သဘောတူညီမှု
Vol. 123 Ch. 1697
ဝမ်လင်းသည် ထိုလေးယောက်နှင့် အသေအရှင်မတိုက်ခိုက်လိုပေ။ သူတို့၏အော်ရာများကို ခံစားမိပြီးနောက် သူက ညှိနှိုင်းရန် သည်နေရာသို့ လာခဲ့ခြင်း ဖြစ်သည်။ တိုက်ခိုက်ဖို့ မဟုတ်ပေ။
သို့သော် ထိုသူတို့က ရန်လိုခဲ့သဖြင့် အစောပိုင်းတုန်းက တိုက်ပွဲ ဖြစ်လာခဲ့ခြင်းတည်း။
ဟင်္သာငှက်ဗိုလ်ချုပ်ပေါ်လာသည်ကို တွေ့သည့်အခါ ဝမ်လင်း၏မျက်လုံးသည် အရောင်လက်သွား၏။ သူက သူ့ညာလက်ကို ပြန်ဖြေလျှော့လိုက်သည်။ လေးနှင့်မြားသည် ရွှေရောင်အလင်းစက်များအဖြစ် ပျောက်ကွယ်သွားသည်။ ထိုလေးသည် ပျောက်ကွယ်သွားသော်လည်း ဝမ်လင်းသာ အလိုရှိပါက ချက်ခြင်း ပြန်ဆင့်ခေါ်နိုင်သည်။ သူသည် ထိုဗိုလ်ချုပ်လေးယောက် အလစ်တိုက်ခိုက်မည်ကို မစိုးရိမ်ပေ။
ဝမ်လင်းက ဟင်္သာငှက်ထံ သူ့လက်နှစ်ဖက်ကို ဆုပ်၍ နှုတ်ဆက်၏။ ထိုဟင်္သာငှက်မှာလည်း အဘိုးအိုတစ်ယောက်ပင်။ သူ့ထံမှ ပြိုလဲကုန်းမြေရှိ ပထမမျိုးဆက်ဟင်္သာငှက်နှင့် တူညီလွန်းသောအော်ရာကို ပေးစွမ်းနေသည်။
ဝမ်လင်းသည် တည်ငြိမ်စွာဖြင့် ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ငါ့ကို ရောင်းရင်းကောင်းကင်ဘုံသားလို့ ခေါ်စရာ မလိုပါဘူး။ ဂျူနီယာဝမ်လင်းက ပထမမျိုးဆက် ဟင်္သာငှက်ကို နှုတ်ဆက်ပါတယ်…”
အနီရောင်ဝတ်စုံဖြင့် ဟင်္သာငှက်သည် စိတ်ရှုပ်ထွေးဟန် ဖြစ်ပေါ်နေပြီး ဝမ်လင်းကို ကြည့်ကာ ငြိမ်သက်စွာ စဉ်းစားနေ၏။
ဝမ်လင်းက တည်ငြိမ်စွာ ပြောလိုက်သည်။ “ဂျူနီယာ ရှုပ်ထွေးနေတဲ့ ကိစ္စတစ်ခု ရှိတယ်။ စီနီယာနဲ့ ပြိုလဲကုန်းမြေက တစ်ယောက်ဟာ…သင်တို့နှစ်ယောက်ကြားမှာ ဘယ်လို ပတ်သတ်မှုမျိုး ရှိကြလဲ…”
“ပြိုလဲကုန်းမြေက တစ်ယောက်ဟာ ငါ့ရဲ့ မူလခန္ဓာကိုယ်ပဲ။ ကြီးမားတဲ့စစ်ပွဲအတွင်း ငါဟာ အပြင်ဘက်မှာ ငါ့မူလခန္ဓာကိုယ်ကို ချန်ထားခဲ့တဲ့ ဗိုလ်ချုပ်လေးယောက်ထဲက တစ်ယောက်ပဲ။ အခု မင်းတွေ့နေတဲ့ငါက ကိုယ်ပွားပဲ။ ဒါပေမဲ့ ဒါဟာ အချိန်ကြာလွန်းခဲ့ပြီ။ ကိုယ်ပွားနဲ့ မူလခန္ဓာကိုယ်ဆိုပြီး ထပ်မရှိတော့ဘူး။ မင်းအနေနဲ့ ငါတို့နှစ်ယောက်လုံးကို အတူတူပဲလို့လည်း ထင်နိုင်တယ်။ မတူဘူးလို့လည်း ထင်နိုင်တယ်…”
“ငါ ငါ့မူလခန္ဓာကိုယ်အပေါ် မထိန်းချုပ်နိုင်တော့လုနီးနီးပဲ။ ငါဟာ သူနဲ့ ဆက်သွယ်ပြီး ဘာဖြစ်ပျက်နေလဲ၊ သူ ဘာတွေးနေလဲကိုတော့ သိတယ်။ ဒါပေမဲ့ ငါ သူ့အတွေးတွေနဲ့ လုပ်ရပ်တွေကိုတော့ မထိန်းချုပ်နိုင်ဘူး…”
“သူ အရမ်း ပင်ပန်းနေပြီ။ သူဟာ သူ့မွေးရပ်မြေရှိ ပြန်ချင်နေပြီ။ ဒါပေမဲ့ ငါက ကောင်းကင်ဘုံအုပ်စိုးသူကို ရှာချင်သေးတယ်…” ဟင်္သာငှက်အဘိုးအိုသည် ခေါင်းယမ်းကာ သက်ပြင်းချလိုက်၏။
ထိတ်လန့်နေသော ကျားဖြူအဘိုးအိုသည် ရုတ်တရက် ထပြောလိုက်သည်။ “လီကောင်းရဲ့ လေးက ဘာကြောင့် မင်းလက်ထဲမှ ရောက်နေရတာလဲ…”
“ဒါက ငါ့ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စပါ။ သင် သိဖို့ မလိုဘူး…” ဝမ်လင်းသည် ကျားဖြူဗိုလ်ချုပ်ကို အေးစက်စက်ကြည့်လိုက်သည်။ ထို့နောက် သူ့အကြည့်က ဟင်္သာငှက်အဘိုးအိုထံ ကျရောက်သွားသည်။
ကျားဖြူဗိုလ်ချုပ်၏မျက်နှာမှာ ရှုံ့တွသွား၏။ သို့သော် သူက ထပ်၍ စကားမဆိုတော့ပေ။
“ပြိုလဲကုန်းမြေတုန်းက ကိစ္စကို ငါ လစ်လျူရှုပေးနိုင်တယ်။ ဒီနေ့ ငါ စီနီယာနဲ့ သဘောတူညီမှုတစ်ခု လုပ်ဖို့ ရောက်လာခဲ့တာ…” ဝမ်လင်းသည် တည်ငြိမ်စွာ ပြောလိုက်၏။
“ရှေးဟောင်းကောင်းကင်ဘုံနယ်မြေ၊ ဒါမှမဟုတ် ကောင်းကင်ဘုံအုပ်စိုးသူရဲ့ လှိုဏ်ဂူလောက ဗဟိုချက်နေရာမှာ တာအိုခုနစ်ခုကလန်ရဲ့ ဒဏ်ရာရထားတဲ့ တပည့်တွေ အများကြီး ရှိနေကြတယ်။ သူတို့က သူတို့ကိုယ်သူတို့ ကောင်းကင်ဘုံသားလို့ ခေါ်ကြတယ်။ ရှေးဟောင်းကောင်းကင်ဘုံနယ်မြေရဲ့ ကျင့်ကြံသူတွေလို့ ရည်ညွှန်းကြတယ်…”
“ငါသာ အစွမ်းကုန်လုပ်ရင် သူတို့ ဒဏ်ရာ မကုသနိုင်ခင် ဒီရှေးဟောင်းကောင်းကင်ဘုံနယ်မြေကို နယ်မြေအသေတစ်ခု ဖြစ်သွားအောင် လုပ်ဖို့ ဒီနေရာက လူတိုင်းကို သတ်ပစ်နိုင်လိမ့်မယ်လို့ သင် ထင်လား…” ဝမ်လင်း၏စကားများသည် တည်ငြိမ်၏။ သို့သော် သူ့စကားလုံးများသည် ဗိုလ်ချုပ်လေးယောက်ကို မျက်မှောင်ကြုတ်သွားစေသည်။
လီကောင်း၏လေးသာ မရှိပါက ဗိုလ်ချုပ်လေးယောက်သည် ဝမ်လင်းကို ယုံကြည်ကြလိမ့်မည် မဟုတ်ပေ။ သို့သော် လေးနှင့်မြားကို တွေ့မြင်သည့်နောက် မမြင်ရသောသဖိအားတစ်ခု သူတို့၏စိတ်နှလုံးအတွင်း ပေါ်ထွက်လာခဲ့လေပြီ။
“လီကောင်းရဲ့လေးဟာ အင်မောတယ်ကောင်းကင်ဘုံနယ်မြေက လာတဲ့ အလွန်အစွမ်းထက်လှတဲ့ လက်နက်တစ်ခုပဲ။ ဒီလေးကို အသုံးပြုဖို့ မလွယ်လှဘူး။ မင်း ဒီကောင်းကင်ဘုံသွေးစက်ကို ဘယ်နေရာက ရလာခဲ့လဲတော့ ငါ မသိဘူး။ မင်းသာ ဒီသွေးနဲ့ လေးကို အသုံးပြုခဲ့မယ်ဆိုရင် မင်း လေးကို ဆွဲတင်လိုက်တဲ့ အချိန်တိုင်း ဒီသွေးစက်ထဲက ကောင်းကင်ဘုံစွမ်းအင်ဟာ ကမောက်ကမ ဖြစ်ကုန်လိမ့်မယ်။ မင်းဟာ ကောင်းကင်ဘုံသားတစ်ယောက် မဟုတ်တဲ့အတွက် ဒီသွေးစက်ထဲက အားကို ပြန်သန့်စင်ပြုပြင်နိုင်မှာ မဟုတ်ဘူး…။ မင်း အကြိမ်ရေ ဘယ်လောက်များ လေးကို ပစ်လွှတ်နိုင်မှာ မလို့လဲ…”
ထိုသို့ ပြောလိုက်သည့်သူမှ ဟင်္သာငှက်အဘိုးအို မဟုတ်ပေ။ အဇူရာနဂါးအဘိုးအို ဖြစ်၏။ သူသည် ဝမ်လင်းကို ကြည့်နေရင်း သူ့မျက်လုံးသည် အရောင်တောက်လာသည်။
“ဒီနေရာကို ဖျက်စီးပစ်ဖို့ ငါ မြားသုံးစင်းပဲ ပစ်လွှတ်ဖို့ လိုအပ်တယ်။ သင်တို့ရဲ့ နောက်မှာ မရေမတွက်နိုင်တဲ့ ရုပ်တုတွေ ရှိနေရင်တောင်၊ ဒီအတွင်းနက်ပိုင်းဆုံးမှာ ထူးဆန်းတဲ့ကျောင်းဆောင်တစ်ခု ရှိနေရင်တောင်မှပေါ့။ ငါသာ မမှားယင် အဲ့ကျောင်းတော်ဟာ ဒီလှိုဏ်ဂူလောကရဲ့ ထွက်ပေါက်ပဲ ဖြစ်လိမ့်မယ်။ အဲ့ထွက်ပေါက်ကိုလည်း လုံးဝ ချိပ်ပိတ်ထားပြီး ဘယ်သူကမျှ ဒါကို မဖွင့်နိုင်ဘူး မဟုတ်လား။ အဲ့နေရာမှာ ထူးဆန်းတဲ့သက်ရှိဖြစ်တည်မှုတွေလည်း ရှိနေတယ်။ ကြည့်ရတာ အဲ့နေရာဟာ ဒီရှေးဟောင်းကောင်းကင်ဘုံနယ်မြေရဲ့ အစွမ်းထက်ဆုံးနေရာ ဖြစ်လိမ့်မယ်…”
“ငါ ဒါကို လုပ်နိုင်ပါတယ်။ သင်တို့အားလုံးလည်း ကောင်းကောင်းနားလည်ထားကြတယ် မဟုတ်လား…” ဝမ်လင်း၏အကြည့်က ဗိုလ်ချုပ်လေးယောက်ကို ကျော်ကာ အဝေးသို့ ကျရောက်သွားသည်။
သူ ဒီရှေးဟောင်းကောင်းကင်ဘုံနယ်မြေသို့ ပထမဆုံး ဝင်လာခဲ့စဉ်က သူ၏နတ်ဘုရားအာရုံသည် ဗိုလ်ချုပ်လေးယောက်ကို သတိပြုမိရုံသာမက ဒီနယ်မြေ၏အတွင်းနက်ဆုံးပိုင်းရှိ ကျောင်းဆောင်ကိုလည်း အာရုံခံမိပေသည်။ ထိုကျောင်းဆောင်မှ ပေးစွမ်းနေသော အော်ရာသည် အလွန်အားကောင်းလှသည်။
စကားတစ်ခွန်းမှ မဆိုသော လိပ်နက်သည် ခဏတာ စဉ်းစားပြီးနောက် ခပ်ရှရှအသံဖြင့် ပြောလိုက်သည်။ “သဘောတူညီမှုက ဘာလဲ…”
“ဒီနေရာတစ်ခုလုံးဟာ လှိုဏ်ဂူတစ်ခု ဖြစ်နေရင်လည်း ငါ ဂရုမစိုက်ဘူး။ သင်တို့ရဲ့ အကြံအစည်တွေကိုလည်း ငါ ဂရုမစိုက်ဘူး။ ငါ သိတာက ငါဟာ အတွင်းနယ်မြေမှာ မွေးဖွားခဲ့တာ၊ အခု အတွင်းနယ်မြေဟာ ပြင်ပနယ်မြေနဲ့ စစ်ဆင်နွှဲနေရတယ်။ အတွင်းနယ်မြေဟာ ပြင်ပနယ်မြေကို တုန့်ပြန့်ဖို့ စွမ်းအား ကင်းမဲ့ရတယ်။ ငါ့မှာ လီကောင်းရဲ့လေး ရှိရင်တောင် ငါ့အနေနဲ့ ပြင်ပနယ်မြေက ကျင့်ကြံသူအားလုံးကို သတ်ပစ်နိုင်မှာ မဟုတ်ဘူး…”
“သင်တို့ဟာ ရှေးဟောင်းကောင်းကင်ဘုံနယ်မြေရဲ့ ရှေးဟောင်းကောင်းကင်ဘုံသားတွေပဲ။ ငါ့အနေနဲ့ သင်တို့အားလုံး ဒီနေရာက ထွက်ခွာလာပြီး ပြင်ပနယ်မြေက လူတွေိကို သတ်ဖြတ်ပြီး စစ်ပွဲကို အဆုံးသပ်စေချင်တယ်…”
ထိုသို့ ပြောလိုက်ရင်း ဝမ်လင်း၏မျက်လုံးသည် အရောင်တောက်နေ၏။
ဟင်္သာငှက်သည် အနည်းငယ် စဉ်းစားပြီးနောက် ပြောလာ၏။ “ပြင်ပနယ်မြေဟာလည်း ရှေးဟောင်းကောင်းကင်ဘုံနယ်မြေကို ပိုင်ဆိုင်ထားတယ်။ အဲ့မှာ ကောင်းကင်ဘုံကိုယ်လုပ်တော်တွေရဲ့ နောက်လိုက် တာအိုခုနစ်ခုကလန်ဝင်တွေ ရှိကြတယ်။ သူတို့ဟာ ဒဏ်ရာ မရထားကြဘူး။ ဒီနှစ်တွေမှာ သူတို့ ထွက်မလာတာဟာ ရှေးဟောင်းကောင်းကင်ဘုံနယ်မြေက နှစ်ပိုင်းကွဲသွားပေမယ့် ငါတို့ကြားမှာ နက်ရှိုင်းတဲ့ပတ်သတ်မှု ရှိလို့ပဲ။ ငါတို့သာ ရှေးဟောင်းကောင်းကင်ဘုံနယ်မြေရဲ့ တံခါးကို ဖွင့်လှစ်ပြီး ထွက်ခွာလာရင် သူတို့လည်း ထွက်ခွာလာလိမ့်မယ်။ ဒါဆိုရင် စစ်ပွဲဟာ အခုထက် အဆများစွာ ပိုပြင်းထန်ပြီး လှိုဏ်ဂူလောကတစ်ခုလုံးတောင် ပျက်စီးသွားနိုင်လောက်တယ်…”
ဝမ်လင်းသည် သူ၏အင်္ကျီလက်အိုးကို ဝေ့ယမ်းကာ အေးစက်စက် ပြောလိုက်သည်။ “ပြင်ပနယ်မြေရဲ့ ရှေးဟောင်းကောင်းကင်ဘုံနယ်မြေကနေ သူတို့ ထွက်လာနိုင်စွမ်း ရှိကြမှာ မဟုတ်ဘူး…”
ထိုသို့ ပြောလိုက်သည့်အခါ ဗိုလ်ချုပ်လေးယောက်လုံးသည် ဝမ်လင်းထံ လှမ်းကြည့်လာ၏။
အဇူရာနဂါးဗိုလ်ချုပ်သည် ခပ်သွက်သွက် ပြောလာ၏။ “အရင်တုန်းက နိမ့်ကျတဲ့နယ်မြေက တစ်စုံတစ်ယောက်ဟာ ငါတို့ကို ခေါ်ပြီး ပြင်ပနယ်မြေရဲ့ ကျူးကျော်မှုကို တိုက်ခိုက်ရာမှာ ကူညီပေးဖို့ တောင်းဆိုခဲ့တယ်။ ငါဟာ ချိပ်ပိတ်နယ်မြေအစီအရင်နဲ့ ပေါင်းစပ်စေဖို့ ကောင်းကင်ဘုံရတနာတစ်ခုကို ပို့ပေးခဲ့တယ်။ ဒီရတနာဟာ အစီအရင်ကို နှစ်ပေါင်းတစ်ရာ တောင့်ခံနိုင်ပြီး ငါတို့ ဒဏ်ရာ ကုသတာ ပြီးမြောက်ဖို့ အချိန်ရစေမှာ ဖြစ်တယ်။ ဒီရတနာရဲ့ သက်ရောက်မှုဟာ အကန့်အသတ် ရှိပေမယ့် နိမ့်ကျတဲ့နယ်မြေက ကျင့်ကြံသူတွေအဖို့ အင်မောတယ်ကောင်းကင်ဘုံနယ်မြေက တစ်စုံတစ်ယောက် ပါဝင်ပတ်သတ်ခြင်း မရှိရင် ဒီအစီအရင်ကို ချိုးဖျက်ဖို့ အတော်လေးကို ခက်ခဲလိမ့်မယ်…”
“သူ ဒီလိုလုပ်ခဲ့လား၊ မလုပ်ခဲ့လားတော့ ငါ မသိဘူး။ ဒါပေမဲ့ နှစ်ပေါင်းကိုးဆယ်ကျော် ရှိလာခဲ့ပြီး ဖြစ်တဲ့အတွက် သုံးနှစ်ပဲ ကျန်တော့တယ်။ ဒီသုံးနှစ်ဟာ အရေးကြီးလှတဲ့ အချိန်အပိုင်းအခြားတစ်ခုပဲ။ ဒီသုံးနှစ်ကျော်ရင် ငါတို့ရဲ့ ဒဏ်ရာတွေ လုံးဝ ပြန်ကောင်းလောက်ပြီ…”
သူတို့၏ မူလအစီအစဉ်အရလည်း ဝမ်လင်းက သည်သဘောတူညီမှုကို မကမ်းလှမ်းလာလျှင်ပင် သုံးနှစ်သာ ဒီနေရာတွင် နေပြီး ပြင်ပနယ်မြေမှ သူတို့၏ ကလန်ဝင်ရောင်းရင်းများနှင့် တိုက်ခိုက်ဖို့ ဖြစ်သည်။ ထို့နောက်တွင် သူတို့သည် ကောင်းကင်ဘုံအုပ်စိုးသူကို လိုက်ရှာကြမည်။
သို့ပေမည့် သူတို့၏အမြင်၌ နိမ့်ကျသည့်နယ်မြေမှ ကျင့်ကြံသူများသည် ပုရွတ်ဆိတ်များသာ ဖြစ်ကြ၏။ သူတို့ ထွက်လာချိန်၌ သူတို့သည် အတွင်း၊အပြင်နယ်မြေနှစ်ခုကြား တိုက်ပွဲနှင့် ပတ်သတ်၍ ဂရုစိုက်လိမ့်မည် မဟုတ်ပေ။ အသက်မည်မျှ သေကြေကြပါစေ သူတို့သည် ဂရုစိုက်မည် မဟုတ်ပေ။
သူတို့ ကောင်းကင်ဘုံအုပ်စိုးသူကို ရှာနိုင်ပါက ကောင်းကင်ဘုံအုပ်စိုးသူ၏ ကျင့်ကြံခြင်း ပြန်ကောင်းမွန်လာပါက သူတို့သည် အတွင်းနယ်မြေရှိ သက်ရှိအားလုံးကို ဖျက်စီးပစ်ပေမည်။ ထို့နောက် သူတို့သည် ကောင်းကင်ဘုံတာအိုကို အသက်သွင်းကာ နှစ်ပေါင်းများစွာ ကုန်လွန်ပြီးနောက် အရာအားလုံးကို အရင်တုန်းကလို ပြန်ဖြစ်စေမည်ပင်။
သို့ရာတွင် ဝမ်လင်းက သူတို့ကို ရှာတွေ့ခဲ့ကာ ရှေးဟောင်းကောင်းကင်ဘုံနယ်မြေကို ဖျက်စီးပစ်မည်ဟူသော စွမ်းအားဖြင့် ကမ်းလှမ်းချက်တစ်ခု လာလုပ်နေသည်။ ထိုအဖြစ်က သူတို့ကို သေသေချာချာ စဉ်းစားရစေသည်။
“သုံးနှစ်။ ငါ သင်တို့အတွက် အချိန်သုံးနှစ်ရအောင် လုပ်ပေးမယ်။ ဘယ်သူကမျှ ဒီနေရာကို လာပြီး သင်တို့ရဲ့ ကုသခြင်းကို နှောင်ယှက်လို့ မရစေရဘူး…” ဝမ်လင်း၏အသံသည် ပွင့်ပွင်းလင်းလင်း ရှိ၏။
ဗိုလ်ချုပ်လေးယောက်သည် ငြိမ်သက်စွာ စဉ်းစားနေသည်။ ဝမ်လင်းသည် ပြင်ပနယ်မြေရှိ ရှေးဟောင်းကောင်းကင်ဘုံ နယ်မြေမှ ကျင့်ကြံသူများကို ဖျက်စီးကာ သူတို့ကို သုံးနှစ်တာ ကာကွယ်ပေးမည်ဟု ကတိပေးလိုက်ပြီ ဖြစ်သည်။
ဟင်္သာငှက်သည် ဝမ်လင်းကို ကြည့်ကာ မေးလိုက်သည်။ “ဒီသဘောတူညီမှုအတွက် မင်း ဘာလိုချင်လဲ…”
“ပြင်ပနယ်မြေ ပျောက်ကွယ်သွားတာကို ငါ လိုချင်တယ်…”
“သင်တို့ ထွက်လာတဲ့အခါကျရင် အတွင်းနယ်မြေက ဘယ်သူ့ကိုမှ မသတ်တာ လိုချင်တယ်…”
“သင်တို့ ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူကို ရှာတွေ့တာနဲ့ သင်တို့ဟာ ဒီလောကရဲ့ သက်ရှိအားလုံးကို ငါနဲ့အတူ ခေါ်သွားတာကို ခွင့်ပြုပေးမယ်ဆိုတဲ့ ကတိကို လိုချင်တယ်။ သူတို့ကို လွတ်လပ်ခွင့်ပေးတာ လိုချင်တယ်။ ဒါမှ သူတို့ဟာ ဒီလှိုဏ်ဂူထဲကနေ ထွက်နိုင်ပြီး အစစ်အမှန်ကောင်းကင်ကို မြင်နိုင်ကြမှာ ဖြစ်တယ်…”
“နောက်ဆုံးတောင်းဆိုချက်ကတော့ ဒီကိစ္စပြီးသွားရင် ငါဟာ အင်မောတယ်ကောင်းကင်ဘုံနယ်မြေကို သွားချင်တယ်။ အင်မောတယ်ကောင်းကင်ဘုံနယ်မြေပေါ်မျာ သင်တို့ဟာ ငါ လိုအပ်တဲ့ ရင်းမြစ်တွေကို ပေးရမယ်…” ဝမ်လင်းသည် သူ့နှဖူးကို ညာလက်ဖြင့် ထိလိုက်၏။ အခိုးအငွေ့အမျှင်တန်းတစ်ခု ပျံသန်းထွက်လာကာ သူ့လက်ဝါးပေါ်တွင် သစ်ရွက်ခြောက်အဖြစ်သို့ သိပ်သည်းသွားသည်။
“သင်တို့ သဘောတူတယ်ဆိုရင် သင်တို့ရဲ့ နတ်ဘုရားအာရုံတွေကို စေလွှတ်ပြီး တာအိုကျိန်ဆိုချက်တစ်ခု ပြုလုပ်ရမယ်။ သင်တို့ ဒီကျိန်ဆိုချက်ကို ဖောက်ဖျက်ရင် သင်တို့ သေရမယ်။ သဘောမတူရင်လည်း ငါဟာ လီကောင်းရဲ့ လေးကို ထုတ်ပြီး ဒီရှေးဟောင်းကောင်းကင်ဘုံနယ်မြေတစ်ခုလုံးကို ဖျက်စီးပစ်မယ်…” ဝမ်လင်း၏စကားလုံးများသည် ကြမ်းလှ၏။
ထိုလေးယောက်သည် ငြိမ်သက်စွာ စဉ်းစား၍ တစ်ယောက်နှင့်တစ်ယောက် ကြည့်ကြသည်။ သူတို့သည် တွေဝေနေကြသည်။ သူတို့သည် ဝမ်လင်း၏ဆုံးဖြတ်ချက်ကို ချက်ခြင်း သဘောတူနိုင်စွမ်း မရှိကြပေ။ ဝမ်လင်း တောင်းဆိုသော တတိယမြောက်နှင့်လေးခုမြောက် အခြေအနေတို့မှာ အတော်လေးကို ခက်ခဲနေ၏။
“ငါ သင်တို့ကို အချိန်တစ်ရက် ပေးမယ်…” ဝမ်လင်းသည် လှည့်ထွက်ကာ လှမ်းလျှောက်သွား၏။ သူသည် ပေတစ်သောင်းအကွာတွင် ရပ်ကာ ပျက်စီးနေသော မြေပြင်ထက်၌ ထိုင်ချကာ မျက်လုံးမှိတ်လိုက်သည်။
သူသည် ထိုလေးယောက်၏ တိုင်ပင်နေမှုကို လစ်လျူရှုထား၏။ အမှန်တော့ ဝမ်လင်းထံ၌ နောက်ထပ် ရည်ရွယ်ချက်တစ်ခု ရှိသေး၏။ ထိုအရာကသာ သူ၏ရည်ရွယ်ချက်အမှန်ပင်။ အတွင်းနှင့်အပြင်နယ်မြေကြား စစ်ပွဲကို ဖြေရှင်းပြီးနောက် သူ သုံးနှစ်တာ အချိန်ကို ရချင်သည့် အကြောင်းရင်းမှာ၊ တာအိုခုနစ်ခုကလန်မှ လူများကို ထွက်ခွာသွားစေချင်သော အကြောင်းရင်းမှာ သူတို့ကို ကောင်းကင်ဘုံအုပ်စိုးသူအား ရှာစေခြင်းကြောင့် ဖြစ်သည်။
ဝမ်လင်းသည် ဆန်းကြယ်လှသော ကောင်းကင်ဘုံအုပ်စိုးသူနှင့် ပတ်သတ်၍ ထင်မြင်ချက်များ ရှိထားပြီး ဖြစ်၏။ သို့သော် သူ့ထံ၌ ခိုင်မာမှု မရှိပေ။ သူသည် ခုနစ်ရောင်စုံတာအိုသခင်သည် ကောင်းကင်ဘုံအုပ်စိုးသူနှင့် ပတ်သတ်နေလားကိုမူ မသေမချာ ဖြစ်နေ၏။
ထို့အပြင် တစ္ဆေအိုကြီးကျန့်လည်း ရှိသေး၏။ ကိစ္စရပ်သည် ဆန်းကြယ်နေကာ ထိုလျှို့ဝှက်ဆန်းကြယ်မှုက ကောင်းကင်ဘုံအုပ်စိုးသူထံ ညွှန်ပြနေသည်။
“သဲလွန်စအမျိုးမျိုးအရ အတွင်းနဲ့အပြင်နယ်မြေတွေကြား စစ်ပွဲဟာ အကြိမ်များများ ဖြစ်ပွားခဲ့ပြီးပြီ။ အုပ်စိုးသူ အနီးအနားမှာ ရှိတဲ့ အုပ်စု၊ ကောင်းကင်ဘုံအင်ပါယာကိုယ်လုပ်တော်တွေဟာလည်း ပြင်ပနယ်မြေမှာ နေထိုင်ခဲ့ကြတယ်။ ချိပ်ပိတ်နယ်မြေသခင်ဟောင်းရဲ့ အနားက အုပ်စုကတော့ အတွင်းနယ်မြေမှာ နေထိုင်ခဲ့ကြတယ်…”
“ခုနစ်ရောင်စုံတာအိုသခင်ဟာ ပြင်ပနယ်မြေရဲ့ ခေါင်းဆောင်ပဲ။ တစ္ဆေအိုကြီးကျန့်ကတော့…သူဟာ အတွင်းနယ်မြေက တစ်စုံတစ်ယောက် ဖြစ်တယ်။ နှစ်ပေါင်းများစွာ တိုက်ပွဲတွေ ဖြစ်ခဲ့ပြီးတဲ့နောက် သူတို့နှစ်ယောက်ဟာ တစ်ခုခုကို သက်သေပြဖို့ ကြိုးစားနေကြသလိုမျိုး ဖြစ်နေတယ်။ သူတို့အားလုံးဟာ တစ်ခုခုကို ရှာနေကြတာ။ ဒီရှာဖွေမှုအတွက် ပုံမှန်ထက်ထူးကဲတဲ့ အဓိပ္ပာယ်အချို့ လိုအပ်နေတယ်။ ဒါ့ကြောင့် ဒီအတွင်းနဲ့အပြင်နယ်မြေကြားက စစ်ပွဲတွေဟာ ဆက်လက် ဖြစ်ပွားနေကြတာပဲ…”
“ငါ့ခန့်မှန်းချက်သာ မှန်ခဲ့ရင် သူတို့ရှာဖွေနေတဲ့အရာဟာ ကောင်းကင်ဘုံတာအိုများလား…” ဝမ်လင်းသည် စဉ်းစားနေ၏။
“ဒီလူတွေ ထွက်ခွာလာတာနဲ့ လိုက်ကာစ လှစ်ဟပေါ်တော့မှာများ ဖြစ်နိုင်လား။ ဒီကိစ္စရပ်တွေဟာ ရှုပ်ထွေးလွန်းနေပြီ။ ဒါ့ကြောင့် ပိုပြီး ရှုပ်ထွေးစေအောင် ထပ်လုပ်ရမယ်။ ဒီအရှုပ်အထွေးတွေကြား ငါ့ ရည်ရွယ်ချက်ကို အောင်မြင်အောင် လုပ်ရမယ်…”
***