← Chapters

တိတ်ဆိတ်လွန်းတယ်…

Vol. 123 Ch. 1700

တိတ်ဆိတ်လွန်းတယ်…

Vol. 123 Ch. 1700

ဝမ်လင်းသည် ရုပ်တုပေါ်တွင် ရပ်နေရင်း သူက လောကို ဝေ့ဝိုက်ကြည့်ရှုလိုက်သည်။ သူသည် သူထံသို့ ပျံသန်းဝင်လာသည့် ရင်းနှီးသောအလင်းတန်းများကို မြင်သည်။ သူနှင့် ရင်းနှီးသောမျက်နှာများပေါ်တွင် ပြတ်သားခိုင်မာမှုတို့ကိုလည်း တွေ့မြင်ပေ၏။

ထိုလူများထဲတွင် ဝမ်လင်း၏တပည့် ဆယ့်သုံး၊ သူ့ငယ်သား ခေါင်းကြီးကောင်လေး၊ သူ့အစ်ကို စစ်ထူ၊ သူ့စီနီယာတောင်ပိုင်းတိမ် နှင့် အခြား သူသိသောလူများစွာ ပါဝင်ပေသည်။ ကျင့်ကြံသူထောင်ချီ၏ မျက်လုံးတို့မှာလည်း စိတ်အားထက်သန်မှုကြောင့် အရောင်တောက်နေကြသည်။ သူတို့သည် သွေးများ ဆူပွက်လာသည့်အလား။

”ငါနဲ့လိုက်ခဲ့…အတွင်းနယ်မြေရဲ့ တောင်တွေ၊မြစ်တွေကို ပြန်ယူဆောင်မယ်…”

ဝမ်လင်းသည် သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းကာ ရုပ်တုထံမှ ဆင်းသက်လိုက်သည်။ သူ၏ဝတ်ရုံဖြူမှာ လေထဲတွင် တလွင့်လွင့် ဖြစ်နေ၏။ နေရောင်အောက်၌ သူ့ဆံပင်ဖြူတို့မှာလည်း လွင့်ဝဲတောက်ပနေသည်။

ထိုအလင်းရောင်အောက်၌ ဝမ်လင်းသည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းကာ ဟင်းလင်းပြင်ထံ ပျံသန်းသွားလေသည်။

သူ၏နောက်တွင် စစ်ထူနန်၊ အရှင်တောင်ပိုင်းတိမ်နှင့် တခြားသူများ နီးနီးကပ်ကပ် လိုက်ပါလာသည်။ သူတို့နောက်၌ ကျင့်ကြံသူထောင်ချီသည် မန္တာန်အမျိုးမျိုး သုံး၍ လိုက်ပါ ပျံသန်းလာကြသည်။

ယင်းကာ အံ့ဖွယ်မြင်ကွင်းတည်း။ သူတို့သည် ကောင်းကင်ဘုံကို ဖိဆန်မည့် အော်ရာများကို သယ်ဆောင်လာကြသည်။

ဝမ်လင်းသာ သူတို့ကို ဦးဆောင်ပေးပါက သူတို့သည် ကောင်းကင်ကို ချိုးဖျက်၍ သည်လှိုဏ်ဂူလောကထံမှ လွတ်မြောက်အောင် ချိုးဖျက်ကြမည့်နှယ်။ အဆုံးမဲ့လောက တစ်ဖက်ဆီသို့ သွားရောက်ကြမည့်အလား။

ဝမ်လင်းသည် ရှေ့က ဦးဆောင်နေ၏။ သူ၏နတ်ဘုရားအာရုံကို ဖြန့်ကျက်ထားသည်။ သူ့မျက်လုံးထဲ၌ အေးစက်မှုနှင့် ကြောက်မက်ဖွယ်သတ်ဖြတ်လိုစိတ်တို့ ပြည့်နေ၏။

သူသည် သတ်ရပေမည်။ ကျူးကျော်လာသူတိုင်းကို သတ်ရပေမည်။ သူသည် ဒီလောက အရောင်ပြောင်းသွားသည့်အထိ သတ်ဖြတ်ရမည်။ သူ၏ခန္ဓာကိုယ်မှ သတ်ဖြတ်ခြင်းစိတ်ဆန္ဒ ပေါက်ကွဲထွက်နေ၏။

သူသည် သူ့ဘဝ၏ သတ်ဖြတ်လိုစိတ် အထွတ်အထိပ် ရောက်ခဲ့ချိန်ကို အမှတ်ရမိနေဆဲပင်။ လွန်ခဲ့သောနှစ်ပေါင်းနှစ်ထောင်ကျော်က သူသည် ဟင်္သာပြဒါးဂြိုဟ်ပေါ်တွင် ထျန်မိသားစုတစ်ခုလုံးကို သတ်ဖြတ်ခဲ့ပစ်ဖူး၏။ ယနေ့တွင် ထိုသို့သော သတ်ဖြတ်ခြင်းဆန္ဒမှာ ထပ်မံ ပေါ်လာခဲ့လေပြီ။

သည်တစ်ကြိမ်၌ သူသည် သူ့ကိုယ်သူအတွက် လုပ်ရမည်။ သို့သော် အတွင်းနယ်မြေအတွက်ဆိုလျှင်လည်း ဟုတ်သည်။ သူသည် သူရဲကောင်းတစ်ယောက် မဟုတ်ပေ။ သူရဲကောင်းတစ်ယောက်လည်း မဖြစ်ချင်ပေ။ သူသည် သာမန်ကျင့်ကြံသူတစ်ယောက်မျှသာ။ သူသည် စစ်ပွဲတွင် ပါဝင်ကြုံရသည့် ကျင့်ကြံသူတစ်ယောက်သာ ဖြစ်၏။

သူသည် တာဝန်ယူခြင်းကို နားလည်၏။ သူသည် ချိပ်ပိတ်နယ်မြေအရှင်ဟူသော ဂုဏ်ပုဒ်အတွက် တာဝန်ယူရမည်ပင်။ သူကိုယ်တိုင်မှာလည်း ဒီလောကကို ချိုးဖျက်၍ ဒီလှိုဏ်ဂူထဲကနေ ထွက်ချင်ပေ၏။

သူ့ရှေ့တွင် လာပိတ်ဆို့သူမှန်သမျှ သူ၏ ကြောက်မက်ဖွယ်သတ်ဖြတ်ခြင်းနှင့် ဒေါသကို ရင်ဆိုင်ရမည် ဖြစ်၏။

ကောင်းကင်က သူ့ကို ပိတ်ဆို့လျှင် သူက ကောင်းကင်ကို ချိုးဖျက်ပစ်မည်။ မြေပြင်က ပိတ်ဆို့လျှင် မြေပြင်ကို ဖျက်စီးပစ်မည်။ လူအများက သူ့ကို တားဆီးလျှင် သူတို့အားလုံးကို သူ သတ်ပစ်မည်။

သူ ဒီလှိုဏ်ဂူလောကထဲကနေ ချိုးဖျက်ဖို့ ဖောက်ထွက်ဖို့ ဆုံးဖြတ်ပြီး ဖြစ်၏။ နယ်မြေနှစ်ခုကြား စစ်ပွဲကို ဖြေရှင်းခြင်းမှာ သူ၏ ပထမခြေလှမ်းသာ ရှိသေး၏။ သူသည် သူ့ပထမဆုံး ခြေလှမ်းကို အောင်မြင်အောင် မဖြတ်ကျော်နိုင်ပါက သည်လှိုဏ်ဂူထဲကနေ လှမ်းထွက်ခြင်းကို ပြောစရာပင် လိုတော့လိမ့်မည် မဟုတ်ပါ။

ဝမ်လင်းသည် ရှေ့ဆက်လာ၏။ ကျင့်ကြံသူထောင်ချီက သူ့နောက်ကနေ လိုက်လာသည်။ ထိုအုပ်စုသည် ဟင်းလင်းပြင်ကို ဖြတ်သန်းလာရင်း တုန်လှုပ်ဖွယ်အသံလှိုင်းများကို ကျယ်လောင်စွာ မြည်ဟည်းကာ ဒီကြယ်အဖွဲ့အစည်းတစ်ခုလုံးကို လှုပ်ခါစေသည်။

အရင်တုန်းက ဝမ်လင်း၏ မြားချက်ကြောင့် ပြင်ပနယ်မြေမှ ကျင့်ကြံသူများစွာ သေဆုံးခဲ့ရပြီး ဖြစ်၏။ သို့သော် အချို့အဝက် ကျန်နေဆဲပင်။ သည်အခိုက်၌ ဝမ်လင်း၏နတ်ဘုရားအာရုံမှာ တောက်ပသောလေဟာနယ်ကြယ်အဖွဲ့အစည်းတစ်ခုလုံးကို ခြုံလွှမ်းထားသည်။

ဝမ်လင်း၏မျက်လုံးထံမှ ကျန်သည့် ပြင်ပနယ်မြေမှ ကျင့်ကြံသူများအဖို့ ပုန်းကွယ်ရန် နေရာ မရှိလေပေ။

ကျယ်လောင်စွာ မြည်ဟည်းနေရင်း ပြင်ပနယ်မြေမှ ကျင့်ကြံသူဒါဇင်ချီမှာ ရှေ့ကီလိုမီတာသန်းချီတွင် ရှိနေကြ၏။ သူတို့၏မျက်ခုံးများကြားတွင် အမှတ်အသားတစ်ခုစီ ရှိကြကာ သူတို့သည် ကြောက်လန့်တကြား လှုပ်ရှားသွားလာနေသည်။

သူတို့သည် အလုံးစုံကောင်းကင်ထံသို့ ဦးတည်နေ၏။ အကြောင်းမှာ အတွင်းနယ်မြေသို့ ဝင်ရောက်လာသော ပြင်ပနယ်မြေမှ ကျင့်ကြံသူအများစုသည် အလုံးစုံကောင်းကင်တွင် ရှိနေကြ၏။ ကျန်သည့် ကြယ်အဖွဲ့အစည်းသုံးခုတွင်မူ အနည်းငယ်သာ ရှိကြသည်။

ထိုကျင့်ကြံသူ ဒါဇင်ချီ ဝေးဝေး မပျံသန်းနိုင်ခင်မှာပင် သူတို့သည် နောက်ဘက်မှ တဝီဝီမြည်သံများကို ကြားလိုက်ရသည်။ တုန်လှုပ်သွားရင်း သူတို့သည် ပိုမိုမြန်ဆန်စွာ ထွက်ပြေးလေ၏။

ကျင့်ကြံသူတစ်ယောက်က နောက်သို့ အလိုလို လှည့်ကြည့်မိလိုက်သည်။ သူသည် အဖြူရောင်အရိပ်တစ်ခု နီးကပ်လာသည်ကို တွေ့မြင်၏။

ထိုလူငယ်သည် ယင်းအဖြူရောင်အရိပ်ကို တွေ့မြင်သည့်အခါ သူ၏အမြင်မှာ ဝေဝါးမှောင်မိုက်သွား၏။ သူ ထပ်မံ ကြည့်လိုက်သည့်အခါ လောကသည် ချာချာလည်သွားကို တွေ့မြင်လိုက်ရသည်။ ထို့နောက် သူ့အုပ်စုသည် အဝေးသို့ ပျံသန်းသွားကြသည်ကို မြင်သည်။ သူက အုပ်စုထဲရှိ နောက်ဆုံးလူမှာ ခေါင်းမရှိတော့သည်ကို မြင်သည်။

သူ့အမြင် မှောင်မိုက်သွားသည့်အခါ၌ သူသည် အဖြူရောင်ဝတ်စုံဖြင့်လူငယ်တစ်ယောက်က ဓားသွားကဲ့သို့ သူ့လက်ကို ပြန်ရုတ်ကာ ရှေ့သို့ တိုးဝင်လာသည်ကို နောက်ဆုံးအနေဖြင့် မြင်လိုက်ရသည်။

ထိုကျင့်ကြံသူများသည် သူတို့၏အုပ်စုမှ တစ်စုံတစ်ယောက် သေဆုံးသွားသည်ကို သတိ မပြုမိကြပေ။ ဝမ်လင်းက ရှေ့လှမ်းကာ သူ့ညာလက်ကို ဝေ့ယမ်းလိုက်၏။ ကျယ်လောင်စွာ မြည်ဟည်းသွားရင်း ပြင်ပနယ်မြေမှ ကျင့်ကြံသူလေးယောက်သည် နာကျင်စွာအော်ဟစ်၍ ခေါင်းပြတ်သွားကြသည်။ သွေးများ ပန်းထွက်ကုန်ကြ၏။

ကျန်သည့်ကျင့်ကြံသူများသည် ကောင်းကောင်း သတိမပြုမိခင်မှာပင် အလန့်တကြား နောက်သို့ လှည့်ကြည့်မိသည်။

ဝမ်လင်းသည် အဖြူရောင်အလင်းတန်းအဖြစ်ပြောင်းကာ ထိုကျင့်ကြံသူများကို ဖြတ်ကျော်သွား၏။ သုံးစက္ကန့်မပြည့်ခင်မှာ သူသည် အသွေးအသားပုံဘဝရောက်သွားသော ထိုကျင့်ကြံသူအုပ်စု၏ အဝေးသို့ လှမ်းလာခဲ့ပြီး ဖြစ်နေ၏။

သူ၏ဝတ်ရုံဖြူပေါ်တွင် သွေးတစ်စက်မျှ စွန်းပေမသွားပေ။ သူသည် ရှေ့ဆက်တိုးလာရင်း သူ၏အမူအရာသည် ပြောင်းလဲမသွားပေ။ သူ့နောက်၌ အလန့်တကြားဖြစ်ကာ သေဆုံးနေသော ခေါင်းပြတ်ဒါဇင်ချီ ကပ်ပါလာ၏။

“ဒီခေါင်းတွေ လုံလောက်ဖို့ အများကြီး လိုသေးတယ်…” ဝမ်လင်းသည် တည်ငြိမ်စွာ ရှေ့ဆက်လာ၏။ ခဏအကြာတွင် ကျင့်ကြံသူထောင်ချီ ရောက်လာကြ၏။ သူတို့က ဟင်းလင်းပြင်ထဲ၌ လွင့်မြောနေသော ခေါင်းမရှိသည့် အလောင်းခန္ဓာကိုယ်များကို တွေ့မြင်လိုက်ရပြီး သတ်ဖြတ်ခြင်းဆန္ဒ ကပ်ငြိတွယ်နေဆဲ ဖြစ်သည်ကို အာရုံခံမိ၏။

ဝမ်လင်းသည် မရပ်တန့်ပေ။ တောက်ပသောလေဟာနယ်၌ သူ တွေ့ရှိသော ပြင်ပနယ်မြေကျင့်ကြံသူမှန်သမှျသည် သေခြင်းတရားကနေ မလွတ်မြောက်ကြပေ။

အတွင်းနယ်မြေမှ ကျင့်ကြံသူများသည် ပြင်ပနယ်မြေမှ ကျင့်ကြံသူများမှာ ခေါင်းဖြတ်ခံရ၍ သေဆုံးခဲ့ကြပြီး ထိုလူတို့၏ ဦးခေါင်းများက ဝမ်လင်းလက်ထဲ ကျရောက်သွားပြီကို သဘောပေါက်လိုက်ကြ၏။ ဝမ်လင်းသည် ဒီလောက၌ အများဆုံးသတ်ဖြတ်ခဲ့သူဟု မဆိုနိုင်သော်လည်း သူ သတ်ဖြတ်ခဲ့သည်မှာ အတော်လေး များပြားလွန်းခဲ့ပြီ ဖြစ်၏။

သူသည် သူ ဘယ်လောက်များများ သတ်ပစ်ခဲ့ပြီးသည်ကို ကောင်းကောင်း မမှတ်မိတော့ပေ။ သည်လိုမျိုး အားကြီးသူနိုင်စတမ်း ကျင့်ကြံခြင်းလောက၌ သူ မသတ်ချင်လျှင် သူ အသတ်ခံရမည် မဟုတ်လား။

တောက်ပသောလေဟာနယ် ကြယ်အဖွဲ့အစည်းအတွင်းနက်ပိုင်း၌ ပြင်ပနယ်မြေမှ ကျင့်ကြံသူနှစ်ယောက်သည် စိုးရိမ်တကြီး ထွက်ပြေးနေကြ၏။ သူတို့သည် အမွှာကျင့်ကြံသူနှစ်ယောက် ဖြစ်ပုံရ၏။ ရုပ်ရည်အလွန်ဆင်သည်။ သည်လိုအရာမျိုးမှာ ကျင့်ကြံခြင်းလောက၌ ရှားပါးလှသည်။

ထိုနှစ်ယောက်သည် ရှေးဟောင်းကြယ်အဖွဲ့အစည်း၌ ကျော်ကြားမှုအချို့ ရှိ၏။ သူတို့နှစ်ယောက်သည် အမြဲလိုလို တစ်ပြိုင်တည်း တိုက်ခိုက်လေ့ရှိကာ တစ်ယောက်အကြောင်းတစ်ယောက် ကောင်းကောင်းသိကြသည်။ သူတို့နှစ်ယောက်သည် ဒုတိယကောင်းကင်ဘုံဒုက္ခအဆင့်တွင် ရှိကြသော်လည်း တတိယကောင်းကင်ဘုံဒုက္ခအဆင့် ကျင့်ကြံသူများသည်ပင် သူတို့နှင့် ရင်ဆိုင်ရပါက သနားစရာ နောက်ဆုတ်ရလိမ့်မည် ဖြစ်သည်။

ထိုညီကိုနှစ်ယောက်သည် အတော်လေး ရက်စက်လှ၏။ အတွင်းနယ်မြေသို့ ဝင်ရောက်လာပြီးနောက် သူတို့သည် အတွင်းနယ်မြေကျင့်ကြံသူများစွာကို သတ်ပစ်ခဲ့ကြပြီး ဖြစ်သည်။ ထိုညီကိုနှစ်ယောက်သည် အနိုင်ကျင့်ရသည်ကို နှစ်သက်သည့် ဝါသနာလည်း ရှိကြသည်။ သူတို့သည် သူတို့ထက် အဆင့်နိမ့်သည့်ကျင့်ကြံသူများကိုပါ သတ်ပစ်လေ့ ရှိသည်။

သို့ပေမည့် ထိုအခိုက်၌ သည်နှစ်ယောက်မှာ လေလွင့်ခွေးနှစ်ကောင်လို အရူးအမူး ပြေးနေကြ၏။ သူတို့သည် အကွာအဝေးတစ်ခုမှ ကြောက်မက်ဖွယ်အော်ရာတစ်ခုက သူတို့ပေါ်သို့ ကျရောက်နေသည်ကို ခံစားမိကြသည်။ သူတို့ မည်မျှ ပုန်းကွယ်ဖို့ ကြိုးစားပါစေ ထိုဖိအားအောက်မှ လွတ်မြောက်နိုင်စွမ်းမရှိ ဖြစ်နေသည်။

ထိုဖိအားသည် မရဏဓားသွားအလား ဖြစ်လာကာ သူတို့၏ခေါင်းပေါ်တွင် ဝဲနေသလို ခံစားမိသည်။

ထိုဖိအားအောက်တွင် သူတို့နှစ်ယောက်သည် ရူးချင်သလို ဖြစ်နေပြီ။ သူတို့သည် ထွက်ပြေးနေရင်း သူတို့၏မျက်လုံးတို့မှာ ချင်းချင်းနီရဲနေသည်။

သို့ရာတွင် သူတို့သည် အစွမ်းကုန် ထွက်ပြေးလိုက်သည့်အခိုက်၌ မရဏတရားကို ကိုယ်စားပြုမည့် အဖြူရောင်ပုံရိပ်တစ်ခုသည် သူတို့နောက်တွင် ပေါ်လာသည်။ ထိုပုံရိပ်က သူတို့ထံသို့ ဖြည်းဖြည်းချင်း လှမ်းလျှောက်လာသည်။

သူ၏ခြေလှမ်းမှာ မမြန်ပေ။ သို့သော် အမှန်တွင်မူ သူက လျှပ်စီးထက်ပင် မြန်သေး၏။ ခြေတစ်လှမ်းဖြင့်ပင် ထိုနှစ်ယောက်ထဲမှ တစ်ယောက်အနားသို့ ရောက်သွား၏။ ထိုပုံရိပ်မှာ ဝမ်လင်းဖြစ်၏။ သူ၏မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်တို့ ထင်းနေသည်။ သူက ညာလက်ကို ပင့်မြှောက်၍ မျှော်လင့်ချက်မဲ့နေသောတစ်ယောက်ထံသို့ လက်ဝေ့ယမ်းလိုက်သည်။

“အစ်ကိုကြီး…” အခြားတစ်ယောက်ကလည်း အလန့်တကြား အော်ဟစ်လိုက်၏။ သူသည် ထွက်ပြေးသည်ကို အမှန်တကယ် လက်လျှော့ကာ ဝမ်လင်းထံ တိုးဝင်လာသည်။ သူတို့ညီကို နှစ်ယောက်သည် ငယ်စဉ်တည်းက မိဘများ ဆုံးရှုံးခဲ့ပြီး အတူတူ ကြီးပျင်းခဲ့တာ ဖြစ်၏။ သူတို့သည် အမြဲလိုလို တူညီသောအရာကိုသာ တွေးတတ်ကြပြီး တစ်ယောက်ဘေးကနေတစ်ယောက် လုံးဝနီးပါး ထွက်မသွားတတ်ကြပေ။

နောက်ပိုင်း၌ သူတို့ကို ဝံပုလွေကျင့်ကြံသူမိသားစုတစ်စုက ခေါ်ယူခဲ့ပြီး ကလန်အမှတ်အသားများ ပေးအပ်ခဲ့သည်။ အတိတ်တုန်းက သူတို့သည် တခြားသူများကို အနိုင်ကျင့်၊ သတ်ဖြတ်ခဲ့ကြ၏။ ယနေ့တွင်မူ သူတို့သည် ဝမ်လင်းအတွက် သားကောင် ဖြစ်လာခဲ့လေပြီ။

ထိုသို့ အော်ဟစ်လိုက်စဉ်မှာပင် ခေါင်းတစ်လုံး ပျံသန်းထွက်လာကာ သွေးများ နေရာအနှံ့ ပန်းထွက်လေ၏။ ထို့နောက် ဦးခေါင်းတစ်လုံး လေထဲသို့ ပျံဝဲလာသည်။

“မင်းတို့ရဲ့ ညီကိုသံယောဇဉ်ဟာ လေးစားစရာပဲ။ ဒါပေမဲ့ မင်းတို့ဟာ ငါ့အတွင်းနယ်မြေက ကျင့်ကြံသူ အမြောက်အများကို သတ်ခဲ့ကြတယ်။ ဒီတော့ မင်းတို့ သေရမယ်…” ဝမ်လင်းသည် ရှေ့ဆက်လျှောက်သည်။ သူ၏နောက်ရှိ ဦးခေါင်းပြတ်ရာချီတွင် ဦးခေါင်းနှစ်လုံး ထပ်ပေါင်းလာတော့၏။

ဝမ်လင်းသည် တောက်ပသောလေဟာနယ်အနှံသို့ သွားရောက်၏။ သူ လက်စသပ်သွားချိန်၌ ပြင်ပနယ်မြေရှိ မည်သူကမျှ အသက်ရှင်လျင် မကျန်ခဲ့တော့ပေ။ သူ သွားခဲ့သော နေရာတိုင်း သွေးလွှမ်းကာ သတ်ဖြတ်ခဲ့သည်ဟု ဆိုလိုသည်။

သူ၏နောက်ရှိ ဦးခေါင်းပြတ်ရာချီ၌ သူတို့၏မူလစိတ်ဝိညာဉ်များကို ချိပ်ပိတ်ထားသည်။ သူတို့သည် ငရဲကျခံရသည့်အလား လုံးဝ လွတ်မြောက်နိုင်စွမ်း ရှိတော့မည် မဟုတ်ပေ။ သူတို့သည် ဝမ်လင်းရှေ့ဆက်သွားနေစဉ် နောက်က ကပ်ပါလာရုံသာ တတ်နိုင်တော့သည်။

တောက်ပသောလေဟာနယ်ကနေ လှမ်းထွက်လာပြီး ဆင့်ခေါ်ခြင်းမြစ်၏ နယ်စပ်သို့ ဝင်ရောက်လာသည့်နောက် ဝမ်လင်းသည် ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “တိတ်ဆိတ်လွန်းတယ်…”

***

All Chapters