ကျားဟိန်းသံ…
Vol. 123 Ch. 1694
ကျားဖြူသည် အေးစက်စက်အကြည့်ကို ထုတ်ဖော်၏။ ဝမ်လင်း၏ ရည်ရွယ်ချက်က သူ့ကို အတော်လေး မသက်မသာ ဖြစ်စေသည်။ သူသည် ဒဏ်ရာကုသခြင်း၌ အရေးတကြီး နှစ်ပိုင်းသို့ ရောက်နေခဲ့ပြီး ဖြစ်သည်။ ဒဏ်ရာကုသသည့် ဥပဒေသများ အလုပ်လုပ်ပုံကြောင့် သူသည် ဆန်းကြယ်လေဟာနယ်အစောပိုင်းအဆင့်ထက် ပိုသည့် ကျင့်ကြံခြင်းကို အသုံးပြု၍ မရနိုင်ပေ။ ထိုထက်ပိုသည့် ကျင့်ကြံခြင်းကို အသုံးပြုလိုက်ပါက အနာဂတ်တွင် သူ့အတွက် ပြဿနာတက်လာနိုင်၏။
မူလတုန်းကတော့ သူက ဆန်းကြယ်လေဟာနယ်အစောပိုင်းအဆင့် စွမ်းအားဖြင့် ဝမ်လင်းကို သတ်ဖို့ လုံလောက်ပြီဟု ထင်ထားခဲ့၏။
သို့သော် ဝမ်လင်းထံမှ တိုက်ခိုက်မှုက ထူးခြားကာ ကျားဖြူအဘိုးအို၏စိတ်ကို တုန်ခါစေခဲ့၏။ ၎င်းက သူ့ကို ဝမ်လင်း၏အစစ်အမှန်ခွန်အားကို ဖြတ်မမြင်နိုင်အောင် လုပ်ခဲ့သည်။
သည့်အပြင် ဝမ်လင်းက ကောင်းကင်ဘုံအုပ်စိုးသူ၏ ချိပ်ပိတ်မှုကို ချိုးဖျက်နိုင်ခဲ့သဖြင့် ကျားဖြူမှာ ရှိန်၍လန့်နေမိခဲ့၏။ သို့သော် သူသည် ကောင်းကင်ဘုံသားတစ်ယောက်အဖြစ် နှစ်ပေါင်းမရေမတွက်နိုင်အောင် ကျင့်ကြံနေထိုင်ခဲ့သည် ဖြစ်ရာ ဝမ်လင်း၏ စကားတစ်ခွန်းနှစ်ခွန်းလောက်ဖြင့် နောက်ပြန်ဆုတ်မိမည် မဟုတ်ပေ။ သူ၏မာနကလည်း ထိုသို့ နောက်ဆုတ်ရန် ခွင့်မပြုပေ။
သူသည် ကောင်းကင်ဘုံသားတစ်ယောက် ဖြစ်၏။ သူ့အမြင်၌ ဝမ်လင်း မည်မျှသန်မာပါစေ ဝမ်လင်းမှာ နိမ့်ကျသည့်နယ်မြေမှ ပုရွတ်ဆိတ်တစ်ကောင်မျှသာ မြင်မိနေ၏။ ဝမ်လင်း ပို၍ တည်ငြိမ်လေလေ ကျားဖြူအဘိုးအိုမှာ ဖိအားကို ပိုခံစားသဖြင့် သာ၍ ဒေါသထွက်လာမိသည်။
သူသည် ဝမ်လင်းကို ဒေါသထွက်ရုံသာမက ကြောက်မိနေသည့် သူ့ကိုယ်သူကိုယ်ပါ ဒေါသ ဖြစ်မိနေသည်။ သူသည် နိမ့်ကျသည့်ပုရွတ်ဆိတ်တစ်ကောင်ကို ဘာကြောင့်များ ကြောက်မိနေသလဲ စိတ်ကူးကြည့်၍ မရ ဖြစ်နေ၏။
မာန်သွင်းလျက် ကျားဖြူအဘိုးအို၏မျက်လုံးထံမှ အဖြူရောင်အလင်းတစ်ခု ထုတ်လွှတ်လာ၏။ ထိုအဖြူရောင်အလင်းထံ၌ အလွန်အစွမ်းထက် လှမ်းမိုးနိုင်သောအော်ရာ ပါဝင်နေသည်။ ထိုအော်ရာသည် သူ၏ကျင့်ကြံမှုနည်းလမ်းမှ ထွက်ပေါ်လာခြင်း ဖြစ်ကာ ယင်းမှာ ကျားဖြူကြယ်၏စွမ်းအားလည်း ဖြစ်သည်။
သူသာ မာန်သွင်းအော်ဟစ်လိုက်ရင်း ရှေ့သို့လှမ်းကာ ဝမ်လင်းထံ တိုးဝင်လာသည်။ သူ့ညာလက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ ကောင်းကင်ထက်သို့ လက်ညွှန်သည်။
“ငါ မင်းကို အတင်းအကြပ် လုပ်တော့ရော ဘာဖြစ်လဲ။ မင်း ငါ့မန္တာန်သုံးခုကို ခုခံနိုင်မှ မင်းအနေနဲ့ ငါတို့နဲ့ စကားပြောခွင့် ရမယ်…” ထိုအဘိုးအို၏အသံက ဟိန်းထွက်လာ၏။
ယင်းဟိန်းအော်သံက ကောင်းကင်တုန်လှုပ်ဖွယ်ပင်။ မြေပြင်ထုကို တုန်ခါစေသည့် ပြင်းထန်သောဖိသိပ်အားတစ်ခုကို ဖြစ်ပေါ်လာစေသည်။
“ပထမပုံစံ၊ ကျားဟိန်းသံဟာ တောင်နဲ့မြစ်ကို လွှမ်းမိုးပစ်မယ်…” ထိုအဘိုးအိုက သူ၏အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်၏။ သူ၏နောက်တွင် ကျားဖြူတစ်ကောင် ပေါ်လာသည်။ ထိုကျားဖြူမှာ ခွန်အားအပြည့်ဟန်ပန် ရှိ၏။ ၎င်း၏မျက်လုံးတို့မှာ အဖြူရောင်ရှိပြီး ဝမ်လင်းကို စိုက်ကြည့်နေ၏။ ၎င်းသည် ဟိန်းအော်လိုက်ချေသည်။
ထိုဟိန်းသံမှာ ကောင်းကင်ကို လှုပ်ခတ်သွားစေ၏။ ရှေးဟောင်းကောင်းကင်ဘုံနယ်မြေ၏ ကောင်းကင်သည်ပင် ပျက်စီးတော့မည့်အလား ထင်မှတ်ရသည်။ ကောင်းကင်ထက်၌ ငါးကြေးခွံကဲ့သို့ အကွက်များ ထလာကာ ဟင်းလင်းပြင်ထဲ၌ မညီမညာအက်ကြောင်းများကို ဖန်တီးသည်။
ဝမ်လင်း၏နောက်ရှိ မြေပြင်ထုသည် အပြင်းအထန် တုန်ခါလာသည်။ လေပြင်းသံ ဟိန်းမြည်ကာ မြေပြင်သည် ပျက်စီးတော့မည့် အရိပ်အယောင် ပြသလာသည်။ တုန်ခါမှုများ ဆက်တိုက် ပျံ့လွင့်နေ၏။
အဝေးမှ ကြည့်ပါက မြေပြင်ထက်တွင် အက်ရာများစွာ ထင်းထင်းထနေသည်ကို တွေ့မြင်နိုင်ပေမည်။ တုန်လှုပ်ဖွယ် မြင်ကွင်းပင်။
ထိုကျား၏ ဟိန်းသံက လောကရှိ တခြားအသံများကို အစားထိုးသွားသည်။ ထိုဟိန်းသံ ပဲ့တင်ထပ်ကာ အစွမ်းထက်အားတစ်ခုအသွင် စုစည်း ဖြစ်ပေါ်လာ၏။
မြေပြင်ထု အက်ကွဲနေရင်း ရုတ်ချည်း ပျက်စီးခြင်း ဆိုက်သည်။ ကောင်းကင်မှာလည်း ပျက်စီးသွားသည့်အလား အစိတ်အပိုင်းများ မွထကုန်၏။ ယင်းအဖြစ်က ဒီလောကကို အမှောင်ထုဖြင့် ခြုံလွှမ်းသွားစေတော့သည်။
ကျားဟိန်းသံမှာ ကျယ်သထက် ကျယ်လောင်လာသည်။
ဝမ်လင်းသည် လေထဲတွင် ရပ်နေရင်း သူ့နားစည်မှာ တုန်ခါသွားလေ၏။ သူ့အထက်ရှိ ကောင်းကင်သည် ပုံပျက်ယွင်း၍ သူ့အောက်ရှိ မြေပြင်ထုမှာ ပြိုလဲပျက်စီးသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံး ကျားဟိန်းသံ၏ ဝန်းရံခြင်း ခံရ၏။ လေပြင်းများက သူ့ဆံပင်နှင့် ဝတ်ရုံကို တလွင့်လွင့် ဖြစ်သွားစေ၏။ လေပြင်းက သူ၏ခန္ဓာကိုယ်ကို စုတ်ဖြဲဖို့ ကြိုးစားလာသည့်နှယ်။
ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားခြင်းကြောင့်သာ မဟုတ်ပါက သူ၏စိတ်ဝိညာဉ်လေဟာနယ် အလယ်အဆင့် ကျင့်ကြံမှုဖြင့်ပင် သူ့ခန္ဓာကိုယ်မှာ ပျက်စီးသွားနိုင်၏။ ထိုအခါကျလျှင် သူ့မူလစိတ်ဝိညာဉ်ပါ ဒဏ်ရာအပြင်းအထန် ရသွားပေလိမ့်မည်။
ကျားဟိန်းသံ၌ ပါဝင်သော ဖိအားမှာ ကောင်းကင်ဘုံ၏ခွန်အားအလား။ ဝမ်လင်း၏အမြင်၌ ထိုကျားထံမှ ခွန်အားသည် အကန့်အသတ်တစ်ခုကို ချိုးဖျက်၍ သက်ရှိအားလုံးကို ဝါးမြိုနိုင်သည့်နှယ်။
ဤနေရာမှာ ရှေးဟောင်းကောင်းကင်ဘုံနယ်မြေ၊ သည်လှိုဏ်ဂူလောက၏ ဗဟိုချက်လည်း ဖြစ်၏။ အတွင်းနယ်မြေ၊အပြင်နယ်မြေတို့တွင်သာ ဖြစ်ခဲ့ပါက ကောင်းကင်သည်ပင် အရောင်များ ပြောင်းလဲသွားနိုင်လောက်၏။ မရေမတွက်နိုင်သော ဂြိုဟ်များနှင့် ဟင်းလင်းပြင်ပါ ပျက်စီးသွားနိုင်လောက်သည်။ ထိုဟိန်းသံကြောင့် ကျင့်ကြံသူ အမြောက်အများလည်း သေဆုံးသွားရပေမည်။
ဝမ်လင်းသည် ထိုကျားဟိန်းသံနှင့် လေပြင်းတို့ကြောင့် နောက်မဆုတ်ပေ။ သူသည် တည်ငြိမ်စွာ မျက်လုံးမှိတ်လျက် ရှိ၏။ သူ မျက်လုံးမှိတ်လိုက်ချိန်၌ ဒီလောကရှိ အရာအားလုံးမှာ အတုအယောင် ဖြစ်လာချေသည်။
ထိုအတုအယောင်သည် သူ့စိတ်ထဲကနေ ဖန်တီးထားသော တစ်စုံတစ်ရာ ဖြစ်၏။ ထို့ကြောင့် ၎င်းမှာ အမှန်တကယ် အစစ်အမှန် မဟုတ်လေပေ။ သို့သော် ဝမ်လင်းက အမှန်အမှားတာအိုကို ဆင်ခြင်နားလည်ခဲ့ပြီးသူ ဖြစ်၏။ သူသည် အတုအယောင်ဟု တွေးလိုက်ပါက သူ၏ခန္ဓာကိုယ်၊ မူလစိတ်ဝိညာဉ်၊ သူ့စိတ်၊ သူ၏အရာအားလုံးမှာလည်း အပြင်ဘက်လောကသည် အတုအယောင်သာ ဖြစ်သည်ဟု တွေးထင်ပေလိမ့်မည်။
အမှန်အမှားအနှစ်သာရသည် ဆန်းကြယ်အနှစ်သာရတစ်ခု ဖြစ်၏။ ၎င်းသည် နှလုံးသားထံမှသာ ပေါ်ပေါက်နိုင်သည်။
ဝမ်လင်း မျက်လုံးမှိတ်လိုက်သည့်အခိုက်တွင် သူဆံပင်များသည် လွင့်ဝဲနေရာကနေ ရပ်တန့်သွား၏။ လေပြင်းများ ပျောက်ကွယ်သွားသည့်အလား။
သို့ပေမည့် အမှန်ကမူ လေပြင်းသည် ပို၍ပင် အားကောင်းလာခဲ့၏။ ကျားဟိန်းသံမှာ ပို၍ ပြင်းထန်လာခဲ့သည်။
မြေပြင်ထု ပျက်စီးမှုသည် ချဲ့ကားထွက်လာကာ ကောင်းကင်၏ ပုံပျက်ယွင်းမှုသည် ပျံ့နှံ့လာ၏။ ဝမ်လင်း၏ခန္ဓာကိုယ်ကမူ မထိမခိုက်သည့်နှယ် တည်ငြိမ်စွာသာ ရှိသည်။
ကျားဖြူအဘိုးအိုက မာန်သွင်းအော်ဟစ်လိုက်ကာ ရှေ့သို့ ခြေလှမ်းလာသည်။ သူသည် လျှပ်စီးတန်းအလား ဝမ်လင်းထံ ရွှေ့လျားလာ၏။
ချက်ခြင်းလိုလို သူ ဝမ်လင်းနား ရောက်လာသည်။ သူက ညာလက်ကို ဝေ့ယမ်းလိုက်ရာ သူ့လက်ဝါးတွင် ရွှေရောင်အလင်း စုဝေး၍ ရွှေရောင်ဓားသွားတစ်လက် ဖြစ်တည်လာသည်။
ထိုဓားသွားသည် ဆယ်ပေရှိ၏။ ကျားဖြူအဘိုးအိုသည် ၎င်းဓားကို ကိုင်ဆောင်သည်။ သူ နီးကပ်လာချိန်၌ သူ့လက်ကို မြှောက်ကာ ဝမ်လင်း၏ခေါင်းထံ ဓားသွားဖြင့် ခုတ်ပိုင်းချလိုက်သည်။
ထိုခုတ်ပိုင်းချက်က ကျားဟိန်းသံကို ပိုပြင်းထန်သွားစေသည်။ ကောင်းကင်သည် အရောင်များ ပြောင်းလဲကာ လေပြင်းများ ပိုအားကောင်းလာသည်။ ဓားသွားက မျက်လုံးမှိတ်ထားသော ဝမ်လင်းထံ ကျဆင်းလာ၏။ မည်သည့်ခုခံမှုမှ ရှိမနေပေ။ ဓားသွားက ဝမ်လင်းထံ တန်းတန်းမတ်မတ် ခုတ်ပိုင်းချလာလေပြီ။
ယင်းကြောက်မက်ဖွယ် ဓားသွားသည် စူးရှစွာ မြည်ဟည်းလျက် ဝမ်လင်းကို ဖြတ်ပိုင်းသွား၏။ သို့သော် ဝမ်လင်း၏ခန္ဓာကိုယ်တွင် မည်သည့်ဒဏ်ရာမှ ပေါ်မလာခဲ့ပေ။ ဤဓားသွားက ဝမ်လင်း၏အရိပ်ကိုသာ ခုတ်ပိုင်းလိုက်သလို ဖြစ်သွားရသည်။
“အမှန်အမှားအနှစ်သာရ၊ အမှန်အမှား အနှစ်သာရ။ သေစမ်း…ကောင်းကင်ဘုံအုပ်စိုးသူက ဆန်းကြယ်အနှစ်သာရတွေ မပေါ်ထွက်လာအောင် ဥပဒေသခုနစ်ခုကို ချမှတ်ထားခဲ့တယ်။ သူသာ ဒဏ်ရာအပြင်းအထန် ရခဲ့ပြီး ဒီဥပဒေသခုနစ်ခုကို ပြန်ရုတ်သိမ်းခဲ့ရတာကြောင့်သာ မဟုတ်ရင် ဒီလူဟာ ဆန်းကြယ်သိမ်မွေ့အနှစ်သာရကို နားလည်နိုင်မယ့် အခွင့်အရေး လုံးဝ ရှိလာမှာ မဟုတ်ဘူး…”
ကျားဖြူအဘိုးအို၏ မျက်လုံးထဲတွင် တုန်လှုပ်မှုတို့ ပြည့်လာ၏။ သို့သော် သူသည် လက်မလျှော့ချင်ပေ။ သူက လက်ထဲရှိ ဓားသွားကို အကြိမ်ထောင်ချီ ဝေ့ယမ်းပစ်သည်။ စူးရှရှအသံများ ဆက်တိုက် ပဲ့တင်ထပ်သည်။ သို့သော် ဝမ်လင်း၏ပုံရိပ်ကမူ ပုံရိပ်ယောင်အဖြစ်သာ ရှိနေလေ၏။ ဓားသွားက သူ၏ခန္ဓာကိုယ်ကို ဖြတ်ပိုင်းသည်။ သို့သော် သူ့အပေါ် မည်သည့် ပြောင်းလဲမှုမှ မဖြစ်စေခဲ့ပေ။
ကျားဖြူအဘိုးအိုသည် ဓားသွားကို နောက်ဆုံးအကြိမ် ဝေ့ယမ်းခုတ်ပိုင်းလိုက်သည့်အခါ၌ ဝမ်လင်းက မျက်လုံးဖွင့်လာကာ တစ်ခွန်းဆိုသည်။ “မင်း လုံလောက်အောင် ခုတ်ပြီးပြီလား…”
ဝမ်လင်း ထိုသို့ ပြောလိုက်သည့်နောက် ယင်းကျားဖြူအဘိုးအိုသည် နောက်သို့ ချက်ခြင်း ဆုတ်၏။ သို့သော် သူ နောက်ဆုတ်နေစဉ် ဝမ်လင်းက ရှေ့တိုးလာသည်။ သူသည် ချက်ခြင်းပင် ထိုအဘိုးအို၏ရှေ့တွင် ပေါ်လာပြီး သူ့ညာလက်ကို မြှောက်သည်။ သူ့ညာလက်ဖြင့် လက်ဝါးအသွင် ဖြစ်စေကာ အဘိုးအို၏ရင်ဘက်ပေါ်သို့ ညင်သာစွာ ထိရိုက်လိုက်၏။
ထိုလက်ဝါးသည် ညင်သာကာ အစွမ်းကင်းမဲ့ပေသည်။ မည်သည့်သတ်ဖြတ်ခြင်းစွမ်းအားမှ မပါဝင်သည့်နှယ်။ သို့ပေမည့် ယင်းလက်ဝါး ကျဆင်းလာသည့်အခါ ကျားဖြူအဘိုးအို၏အမူအရာမှာ ကြီးစွာ ပြောင်းလဲသွား၏။ သူ့စိတ်ထဲတွင် အန္တရာယ်အာရုံ ပြည့်လျှံလာသည်။ ယင်းညင်သာဟန်ရသော လက်ဝါးက သူ့ကို ထိတ်လန့်တကြား ဖြစ်သွားစေသည်။
“ဒါ…ဒါက…” သူ ဝမ်လင်း၏လက်ကနေ အဝေးသို့ နောက်ဆုတ်လို၏။ သို့သော် နောက်ကျသွားခဲ့ပြီ။ ဝမ်လင်း၏လက်ဝါးချက် ကျဆင်းလာသည့်အခါ သူ့မျက်လုံးထဲတွင် အေးစက်မှု လှစ်ခနဲ ပေါ်သည်။ ထို့နောက် သူ့လက်ချောင်းများသည် ကွေးညွှတ်ကာ သူက နောက်ပြန်ဆွဲငင်ယူသည်။
ကြောက်မက်ဖွယ်တုန်ဟည်းမှု ပဲ့တင်ထပ်၏။ အဘိုးအိုသည် သွေးအန်လိုက်ရသည်။ သူ့ခန္ဓာကိုယ်သည် နောက်သို့ လွင့်ထွက်သွား၏။ သို့သော် သူ့ထံမှ အဖြူရောင်အခိုးငွေ့တစ်ခု ဆွဲထုတ်ယူခြင်း ခံရပြီး ဝမ်လင်း၏လက်ထဲတွင် လာရောက် စုဝေးသည်။
“ကံမ္မ၊ ဒါဟာ ကံမ္မအနှစ်သာရပဲ။ မင်းက တကယ်ပဲ ဆန်းကြယ်သိမ်မွေ့အနှစ်သာရ နှစ်ခုကို ပိုင်ဆိုင်ထားတာပဲ…”
ဝမ်လင်းသည် ကျားဖြူအဘိုးအိုကို အေးစက်စက် ကြည့်လိုက်၏။ ကျားဟိန်းသံမှာ သူ့နားထဲတွင် မြည်ဟည်းနေဆဲပင်။ အေးစက်စက်နှာခေါင်းရှုံ့လိုက်ပြီးနောက် ဝမ်လင်းက ထိုအဘိုးအိုနောက်သို့ ဆက်မလိုက်တော့ပေ။ သို့သော် သူ့လက်ထဲရှိ အဖြူရောင်အခိုးငွေ့ကိုမူ ခြေမွပစ်လိုက်၏။ ကျားဖြူအဘိုးအိုသည် တုန်ယင်သွားကာ သွေးအန်ရပြန်၏။ ထို့နောက် သူသည် ပိုမြန်မြန် နောက်ဆုတ်သည်။
“သင်က ငါ့ကို ကျားဟိန်းသံနဲ့ ကြိုဆိုခဲ့တာပဲ၊ ငါ သင့်ကို မျက်နှာသာ ပြန်ပေးလိုက်မယ်…” ဝမ်လင်း၏မျက်လုံးက အရောင်တောက်သွား၏။ သူက သူ့မျက်ခုံးနှစ်ခုကြားသို့ ညာလက်တင်လိုက်သည်။ သူ၏ရှေးဟောင်းနတ်ဘုရားကြယ်များ ပေါ်လာသည်။ သူ့ဘယ်မျက်လုံးမှ ကြယ်များ၊ ညာမျက်လုံးမှ ကြယ်များလည်း ပေါ်လာကြ၏။ သူ၏နောက်တွင် ရှေးဟောင်းဦးခေါင်းတစ်ခု ပေါ်လာလေပြီ။
ရှေးကလန်သုံးခု၏ အရိပ်များက ရှေးဟောင်းဦးခေါင်းပတ်လည်တွင် ပေါ်လာကာ ဝမ်လင်း၏နောက်ရှိ လောကကို စိုးမိုး၏။ သည်အခိုက်၌ ဝမ်လင်းက မာန်သွင်းအော်ဟစ်လိုက်လေ၏။
သူ အော်ဟစ်လိုက်စဉ် ရှေးဦးခေါင်းကလည်း ၎င်း၏ပါးစပ်ကို ဖွင့်ဟကာ ဟိန်းအော်သံ ထုတ်ဖော်သည်။ ရှေးကလန်သုံးခု၏ အရိပ်များကလည်း ယင်းတို့၏ပါးစပ်ကို ဖွင့်ဟကာ ဟိန်းအော်သံ ထုတ်ဖော်ကြသည်။
ထိုဟိန်းအော်သံများသည် ကျားဟိန်းသံကို လုံးဝ ဖိနှိပ်ကာ အံ့မခန်းအသံလှိုင်းတစ်ခုကို ဖြစ်ပေါ်စေသည်။
ကျားဖြူအဘိုးအိုသည် ထိုဟိန်းသံ၏ ထွင်းဖောက်ခြင်း ခံရ၏။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေလိုက်ရာ ဧရာမကျားဖြူက သူနှင့် ပေါင်းစည်းသွားလေ၏။ အဝေးမှ ကြည့်ပါက ထိုအဘိုးအို ပျောက်ကွယ်သွားပြီး တုနှိုင်းမဲ့ကျားဖြူတစ်ကောင်သာ မြင်ရပေလိမ့်မည်။ ထိုကျားသည် ဟိန်းအော်၍ ရှေးကလန်သုံးခု၏ အော်ဟိန်းသံများကနေ လွတ်မြောက်ရန် ကြိုးစားသည်။
***