← Chapters

စစ်ထူနဲ့ အတူတူ အရက်သောက်ခြင်း…

Vol. 123 Ch. 1698

စစ်ထူနဲ့ အတူတူ အရက်သောက်ခြင်း…

Vol. 123 Ch. 1698

တနေ့တာ ကုန်ဆုံးပြီးနောက် ဝမ်လင်းသည် ရှေးကောင်းကင်ဘုံနယ်မြေကနေ ဗိုလ်ချုပ်လေးယောက်၏ ကျိန်ဆိုချက်နှင့်အတူ ထွက်ခွာလာ၏။

ရှေးဟောင်းကောင်းကင်ဘုံနယ်မြေကို နတ်ဘုရားပြစ်ဒဏ်က ဖန်တီးသည့် အက်ကြောင်းအဟကနေ ဝင်နိုင်၊ ထွက်နိုင်သည်။ ထိုအဟသည် ရှေးဟောင်းကောင်းကင်ဘုံနယ်မြေပေါ်ရှိ ချိပ်ပိတ်မှု တစိတ်တပိုင်း ဖြစ်သည်။ အင်မောတယ်ကောင်းကင်ဘုံနယ်မြေမှ သွေးမျိုးဆက် ပိုင်ဆိုင်သည့်လူတိုင်းသည် ထိုအဟကနေ ထွက်ခွာရန် ခက်ခဲပေမည်။ အတိတ်တုန်းက ချိပ်ပိတ်နယ်မြေအရှင်ဟောင်းကို လုပ်ပေးခဲ့သလိုမျိုး လူတိုင်းက ဝိုင်းဝန်းလုပ်ဆောင်ပေးမှသာ လူတစ်ယောက်ကို ထိုအက်ကြောင်း၏ အပြင်ဘက်သို့ ပို့ပေးနိုင်မည် ဖြစ်၏။

ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့သည်လည်း သည်နေရာ၌ အရေးကြီးဆုံးအရာတစ်ခု ဖြစ်နေနိုင်လောက်၏။

ရှေးဟောင်းကောင်းကင်ဘုံနယ်မြေသို့ မဝင်ရောက်လာခင်က ဝမ်လင်းသည် ထင်မြင်ချက်များစွာ ရှိခဲ့၏။ သို့သော် ခုချိန်၌ ပြန်ထွက်လာသည့်အခါ သူသည် တော်တော်များများကို နားလည်သွားခဲ့လေပြီ။ အဟကြားကနေ ခြေလှမ်းထွက်လာသည့်နောက် ဝမ်လင်းသည် နောက်သို့ လှည့်၍ ထိုအဟ ဖြည်းဖြည်းချင်း ပိတ်ဆို့သွားသည်ကို စောင့်ကြည့်နေ၏။ ထို့နောက် သူက သက်ပြင်းချမိသည်။

သူ၏ရှေ့ရှိ ဟင်းလင်းပြင်ကို ကြည့်ကာ ပထမဆုံးအကြိမ်အဖြစ် ထိုဟင်းလင်းပြင်သည် အမှန်တကယ် မတည်ရှိသလိုမျိုး ထင်ရလေ၏။

ဝမ်လင်းသည် အတွင်းနှင့်အပြင်နယ်မြေများသည် လှိုဏ်ဂူတစ်ခု၏ အစိတ်အပိုင်းမျှသာ ဖြစ်သည်ဟု တခြားသူများကို ပြောပြ၍ မရနိုင်ပေ။ သူ ပြောပြခဲ့လျှင်ပင် သူ့စကားကို ယုံမည့်သူ ရှားလွန်းပေမည်။ ထိုသို့ ယုံကြည်သူများမှာလည်း ရူးကောင်း ရူးသွားနိုင်လောက်၏။

သည်ကြယ်အဖွဲ့အစည်းကို ကြည့်၍ ဝမ်လင်းသည် ငြိမ်သက်စွာ စဉ်းစားနေသည်။

ဟင်္သာပြဒါးဂြိုဟ်၏ အပြင်ဘက်၌ နတ်ဘုရားပြစ်ဒဏ် တိမ်တိုက်များ ပျောက်ကွယ်သွားသည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်၏။ စစ်ထူနန်နှင့် တခြားသူများမှာ ဝမ်လင်း၏ ပြန်အလာကို စောင့်နေကြသည်။

သူတို့က ဝမ်လင်း၏ပုံရိပ် ထွက်ပေါ်လာသည်ကို တွေ့မြင်သည့်အခါ သံပြိုင်အော်ဟစ်လိုက်ကြ၏။ ကျင့်ကြံသူထောင်ချီသည် ဝမ်လင်း၏ အမည်ကို ချိပ်ပိတ်နယ်မြေအရှင်ဟု ခေါ်ဆိုနေကြရင်း သူတို့၏မျက်လုံးထဲ၌ ဝမ်းမြောက်ဝမ်းသာ အကြည့်များ လှစ်ဟပေါ်နေသည်။

သူတို့၏ ခေါ်သံများကို နားထောင်လျက် ဝမ်လင်းသည် ပို၍ ငြိမ်သက်စွာ စဉ်းစားသွားလေ၏။ သူသည် စိတ်ရှုပ်ထွေးမိသလို ခံစားရသည်။

“ချိပ်ပိတ်နယ်မြေအရှင်….ပြီးခဲ့တဲ့ ချိပ်ပိတ်နယ်မြေအရှင်ဟာ ကောင်းကင်ဘုံအုပ်စိုးသူရဲ့ ပွန်းတစ်ကောင်ပဲ။ သူဟာ အတွင်းနယ်မြေက မဟုတ်ဘဲ အင်မောတယ်ကောင်းကင်ဘုံနယ်မြေက လာခဲ့တဲ့သူသာ ဖြစ်တယ်။ သူ့မှာ ကောင်းကင်ဘုံသားတစ်ယောက်ရဲ့ သွေးမျိုးဆက် ပိုင်ဆိုင်ထားခဲ့တယ်။ သူဟာ အတွင်းနယ်မြေကို ကူညီပေးဖို့ ရောက်လာခဲ့တာ မဟုတ်ဘဲ ကောင်းကင်ဘုံအုပ်စိုးသူကို ရှာဖွေဖို့အတွက် အစီအစဉ်ချနိုင်ဖို့ ရောက်လာခဲ့တာပဲ။ ဖြစ်နိုင်တာကတော့ နှစ်ပေါင်းများစွာ ကုန်လွန်လာခဲ့တော့ သူဟာ ဒီအတွင်းနယ်မြေက လူတွေအပေါ် သနားမိခဲ့တာ ဖြစ်မယ်…”

“ဒါပေမဲ့ အဆုံးသပ်မှာတော့ သူဟာ ဒီနေရာကလူ မဟုတ်ဘူး။ အပြင်လူတစ်ယောက်သာ ဖြစ်ခဲ့တယ်…”

အရာအားလုံးကို နားလည်ပြီးနောက် ဝမ်လင်းသည် ချိပ်ပိတ်နယ်မြေအရှင်ဟူသော ဂုဏ်ပုဒ်နှင့် ပတ်သတ်၍ စိတ်ရှုပ်သလို ခံစားမိလာ၏။

သူ ငြိမ်သက်စွာ စဉ်းစားနေသည်ကို ကျင့်ကြံသူထောင်ချီက သတိပြုမိလာ၏။ သူတို့၏ ဝမ်းပန်းတသာ အော်သံများမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး သူတို့၏ အကြည့်က ဝမ်လင်းထံသို့သာ ရောက်နေ၏။

ဝမ်လင်းသည် သူ့ရှေ့ရှိလူများ၏ မျက်နှာများကို ကြည့်ကာ သူ့စိတ်ထဲ၌ ခါးသီးမှုတို့ ပြည့်လာ၏။ သူသည် ထိုသူတို့ကို ‘မင်းတို့အားလုံးဟာ၊ ငါတို့အားလုံးဟာ လှိုဏ်ဂူထဲက သက်ရှိမျှသာ ဖြစ်တယ်လို့’ ပြောပြချင်နေ၏။ ‘ငါတို့ မြင်ရတဲ့ ကောင်းကင်ဟာ အစစ်အမှန်ကောင်းကင် မဟုတ်ဘူး။ ငါတို့ မြင်ရတဲ့ မြေပြင်ထုဟာ အစစ်အမှန် မြေပြင်ထု မဟုတ်ဘူးလို့’သူ ပြောပြချင်နေသည်။

“ပြင်ပနယ်မြေနဲ့ တိုက်ပွဲတွေဟာ တခြားသူတွေရဲ့ ကစားကွက်တစ်ခုသာ ဖြစ်တယ်၊ ငါတို့ ကျင့်ကြံတဲ့ မန္တာန်တွေ၊ တာအိုတွေဟာ အတုအယောင်တွေသာ ဖြစ်တယ်…”

“အရာအားလုံးဟာ အတုအယောင်ပဲ၊ ဘာတစ်ခုမျှ အစစ်မဟုတ်ဘူး…”

စသဖြင့်စသဖြင့် စကားများကို ဝမ်လင်းသည် ပြောပြချင်နေသည်။

သို့သော် သူသည် မည်သို့ ပြောနိုင်ပါ့မည်နည်း။ သူသည် ဒီရောင်းရင်းကျင့်ကြံသူများကို ရက်စက်လှသည့် အမှန်တရားကို ပြောပြဖို့ နည်းလမ်း ရှိမနေပေ။

ထိုအခိုက်အတန့်၌ ဝမ်လင်းသည် ရုတ်တရက် ခုနစ်သန်းလောကများထံမှ တာအိုသခင်ပြန့်ကြဲစိတ်ဝိညာဉ်အကြောင်းကို တွေးမိသွားသည်။ သူသည် ရုတ်တရက် ထိုတာအိုသခင်ပြန့်ကြဲစိတ်ဝိညာဉ်နှင့် ဆက်နွှယ်မှု ရှိနေသလို ခံစားမိလိုက်၏။ သူတို့၏အတွေ့အကြုံများသည် အတော်လေး ဆင်တူနေသည် မဟုတ်လား။

သို့ပေမည့် တာအိုသခင်ပြန့်ကြဲစိတ်ဝိညာဉ်သည် ဝမ်လင်းထက် အများကြီး ပိုကံကောင်း၏။ အကြောင်းမှာ သူသည် အတုအယောင်လောကကနေ ထွက်ခွာကာ အစစ်အမှန်လောကသို့ ဝင်ရောက်မည်ဟု ယုံကြည်နေခဲ့ခြင်းကြောင့်ပင်။

ဝမ်လင်း၏ ငြိမ်သက်မှုနှင့် စိတ်ရှုပ်ထွေးမှုကို စစ်ထူနန်က သတိပြုမိသည်။ သူလည်း စိတ်ရှုပ်သွားမိသည်။ သူသည် ဝမ်လင်း အဟ၏အတွင်း၌ မည်သည့်အရာကို တွေ့မြင်ခဲ့သည်ကို မသိပေ။ ဝမ်လင်း ဝင်ရောက်သွားခဲ့စဉ်က အလွန်တက်ကြွနေခဲ့ပြီး ခုချိန်၌မူ သူသည် စိတ်ပျက်လက်ပျက်ဖြစ်နေသည်ပုံ ပေါ်နေ၏။

ဝမ်လင်းသည် ရှေ့သို့ ငြိမ်သက်စွာ ဆက်လျှောက်လာကာ စစ်ထူနန် ဘေးနားသို့ ရောက်လာသည်။ သူ၏စိတ်ရှုပ်နေသော မျက်လုံးထဲ၌ ပင်ပန်းမှုများ ရှိနေလေပြီ။ သူသည် ခပ်တိုးတိုး ပြောလိုက်သည်။ “စစ်ထူ…သင့်မှာ အရက်ရှိလား။ ငါ အရက်သောက်ချင်တယ်…”

“သောက်ကြတာပေါ့…” စစ်ထူနန်သည် ဘာကြောင့်ဟူ၍ မမေးပေ။ သူသည် ခေါင်းသာ ညိတ်လိုက်၏။

“မင်း သောက်ချင်မှတော့ ငါ မင်းကို အဖော်ပြုပေးမယ်…”

ဟင်္သာပြဒါးဂြိုဟ်ပေါ်ရှိ မထင်မရှားတောင်တစ်လုံးပေါ်တွင် ဝမ်လင်းနှင့်စစ်ထူနန်တို့ ထိုင်နေကြ၏။ သူတို့သည် မှောင်မိုက်သော ကောင်းကင်ယံကို ကြည့်၍ ငြိမ်သက်စွာ သောက်နေကြသည်။

မည်သူကမျှ သူတို့နှစ်ယောက်ကို လာမနှောက်ယှက်ကြပေ။ ကျင့်ကြံသူထောင်ချီသည် ဂြိုဟ်ပေါ်တွင် ထိုင်ချကာ ကျင့်ကြံနေ၏။ သူတို့သည် ဝမ်လင်း တောင်ပေါ်မှ ဆင်းလာမည်ကို စောင့်နေကြ၏။ သူတို့သည် ဝမ်လင်းက သူတို့အတွက် အလုံးစုံကောင်းကင်ကို ပြန်ယူပေးကာ အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းမှ လူများကို ကယ်တင်၍ အတွင်းနယ်မြေကို ကာကွယ်ပေးမည်ကို စောင့်နေကြသည်။

“စစ်ထူ…လူတွေ ဘာကြောင့် အသက်ရှင်နေရတာလဲ…” ဝမ်လင်းသည် အရက်မော့နေရင်း သူ့မျက်လုံးထဲရှိ စိတ်ရှုပ်ထွေးမှုသည် ပိုအားကောင်းလာသည်။

“အသက်ရှုဖို့…” စစ်ထူနန်သည် ငြိမ်သက်စွာ စဉ်းစားနေ၏။ သူ့လက်ထဲရှိ အရက်အိုးကို အောက်ချလိုက်သည်။ သူသည် ဝမ်လင်း၏ပုံပန်းသွင်ပြင်ကို ကြည့်ကာ မျက်မှောင်ကြုတ်သွားသည်။ ထို့နောက် သူက မေးလိုက်သည်။

“ဒီအဟက ဘာများလဲ…”

ဝမ်လင်းသည် ခေါင်းယမ်းကာ ခါးသက်သက် ပြုံး၏။ သူသည် အရက်အိုးကို ကောက်ယူကာ နောက်ထပ် တစ်ငုံသောက်ချလိုက်သည်။

“ငါတို့ ဟိုးလွန်ခဲ့တဲ့ နှစ်တွေက ဘယ်လို သောက်ခဲ့ကြလဲ သင် မှတ်မိလား…” ဝမ်လင်းသည် စစ်ထူနန်ကို ကြည့်ကာ အတိတ်ကို ပြန်တွေးမိသည်။

“အဲ့အချိန်တုန်းက ငါဟာ စိတ်ရှုပ်ထွေးပြီး သောက်နေခဲ့တယ်။ ငါ မကျင့်ကြံချင်တော့ဘူးလို့ ပြောခဲ့တယ်။ ဘာကြောင့် ငါ ကျင့်ကြံနေရမှန်း မသိဘူးလို့ ပြောခဲ့တယ်။ ကျင့်ကြံခြင်းဟာ ဘာပျော်ရွှင်မှုကိုမှ မယူဆောင်လာခဲ့ဘူး…။ ပင်ပန်းမှုနဲ့ အသက်အန္တရာယ်တွေ အဖုံဖုံကို ကြုံရတာသာ ရှိခဲ့တယ်။ ငါ လူတွေ အများကြီး သတ်ခဲ့ပြီးပြီး၊ ငါ တော့်တော့်ကို သတ်ခဲ့ပြီးပြီး…” ဝမ်လင်းသည် သောက်နေရင်း စတင် ရယ်မောလေ၏။

“အဲ့အချိန်တုန်းက ငါ မင်းကို ပြောခဲ့တယ်လေ၊ လူတွေ ဘာကြောင့် ကျင့်ကြံရတာလဲ ဆိုပြီး မေးခဲ့တယ်။ အသက်ရှည်ဖို့ အတွက်လား။ ဒါပေမဲ့ အချိန်အကြာကြီး ရှင်သန်နေထိုင်ရတာ ဘာအတွက်လဲ။ မင်းဟာ အသက်ရှည်နေပေမယ့် မင်းချစ်ရတဲ့ မင်းနားကလူတွေဟာ အိုမင်းပြီး တကွဲတပြား ထွက်သွားတာကို ကြည့်နေခဲ့ရတယ်။ သူတို့မျက်လုံးမှိတ်သွားတာကို ဒီအတိုင်း ကြည့်နေရတယ်။ အဆုံးသပ်မှာ ကျန်ခဲ့တာဆိုလို့ ထုံသွားတဲ့နှလုံးသားတစ်ခုပဲ မဟုတ်လား…”

“ပင်ပန်းလှတဲ့ ခန္ဓာနဲ့ အချိန်အကြာကြီး ရှင်သန်နေရတော့ရော ဘာထူးမလဲ…။ ဒါဟာ အသက်ရှည်ရုံပဲ။ စစ်ထူ..မင်းဟာ ငါ့ကို ကျင့်ကြံခြင်းလောကထဲ ခေါ်ဆောင်ခဲ့တာ။ ငါ့ကို ပြောပါ...ဒီအသက်ရှည်ခြင်းဟာ ဘာလဲ…” ဝမ်လင်းသည် အရက်ကို အားပါးတရ မော့ချလိုက်ပြီးနောက် ဘေးသို့ အရက်အိုးကို လွှတ်ပစ်လိုက်သည်။

“ကျင့်ကြံသူတွေဟာ သူတို့ရဲ့ စိတ်ခံစားမှုကို ဖြတ်တောက်ပစ်ဖို့ မလိုဘူး။ ငါတို့ ဟင်္သာပြဒါးဂြိုဟ်ပေါ်မှာ ရှိခဲ့တဲ့အချိန်တုန်းက မင်းဟာ စတင်ကျင့်ကြံရုံပဲ ရှိသေးတယ်။ မင်းဟာ မင်းမိဘတွေအပေါ် အောက်မေ့တွယ်တာလို့ ရတယ်။ မင်းဟာ သူတို့အပေါ် စိတ်ခံစားမှုကို ဖြတ်တောက်မပစ်ချင်ခဲ့ဘူး။ ငါ မင်းကို အဲ့လိုမျိုး ဖြေခဲ့တယ်…”

“မင်း ဒီခံစားမှု သံယောဇဉ်တွေကို မဖြတ်တောက်နိုင်မှတော့ မဖြတ်တောက်ချင်မှတော့ မင်း နာကျင်မှုကို ခံစားရမှာ သဘာဝပဲ။ မင်း သေသွားခဲ့ရင် ဒါဟာ ကိစ္စမရှိတော့ဘူးလေ။ ဒါပေမဲ့ မင်း မသေခဲ့ဘူး။ မင်းဟာ နှစ်ပေါင်းနှစ်ထောင်ကျော် ကျင့်ကြံခဲ့ပြီး ဒီအဆင့်ထိ ရောက်လာခဲ့ပြီ။ ဒါ့ကြောင့် မင်း စိတ်ရှုပ်ထွေးနေတာ။ ဒါ့ကြောင့် အသက်ရှည်ခြင်းက ဘာလဲဆိုပြီး မင်း ငါ့ကို မေးနေတာ…”

“အသက်ရှည်ခြင်း၊ အသက်ရှည်ခြင်း။ ဒီဘဝမှာ အသက်ရှည်တယ်ဆိုတာ မရှိဘူး။ ဒီအသက်ရှည်တာဟာ မင်းကိုယ်မင်း ဆက်ရှင်သန်စေတယ်။ မင်းကိုယ်မင်း ပိုသန်မာလာစေတယ်။ ဘယ်သူ့မှ မင်းကို အမိန့်မပေးနိုင်တဲ့ထိ လွတ်လပ်လာစေတယ်…”

“ငါတို့ အားလုံးဟာ သေရမှာ ကြောက်ကြတာပဲ။ ငါတို့ မသေချင်ကြဘူး။ ဒါ့ကြောင့် ငါတို့ဟာ အသက်ရှည်ခြင်းနောက်ကို လိုက်စားကျင့်ကြံခဲ့ကြတာ။ ဒီအဘိုးအိုတော့ မင်း ဒါကို နားမလည်ဘူးဆိုတာ မယုံဘူး…”

စစ်ထူနန်သည် အရက်တစ်အိုးလုံး မော့ချလိုက်ပြီး ဘေးတစ်ဖက်သို့ ပစ်ချကာ ဝမ်လင်းကို အော်ဟောက်လိုက်၏။ “မင်းကိုယ်မင်း ကြည့်စမ်း၊ ဒီအက်ကြောင်းအဟထဲမှာ မင်း ဘာကို တွေ့မြင်ခဲ့တာလဲ။ ဒီအဘိုးအိုကို ပြောပြပါ…”

“အထွတ်အထိပ်…။ ငါ အထွတ်အထိပ်ကို မရောက်ခဲ့ဘူး။ ငါ အထွတ်အထိပ်ကို ရောက်ခဲ့ရင်ရော ဘာဖြစ်တုန်း။ ငါ နားလည်ခဲ့တယ်။ ဒါပေမဲ့ ငါဟာ မင်းနဲ့ မတူဘူး။ ငါ ဘယ်တော့မှ မကျင့်ကြံချင်ခဲ့ဘူး။ ငါ ငယ်ရွယ်ချိန်တုန်းက ငါဟာ ငါ့မိဘနှစ်ပါးအတွက် သူတို့ ငါ့အပေါ် စိတ်မပျက်ရလေအောင် ဒါကို လုပ်ခဲ့တာ။ ငါ အံတင်းတင်းကြိတ်ပြီး ဟုန်ယွီကလန်ကို သွားရောက်ခဲ့တာ…”

“ဒါပေမဲ့…ရလဒ်ကတော့။ ကံကြမ္မာဟာ ငါတို့ကို တကယ်ပဲ အရူးလုပ်တယ်။ ငါ ငါ့မိဘတွေအတွက် ကျင့်ကြံခဲ့တယ်။ ဒါပေမဲ့ ဒါကပဲ သူတို့ သေဆုံးဖို့ ဖြစ်လာခဲ့တယ်။ အဲ့ဒီနောက် ငါဟာ လက်စားချေဖို့ ကျင့်ကြံခဲ့တယ်။ ငါဟာ နတ်ဆိုးတစ်ကောင် ဖြစ်လာပြီး ထျန်မိသားစုတစ်ခုလုံးကို သတ်ခဲ့တယ်။ သွေးတွေ မြစ်လို စီးဆင်းစေခဲ့တယ်…”

“ငါ လက်စားချေပြီးတဲ့နောက် ငါ စိတ်ရှုပ်ထွေးခဲ့တယ်။ ငါဟာ တနူး ကြီးပြင်းလာတာကို စောင့်ကြည့်ခဲ့တယ်။ သူ့မိဘတွေ သေသွားတာကို စောင့်ကြည့်ခဲ့တယ်။ ငါ တနူးရဲ့ဘဝတစ်ခုလုံးကို စောင့်ကြည့်ပြီး မြင်ခဲ့ရတယ်။ ငါ ဘာလုပ်ရမှန်း မသိခဲ့ဘူး။ ငါ လျှောက်ရမယ့် လမ်းကြောင်းက ဘယ်မှာလဲဆိုတာလည်း ငါ မသိခဲ့ဘူး…”

“ဝမ်အာ သေသွားတဲ့နောက်တော့ ငါဟာ သူမကို ပြန်ရှင်သန်စေဖို့အတွက် စတင် ကျင့်ကြံခဲ့တော့တယ်…”

“ငါ ပိုသန်မာလာချင်တယ်။ ရှင်သန်ရုန်းကန်ချင်လာတယ်။ ငါ ဝမ်အာ မနိုးထလာခင်မှာ မသေချင်ခဲ့ဘူး။ ငါ သူမကို ကံတရားဆီကနေ ပြန်ခေါ်ဆောင်ချင်တယ်။ အဲ့ဒီနောက် ငါဟာ ချိပ်ပိတ်နယ်မြေအရှင် ဖြစ်လာခဲ့တယ်။ ငါဟာ အတွင်းနဲ့အပြင်နယ်မြေနှစ်ခုကြား စစ်ပွဲမှာ ကျော်ကြားလာခဲ့တယ်…”

“ငါ ဒါတွေကို မလိုချင်ဘူး။ ဒါက ငါ လိုချင်တာ မဟုတ်ဘူး။ ငါ ဖြစ်ချင်တာ မဟုတ်ဘူး။ ငါဟာ ချိပ်ပိတ်နယ်မြေအရှင် မဖြစ်လာချင်ဘူး…” ဝမ်လင်းသည် စစ်ထူကို ကြည့်၍ အရက်အိုးကို မော့လိုက်ပြန်သည်။ သူသည် အိုးတစ်ဝက်တိတိ သောက်ချလိုက်ပြီးနောက် အရက်များ သူ့ပါးစပ်ထောင့်တွင် ပေကျန်လို့သွားသည်။

“မင်း…” စစ်ထူနန်သည် ဝမ်လင်းကို ကြည့်နေ၏။ ဝမ်လင်း၏မျက်လုံးထဲရှိ စိတ်ရှုပ်ထွေးမှုကို သူ မြင်ပေသည်။ သူသည် စကားတစ်ခွန်းမှ မဆိုနိုင် ဖြစ်ရသည်။ သူသည် သက်ပြင်းချကာ ဒေါသတကြီး အရက်ကိုသာ ဖိသောက်လိုက်တော့သည်။

“မင်းက အက်ကြောင်းအဟထဲမှ မြင်ခဲ့တဲ့အရာကို ဒီအဘိုးအိုကို မပြောပြချင်မှတော့ ဒီအဘိုးအိုကလည်း မမေးတော့ဘူး။ ဟုတ်ပြီလား…”

သူတို့နှစ်ယောက်သည် ငြိမ်သက်သွားကြပြန်၏။ နှစ်ယောက်လုံးသည် ဆက်သောက်နေကြစဉ် အာရုံတက်ချိန် ရောက်လာကာ နေအလင်းရောင် အစပြုလာခဲ့ပြီ။

ဝမ်လင်းသည် တိုးညင်းစွာ ပြောလိုက်လေ၏။ “ဒီအက်ကြောင်းအဟက ရှေးဟောင်းကောင်းကင်ဘုံနယ်မြေရှိ ဦးတည်တယ်…”

စစ်ထူနန်သည် မင်သက်သွားမိသည်။ ထို့နောက် သူသည် ရုတ်တရက် ထရပ်ကာ ကောင်းကင်ထက်သို့ မော့ကြည့်လိုက်၏။ သူ၏အကြည့်က ကောင်းကင်ကို ထွင်းဖောက်ကာ အစောပိုင်းတုန်းက ပေါ်လာခဲ့သော နတ်ဘုရားပြစ်ဒဏ်အဟကို တွေ့မြင်လိုက်သည့်နှယ်။

“ရှေးဟောင်းကောင်းကင်ဘုံနယ်မြေ…။ ဒီနေရာဟာ တကယ်ပဲ ဒဏ္ဌာရီဆန်တဲ့ ရှေးဟောင်းကောင်းကင်ဘုံနယ်မြေလား။ အဲ့မှာ အစစ်အမှန်ကောင်းကင်ဘုံသားတွေ ရှိကြတယ်ပေါ့။ မင်း သူတို့ကို တွေ့မြင်ခဲ့လား…” စစ်ထူနန်သည် ပင့်သက်ရှိုက်မိ၏။ သူ့မျက်လုံးထဲတွင်လည်း တုန်လှုပ်မှုတို့ ပြည့်နေသည်။

“ငါ သူတို့ကို တွေ့ခဲ့တယ်။ ငါ ကောင်းကင်ဘုံသားတစ်ယောက်ကိုပါ သတ်ပစ်ခဲ့သေးတယ်…” ဝမ်လင်း၏အမူအရာသည် ခါးသီးဟန် ပေါ်နေ၏။ သူသည် အရက်တစ်ကျိုက်မော့လိုက်ပြန်သည်။

စစ်ထူနန်သည် မင်သက်ကာ ဝမ်လင်းကို စိုက်ကြည့်မိ၏။ အချိန်အတန်ကြာပြီးနောက် သူက မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်၍ ခါးသီးစွာ ပြုံးမိသည်။

“ဒီတော့ ဘာဖြစ်သလဲ။ မင်းရဲ့ စိတ်ဓာတ်အရ မင်းဟာ သူတို့ကို သတ်ပြီးတဲ့နောက် ဒီအတိုင်း ထွက်လာမှာ မဟုတ်ဘူး။ မင်း အဲ့ကောင်းကင်ဘုံသားရဲ့ မှတ်ဉာဏ်ကိုရော ရှာဖွေနိုင်ခဲ့တယ်မလား…”

ဝမ်လင်းသည် ငြိမ်သက်စွာ စဉ်းစားနေ၏။ သူ့မျက်လုံးထံမှ ရှုပ်ထွေးဟန်အကြည့်တစ်ခု လှစ်ဟပေါ်သည်။ သူသည် လက်ထဲရှိ အရက်အိုးထဲမှ အရက်ကို အကုန်မော့ချကာ ဘေးသို့ လွှတ်ပစ်လိုက်ပြိးနောက် စစ်ထူနန်ကို မော့ကြည့်လိုက်သည်။

“ငါ အဲ့ကောင်းကင်ဘုံသားရဲ့ မှတ်ဉာဏ်ကို ရှာခဲ့တယ်။ ငါ အတွင်းနဲ့အပြင်နယ်မြေ တည်ရှိမှုရဲ့ လျှို့ဝှက်ချက်တစ်ခုကို တွေ့ရှိခဲ့တယ်…”

“စစ်ထူ…ငါသာ အတွင်းနဲ့အပြင်နယ်မြေနှစ်ခုလုံးဟာ အတုအယောင်တွေဖြစ်ပြီး ဒီနယ်မြေနှစ်ခုလုံးက ပုံရိပ်ယောင်တစ်ခုသာသာလို့ ပြောလိုက်ရင် သင် ဒါကို ယုံနိုင်မလား…”

“သင်နဲ့ငါ၊ ငါတို့ သိထားတဲ့ ရောင်းရင်းကျင့်ကြံသူတိုင်းဟာ လှိုဏ်ဂူတစ်ခုထဲမှာ မွေးဖွားခဲ့ကြတာလို့ ငါ ပြောလိုက်ရင် သင် ဒါကို ယုံနိုင်မလား…”

“ငါတို့ ကျင့်ကြံတဲ့ တာအိုဟာ တခြားသူတွေ သတ်မှတ်ထားတာ ဖြစ်တယ်လို့ ပြောလိုက်ရင်ရော သင် ယုံနိုင်မလား…”

“ငါတို့နေထိုင်တဲ့ ဒီလောကဟာ လှိုဏ်ဂူလောကသာ ဖြစ်တယ်လို့ ငါ ပြောရင်ရော၊ ရှေးဟောင်းကောင်းကင်ဘုံအုပ်စိုးသူရဲ့ လှိုဏ်ဂူ၊ ဒါမှမဟုတ် အပူဇော်ခံမီးတောက်တွေကို စုဆောင်းဖို့ သူ ဖွင့်လှစ်ထားခဲ့တဲ့ နယ်မြေတစ်ခုလို့ ငါ သင့်ကို ပြောရင် သင် ဒါကို ယုံမလား…”

“မင်း ဘာတွေ ပြောနေတာလဲ…” စစ်ထူနန်သည် လက်ထဲရှိ အရက်အိုးကို အလိုလို လွှတ်ပစ်လိုက်မိ၏။ ထိုအရက်အိုးသည် မြေပြင်ထက်သို့ လိမ့်ဆင်းကျသွားလေသည်။

***

All Chapters