးနေ၏။ သို့သော် ဝမ်လင်းသည် ထိုအသံကို ကြားလိုက်ရသည့်အခါ သူ့စိတ်မှာ တုန်လှုပ်မိသွားသည်။

ထိုနေရာ၌ ကောင်းကင်ဘုံတပ်သားအဘိုးအို၏ မှတ်ဉာဏ်မှာ အဆုံးသပ်သွားလေ၏။

ဝမ်လင်းသည် ရုတ်တရက် မျက်လုံးပြန်ဖွင့်လာပြီး မှတ်ဉာဏ်သလင်းကို ဖိညှစ်လိုက်ရာ ယင်းသည် အမှုန်အမွှားအဖြစ် ပျက်စီး၍ လေထဲတွင် ပျောက်ကွယ်သွားတော့သည်။

“အရူးရဲ့အသံ…” ဝမ်လင်းသည် အသက်ဝဝရှုသွင်းမိလိုက်၏။ သူ့နတ်ဘုရားအာရုံကို သိုလှောင်အိတ်ထဲသို့ ဝင်ရောက်စေလိုက်သည်။ သူသည် အရူးမှာ အိပ်ပျော်နေဆဲ ဖြစ်သည်ကို တွေ့မြင်သည်။ အရူး၏မျက်နှာထက်တွင်လည်း ကြောင်တောင်တောင်အပြုံးတစ်ခု ရှိနေဆဲပင်။

စဉ်းစားနေရင်း ဝမ်လင်း၏အမူအရာမှာ သုန်မှုန်လာ၏။ ထိုမှတ်ဉာဏ်များသည် သူ့မေးခွန်းတော်တော်များများကို ဖြေရှင်းဖို့ ကူညီပေးနိုင်ခဲ့သော်လည်း သူ့သံသယကိုပါ မြင့်တက်လာစေခဲ့တော့သည်။

“ရှေးလူယဲ့မိုအကြောင်းကိုတော့ ငါ သိထားတယ်။ ဒါ့အပြင် အရူး လှိုဏ်ဂူလောကကို ရောက်လာခဲ့တာနဲ့ ပတ်သတ်လို့လည်း ငါ့မှာ ထင်မြင်ချက်အချို့ ရှိတယ်။ ဒါ့အပြင် ငွေရောင်အမျိုးသမီး ပြောခဲ့တာက သူမဟာ တံခါးကို မဖွင့်လှစ်ခဲ့ဖူးတဲ့။ အဲ့တံခါးဟာ အရူး လှိုဏ်ဂူလောကို ဝင်ရောက်လာတဲ့ တံခါးများ ဖြစ်နိုင်မလား…”

“ဒီစစ်ပွဲကြောင့် အရူးဟာ စိတ်လွတ်သွားပြီး ရူးသွားခဲ့တယ်။ ရှေးဟောင်းကောင်းကင်ဘုံနယ်မြေကလည်း အပျက်အစီးပုံဘဝ ရောက်သွားခဲ့ပြီး တာအိုခုနစ်ခုကလန်ရဲ့ ကြွင်းကျန်ခဲ့တဲ့သူတွေကတော့ တံခါးပိတ်ကျင့်ကြံနေရတဲ့ အခြေအနေ ရောက်သွားခဲ့တဲ့ ပုံပဲ…”

“လှိုဏ်ဂူလောကရဲ့ အရှင်သခင်၊ တာအိုခုနစ်ခုကလန်ရဲ့ ကလန်ခေါင်းဆောင် ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူဟာလည်း ဒဏ်ရာအပြင်းအထန် ရသွားလောက်တယ်။ ဒီအချက်တွေဟာ မှန်လား၊မှားလားတော့ မသိရဘူး။ ဒါသာ အမှန်ဖြစ်ခဲ့ရင် သူတို့ဟာ ကောင်းကင်ဘုံတာအိုလို့ခေါ်တဲ့အရာအတွက်လား ဒါမှမဟုတ် ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့အတွက်များ တိုက်ခိုက်ခဲ့ကြတာလား။ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့နဲ့ ကောင်းကင်ဘုံတာအိုကြားက ဆက်နွှယ်မှုကရော ဘာများ ဖြစ်မလဲ…”

“ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ဟာ သံလိုက်အိမ်မြှောင်ရတနာတစ်ခုရဲ့ အစိတ်အပိုင်းတစ်ခုပဲ။ ဒါ့ကြောင့် ဒါဟာ ကောင်းကင်ဘုံတာအိုတော့ မဖြစ်နိုင်လောက်ဘူး။ ဒီပုတီးစေ့ဟာ ဘာများဖြစ်မလဲ၊ ဘယ်နေရာကနေများ ရောက်လာခဲ့တာလဲ…”

ဝမ်လင်းသည် မျက်မှောင်ကြုတ်နေ၏။ သူ့မျက်လုံးသည် တလက်လက် ဖြစ်သွားသည်။

“ဒါ့အပြင် စစ်ပွဲပြီးတဲ့နောက် ပြင်ပနယ်မြေမှာ ဆန်းကြယ်တဲ့ပြင်ပကျင့်ကြံသူတွေ ပေါ်လာခဲ့တဲ့အကြောင်းကို ငါ ပြန့်ကြဲမိုးကြိုးကလန်ကနေ သိခဲ့ရတယ်။ စိတ်ဝိညာဉ်ကျာပွတ်ဟာ သူတို့ရဲ့ လက်နက်တွေထဲက တစ်ခုပဲ…”

“အဲ့လူတွေက ဘယ်သူတွေလဲ…” ဝမ်လင်းသည် လိုက်ကာစကို လှစ်တင်မိသလို ခပ်ရေးရေး ခံစားမိ၏။ သူသည် ဟိုးလွန်ခဲ့သော နှစ်ပေါင်းမရေမတွက်ခင် အချိန်တုန်းက ဖြစ်ပျက်ခဲ့သည့်အရာများ၏ အဖြေနှင့် နီးကပ်လာသလို ခံစားမိလေသည်။

***

All Chapters