ကောင်းကင်ဘုံသားတွေဟာ ဘာမှ ပိုမထူးခြားဘူး…
Vol. 123 Ch. 1693
“ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူဟာ ဒဏ်ရာအပြင်းအထန် ရခဲ့ပြီး တံခါးပိတ်ကျင့်ကြံခဲ့ရတာ ဖြစ်မယ်။ အဲ့ဒီနောက် ငါဟာ တောက်ပသောလေဟာနယ်ရဲ့ ခုနစ်ရောင်စုံလောကထဲမှာ ခုနစ်ရောင်စုံတာအိုသခင်ဆိုတဲ့သူကို တွေ့ခဲ့ရတယ်…”
ဝမ်လင်းသည် သူ့နားထင်ကို ပွတ်သပ်ကာ သည်ရှုပ်ထွေးလှသော ကိစ္စရပ်များအကြောင်း ဆက်မတွေးတော့ပေ။ သူသည် အဝေးရှိ အော်ရာလေးခုထံသို့ ကြည့်လိုက်၏။
အမှန်တော့ သူ ဒီရှေးဟောင်းကောင်းကင်ဘုံနယ်မြေအတွင်းသို့ စဝင်လာကတည်းက ထိုအော်ရာလေးခုကို ခံစားမိခဲ့၏။ သူ ဒီနေရာသို့ ရောက်လာရသည့်အကြောင်းရင်းမှာ ရုပ်တုများကို ဖျက်စီးပစ်ဖို့အပြင် ယင်းအော်ရာလေးခုကြား၌ သူနှင့် တရင်းတနှီးရှိသော အော်ရာပိုင်ရှင်နှင့် တွေ့ဖို့ ဖြစ်သည်။
သူသည် တချို့အရာများကိုလည်း နားလည်လာခဲ့၏။ သူသည် သူနှင့်ရင်းနှီးသော ထိုလူ့ကို ရှာကာ သဘောတူညီချက်တစ်ခု ပြုလုပ်မည် ဖြစ်၏။
သူ ရှေ့သို့ လှမ်းကာ ဒီနယ်မြေ၏ အတွင်းနက်ပိုင်းသို့ လှမ်းဝင်လာ၏။
သူ တရကြမ်း တိုးဝင်လာပြီး ကီလိုမီတာသန်းချီကို ဖြတ်သန်းခဲ့ပြီးနောက် သူ၏အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်သည်။ မုန်တိုင်းတစ်ခုသည် ဒီဖျက်စီးခံလိုက်ရသော ဧရိယာအပြင်ဘက်ရှိ ကျန်နေသေးသည့် ရှေးကလန်သုံးခုဝင် ရုပ်တုများထံ ရိုက်ခတ်သွားချေသည်။
ကျယ်လောင်စွာ မြည်ဟည်းသံတို့ ပဲ့တင်ထပ်ကာ ထိုရုပ်တုများသည် တစ်ခုပြီးတစ်ခု ပျက်စီးကုန်သည်။ ဝမ်လင်းသည် မရပ်တန့်ပေ။ သူသည် ရှေ့သို့ သုန်မှုန်စွာ ဆက်တိုးလာသည်။ မြေပြင်ထက်ရှိ ထိုရုပ်တုများသည် ဆက်တိုက် ပျက်စီးကာ အချို့ဒဏ်ရာကုသနေသော ကောင်းကင်ဘုံသားများမှာ နိုးထလာကုန်သည်။ သူတိုအားလုံး အလျင်အမြန် ပေါ်လာကာ နောက်သို့ ဆုတ်ကြသည်။
စက္ကန့်ပိုင်းအတွင်း ဝမ်လင်းပတ်လည်၌ ကောင်းကင်ဘုံသား ခုနစ်ယောက်၊ ရှစ်ယောက်ခန့် ပေါ်လာ၏။ သူတို့ထံမှ ရွှေရောင်အလင်းကို ပေးစွမ်းလျက် သူတို့၏မျက်လုံးထဲတွင်လည်း ဒေါသတို့ ပြည့်နှက်နေသည်။ သူတို့က ဝမ်လင်းကို စိုက်ကြည့်နေ၏။ သို့သော် မည်သူကမျှ စကားမဆိုပေ။
ဝမ်လင်းကလည်း သူတို့ကို ကြည့်ပင် မကြည့်ပေ။ ထိုလူများသည် အရင်တုန်းက အစွမ်းထက်ခဲ့ကြ၏။ သို့သော် သူတို့သည် ခုချိန်၌ မည်သို့မျှ စိတ်ဝင်စားမှု မပေးနိုင်တော့ပေ။ ဝမ်လင်းအနေဖြင့် ထိုသူတို့၏ စိတ်ဝိညာဉ်များကို ရှာဖွေရခြင်းမှာ မည်မျှခက်ခဲသည်ကို တွေးမိချိန်၌ သူသည် ထိုအကြံကို လက်လျှော့လိုက်ပြီး ထိုသူတို့ကို သူ့နောက် အဝေးမှ ကပ်လိုက်လာခြင်းကို ခွင့်ပြုထားလိုက်သည်။
သို့ပေမည့် တစ်ယောက်ယောက်က သူ့ကို တိုက်ခိုက်လာရဲပါက ဝမ်လင်းသည် ကောင်းကင်ဘုံသားအချို့ကို သတ်ပစ်ဖို့ စိတ်ထဲထားနေမည် မဟုတ်ပေ။ တကယ်တော့ ဝမ်လင်းသည် လုံလုံလောက်လောက် မသတ်ဖြတ်ရသေးပေ။ သူ့ထံ၌ တခြားအစီအစဉ် ရှိနေခြင်းကြောင့်သာ မဟုတ်ပါက ထိုလူများသည် ဝမ်လင်း၏ရှေ့၌ ရှင်သန်ဖို့ အခွင့်အရေး ရှိလိမ့်မည် မဟုတ်ပေ။
ရှေ့ဆက်တိုးလာရင်း ဝမ်လင်း၏ရှေ့၌ ဧရာမရုပ်တုလေးခု ပေါ်လာ၏။ ထိုရုပ်တုများသည် မိုးထိမြင့်မားလှချေ၏။
ယင်းရုပ်တုလေးခု၏ နောက်တွင် ရှေးကလန်သုံးခု၏ ရုပ်တုမြောက်များစွာလည်း ရှိနေသည်။
ထိုရုပ်တုလေးခုလုံး၏ မျက်ခုံးနှစ်ခုကြား၌ ဝဲကတော့တစ်ခုစီသည် ဖြည်းဖြည်းချင်း လှည့်ပတ်နေသည်။ ဝမ်လင်း၏အကြည့်က သူတို့ထံ ကျရောက်သွားရာ သူသည် ရုပ်တုများအတွင်းရှိ လွှမ်းမိုးနိုင်သောအော်ရာများကို ခံစားမိလိုက်သည်။
ဝမ်လင်းက ထိုအော်ရာလေးခုထဲမှ တစ်ခုနှင့် အတော့်ကို တရင်းတနှီး ရှိပေ၏။ ထိုအော်ရာသည် ဟင်္သာငှက်ထံမှ လာခြင်းပင်။
ထိုအော်ရာသည် ဟင်္သာငှက်ဘိုးဘေးကဲ့သို့ ခံစားမှုကို ပေးစွမ်းသည်။ ဝမ်လင်းသည် ပြိုလဲကုန်းမြေ၌ ပထမမျိုးဆက်ဟင်္သာငှက်ကို တွေ့မြင်ခဲ့ချိန်ကလည်း ဤသို့ တူညီသောခံစားမှုကို ရခဲ့ဖူးသည်။
“ဟင်္သာငှက်…” ဝမ်လင်း၏မျက်လုံးသည် ကျဉ်းမြောင်းသွား၏။ ထိုရုပ်တုလေးခုထံမှ တစ်ခု၏ အော်ရာမှာ ပြိုလဲကုန်းမြေရှိ ပထမမျိုးဆက်ဟင်္သာငှက်ထံမှ အော်ရာနှင့် အလွန်တရာ တူညီနေသည်။ ထိုနှစ်ယောက်တွင် တစ်ယောက်မှာ ကိုယ်ပွားတစ်ခု ဖြစ်နေသည်မှာ သိသာပေသည်။
“ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူရဲ့ ဟင်္သာငှက်ဗိုလ်ချုပ်၊ ထွက်လာပြီး ငါ့ကို လာတွေ့ပါ…” ဝမ်လင်းသည် ရပ်တန့်လိုက်၏။ သူသည် လေထဲတွင် ရပ်ကာ စကားဆိုသည်။ သူ၏အသံသည် တည်ငြိမ်ကာ အဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
သူသည် နေရာတွင်ပင် ရပ်နေလျက် အစွမ်းထက်ဖိအားကို ပေးစွမ်းလို့နေသည်။
ဝမ်လင်း၏စကားလုံးများ ပဲ့တင်ထပ်နေရင်း အရာအားလုံးမှာ ငြိမ်သက်လို့နေသည်။ သူ့နောက်သို့ လိုက်လာသော ကောင်းကင်ဘုံသားခုနစ်ယောက်၊ရှစ်ယောက်သည်လည်း ရပ်တန့်ကာ အေးစက်စက်အကြည့်ဖြင့် သူ့ထံ လှမ်းကြည့်နေသည်။
“မောက်မာလိုက်တဲ့ ကောင်လေး၊ မင်းဟာ ဒီကိုလာတဲ့ လမ်းတစ်လျှောက် သန္ဓေသားလောင်း ရုပ်တု အမြောက်အများကို ဖျက်စီးခဲ့တယ်။ ငါ့ရဲ့ ကောင်းကင်ဘုံသားတွေကိုလည်း သတ်ခဲ့သေးတယ်။ မင်းရဲ့ ဒီလုပ်ရပ်တွေနဲ့တင် ဆိုးဝါးလွန်းနေခဲ့ပြီ။ ဒီကျားဖြူအဘိုးအိုက ဟင်္သာငှက်ကိုယ်စား မင်းကို သင်ခန်းစာကောင်းကောင်းပေးမှ ဖြစ်မယ်…” သုန်မှုန်သောအသံတစ်သံသည် တိတ်ဆိတ်မှုကို ဖြိုခွင်းကာ ထွက်ပေါ်လာပြီး ဝဲကတော့များထဲမှ တစ်ခုထံမှ အဖြူရောင်ဝတ်စုံဖြင့် အဘိုးအိုတစ်ယောက် လှမ်းထွက်လာသည်။ သူ့မျက်နှာမှာ ပါးရေနားရေတွန့်နေလေပြီ။ သူ့ခန္ဓာကိုယ်ထံမှ အလွန်ရှေးကျမှု အော်ရာကို ပေးစွမ်းနေ၏။
ခြေတစ်လှမ်းဖြင့်ပင် သူသည် ရုပ်တု၏ ဝဲကတော့ထံမှ လှမ်းထွက်ကာ ဝမ်လင်းထံ တိုးဝင်လာ၏။ သူသည် အလွန်မြန်သည်။ သူ့လှုပ်ရှားမှုတိုင်းက တဝီဝီမြည်နေ၏။ ထိုမြည်သံမှာ ကျားတစ်ကောင်ဟိန်းသံအလား။
ဝမ်လင်း၏အမြင်အာရုံ၌ ထိုအဘိုးအို၏နောက်တွင် ဧရာမအရိပ်တစ်ခု ပေါ်လာချေ၏။ ထိုအရိပ်မှာ ဧရာမကျားဖြူကြီး ဖြစ်သည်။
ယင်းကျားကြီးက ရန်လိုဟန်အကြည့်ကို လှစ်ဟ ဖော်ကာ လောကကို ဖိနှိပ်နိုင်သည့် ဖိအားကို ပေးစွမ်းနေ၏။ ထိုအဘိုးအိုသည် ဆန်းကြယ်လေဟာနယ်အလယ်အဆင့်တွင် ရှိကာ အစွမ်းထက်ကျင့်ကြံမှုကို ပိုင်ဆိုင်ထားပေ၏။
ဝမ်လင်းသည် ထိုအဘိုးအိုကို ကြည့်နေလျက် သူ၏အမူအရာမှာ တည်ငြိမ်နေမြဲပင်။ သူက ညာလက်ဖြင့် လက်သီးစုပ်ကာ ယင်းအဘိုးအိုထံ လက်သီးတစ်လုံး ပစ်သွင်းလိုက်၏။ လက်သီးချက်နှင့်အဘိုးအိုတို့ ထိပ်တိုက်တွေ့သည့်အခါ ကျယ်လောင်စွာ မြည်ဟည်း၏။ မြေပြင်ထုပါ တုန်ခါသွားသည်။
အဆုံးသပ်၌ ဆံဖြူအဘိုးအိုသည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရ၏။ သူ၏မျက်လုံးထဲ၌ ထိတ်လန့်မှုတို့ ဖြစ်ပေါ်သွားသည်။
ဝမ်လင်း၏ခန္ဓာကိုယ်မှာလည်း လှုပ်ခနဲ ဖြစ်သွား၏။ သူသည် နောက်သို့ မဆုတ်၊ ထိုအဘိုးအိုထံ တည်ငြိမ်စွာ ကြည့်၍ ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“သင့်ရဲ့ ဒဏ်ရာတွေ အပြည့်အဝ ပြန်ကောင်းမွန်နေရင်တော့ သင် ငါ့ကို တိုက်ခိုက်နိုင်လိမ့်မယ်။ ဒါပေမဲ့ ခုချိန်မှာတော့ သင်ဟာ ငါ့ပြိုင်ဘက်မဟုတ်ဘူး။ သင် နောက်ထပ် ခြေတစ်လှမ်းထပ်လှမ်းရင် ငါ သင့်ကို သတ်ရလိမ့်မယ်…”
ဝမ်လင်း၏အသံသည် ပေါ့ပါး၏။ အေးစက်မှုလည်း ရှိမနေသလို သတ်ဖြတ်လိုစိတ်လည်း မပါဝင်ပေ။ သူသည် တည်တည်ငြိမ်ငြိမ်ပင် ချက်ကျလက်ကျ စပြောသည်။ သူ့အသံ ဆံဖြူအဘိုးအို၏ နားထဲ ဝင်ရောက်လာသည့်အခါ ထိုအဘိုးအိုသည် ငြိမ်သက်စွာ စဉ်းစားသွားသည်။ အစောလေးက တိုက်ခိုက်မှုသည် သူတို့နှစ်ယောက်လုံးအနေဖြင့် စမ်းသပ်လိုက်ရုံမျှ ဖြစ်၏။ ထိုတိုက်ခိုက်မှုကို ဖလှယ်လိုက်ပြီးနောက် ယင်းအဘိုးအိုသည် ဝမ်လင်းကို ပို၍ ရှိန်သွားမိသည်။
သို့သော် သူသည် ဝမ်လင်း သူ့ကို ပြောလိုက်ရုံဖြင့် နောက်မဆုတ်နိုင်ပေ။ သည်အခိုက်၌ သူသည် လက်သီးခပ်တင်းတင်းဆုပ်ကာ ရှေ့သို့ လှမ်းရန် ဟန်ပြင်လိုက်၏။
ထိုစဉ် ဝမ်လင်း၏အကြည့်က ထိုအဘိုးအိုထံ ကျရောက်သွားသည်။ ဆံဖြူအဘိုးအို၏စိတ်သည် တုန်ယင်သွားကာ သူ့ခြေလှမ်းကို အလိုလို ပြန်ရုတ်သိမ်းမိသွားသည်။
ဝမ်လင်း၏အကြည့်က ပို၍ တည်ငြိမ်လေလေ သူ့အဖို့ ဖိအား ပိုခံစားမိလေပင်။
“ငါ မင်းကို မသတ်ချင်ဘူး။ ငါ့အမြင်မှာ ဒီရှေးဟောင်းကောင်းကင်ဘုံနယ်မြေဟာ ဘာမှ ထူးခြားမနေဘူး။ အင်မောတယ်ကောင်းကင်ဘုံနယ်မြေရဲ့ မသန်မစွမ်းကျင့်ကြံသူအုပ်စုတစ်စုက သူတို့ကိုယ်သူတို့ လှိုဏ်ဂူလောကမှာ ကောင်းကင်ဘုံသားတွေလို့ ခေါ်ဆိုကြပြီး နိမ့်ကျတဲ့နယ်မြေကပုရွတ်ဆိတ်တွေကို ထိန်းချုပ်ထားကြတယ်တဲ့။ အဓိပ္ပာယ် မရှိလိုက်တာ…”
“ငါ့အမြင်မှာတော့ မင်းတို့အားလုံးဟာလည်း ပုရွတ်ဆိတ်သာသာပဲ…”
ထိုအဘိုးအို၏အမူအရာသည် ပို၍ သုန်မှုန်လာ၏။ သူသည် ဝမ်လင်း ထိုအချက်ကို သိနေခြင်းအပေါ် အံ့အားသင့်မသွားပေ။ သူက ဝမ်လင်း ကောင်းကင်ဘုံသားတစ်ယောက်၏ မှတ်ဉာဏ်ကို စစ်ဆေးကြည့်နေသည်ကို စောင့်ကြည့်နေခဲ့သည် မဟုတ်လား။ ဝမ်လင်းက ကောင်းကင်ဘုံအုပ်စိုးသူ၏ ချိပ်ပိတ်မှုကို ချိုးဖျက်ကာ ကောင်းကင်ဘုံတပ်သားတစ်ယောက်၏ မှတ်ဉာဏ်ကို ရှာဖွေနိုင်ခဲ့သည်ကို တွေ့မြင်သည့်အခါ သူသည် ထိတ်လန့်ခဲ့ရသည် မဟုတ်လား။
ဝမ်လင်းသည် ဆံဖြူအဘိုးအိုကို မကြည့်ပေ။ သူ့အကြည့်က ဒုတိယမြောက်ရုပ်တု၏ မျက်ခုံးနှစ်ခုကြားမှ ဝဲကတော့ထံ ကျရောက်နေ၏။ သူသည် ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ဟင်္သာငှက်…ထွက်လာပြီး ငါ့ကိုလာတွေ့ပါ…”
“ဒါ ငါ နောက်ဆုံးအကြိမ် ပြောတာပဲ။ ငါ သင့်ကိုလာသတ်ပြီး သင့်ရဲ့ စိတ်ဝိညာဉ်ကို လာရှာမှာကို စောင့်မနေနဲ့…” ဝမ်လင်းသည် နေရာတွင်ရပ်ကာ ကောင်းကင်ထက်သို့ တည်ငြိမ်စွာ ကြည့်နေ၏။
မမြင်ရသောဖိအားတစ်ခုသည် သူ၏ခန္ဓာကိုယ်မှ ပျံ့လွင့်လာပြီး ဒီဧရိယာကို ခြုံလွှမ်းလာသည်။
***