တာဝန်ယူခြင်း…
Vol. 123 Ch. 1699
ဝမ်လင်းသည် ခါးသီးစွာ ပြုံး၍ စစ်ထူနန်ကို စိုက်ကြည့်နေသည်။ ထို့နောက် သူသည် မြေပြင်ထက်မှ အရက်အိုးတစ်အိုးကို ကောက်ယူကာ တစ်ကျိုက်မော့ချလိုက်သည်။
“ဒါဟာ အဲ့ကောင်းကင်ဘုံသားရဲ့ မှတ်ဉာဏ်ထဲကနေ ငါ သိလာခဲ့တဲ့အရာပဲ။ သင် ချိပ်ပိတ်နယ်မြေအရှင်ဟောင်းကို သိတယ်မလား။ ငါ မဟုတ်ဘူး…အရင်က အရှင်ဟောင်းလေ။ သူဟာ ရှေးဟောင်းကောင်းကင်ဘုံနယ်မြေကနေ လာခဲ့တာ။ အတွင်းနယ်မြေက မဟုတ်ဘူး…”
“ပြီးတော့ ငါနဲ့ ရှေးဟောင်းကြယ်အဖွဲ့အစည်း(ပြင်ပနယ်မြေ)မှာ တွေ့ခဲ့တဲ့ ကောင်းကင်ဘုံအင်ပါယာကိုယ်လုပ်တော်တွေရယ်၊ ဆန်းကြယ်လှတဲ့ ခုနစ်ရောင်စုံတာအိုသခင်တို့ ရှိသေးတယ်…”
“ဒီလူတွေအားလုံးဟာ အင်မောတယ်ကောင်းကင်ဘုံနယ်မြေလို့ ခေါ်တဲ့နေရာကနေ လာခဲ့ကြတာ။ အဲ့ဒီကုန်းမြေဟာ အတွင်းနဲ့အပြင်နယ်မြေနှစ်ခုပေါင်းထက် အဆသောင်းချီ ပိုကြီးမားတယ်။ အဲ့နေရာဟာ သူတို့ရဲ့ မွေးရပ်မြေပဲ။ ငါတို့ကတော့ အင်မောတယ်ကောင်းကင်ဘုံနယ်မြေရဲ့ တာအိုခုနစ်ခုကလန်ခေါင်းဆောင်၊ ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူရဲ့ လှိုဏ်ဂူထဲက လူတွေသာ ဖြစ်နေကြတယ်…”
“ငါတို့မြင်ရတဲ့ ကောင်းကင်ဟာ ဒီလှိုဏ်ဂူရဲ့ မျက်နှာကြက်ပဲ။ ငါတို့ မြင်နေရတဲ့ မြေပြင်ဟာ ဒီလှိုဏ်ဂူရဲ့ ကြမ်းပြင်ပဲ။ အတွင်းနဲ့အပြင်နယ်မြေတွေဟာ ဒီလှိုဏ်ဂူရဲ့ အတွင်းခြမ်းနဲ့အပြင်ခြမ်းမျှသာ ဖြစ်တယ်…”
“သင် ဒါတွေကို ယုံနိုင်မလား။ ငါတို့ ကျင့်ကြံခဲ့တဲ့ တာအို၊ ကောင်းကင်ဘုံတာအိုဟာ ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူ ခိုးယူခဲ့ပြီး ဒီနေရာမှာ မြင့်တက်လာစေတာလို့ ငါ ပြောမယ်…”
“သင် ဒါတွေကို ယုံကြည်လား…”
“ကောင်းကင်ဘုံတာအို မရှိခဲ့ရင်၊ ကောင်းကင်ဘုံအုပ်စိုးသူကသာ ဒါကို ခိုးယူခဲ့ခြင်း မရှိရင် ဒီလှိုဏ်ဂူထဲမှာ ဘာသက်ရှိမှ ပေါ်လာမှာ မဟုတ်ဘူး။ ဒါဟာ လှိုဏ်ဂူလောကတစ်ခုသာသာပဲ…”
“သင် ဒါတွေအားလုံးကို သိသွားတဲ့အခါ သင် စိတ်ရှုပ်ထွေးမိမလား…စစ်ထူ။ ငါတို့ ဘာအတွက် အသက်ရှင်နေရလဲ သင် မတွေးကြည့်ချင်ဘူးလား…။ ငါတို့ ဘာကြောင့် တည်ရှိရတာလဲ၊ ဘာအတွက် တည်ရှိရတာလဲ…”
“အဲ့ဒီနောက် နတ်ဘုရားပြစ်ဒဏ်ဆိုတာ ရှိသေးတယ်။ ကောင်းကင်ဘုံအုပ်စိုးသူဟာ ကောင်းကင်ဘုံတာအိုကို မြှင့်တင်ခဲ့တယ်။ ဒီနေရာ တည်ရှိတဲ့ သက်ရှိတွေအားလုံးဟာ ဒီကောင်းကင်ဘုံတာအိုကြောင့်ပဲ။ သူဟာ ကောင်းကင်ဘုံတာအိုရဲ့ အစီအစဉ်တွေကို ပြောင်းလဲဖို့ ကြိုးစားတဲ့သူမှန်သမျှကို သတ်ပစ်ဖို့ နတ်ဘုရားပြစ်ဒဏ်ကိုလည်း ဖန်တီးထားခဲ့တယ်…”
“ကောင်းကင်ဘုံကို ဖိဆန်တဲ့ ကျင့်ကြံသူဆိုတာ ဘာလဲ…။ ကောင်းကင်ဘုံကို ဖိဆန်တဲ့ ကျင့်ကြံသူဆိုတာ ဒီကောင်းကင်ဘုံတာအိုရဲ့ အကြံအစည်တွေကို ဖိဆန်ပြောင်းလဲပစ်မယ့် သူတွေပဲ…။ နတ်ဘုရားပြစ်ဒဏ်ဟာ ဒီလိုလူတွေကို ရှင်းလင်းဖို့အတွက် ရှိနေခဲ့တာ။ ဒါပေမဲ့ နတ်ဘုရားပြစ်ဒဏ်ဟာ ငါ့ကို မဖျက်စီးနိုင်ခဲ့ဘူး။ ငါ့ရဲ့ ဖျက်စီးခြင်းကို ခံခဲ့ရတယ်…”
“ငါဟာ နတ်ဘုရားပြစ်ဒဏ်ကို ဖျက်စီးပြီး ငါ့ကိုယ်ပိုင်ကံကြမ္မာကို ပြန်ယူဆောင်ခဲ့တယ်။ ငါဟာ ဒီလောကရဲ့ လျှို့ဝှက်ချက်ကို သိခဲ့တယ်။ သင် ငါ့ကို မေးမှတော့ ငါ ဒါတွေအားလုံး သင့်ကို ပြောပြလိုက်ပြီ။ ဒါပေမဲ့ သင် ယုံကြည်နိုင်ပါ့မလား…”
စစ်ထူနန်သည် ရီဝေစွာ စဉ်းစားနေ၏။ အချိန်အတန်ကြာပြီးနောက် သူသည် ထိုင်ချကာ အရက်ဆက်သောက်သည်။ သို့သော် သူသည် စကားတစ်ခွန်းမှ မဆိုပေ။ သူ၏မျက်လုံးထဲ၌ ရုန်းကန်မှု ရှိနေ၏။ သူသည် ဝမ်လင်း ပြောပြသည့် လျှို့ဝှက်ချက်ကို မယုံပေ။ သို့သော် ယုံလည်း ယုံမိနေ၏။
တခြားတစ်ယောက်ယောက်သာ သူ့ဆရာဖြစ်သူ ချင်းလင်ကိုယ်တိုင် အခုလို ပြောလာလျှင် သူ ယုံကြည်လိမ့်မည် မဟုတ်ပေ။ မည်သူကမျှ ဒီအဖြစ်ကို ယုံကြည်ဖို့ ရွေးချယ်ကြလိမ့်မည် မဟုတ်ပေ။
သို့ရာတွင် အခု သည်အကြောင်းကို ပြောပြသူမှာ ဝမ်လင်း၊ သူ့ညီကို ဖြစ်နေ၏။ သူသည် ဝမ်လင်းနှင့် ပတ်သတ်၍ နားလည်ပေ၏။ သူသည် ဝမ်လင်း ကြီးပြင်းခဲ့သည်ကို သေချာ စောင့်ကြည့်ခဲ့ဖူးသူ ဖြစ်သည်။ သူသည် ဝမ်လင်းကို မယုံကြည်ဘဲ မည်သို့ နေပါ့မည်နည်း။
“အရာအားလုံးဟာ လှိုဏ်ဂူတစ်ခုပဲ။ ဒီတော့ အတွင်းနဲ့အပြင်နယ်မြေနှစ်ခုကြားက စစ်ပွဲက ဘယ်လိုများ ဖြစ်မလဲ…” စစ်ထူနန်သည် ခေါင်းမော့မိကာ ကောင်းကင်ထက်သို့ ကြည့်လိုက်၏။ သူ၏မျက်လုံးထဲတွင် ကြောက်ရွှံ့မှု တဖြည်းဖြည်း ပေါ်လာသည်။
သူသည် ကြောက်ရွှံ့ခြင်း ဖြစ်ခဲ၏။ သို့သော် ဝမ်လင်း၏ ထိတ်လန့်စရာ ကောင်းလှသော စကားများကို ကြားလိုက်ရသည့််အခါ၌ သူ၏စိတ်ထဲတွင် အကြောက်တရား ပေါ်လာ၏။ သူသည် သည်အရာအားလုံးကသာ အမှန်ဖြစ်ခဲ့ရင် သူ၏ ပျော်ရွှင်မှုကို ရှာဖွေခြင်းက အစစ်အမှန်ဟုတ်ခဲ့ရဲ့လားဟု ကြောက်နေမိသည်။
သူသည် ကောင်းကင်ဘုံကို ချမှတ်ထားသော အစီအစဉ်တိုင်း လုပ်ရသည့် ရုပ်သေးတစ်ရုပ်လို ဖြစ်နေခဲ့၏။ ဆန်းကြယ်လှသော တည်ရှိမှုတစ်ခု၏ ကစားခံသပ်သပ် ဖြစ်နေ၏။
ဝမ်လင်းသည် ခဏတာ ငြိမ်သက်စွာ စဉ်းစားပြီးနောက် ခပ်တိုးတိုး ပြောလိုက်၏။ “အတွင်းနဲ့အပြင်နယ်မြေနှစ်ခုကြား စစ်ပွဲနဲ့ ပတ်သတ်လို့တော့ ငါ့မှာ ခန့်မှန်းချက်တွေ ရှိတယ်။ ဒါပေမဲ့ ငါ ဒါကို အပြည့်အဝ နားမလည်သေးဘူး။ ဒါပေမဲ့လည်း ငါ့မှာ အစီအစဉ်တစ်ခု ရှိတယ်။ ခုကစပြီး နောင်သုံးနှစ်နေရင် ငါ ဒီစစ်ပွဲနဲ့ ပတ်သတ်လို့ အရာအားလုံးကို သိလာလိမ့်မယ်…”
“လှိုဏ်ဂူ…” စစ်ထူနန်သည် ခါးသီးစွာ ပြုံးမိသည်။ သူ ခေါင်းငုံ့သွား၏။ သူသညည် လက်ထဲရှိ အရက်အိုးကို ကြည့်ကာ တဖွဖွပြောသည်။
“ငါတို့ဟာ ကောင်းကင်ကို ကြည့်နေခဲ့တယ်။ ဒီကောင်းကင်ရဲ့ နောက်မှာ ဘာရှိမလဲ ငါတို့ သိချင်ကြတယ်။ ငါတို့မှာ ကောင်းကင်ကို ဖြတ်သန်းနိုင်တဲ့အထိ ကျင့်ကြံခြင်းအဆင့် မြင့်မားလာတဲ့အခါ ဟင်းလင်းပြင်ထဲ ဝငရောက်ခဲ့ပြီး ဒီဟင်းလင်းပြင်ဟာ အဆုံးမရှိဘူးလို့ ငါတို့ ထင်ခဲ့ကြတယ်။ ဒါပေမဲ့ ငါတို့ဟာ ဒီဟင်းလင်းပြင်က လှိုဏ်ဂူတစ်ခုရဲ့အတွင်းထဲမှာ ရှိနေလိမ့်မယ်လို့ မမျှော်လင့်မိခဲ့ကြဘူး။ ဝမ်လင်း…မင်း ပြောတာသာ အမှန်ဆိုရင် မင်း ဘာလုပ်ချင်လဲ။ ငါ့အထင်တော့ မင်းမှာ အဖြေတစ်ခု ရှိထားလောက်ပြီ…”
ဝမ်လင်းသည် အရက်သောက်နေ၏။ သို့သော် သူသည် မမူးပေ။ လွန်ခဲ့သောနှစ်ပေါင်းနှစ်ထောင်ကျော်က သူ့အတိတ်ပုံရိပ်များမှာ သူ၏စိတ်ထဲတွင် ပြန်ပေါ်လာသည်။
“ငါ့ကျင့်ကြံမှုမှာ အဆင့်ကြီးသုံးဆင့် ရှိခဲ့တယ်။ ပထမအဆင့်ဟာ တခြားသူတွေကို ကူညီပေးဖို့။ ဒုတိယအဆင့်မှာ စိတ်ရှုပ်ထွေးမှုနဲ့ ကသိကအောက် ဖြစ်မှုပဲ။ ငါဟာ သေမျိုးဘဝကိုတောင် ပြန်တောင့်တမိခဲ့သေးတယ်…”
“အစတုန်းကတော့ ဒုတိယအဆင့်မှာ ဝမ်အာကို ပြန်ရှင်သန်အောင် လုပ်နိုင်ဖို့ လုံလောက်အောင် မြင့်မားတဲ့ ကျင့်ကြံမှုအဆင့် ရလာခဲ့ရင် ငါ့ရဲ့ လက်ကျန်ဘဝကို ကုန်ဆုံးတော့မယ်လို့ ငါ တွေးထားခဲ့တယ်။ အဲ့ဒီနောက် ငါတို့ဟာ လက်ကျန်နှစ်တွေကို ဖြတ်ကျော်ကြပြီး အတူတူ မျက်လုံးမှိတ်လိုက်ကြမယ်ပေါ့လို့ ငါ တွေးထားခဲ့တယ်…”
“ခုချိန်မှာတော့ တတိယအဆင့်ဆိုတာ ပေါ်လာခဲ့ပြီ…” ဝမ်လင်းသည် အရက်အိုးကို အောက်ချကာ ထရပ်လိုက်၏။ တောင်ပေါ်လေများက သူ့ဆံပင်ဖြူများကို တိုက်ခတ်သွားလေသည်။ သူသည် ကောင်းကင်ထက်သို့ ကြည့်နေ၏။ သူ၏မျက်လုံးထဲရှိ စိတ်ရှုပ်ထွေးမှုနေရာတွင် ပြတ်သားခိုင်မာပြီး အလျှော့မပေးမည့်အကြည့်က အစားထိုး ဝင်ရောက်လာသည်။
“ငါဟာ တဘဝလုံး ကျင့်ကြံခဲ့တယ်။ ဒါပေမဲ့ ဒီကျင့်ကြံခြင်းကို ငါ့စိတ်နှလုံးသားထဲကနေ နှစ်နှစ်ကာကာ အသိအမှတ်မပြုခဲ့ဘူး။ ဒါပေမဲ့ ဒီနေ့မှာ ငါ ဝမ်လင်းဟာ ဟင်္သာပြဒါးဂြိုဟ်ပေါ်မှာ တတိယအဆင့်ကျင့်ကြံခြင်းကို ဝင်ရောက်ခဲ့တယ်။ ဒါက ငါ့ကို ပြန်မွေးဖွားစေခဲ့ပြီ။ ငါ ကျင့်ကြံချင်လာပြီ…”
“စစ်ထူ…အတိတ်တုန်းက ငါ ကျင့်ကြံရတာ ပင်ပန်းတယ်လို့ ပြောခဲ့ဖူးတယ်။ ဒါပေမဲ့ ဒီနေ့ကစပြီး အဲ့အတွေးဟာ ငါ့စိတ်နှလုံးထဲမှာ ဆက်မရှိတော့ဘူး။ ငါ ကျင့်ကြံချင်တယ်။ ငါ ပိုသန်မာချင်တယ်။ ငါ ဒီလောကကနေ ထွက်သွားပြီး အင်မောတယ်ကောင်းကင်ဘုံကုန်းမြေက လူတွေဟာ တကယ်ပဲ ခေါင်းသုံးလုံး၊လက်ခြောက်ဖက် ရှိနေကြလား ငါ မြင်ချင်မိပြီ…”
“ငါ သေရမယ်ဆိုရင်ရော ဘာဖြစ်သေးသလဲ…” ဝမ်လင်းသည် သူ၏ညာလက်ကို ဝေ့ယမ်းလိုက်၏။ ထို့နောက် သူသည် လက်ကျန်အရက်တစ်ဝက်ကို မော့ချလိုက်၏။
ဝမ်လင်းသည် သူ့ပါးစပ်ထောင့်ကို သုတ်ကာ ရယ်မောလိုက်လေသည်။
“ငါ ဝမ်လင်းဟာ ငါ့ဘဝမှာ စကားတစ်ခွန်း ကင်းမဲ့နေခဲ့တယ်။ အဲ့စကားဟာ တာဝန်ယူမှု ဆိုတာပဲ။ ငါ တာဝန်ယူမှု ကင်းမဲ့ခဲ့တယ်…”
“ချိပ်ပိတ်နယ်မြေအရှင် ဆိုတဲ့ ဂုဏ်ပုဒ်ကို ငါ ပိုင်ဆိုင်ခဲ့တယ်။ ဒါပေမဲ့ ဒီဂုဏ်ပုဒ်ဟာ ငါ့ကို တခြားသူတွေ ပေးထားခဲ့တာ။ ငါ လုပ်ခဲ့တဲ့ လုပ်ရပ်အနည်းငယ်ကြောင့် ပေးထားခဲ့တာ။ အတွင်းနယ်မြေဟာ ချိပ်ပိတ်နယ်မြေအရှင်တစ်ယောက် လိုအပ်ချက် ရှိနေတာကြောင့်ပဲ။ ဒါပေမဲ့ ငါဟာ ချိပ်ပိတ်နယ်မြေအရှင် လို့ ခေါ်ဆိုဖို့ တကယ်တမ်း အရည်အချင်း မပြည့်မှီခဲ့ဘူး…”
“အစတုန်းကတော့ တခြားသူတွေအတွက် ကျင့်ကြံရတာ ပင်ပန်းလှပြီလို့ ငါ ထင်ခဲ့တယ်။ ဒါ့ကြောင့် ငါဟာ ချိပ်ပိတ်နယ်မြေအရှင်ဆိုတဲ့ ဂုဏ်ပုဒ်ကို ဘယ်တာဝန်ယူနိုင်ပါ့မလဲ…”
“အရင်တုန်းက ငါဟာ ချိပ်ပိတ်နယ်မြေအရှင် ဖြစ်တယ်ဆိုပြီး တွေးခဲ့တာ တကယ့်ကို ကလေးကလားဆန်ခဲ့တာပဲ။ ငါဟာ ငါ့မွေးရပ်မြေ၊ အတွင်းနယ်မြေအတွက် ပြင်ပနယ်မြေကလူတွေနဲ့ တိုက်ခိုက်ခဲ့တယ်။ ငါ တွေးခဲ့မိတာက ဒီလုပ်ရပ်ကြောင့် ငါဟာ ချိပ်ပိတ်နယ်မြေအရှင် ဖြစ်တယ် ဆိုတာပဲ…”
“ငါဟာ တခြားလူတွေလည်း ငါ့လိုပဲ လုပ်ခဲ့ကြတယ်ဆိုတာကို ထဲ့မစဉ်းခဲ့ဘူး။ အတွင်းနယ်မြေရဲ့ လူတိုင်းနီးပါးဟာ ငါ့လိုပဲ လုပ်ခဲ့ကြတာပဲ။ ငါဟာ ကျင့်ကြံမှုအဆင့် ပိုမြင့်မားရုံလေးကြောင့် ဒီနေ့လို အဆင့်ထိ ရောက်လာခဲ့ရုံလေးပဲ…”
“ဒါပေမဲ့ ငါက ဘာဟုတ်သေးလို့လဲ။ ငါဟာ အတွင်းနယ်မြေရဲ့ လေးစားမှုကို ဘာကြောင့် ခံရမှာလဲ။ ငါတို့ဟာ သေသွားတဲ့ ရောင်းရင်းကျင့်ကြံသူတွေကိုပါ လေးစားရမယ်။ ဒီလူတွေဟာလည်း အတွင်းနယ်မြေအတွက် တိုက်ခိုက်ရင်း သေဆုံးခဲ့ကြတာမလား…”
“ငါ ဒီလိုအတွေးမျိုး အရင်က လုံးဝ မတွေးမိခဲ့ဘူး။ ဒါပေမဲ့ ဒီနေ့တော့ ငါဟာ သူတို့နဲ့ ပတ်သတ်ပြီး တွေးမယ်။ ဒီချိပ်ပိတ်နယ်မြေအရှင်ဆိုတဲ့ ဂုဏ်ပုဒ်ရဲ့ တာဝန်ယူရမှုကို ငါ နားလည်ခဲ့ပြီ။ ဒါဟာ ပြင်ပနယ်မြေကို ခုခံရုံတင် မဟုတ်ဘူး။ ကျင့်ကြံသူတွေကို ဒီလောကကနေ ခေါ်ထုတ်နိုင်ဖို့လည်း ဟုတ်တယ်။ ဒီလှိုဏ်ဂူလောကကနေ ခေါ်ထုတ်နိုင်ရမယ်။ ငါ့လမ်းမှာ လာပိတ်ဆို့တဲ့ လူတိုင်းကို သတ်ပစ်မယ်လို့ ငါ ဆုံးဖြတ်လိုက်ပြီ…”
“အရင်တုန်းက ငါ့မှာ ဒီလိုဆုံးဖြတ်ချက်မျိုး မရှိခဲ့ဘူး။ တာဝန်ယူမှု မရှိခဲ့ဘူး။ ဒါပေမဲ့ ဒီနေ့ကစပြီး ငါ လုပ်တော့မယ်။ ဒါဟာ ငါ့တာအိုရဲ့ နောက်ဆုံးပန်းတိုင်တစ်ခုတောင် ဖြစ်ချင် ဖြစ်သွားနိုင်တယ်…” ဝမ်လင်းသည် လက်ကျန်အရက်ကို မော့ကာ အရက်ပုလင်းကို တောင်ပေါ်ကနေ ပစ်ချလိုက်လေသည်။ အရက်ပုလင်းသည် လေထဲတွင် ဝဲကာ ဝမ်လင်း၏ အမြင်ကနေ ပျောက်ကွယ်သွားတော့၏။
ထိုအခိုက်တွင် ကောင်းကင်သည် မှိန်ဖျော့လာ၏။ အနောက်အရပ်တွင် နေဝင်ကာ အရှေ့အရပ်တွင် နေထွက်လာခဲ့ပြီ။
“ငါဟာ ကောင်းကင်ဘုံအုပ်စိုးသူကို သတ်ဖို့ လုပ်ရမယ်။ ငါ သူ့ကို သတ်ခဲ့ရင် ငါတို့ရဲ့ ဘဝတွေကို ပြန်ရယူနိုင်ပြီ။ သူ့ကို သတ်မယ်။ တိမ်စိုင်တိမ်ထုတွေကို ဖွင့်လှစ်မယ်…။ ဒါပေမဲ့ ဒီ့မတိုင်ခင်တော့ စစ်ထူ…ငါ သုံးနှစ်တာ စောင့်ကြပ်ပေးရအုံးမယ်…”
ဝမ်လင်းသည် သူ၏အင်္ကျီလက်အိုးကို ဝေ့ယမ်းကာ ကောင်းကင်ထက်သို့ ခြေလှမ်းလိုက်၏။ သူသည် အလင်းတန်းအဖြစ် ရွှေ့လျားကာ ကောင်းကင်ထက်တွင် ပေါ်လာသည်။ သူသည် မြေပြင်ထက်သို့ ငုံ့ကြည့်လိုက်ရာ ပထမဆုံးတွေ့သည်မှာ မိုးထိမြင့်မားနေသော သူ၏ရုပ်တုကိုပင်။
ထိုရုပ်တုမှာ ပုဆိန်ကို ကိုင်ဆွဲ၍ ကောင်းကင်ကို စိုက်ကြည့်နေ၏။ ပထမဆုံးအကြိမ်အဖြစ် ဝမ်လင်းသည် ယင်းရုပ်တုထံမှ ရှင်းပြ၍မရနိုင်သော အရှိန်အဟုန်တစ်ခုကို ခံစားမိလိုက်သည်။
၎င်းမှာ မည်သူကမျှ မရပ်တန့်နိုင်မည့် တုန်လှုပ်ဖွယ်အရှိန်အဟုန်ပင်။
ထိုအရှိန်အဟုန်သည် ချိပ်ပိတ်နယ်မြေအရှင်တစ်ယောက်အဖြစ် တာဝန်ယူမှုကို နားလည်သွားပြီ ဖြစ်သောအရာပင်။
ကောင်းကင်သည် လမ်းတွင် ပိတ်ဆို့ပါက ၎င်းသည်လည်း ချိုးဖျက်ခံရမည်။ မြေပြင်သည် လမ်းတွင် ပိတ်ဆို့ပါက မြေပြင်သည် ပျက်စီးရမည်။ ရန်သူတိုင်း ဖျက်စီးခံရမည်။ ပထမဆုံးအကြိမ်အဖြစ် ဝမ်လင်းသည် သူ့ပုံတုရုပ်တုထံမှ တာအိုသခင်ပြန့်ကြဲစိတ်ဝိညာဉ်ကို တွေ့မြင်ခဲ့ရစဉ်က အော်ရာကို မြင်လိုက်မိသည်။ အတိတ်တုန်းကလည်း တာအိုသခင်ပြန့်ကြဲစိတ်ဝိညာဉ်သည် ပြတ်သားမှုနှင့်စိတ်အားသတ္တိကို ကိုင်ဆွဲထားခဲ့သည် မဟုတ်လား။
ခြေတစ်လှမ်းဖြင့် ဝမ်လင်းသည် သူ၏ရုပ်တုပေါ်သို့ ရောက်သွား၏။ သူသည် ထိုနေရာတွင် ရပ်နေစဉ် လေများ သူ့ကို တိုက်ခတ်နေ၏။ သူသည် နေရာတွင်ရပ်ကာ လောကကို ကြည့်ရှုနေသည်။
“ဟင်္သာပြဒါးဂြိုဟ်ပေါ်က ရောင်းရင်းကျင့်ကြံသူတို့ အလုံးစုံကောင်းကင်ကို သွားပြီး ပြင်ပနယ်မြေက ကျင့်ကြံသူတွေနဲ့ တိုက်ခိုက်ဖို့ သင်တို့အားလုံး ငါ့နောက်ကို လိုက်ဖို့ ဆန္ဒရှိကြရဲ့လား…”
ဝမ်လင်း၏ ခွန်အားပြည့်အသံက ဟင်္သာပြဒါးဂြိုဟ်တစ်ခွင်သို့ ပျံ့လွင့်သွားသည်။ ဝမ်လင်းကို စောင့်နေသော ထိုကျင့်ကြံသူများသည် မျက်လုံးဖွင့်လာကြ၏။ သူတို့၏တောက်ပသော မျက်လုံးများထဲ၌ တူညီသောပြတ်သားခိုင်မာမှု ရှိနေကြသည်။
“ငါတို့ လိုက်ပါဖို့ ဆန္ဒရှိပါတယ်…” ဂြိုဟ်ပေါ်ရှိ နေရာအစုံမှ အော်ဟစ်သံများ သံပြိုင်ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာ အလင်းတန်းများသည် မြေပြင်ထက်ကနေ ဝမ်လင်း၏ရုပ်တုထံသို့ ပျံသန်းလာကြ၏။
ထိုအလင်းတန်းများထဲ၌ သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ကျင့်ကြံသူများ ပါဝင်ကြသည်။ သူတို့သည် နှစ်ပေါင်းများစွာ နှိမ့်ချခံနေရ၏။ သူတို့သည် သူငယ်ချင်းမိတ်ဆွေများစွာကို ဆုံးရှုံးခဲ့ကြ၏။ ထိုအရာများကို ပြန်ပေးဆပ်ရန် သူတို့သည် ဘာမဆို လုပ်ကြပေမည်။
သူတို့အတွက် အသံတစ်သံသာ လို၏။ သူတို့သည် အသက်ပေးရမည်ဆိုလျှင်ပင် အရာအားလုံးနှင့် တိုက်ခိုက်ဖို့ ဆန္ဒရှိပေသည်။
***