တည်ငြိမ်မှု…
Vol. 123 Ch. 1696
ကျားစိတ်ဝိညာဉ်သည် ၎င်း၏ခေါင်းကို ငုံ့ကာ ဝမ်လင်းကို ဦးညွှတ်လိုက်သည်။ ထို့နောက် ၎င်းသည် ဝဲကတော့အတွင်းသို့ ဝင်ရောက်ကာ ပေါင်းစပ်သွားလေသည်။ ထိုဝဲကတော့သည် ပျောက်ကွယ်ကာ ဧရာမကျားဖြူတစ်ကောင်အဖြစ်သို့ ပြန်ပြောင်းလဲသွားသည်။
ကျားဖြူသည် အော်မြည်လိုက်ပြီးနောက် ဝမ်လင်း၏အောက်မှ ခုန်ထွက်ကာ ကောင်းကင်ထက်သို့ ဦးတည်သွားတော့သည်။ အကွာအဝေးတစ်ခုတွင် ၎င်းသည် ဝမ်လင်းထံ ပြန်လှည့်ကြည့်ကာ ကျားဖြူအဘိုးအိုကို လုံးဝ လစ်လျူရှုထားလေ၏။ ၎င်းက ၎င်း၏ခန္ဓာကိုယ်ကို လှုပ်ခါကာ မရေမတွက်နိုင်သော အဖြူရောင်အလင်းစက်များအဖြစ်သို့ ပြောင်းလဲသွားပြီး ရှေးဟောင်းကောင်းကင်ဘုံနယ်မြေကို လင်းထင်းသွားစေသည်။
“မဖြစ်နိုင်ဘူး…” ဆံဖြူအဘိုးအို၏မျက်နှာမှာ ဖြူရောသွား၏။ သူ၏မျက်လုံးထဲတွင် ကြောက်ရွှံ့မှု၊ မယုံကြည်နိုင်မှုတို့ ပြည့်နေသည်။
ပျောက်ကွယ်သွားသော ကျားဖြူထံမှ အဖြူရောင်အလင်းကြောင့် လောကသည် လင်းထင်းလာစဉ် ရုပ်တုများထဲမှ တစ်ခုထံကနေ အဇူရာပုံရိပ်တစ်ခု လှမ်းလျှောက်ထွက်လာသည်။
၎င်း ပေါ်လာသည်နှင့် နဂါးဟိန်းသံတစ်သံ ပဲ့တင်ထပ်သည်။ ထိုအရိပ်သည် ကောင်းကင်အနှံ့ ဖြန့်ကျက်သည့် ဧရာမအဇူရာနဂါးအဖြစ်သို့ ပြောင်းလဲသွားသည်။ တစ်ချိန်တည်းမှာ အဇူရာဝတ်ရုံဖြင့် အဘိုးအိုတစ်ယောက်သည် ထိုအဇူရာနဂါးထံမှ လှမ်းလျှောက်ထွက်လာ၏။ သူသည် အလင်းတန်းအဖြစ် ပြောင်းကာ ဝမ်လင်းထံ တရှိန်ထိုး ဝင်လာသည်။
အဇူရာဝတ်ရုံဖြင့် အဘိုးအိုသည် ဝမ်လင်းထံ နီးကပ်လာသည့်အခါ သူ့ညာလက်ညှိုးကို ရှေ့သို့ ဆန့်ထုတ်လိုက်သည်။ သူ့အကြည့်က တည်ငြိမ်၏။ သို့သော် သူ့လက်ချောင်း ဝမ်လင်း၏ဦးခေါင်းထံ ဖိချလိုက်သည့်အခါ သတ်ဖြတ်လိုစိတ်အရိပ်အယောင် ဖြစ်ပေါ်သည်။
သူ၏လက်ချောင်း ရွှေ့လျားလာစဉ် သူ၏နောက်မှ အဇူရာနဂါးကြီးသည် ပိုမြန်ဆန်စွာ လှုပ်ရှားကာ ထိုအဘိုးအိုနှင့် အမှီလိုက်လာသည်။ ၎င်းက သူ၏ခန္ဓာကိုယ်ထဲ ဝင်ရောက်ကာ သူ့လက်ချောင်းထံ ဦးတည်၍ ဝမ်လင်းထံ တရှိန်ထိုး တိုးဝင်သည်။
အဝေးမှ ကြည့်ပါက ၎င်းမှာ ပန်းချီကားတစ်ခုနှယ်။ ထိုပန်းချီကားအတွင်း၌ အဇူရာအလင်းတို့ ဖုံးလွှမ်းနေသော အဇူရာဝတ်ရုံဖြင့် အဘိုးအို ရှိ၏။ သူ၏နောက်တွင် အဇူရာနဂါးက ဆန့်ထွက်နေသည်။ အဘိုးအိုသည်ပင် ပျောက်ကွယ်သွားပြီး ထိုအဇူရာနဂါးက ဝမ်လင်းထံ နီးကပ်တိုးဝင်လာသည့်အလား။
အဖြစ်အပျက်သည် မြန်လှ၏။ သူသည် ချက်ခြင်းလိုလို ဝမ်လင်းနှင့် သုံးပေအတွင်း ရောက်လာသည်။
တစ်ချိန်တည်းမှာ ဝတ်ရုံနက်အဘိုးအိုသည် နောက်ထပ်ရုပ်တုတစ်ခုထံမှ လှမ်းလျှောက်ထွက်လာ၏။ သူ ပေါ်လာသည်နှင့် ကောင်းကင်သည် နက်မှောင်ကာ ဧရာမလိပ်နက်ကြီးတစ်ခု ပေါ်လာသည်။ ၎င်းသည် တုန်လှုပ်ဖွယ်ဟိန်းအော်သံကို ထုတ်ဖော်သည်။
ထိုဝတ်ရုံနက်အဘိုးအို ပေါ်လာသည့်အခါ သူသည် လျှပ်စီးတန်းအလား ဝမ်လင်းထံ ရွှေ့လျားလာသည်။ သူသည် အဇူရာဝတ်ရုံအဘိုးအို၏ အမြန်နှုန်းနှင့်အတူတူ ရွှေ့လျားလာရင်း လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။
လိပ်နက်အရိပ်သည် ဟိန်းအော်သံနှင့်အတူ အဘိုးအိုနှင့် ပေါင်းစပ်သွားသည်။ သူ့လက်သီးပေါ်တွင် မရေမတွက်နိုင်သော ဆူးများ ပေါ်လာသည်။
အဇူရာနဂါးဗိုလ်ချုပ်နှင့် လိပ်နက်ဗိုလ်ချုပ်တို့သည် တစ်ချိန်တည်းမှာ အလစ်တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ကြ၏။ သူတို့သည် ဝမ်လင်းထံ တန်းတန်းမတ်မတ် ပျံသန်းဝင်လာကြသည်။
ထိုဗိုလ်ချုပ်လေးယောက်သည် နှစ်ပေါင်းများစွာ အတူတူ လုပ်ဆောင်ခဲ့ကြသည် ဖြစ်ရာ တစ်ယောက်အကြောင်းတစ်ယောက် ကောင်းကောင်းသိပေသည်။ သူတို့နှစ်ယောက် တိုက်ခိုက်လာသည်နှင့် ကျားဖြူဗိုလ်ချုပ်သည် သူ၏ပါးစပ်ထောင့်မှ သွေးကို သုတ်လိုက်၏။ သူ့ထံ၌ ကျားဖြူအရိပ် မရှိတော့သော်လည်း သူ၏လက်ထဲ၌ ဓားသွား ရှိနေဆဲ ဖြစ်သည်။ သူသည် လေထဲသို့ ခုန်တက်ကာ ဝမ်လင်းထံ မာန်သွင်း၍ ခုတ်ပိုင်းလိုက်သည်။
ဟင်္သာငှက်ဗိုလ်ချုပ်တစ်ယောက်သာ မပေါ်လာခဲ့ခြင်းပင်။ သူသည် ထိုသုံးယောက်၏ ပူးပေါင်းတိုက်ခိုက်မှုက ဝမ်လင်းကို သတ်ဖြတ်ဖို့ လုံလောက်ပြီဟု ယုံကြည်သည့်အလား။
အဖြစ်အပျက်များသည် မြန်ဆန်လှ၏။ အဇူရာနဂါးဗိုလ်ချုပ် နီးကပ်လာပြီ။ ဝမ်လင်း၏မျက်လုံးသည် လက်ခနဲ ဖြစ်သွား၏။ သေခြင်းရှင်ခြင်းအန္တရာယ်အာရုံက သူ့ကို ဝန်းရံလာသည်ဟု ခံစားမိသည်။ တခြားသူများဆို အလန့်တကြား ထိပ်ပြာသွားကြမည် ဖြစ်သည်။ သို့သော် ဝမ်လင်းသည် ထိုခံစားချက်နှင့် တဘဝလုံးနီးပါးကို ဖြတ်သန်း တွေ့ကြုံခဲ့သူ မဟုတ်လား။ သူ့အတွက် ယင်းခံစားချက်သည် အသားကျနေပေပြီ။ အန္တရာယ် ပိုရှိလေလေ သူသည် ပို၍ တည်ငြိမ်လာလေပင်။
သူ့စိတ်နှလုံးထဲတွင် သူသည် ထိုဒဏ်ရာရနေသော ကောင်းကင်ဘုံသားများကို အန္တရာယ်တစ်ခုဟု မယူဆထားပေ။ ထို့ကြောင့် သူတို့ တစ်ပြိုင်နက်တည်း တိုက်ခိုက်လာတော့ရော ဘာဖြစ်သေးသနည်း။
ဝမ်လင်းသည် ရယ်မောလိုက်၏။ သူ့ညာလက်ကိုလည်း ပင့်မြှောက်သည်။ သူသည် ညာလက်ညှိုးကို ဆန့်ထွက်ကာ အဇူရာနဂါး၏ လက်ချောင်းထံ ညွှန်လိုက်သည်။ ထိုဖြစ်စဉ်အတွင်း သူ၏နောက်မှ ရှေးဦးခေါင်းမှာ သူ့လက်ချောင်းနှင့် ပေါင်းစပ်သွားသည်။
တစ်ချိန်တည်းမှာ ကြယ်များအားလုံး လှည့်ပတ်ကာ ရှေးကလန်သုံးခု၏စွမ်းအားသည် ဝမ်လင်း၏ မူလကျသော ရှေးမန္တာန်နှင့် ပေါင်းစပ်သွားသည်။ ရှေးအင်မောတယ်လက်ချောင်း။
ထိုလက်ချောင်းသည် ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူ၏ ချိပ်ပိတ်မှုကိုပါ ချိုးဖျက်နိုင်ခဲ့ပေသည်။ ထို့ကြောင့် ဝမ်လင်းသည် ဒဏ်ရရထားသော အဇူရာနဂါးကို ဘာကြောင့် ကြောက်နေရမည်နည်း။
လက်ညွှန်ချက်နှင့်အတူ ကောင်းကင်သည် အရောင်များ ပြောင်းလဲသွားသည်။ တိမ်စိုင်များသည် ပြန့်ကြဲသွားသည်။ အဇူရာနဂါးဗိုလ်ချုပ်သည် ဆက်၍ မတည်ငြိမ်နိုင်တော့ပေ။ သူ့အမူအရာမှာ ပြောင်းလဲသွားသည်။ ချက်ခြင်းပင် သူ့လက်ချောင်းသည် ဝမ်လင်းနှင့် ထိပ်တိုက်တွေ့၏။
ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်သည်။ ထိုတုန်လှုပ်သံသည် လူတစ်ယောက်၏စိတ်ကို လှုပ်ခါစေဖို့ လုံလောက်နေသည်။ ယင်းတို့ထိပ်တိုက်တွေ့သည့်အခါ အဇူရာနဂါးဗိုလ်ချုပ်သည် သွေးအန်လိုက်ရပြီး သူ၏နောက်မှ အဇူရာနဂါးသည် ပျက်စီးသွားသည်။အဇူရာနဂါးဗိုလ်ချုပ်မှာ ပေတစ်ထောင်ထိ လွင့်စင်ထွက်သွားရပြီးမှ သူ့ကိုယ်သူ မနည်းရပ်လိုက်ရသည်။ သူ၏မျက်လုံးထဲ၌ ကြောက်ရွှံ့မှုတို့ ကြီးစိုးသွားသည်။
ရှေးအင်မောတယ်လက်ချောင်း၌ ဝမ်လင်း၏ရှေးအမွေအနှစ်မှ အစွမ်းထက်ဆုံး တိုက်ချက် ပါဝင်ပေ၏။ ၎င်းသည် လုံးဝ ပျက်စီးနိုင်ခြင်း မရှိပေ။ အကြောင်းမှာ ၎င်းလက်ချောင်းသည် မြန်ဆန်စွာ ပြန်ကောင်းမွန်နိုင်ခြင်းကြောင့်ပင်။ အဇူရာနဂါးဗိုလ်ချုပ်၏ လက်ချောင်းသည် အကြိမ်ရာချီသည် ပျက်စီးခြင်းကို ဖြစ်စေနိုင်ရာ ၎င်းသည် ကောင်းကင်ဘုံအုပ်စိုးသူ၏ ချိပ်ပိတ်မှုထက် များစွာ အားနည်းပေသည်။
အကြိမ်ရာချီ ပျက်စီးခြင်းစေခြင်းစွမ်းအားက ဝမ်လင်း၏ ရှေးအင်မောတယ်လက်ချောင်းကို ဖျက်စီးဖို့ရာ မလုံလောက်ပေ။ နောက်ဆုတ်သွားရသူမှာ အဇူရာနဂါးဗိုလ်ချုပ် ဖြစ်နေလေ၏။
သို့ပေမည့် ဝမ်လင်း၏ခန္ဓာကိုယ်မှာလည်း ဒဏ်ခံရသည်ပင်။ သူ၏လက်ချောင်းကသာ အင်မောတယ် ဖြစ်နေသော်လည်း သူ့ခန္ဓာကိုယ်ကမူ မဟုတ်ပေ။ သူ့ပါးစပ်ထောင့်မှ သွေးများ စီးကျ၏။ သူ၏ခန္ဓာကိုယ်မှ မြည်ဟည်းသံတို့ ပဲ့တင်ထပ်သည်။ သူ၏အတွင်းအင်္ဂါများမှ နာကျင်မှုကို ခံစားရသည်။
သို့ပေမည့် ဝမ်လင်းက ထိုနာကျင်မှုကို ဖိနှိပ်ထားသည်။ သတ်ဖြတ်လိုစိတ် သူ့မျက်လုံးထဲတွင် ပေါ်လာသည်။ အဇူရာနဂါးဗိုလ်ချုပ် နောက်ဆုတ်သွားသည့်နောက် ကောင်းကင်ဘုံအင်မောတယ်ခန္ဓာကိုယ် ပါဝင်သော ရွှေရောင်သွေးစက် ပျံသန်းထွက်လာ၏။ ၎င်းထံမှ ဖိအားသည် ဗိုလ်ချုပ်လေးယောက်လုံးကို ထိတ်လန့်သွားစေသည်။ ထိုသွေးစက်တွင် အလွန်တရ သန့်စင်လှသော ကောင်းကင်ဘုံသွေးဆက် ပါဝင်လေ၏။
ခုချိန်၌ လိပ်နက်ဗိုလ်ချုပ်သည် ဝမ်လင်းနှင့် အနီးဆုံးတွင် ရှိနေ၏။ သူသည် ရွှေရောင်အလင်း၏ ထိမှန်ခြင်း ခံရသည်။ ထိုအလင်းကြောင့် သူသည် အခိုးအငွေ့အဖြစ်သို့ ပြောင်းလဲသွားကာ သူ၏ခန္ဓာကိုယ်ပေါ်တွင် အနက်ရောင်အခိုးငွေ့များ ပေါ်လာသည်။ နာကျင်စွာအော်သံသည် သူ့ထံမှ ထွက်ပေါ်လာ၏။
ဝမ်လင်း၏မျက်ခုံးနှစ်ခုကြားထံမှ ရွှေရောင်သွေးစက် ပျံသန်းထွက်လာကာ လိပ်နက်ဗိုလ်ချုပ်ထံ ပျံသန်းဝင်လာ၏။ ထိုသွေးစက်က သူ့လက်နှစ်ဖက်ကို ထွင်းဖောက်သည်။ သူ၏နောက်မှ လိပ်နက်အရိပ်သည် ပျက်စီးသွားကာ သူ နာကျင်စွာ အော်ဟစ်လိုက်ရသည်။
လိပ်နက်ဗိုလ်ချုပ်သည် သွေးအန်လိုက်ရပြီး နောက်သို့ အလျင်အမြန် ဆုတ်သည်။ သူ၏ခန္ဓာကိုယ်မှာ အနက်ရောင်အခိုးငွေ့များ ခြုံလွှမ်းခြင်း ခံရသည်။ သူ့ညာလက်သီးမှာ သွေးအလိမ်းလိမ်း ဖြစ်သွား၏။ သူ၏မျက်လုံးထဲ၌ ကြောက်ရွှံ့မှုတို့ ပြည့်လျက် သူသည် နောက်ပြန်ပြေးရသည်။
“ကောင်းကင်ဘုံသွေးမျိုးဆက်…မင်းဟာ တကယ်ပဲ ကောင်းကင်ဘုံသွေးမျိုးဆက် ပိုင်ဆိုင်ထားတာပဲ။ မဖြစ်နိုင်ဘူး။ ဒီလောက် သန့်စင်တဲ့ ကောင်းကင်ဘုံသွေးမျိုးဆက်။ ဒါ…ဒါဟာ အင်မောတယ်ကောင်းကင်ဘုံခန္ဓာကိုယ်ပဲ…”
နောက်ဆုတ်နေရင်း ရွှေရောင်သွေးစက်သည် ဝမ်လင်းထံမှ ပျံသန်းထွက်လာ၏။
လက်ချောင်းတစ်ချောင်းသည် အဇူရာနဂါးဗိုလ်ချုပ်ကို နောက်လွင့်စင်ကာ သွေးတစ်စက်က လိပ်နက်ဗိုလ်ချုပ်ကို ပျက်စီးသွားစေသည်။ သို့ပေမည့် ထိုမျှနှင့် မပြီးသေးပေ။ ဒဏ်ရာရထားသော ကျားဖြူဗိုလ်ချုပ်ထံမှ ကောင်းကင်ဖြတ်ပိုင်းနိုင်သည့် ဓားသွားချက် ရှိနေဆဲပင်။
ဓားသွားသည် တဝီဝီမြည်ကာ နီးကပ်လာသည်။ နီးကပ်လာစဉ် ဝမ်လင်းက ခေါင်းမော့ကာ သူ၏ကိုယ်တွင်းရှိ ရုန်းကန်ထကြွသောစွမ်းအင်ကို ဖိနှိပ်လိုက်သည်။ ထို့နောက် သူ့ညာလက်ကို ပင့်မြှောက်ကာ ဆင်းသက်လာသော ဓားသွားထံ ရိုက်ချလိုက်သည်။
သူ့လက်ဝါးတွင်းမှ ကိုးရောင်စုံမီးမုန်တိုင်းသည် မြင့်တက်လာ၏။ ထို့နောက် မိုးကြိုးသည် ကပ်ပါသွားသည်။ မီးသည် လက်ဝါးအသွင် ပြောင်းကာ ကျားဖြူဗိုလ်ချုပ်၏ ဓားသွားထံ ပျံသန်းဝင်သည်။
မိုးကြိုးများ စုဝေးလာ၏။ မိုးကြိုးများ ပြည့်နေသော နောက်ထပ်လက်ဝါးတစ်ခု ဖြစ်ပေါ်လာသည်။ ၎င်းသည် မီးလက်ဝါးနောက်ကနေ ကပ်ပါလာ၏။ ထိုမျှဖြင့် အဆုံးမသပ်သေးပေ။
မိုးကြိုးလက်ဝါးနောက်တွင် ကံမ္မစွမ်းအား စုစည်းကာ ဗရမ်းဗတာစွမ်းအင်ထု အသွင် ဖြစ်တည်၍ တတိယမြောက်လက်ဝါးအဖြစ်သို့ ပြောင်းလဲသည်။
သေခြင်းရှင်ခြင်းအနှစ်သာရက နောက်မှ ကပ်ပါလာ၏။ အဖြူအနက်အခိုးငွေ့သည် လေးခုမြောက်လက်ဝါးအသွင် ဖြစ်တည်သည်။
အမှန်အမှားအနှစ်သာရ ပေါ်လာ၏။ အမှန်နှင့်အမှားကြား ကူးပြောင်းမှုသည် ငါးခုမြောက်လက်ဝါးကို ချက်ခြင်း ပေါ်လာစေသည်။
အဆုံးသပ်၌ တုန်လှုပ်ဖွယ်သတ်ဖြတ်ခြင်းအနှစ်သာရသည် ဝမ်လင်း၏ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာကာ ခြောက်ခုမြောက် လက်ဝါးအဖြစ်သို့ ပြောင်းလဲသည်။ ထိုလက်ဝါးခြောက်ခုသည် ချိတ်ဆက်ကာ ကျားဖြူဗိုလ်ချုပ်၏ ဓားသွားထံ တစ်ခုပြီးတစ်ခု ပျံသန်းဝင်ရောက်ကြသည်။
ကျယ်လောင်စွာ တုန်ဟည်းသံများ လောကတွင် ပဲ့တင်ထပ်ကာ မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာသည်။ ကျယ်လောင်စွာ မြည်ဟည်းနေရင်း ကျားဖြူလက်ထဲရှိ ဓားသွားမှာ ကျိုးပျက်သွားသည်။ ဓားသွား ပျက်စီးသွားပြီးနောက် လက်ဝါးခြောက်ခုက သူ၏ရင်ဘက်ပေါ်သို့ ကျဆင်းသည်။
ကျားဖြူဗိုလ်ချုပ်သည် အလန့်တကြား အော်ဟစ်လိုက်ရ၏။ သူ၏ခန္ဓာကိုယ်မှ ကောင်းကင်ဘုံစွမ်းအင် ပမာဏများစွာ ပေါက်ကွဲထွက်လာသည်။ သူသည် နောက် လွင့်ထွက်သွားစဉ် အဇူရာနဂါးနှင့် လိပ်နက်တို့က ဒဏ်ရာအပြင်းအထန် ရသွားသော သူ့ကို ထောက်ကန် ပေးလိုက်ရသည်။
“ဒဏ်ရာကုသတဲ့ ချိပ်ပိတ်မှုကို ဖွင့်လှစ်ဖို့ ငါ့ကို ကူညီပေးပါ။ ဒါမှ ငါ သူ့ကို သတ်ဖို့ ငါ့ အနှစ်သာရကို ထုတ်လွှတ်နိုင်မှာ…” ကျားဖြူဗိုလ်ချုပ်သည် အားနည်းသည့်ပုံ ပေါ်၏။ သူ၏မျက်နှာမှာ ဖြူရောသည်။ သို့သော် သူ၏မျက်လုံးထံမှ ကြမ်းကြုတ်ရန်လိုသော အလင်းကို ပေးစွမ်းလာသည်။ သူ၏ဆံပင်ဖြူများ ရှုပ်ပွနေ၏။ သူသည် အရူးအမူး စတင် အော်ဟစ်လိုက်သည်။
သူ အော်ဟစ်လိုက်စဉ် သူ၏အော်ရာမှာ စတင် ပေါက်ကွဲထွက်လာ၏။ သူ၏မျက်ခုံးနှစ်ခုကြား၌ ရွှေရောင်စာလုံးတစ်လုံး ပေါ်လာသည်။
“အဇူရာနဂါး၊ လိပ်နက်…ငါ့ချိပ်ပိတ်မှုကို ကူပြီး ဖွင့်လှစ်ပေးကြ။ ငါတို့ရဲ့ ကျင့်ကြံမှုကို ပြန်ကောင်းမွန်အောင် လုပ်ဖို့အတွက်ကြောင့်သာ မဟုတ်ရင် ငါတို့အနေနဲ့ ဒီပုရွတ်ဆိတ်ကြောင့် နောက်ဆုတ်ရမှာ မဟုတ်ဘူး။ ငါ သူ့ကို သတ်မယ်…။ ငါတို့လို ကောင်းကင်ဘုံသားတွေကို နောက်ဆုတ်သွားစေဖို့ သူ့မှာ ဘာအရည်အချင်းရှိလဲ ငါ ကြည့်မယ်။ သူဟာ နိမ့်ကျတဲ့နယ်မြေက ပုရွတ်ဆိတ်တစ်ကောင်ပဲ…”
ဝမ်လင်း၏အမူအရာသည် ပုံမှန်အတိုင်းပင်။ သို့သော် သူသည် ဒဏ်ရာ ရသွားဆဲ ဖြစ်၏။ သူသည် ထိုသုံးယောက်၏ ပူးပေါင်းတိုက်ခိုက်မှုကို ခုခံနိုင်စွမ်း မရှိလုနီးပါး ဖြစ်ခဲ့ရ၏။ သူ့ထံ၌ နည်းလမ်းများစွာ ရှိနေခြင်းကြောင့်သာ မဟုတ်ပါက သူသည် ဒဏ်ရာအပြင်းအထန် ရသွားခဲ့လောက်ပေပြီ။
ခုချိန်၌ ကျားဖြူသည် ရူးသွပ်သွားပြီကို သူ တွေ့မြင်သည်။ သူသည် ဘယ်လက်ကို ပင့်မြှောက်ကာ လေဟာနယ်ထဲသို့ လက်ဆန့်ထုတ်သည်။ သူ့လက်ဝါးထံမှ ရွှေရောင်လင်းလက်သွားသည်။ ထိုရွှေရောင် ပျောက်ကွယ်သွားချိန်၌ ရှေးဟောင်းလေးတစ်လက် ပေါ်လာသည်။
သူ၏ဘယ်လက်ဖြင့် လေးကို ကိုင်ကာ ညာလက်ဖြင့် လေးကြိုးကို ဆွဲသည်။ လေးကြိုးပေါ်တွင် ရှေးဟောင်းမြားတစ်လက် ဖြည်းဖြည်းချင်း ပေါ်လာလေ၏။
မြားကြိုးတင်းသံ ထွက်ပေါ်လာသည့်အခိုက်၌ အရာရာမှာ ငြိမ်သက်သွားသည်။ ကျားဖြူသည် ဆက်လက် မအော်ဟစ်တော့ပေ။ သူသည် ချိပ်ပိတ်မှုကိုလည်း ဖွင့်လှစ်ဖို့ မကြိုးစားတော့ပေ။ သူသည် နေရာတွင် ရပ်ကာ ဝမ်လင်းလက်ထဲရှိ လေးကို ကြောင်ရီစွာ ကြည့်နေမိ၏။ သူ၏မျက်လုံးထဲ၌ မဖုံးနိုင်မဖိနိုင်သော ကြောက်ရွှံ့မှု လှစ်ဟပေါ်နေ၏။
အဇူရာနဂါးဗိုလ်ချုပ်သည်လည်း မင်သက်မိသွား၏။ သူသည် နောက်သို့ အလိုလို ဆုတ်မိသည်။ သူ၏မျက်လုံးထဲ၌လည်း ကြောက်လန့်မှုတို့ ပြည့်လျှံ့လာသည်။
“လီကောင်းရဲ့ လေး…”
လိပ်နက်ဗိုလ်ချုပ်သည် ထိတ်လန့်တကြား ဖြစ်နေမိပြီ။ သူ၏ပတ်လည်ရှိ အနက်ရောင်အခိုးအငွေ့များကို ဖိနှိပ်ထားလိုက်ရုံ ရှိသေး သူသည် လေးကို တွေ့မြင်သည့်အခါ သူ့မျက်နှာသည် သေလောက်အောင် ဖြူရောသွားတော့သည်။
“ရောင်းရင်းကျင့်ကြံသူ ဝမ်လင်း၊ ဒေါသမထွက်ပါနဲ့။ ဒီအဘိုးအိုက မျက်နှာသာနည်းနည်း ပေးပါ။ ငါတို့ စကားနဲ့ ပြောကြရအောင်…” ထိုငြိမ်သက်နေစဉ်အတွင်း အနီရောင်အရိပ်တစ်ခုသည် ရုပ်တုလေးခု၏ နောက်ဆုံးရုပ်တုထံမှ လှမ်းလျှောက်လာသည်။ သူသည် အနည်းငယ် အရှက်ရနေကာ ဝမ်လင်းထံ လက်နှစ်ဖက်ယှက်၍ နှုတ်ဆက်လိုက်သည်။
***