မလုံလောက်သေးဘူး…
Vol. 123 Ch. 1701
ဝမ်လင်း ထိုသို့ ပြောလိုက်သည့်နောက် သူ့နောက်မှ ဦးခေါင်းရာချီ၏ မှိန်ဖျော့နေသော အကြည့်တို့သည် ရုတ်တရက် တောက်ပလာ၏။ တစ်ချိန်တည်းမှာ နာကျင်ထိတ်လန့်စွာအော်သံဟစ်သံများ ပဲ့တင်ထပ်လေသည်။
ထိုအော်သံများသည် အတိုင်းမသိနာကျင်မှုကို လှစ်ဟပြ၏။ ရဲရင့်သောသူများသည်ပင် ယင်းအော်သံတို့ကြောင့် တုန်လှုပ်မိကာ သူတို့၏မျက်နှာများ ဖြူရောသွားနိုင်သည်။
ဦးခေါင်းရာချီက နာကျင်စွာ အော်ဟစ်နေကြစဉ် သူတို့၏ဒွာရပေါက်များထံမှ သွေးနက်များ စီးကျသည်။ ထိုသွေးများ စီးကျနေစဉ် ပြင်းထန်သောသွေးနံ့က ပျံ့လွင့်လာ၏။
ထိုဦးခေါင်းများထံ၌ မူလစိတ်ဝိညာဉ်များ၊ စိတ်ဝိညာဉ်များကို ချိပ်ပိတ်ထား၏။ သူတို့၏ခန္ဓာကိုယ်များသည် သေဆုံးခဲ့ပြီး ဖြစ်သော်လည်း သူတို့၏ဦးခေါင်းကမူ မဟုတ်ပေ။ သူတို့သည် ကံမ္မ၊ သေခြင်းရှင်ခြင်း၊ အမှန်အမှားတို့မှ ဖြစ်ပေါ်သော သံသရာစက်ဝန်းတစ်ခုအတွင်း ဝေဒနာခံစားနေရမည် ဖြစ်သည်။
သူတို့၏ဦးခေါင်းများထဲ၌ ဝမ်လင်း၏ ဆန်းကြယ်အနှစ်သာရသုံးခု ပါဝင်ပေသည်။ ထိုအနှစ်သာရများကြောင့် သူတို့သည် အစစ်အမှန်လား၊ အတုအယောင်လား မသိနိုင်သည့် အိပ်မက်ထဲသို့ ကျရောက်ကာ နာနာကျင်ကျင်ဖြင့် အခါခါ သေဆုံးခြင်းကို ခံစားနေကြရသည်။
ဝမ်လင်းသည် သူ၏အနှစ်သာရသုံးခုဖြင့် ထိုသူတို့ကို ချိပ်ပိတ်ထားပြီး အဆုံးမဲ့နာကျင်မှုကို ခံစားစေသည်။ ထိုသို့လုပ်ရခြင်းမှာ ဝမ်လင်းက သူတို့ကို နှိပ်စက်လို၍ မဟုတ်၊ သူ၏သတ်ဖြတ်ခြင်း ပထမဆုံးခြေလှမ်းမျှသာ ဖြစ်လေသည်။
ယင်းက အစီအရင်တစ်ခုအဖြစ် စတင်နေလေ၏။ ၎င်းမှာ ဆန်းကြယ်အနှစ်သာရသုံးခုကို နားလည်ခဲ့ပြီးနောက် သူ ပိုင်ဆိုင်ခဲ့သည့် အစီအရင်ပင်။ သူသည် ၎င်းကို အရင်က လုံးဝ အသုံးမပြုခဲ့ဖူးပေ။ အခုမှ ပထမဆုံး ဖြစ်၏။
ထိုအစီအရင်မှာ အနှစ်သာရအစီအရင်တစ်ခု ဖြစ်သည်။
၎င်း၏နာမည်မှာ ရိုးရှင်းသည်။ ၎င်းအစီအရင်ကို သေခြင်းရှင်ခြင်း၊ အမှန်အမှား၊ ကံမ္မအစီအရင်ဟု ခေါ်ပေ၏။
ထိုမြင်ကွင်းမှာ ရက်စက်လှ၏။ ကြောက်မက်ဖွယ်အမုန်းတရားဖြင့်သာ တစ်စုံတစ်ယောက်သည် ထိုသို့ လုပ်ဆောင်နိုင်မည် ဖြစ်၏။ ဝမ်လင်းသည် ပြင်ပနယ်မြေကို မုန်းတီးသော်လည်း သူ၏အမုန်းတရားမှာ ထိုမျှ မသန်မာပေ။ သို့ပေမည့် သူသည် ဒီလောကဟာ လှိုဏ်ဂူတစ်ခုဖြစ်သည်ဟူသော အမှန်တရားကို သိခဲ့ပြီးနောက် သူ့စိတ်ထဲ၌ မကျေမနပ်မှုက အစိုင်အခဲ ဖြစ်လာခဲ့၏။
ထိုမကျေမနပ်မှုသည် သူ၏သတ်ဖြတ်ရခြင်း ဇာစ်မြစ်ပင်။ ထိုမကျေမနပ်မှုသည် ကောင်းကင်ဘုံနှင့် ကံကြမ္မာကို ထိန်းချုပ်သော ကောင်းကင်ဘုံအုပ်စိုးသူအပေါ် သူ၏ အမုန်းတရား ဖြစ်၏။ ပြင်ပနယ်မြေမှ ကျင့်ကြံသူများသည် သည်တစ်ကြိမ် ကျူးကျော်လာခဲ့ကြသည့်အတွက် သူ၏ဒေါသကို ခံစားရခြင်းပင်။
“ဒီစစ်ပွဲမှာ လူတွေအများကြီး သေခဲ့ပြီးပြီး။ ဒါ့ကြောင့် ငါ ဝမ်လင်းဟာ ထပ်သတ်ရမှာကို ဂရုမစိုက်တော့ဘူး။ မင်းတို့အားလုံးဟာ ရည်ရွယ်ချက်တစ်ခုခုအတွက် သတ်ဖြတ်လိုမှတော့ ငါ ဝမ်လင်းဟာ မင်းတို့ကို ကူညီပေးလိုက်မယ်။ မင်းတို့ ဘာကို ရှာနေလဲဆိုတာ ငါ မြင်ချင်မိတယ်…”
“အတွင်းနယ်မြေဟာ ဆုံးရှုံးရတာ အတော်များနေပြီ။ အခု ပြင်ပနယ်မြေအလှည့်ပဲ…”
နာကျင်စွာအော်ဟစ်သံများက ဝမ်လင်း၏နားထဲတွင် ပဲ့တင်ထပ်နေ၏။ သူ၏အမူအရာမှာ တည်ငြိမ်လျက်ပင်။ သူက ဆင့်ခေါ်ခြင်းမြစ်ကြယ်အဖွဲ့အစည်းထံသို့ ခြေလှမ်းဝင်လာသည်။
ဆင့်ခေါ်ခြင်းမြစ်ကြယ်အဖွဲ့အစည်းသည် ပြင်ပနယ်မြေလက်ထဲ နှစ်ကြိမ်တိုင် ကျရှုံးခဲ့ရ၏။ ပြင်ပနယ်မြေမှ ကျင့်ကြံသူအမြောက်အများသည် ထိုနေရာတွင် ရှိနေကြသည်။ ထိုနေရာရှိ ကျင့်ကြံသူများသည် အတော်လေးကို ရက်စက်ကြ၏။ သူတို့က ရင်းမြစ်များစွာကို လုယူကြသည်။ အမျိုးသမီးကျင့်ကြံသူများကို သူတို့၏ ကိုယ်လုပ်တော်များအဖြစ် ယူဆောင်ကြသည်။ မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ သွေးက ဒီကြယ်အဖွဲ့အစည်းအနှံ့ ပြန့်ကြဲနေ၏။
ဝမ်လင်း ဆင့်ခေါ်ခြင်းမြစ်ထံ ခြေလှမ်းဝင်လိုက်စဉ် သွေးနံ့က သူ့နှာခေါင်းထဲ ပြည့်နှက်သွား၏။ သူ၏မျက်လုံးထဲရှိ သတ်ဖြတ်လိုစိတ်သည် ပို၍ ပြင်းထန်လာသည်။ ခြောက်ခုမြောက်အနှစ်သာရ၊ သတ်ဖြတ်ခြင်းအနှစ်သာရသည် သူ၏ခန္ဓာကိုယ်ထံမှ ပေါက်ကွဲထွက်လာသည်။ မရေမတွက်နိုင်သော အစစ်အမှန်ရော၊ပုံရိပ်ယောင်ရော ဖြစ်နေသည့် အနီရောင်နှင်းပွင့်များ ဝမ်လင်း၏ပတ်ပတ်လည်တွင် ပေါ်လာသည်။
ထိုအနီရောင်နှင်းပွင့်များသည် သည်ဧရိယာကို ခြုံလွှမ်းလျက် ဝမ်လင်းသည် ရှေ့ဆက်တိုးလာ၏။ သူ၏နောက်ရှိ ဟင်းလင်းပြင်မှ အေးခဲကာ အနီရောင် စတင်တောက်ပလာသည်။ ကြောက်မက်ဖွယ်အေးစိမ့်မှုတစ်ခု စတင် ပျံ့လွင့်လာ၏။
ဝမ်လင်း၏မျက်လုံးသည်ပင် ခပ်ရေးရေး အနီရောင်သန်းနေ၏။ သူ၏နတ်ဘုရားအာရုံ ပြန့်နှံ့ကာ ဒီဆင့်ခေါ်ခြင်းမြစ်တစ်ခုလုံးကို ဝန်းရံသွားသည်။ သူ၏နတ်ဘုရားအာရုံသည် ဒီကြယ်အဖွဲ့အစည်းတစ်ခုလုံးကို လွှမ်းခြုံသွားသည်နှင့် ဆင့်ခေါ်ခြင်းမြစ်၏ အတွင်းနက်ပိုင်းမှ တတိယအဆင့်ကျင့်ကြံသူတစ်ယောက်ထံကနေ တုန်လှုပ်ဖွယ်အော်ရာတစ်ခု ထွက်ပေါ်လာသည်။
ထိုအော်ရာသည် တုန်လှုပ်မှုခံစားချက်ကို ပေး၏။ ၎င်းသည် ဝမ်လင်း၏နတ်ဘုရားအာရုံကို သတိထားနေသည်ပုံ ရသည်။ အရင်တုန်းကဆိုပါက ဝမ်လင်းသည် မျက်မှောင်ကြုတ်မိကောင်း ကြုတ်မိသွားနိုင်၏။ သို့သော် ခုချိန်တွင်မူ သူသည် ထိုလူ၏ လမ်းကြောင်းကို ကြည့်ရှုဖို့ပင် စိတ်မဝင်စားပေ။
ထိုအော်ရာသည် စိတ်ဝိညာဉ်လေဟာနယ်နောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက် ပိုင်ဆိုင်သည့်အရာ ဖြစ်၏။ သို့သော် ဝမ်လင်းသည် ဆန်းကြယ်လေဟာနယ်အဆင့် ကျင့်ကြံသူများကိုပင် သတ်ဝံ့လေရာ သူသည် စိတ်ဝိညာဉ်လေဟာနယ်အဆင့် ကျင့်ကြံသူတစ်ယောက်ကြောင့် အလေးအနက် ဖြစ်နေစရာ မလိုပေ။
ခြေတစ်လှမ်းဖြင့် ဝမ်လင်းသည် ထိုတတိယအဆင့်ကျင့်ကြံသူတစ်ယောက်၏ အော်ရာကို လစ်လျူရှု၍ ဂြိုဟ်တစ်ခု၏အပြင်ဘက်သို့ ရောက်လာသည်။ ထိုဂြိုဟ်တွင် ပြင်ပနယ်မြေမှ ကျင့်ကြံသူများစွာ ရှိနေ၏။
ထိုကျင့်ကြံသူ အများစုသည် မျက်လုံးမှိတ် ကျင့်ကြံနေကြ၏။ အချို့သည် သူတို့၏ ကျင့်ကြံခြင်းကိုယ်လုပ်တော်များအပေါ် အတင်းအကြပ် ပျော်ပါးနေကြသည်။ အချို့က သေမျိုးများကို သတ်ပစ်နေရင်း ကျယ်လောင်စွာ ရယ်မောနေ၏။ အချို့ကမူ အတွင်းနယ်မြေမှ ဖမ်းမိသော ကျင့်ကြံသူများကို ဝါးမြိုနေကြသည်။
ဝမ်လင်းသည် သူ၏ နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်စဉ် ထိုအချင်းအရာများကို တွေ့မြင်ပေသည်။
သူ၏မျက်လုံးသည် တောက်ပသွား၏။ သူ၏နောက်မှ ဦးခေါင်းရာချီနှင့် သူသည် မြေအောက်လောကမှ နိုးထလာသော နတ်ဆိုးတစ်ပါးအလား ထင်ရလေ၏။
“ဒီလူတွေ သေဖို့ ထိုက်တန်တယ်…” ဝမ်လင်းက သူ၏အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်၏။ ထို့နောက် သူ့ညာလက်ကို အင်္ကျီလက်အိုးထံမှ ဆန့်ထွက်စေသည်။ သူသည် ဆန့်ထွက်လာသော လက်ကို လက်ဝါးအသွင် ဖြစ်ပေါ်စေကာ ထိုဂြိုဟ်ပေါ်သို့ ရိုက်ချလိုက်၏။
ထိုအခါ ယင်းဂြိုဟ်ထံမှ တုန်လှုပ်ဖွယ်မြည်ဟည်းသံများ ထွက်ပေါ်လာသည်။ ဖုန်မှုန့်များစွာ လေထဲသို့ လွင့်စင်ကာ ဂြိုဟ်တစ်ခုလုံး အမှုန့်အမွှားတို့ဖြင့် ခြုံလွှမ်းသွားသည်။
တစ်ချိန်တည်းမှာ ထိုဂြိုဟ်ထံမှ တုန်လှုပ်ဖွယ်အော်သံဟစ်သံများ ထွက်ပေါ်လာ၏။ ကျင့်ကြံနေသော ပြင်ပနယ်မြေမှ ကျင့်ကြံသူများသည် မျက်လုံးဖွင့်လာကြသည်။ သူတို့သည် အလန့်တကြား ဖြစ်ကာ မည်သို့ဖြစ်ပျက်နေသည်ကို တွေ့မြင်နိုင်ရန် ပျံသန်းထွက်လာသည်။
သူတို့သည် ကောင်းကင်ထက်၌ ပေါ်လာကြစဉ် မရေမတွက်နိုင်သော ဖုန်မုန်တိုင်းကြီးက ကောင်းကင်နှင့် ချိတ်ဆက်နေသည်ကို တွေ့မြင်လိုက်ရ၏။ ထို့ကြောင့် သူတို့၏အမြင်သည် ဝေဝါးလာတော့သည်။
သူတို့ကို တုန်ရီစေသည့် ဖိအားက ခြုံလွှမ်းကာ ဖိနှိပ်လာ၏။ ထိုဖိနှိပ်အားအောက်တွင် ပြင်ပနယ်မြေမှ ကျင့်ကြံသူတစ်ဝက်ကျော်သည် သွေးအန်လိုက်ရသည်။ သူတို့၏မျက်လုံးထဲ၌ ကြောက်ရွှံ့မှုတို့ ကြီးစိုးကုန်သည်။
“ဒါက ဘယ်လိုစွမ်းအားမျိုးလဲ…”
“ဘယ်သူလဲ။ ဒါက ဘယ်သူလဲ…”
“အတွင်းနယ်မြေက တတိယအဆင့်ကျင့်ကြံသူတစ်ယောက် ရောက်လာတာများ ဖြစ်နိုင်မလား။ ဒါပေမဲ့ သူတို့ရဲ့ တတိယအဆင့်ကျင့်ကြံသူအားလုံးဟာ အလုံးစုံကောင်းကင်မှာလေ။ ဘယ်သူကများ အရံအတားအလွှာအထပ်ထပ်ကို ကျော်ဖြတ်ပြီး ဒီထိ ရောက်လာခဲ့တာလဲ…”
ပြင်ပနယ်မြေမှ ကျင့်ကြံသူများသည် ကောင်းကင်ထက်သို့ ပျံသန်းလာကြစဉ် ချွေးများ ရွှဲနစ်နေ၏။ သူတို့သည် ကောင်းကင်ထက်သို့ ရောက်လာသည်နှင့် ကြောက်မက်ဖွယ်မြင်ကွင်းတစ်ခုကို တွေ့မြင်လိုက်ရသည်။
သူတို့သည် ဧရာမလက်ဝါးတစ်ခု ကောင်းကင်ယံတွင် ပေါ်လာသည်ကို တွေ့မြင်သည်။ ထိုလက်ဝါးသည် ကောင်းကင်တခွင် ဖုံးအုပ်လုနီးနီး ဖြစ်ကာ ကောင်းကင်သည်ပင် ညအချိန်ကဲသို့ မှိန်ဖျော့သွားလေ၏။
အလင်းအားလုံးကို ထိုလက်ဝါးက တားဆီးလိုက်ရာ မြေပြင်ထုသည် အမှောင်ထုအတွင်း ကျဆင်းသွားချေသည်။
ထိုဧရာမလက်ဝါးတွင် တလက်လက် ဖြစ်နေသော အမှတ်အသားတစ်ခု ရှိလေ၏။ ယင်းအမှတ်အသားသည် ရံဖန်ရံခါ ထင်ရှားလိုက်၊ ရံဖန်ရံခါ ဝေဝါးလိုက် ရှိ၏။ လူတစ်ယောက်သည် ထိုအမှတ်အသားကို စိုက်ကြည့်ပါက သူတို့၏စိတ်သည် ရှုပ်ထွေးသွားနိုင်သည်။
ယင်းအမှတ်အသားမှာ တံခါးတစ်ခု၊ မရေမတွက်နိုင်သော အရိုးဖြူများကြောင့် ဖြစ်ပေါ်လာသော တစ်သောင်းလေဟာနယ်ဂိတ်တံခါးပင် ဖြစ်ချေ၏။ ထိုဂိတ်တံခါး ဖျက်စီးခံရပြီးနောက် ၎င်းသည် ဝမ်လင်း၏လက်ဝါးပေါ်၌ အမှတ်အသားအဖြစ် ကျန်ရစ်ခဲ့ခြင်းပင်။
ကျင့်ကြံသူထောင်ချီသည် ထိုဂိတ်တံခါးကို မြင်သည့်အခါ လက်ဝါးပေါ်ရှိ လက်ချောင်းများသည် လက်သီးဆုပ်ဟန် ကွေးညွှတ်လာ၏။ ထိုကျင့်ကြံသူထောင်ချီသည် သူတို့၏အော်ရာများ ခန္ဓာကိုယ်ကနေ ဆွဲနှုတ်ခံရသလို ခံစားမိလိုက်ရ၏။
ကံမ္မလက်ဝါးသည် တတိယအဆင့်ကျင့်ကြံသူတစ်ယောက်ပေါ်တွင် အသုံးပြုသည့်အခါ သူတို့၏အနှစ်သာရကို ထုတ်နှုတ်ယူမည် ဖြစ်ပြီး သူတို့၏အသက်အပေါ်တွင်မူ သက်ရောက်မှု ရှိလိမ့်မည် မဟုတ်ပေ။ သို့သော် တတိယအဆင့်သို့ မရောက်သေးပါက ကံမ္မလက်ဝါးသည် သူတို့၏စိတ်ဝိညာဉ်၊ မူလစိတ်ဝိညာဉ်၊ အသက်ဓာတ်တို့ကို ထုတ်နှုတ်ယူမည် ဖြစ်သည်။
ကံမ္မလက်ဝါးသည် လန့်စရာကောင်းလှ၏။ ၎င်း ပေါ်လာသည်နှင့် ကောင်းကင်သည် အရောင်ပြောင်းလဲကာ တိမ်စိုင်များ ပြန့်ကြဲသည်။ ခုချိန်၌ ဝမ်လင်း၏တိုက်ခိုက်မှုတွင် ဒေါသနှင့် သတ်ဖြတ်လိုစိတ်တို့ ပြည့်နှက်နေရာ ပို၍ ကြောက်မက်ဖွယ်ကောင်းနေတော့သည်။
ထိုလက်ဝါးက ကျင့်ကြံသူထောင်ချီ၏ရှေ့၌ လက်သီးဆုပ်ဟန် ပြု၏။ ထိုလက်သီးချက်သည် ပြိုဆင်းကျလာခြင်း မရှိဘဲ ထိုအစား နောက်သို့ ဆွဲငင်သည်။ ထိုအခါ ကျင့်ကြံသူထောင်ချီ၏ နာကျင်စွာအော်ဟစ်သံများသည် တစ်ချိန်တည်းလိုလို ပဲ့တင်ထပ်လာသည်။
ထိုနာကျင်စွာအော်သံဟစ်သံများသည် ဒီဂြိုဟ်တစ်ခုလုံးအနှံ့ ပျံ့လွင့်ကာ တုန်ခါလှိုင်းတစ်ခု ဖြစ်ပေါ်သည်။ ကောင်းကင်ထက်ရှိ ပြင်ပနယ်မြေကျင့်ကြံသူထောင်ချီ၏ ခန္ဓာကိုယ်များသည် ပျက်စီးကုန်သည်။ သူတို့၏ဦးခေါင်းများသည် ခန္ဓာကိုယ်မှ ကွာထွက်ကာ ကောင်းကင်ထက်သို့ ပျံသန်းသည်။
ယင်းဦးခေါင်းများသည် ဝမ်လင်းထံ ပျံဝဲလာကြပြီး သူ၏နောက်သို့ လိုက်ပါလာသည်။
ထိုကျင့်ကြံခြင်းဂြိုဟ်၏အပြင်ဘက်၌ ဝမ်လင်းက သူ့ညာလက်သီးကို ဆုပ်၏။ အတိုင်းမသိ အသက်ဓာတ်အားများ၊ စိတ်ဝိညာဉ်များ၊ မူလစိတ်ဝိညာဉ်များသည် သူ့လက်တွင်းသို့ လာရောက်စုဝေးသည်။ သူသည် လက်ဝေ့ယမ်းလိုက်ရာ မူလစိတ်ဝိညာဉ်ထောင်ချီသည် သေခြင်းရှင်ခြင်း၊ကံမ္မ၊ အမှန်အမှား အနှစ်သာရတို့ ဖြင့် ချိပ်ပိတ်ခြင်း ခံထားရသည့် သူတို့၏ဦးခေါင်းများထဲ ပြန်ဝင်ရောက်သွားကြ၏။
နာနာကျင်ကျင် အော်သံများသည် ထပ်မံ စတင်လေ၏။ ယင်းအော်သံများသည် ဦးခေါင်းထောင်ချီထံမှ ထွက်ပေါ်လာခြင်းတည်း။ ယင်းအသံများသည် ကြယ်များကြား ပဲ့တင်ထပ်လေသည်။
“ထောင်ချီလောက်ပဲ ရှိသေးတယ်။ ခုထိ မလုံလောက်သေးဘူး…” ဝမ်လင်းသည် လှည့်၍ သူ၏နတ်ဘုရားအာရုံဖြင့် တွေ့မြင်ထားသော နောက်ထပ်ဂြိုဟ်တစ်ခုထံ လျှောက်လှမ်းလာသည်။
ဆင့်ခေါ်ခြင်းမြစ်အတွင်းနက်ပိုင်း၌ သည်ကြယ်အဖွဲ့အစည်းတွင် နေနေသော တတိယအဆင့် ကျင့်ကြံသူတစ်ယောက်၏ နတ်ဘုရားအာရုံသည် တရှိန်ထိုး ထွက်ပေါ်လာသည်။ ၎င်းသည် အရိပ်အသွင်သိပ်သည်းကာ သူ၏မူလခန္ဓာကိုယ်မှာ သူ ရှိနေသောနေရာကနေ ပျံသန်းထွက်လာသည်။ သူသည် ဝမ်လင်းထံ ကြည့်ရှု၍ အဝေးကနေ ပျံသန်းလာသည်။
ဝမ်လင်းသည် ထိုလူ့ကို လာစေချင်နေ၏။ ထို့ကြောင့် သူက သူ့အပေါ် ထိုလူ၏ နတ်ဘုရားအာရုံဖြင့် ကြည့်ရှုနေသည်ကို ခွင့်ပြုထားခြင်းပင်။ မဟုတ်ပါက ထိုတတိယအဆင့် ကျင့်ကြံသူသည် ဝမ်လင်းကို ရှာတွေ့ဖို့ အရည်အချင်း ပြည့်မှီလိမ့်မည် မဟုတ်ပေ။
“တစ်ယောက်လာရင် တစ်ယောက် သတ်ပစ်မယ်။ အုပ်စုလိုက်လာရင် အုပ်စုလိုက် သတ်ပစ်မယ်…” ဝမ်လင်း၏အမြင်သည် သုန်မှုန်လာ၏။ သူ၏အကြည့်ထဲရှိ သတ်ဖြတ်လိုစိတ်မှာ ပိုအားကောင်းလာသည်။ သူသည် ခုထိ လုံလောက်အောင် မသတ်ရသေးပေ။ သူသည် ရှေ့ဆက်တိုးလာရင်း နောက်ထပ်ဂြိုဟ်တစ်လုံး သူ့ရှေ့၌ ပေါ်လာသည်။
ထိုဂြိုဟ်သည် အပျက်အစီးပုံ ဖြစ်နေ၏။ ထိုနေရာရှိ သေဆုံးခြင်းအော်ရာသည် အတော်လေး အားကောင်းသည်။
ရှေးဟောင်းကြယ်အဖွဲ့အစည်း၌ မြေအောက်လောကကလန်ဟု ခေါ်သော ကလန်တစ်ခု ရှိသည်။ ယင်းကလန်ဝင်များသည် သေဆုံးခြင်းအော်ရာကို စုပ်ယူ၍ ကျင့်ကြံကြ၏။ သူတို့ စုဝေးသော နေရာများတွင် သေဆုံးခြင်းအော်ရာနှင့် ပြည့်နေသည်သာ ဖြစ်သည်။ ထိုဂြိုဟ်ကို အောင်မြင်မှုအချို့ ရရှိပြီးနောက် အုပ်စိုးသူကောင်စီက သူတို့ကို လက်ဆောင်ပေးထားခဲ့ခြင်း ဖြစ်သည်။
မြေအောက်လောကကလန်သည် ရှေးဟောင်းကြယ်အဖွဲ့အစည်း၌ ကလန်ငယ်တစ်ခုသာ ဖြစ်သည်။ သူတို့၏ကလန်ဝင်အများစုသည် ဒီနေရာတွင် စုဝေးနေကြပြီး သည်ဂြိုဟ်ကို သူတို့၏ နေရာအသစ်အဖြစ် ပြုလုပ်ထားသည်။
မရေမတွက်နိုင်သော မီးခိုးရောင်ပူစည်ဖောင်းများသည် လွင့်မြေနေကြ၏။ ၎င်းတို့ထံ၌ အတွင်းနယ်မြေမှ အကျဉ်းသားများ ရှိနေသည်။ အများစုမှာ အမျိုးသမီးများ ဖြစ်ကြသည်။ သူတို့ထဲမှ တစ်ယောက်မှာ ကျိုးဇီဟောင်ပင် ဖြစ်၏။
သူမ၏မျက်လုံးတို့မှာ မှိတ်နေပြီး သတိလက်လွတ်ဖြစ်နေသည်။ သို့သော် သူမ၏ အဝတ်အစားများကမူ မပျက်မစီးသေးဘဲ ရှိ၏။
ထိုအခိုက်တွင် ယင်းဂြိုဟ်ထံမှ ကျယ်လောင်သောမြည်ဟည်းသံ ထွက်ပေါ်လာကာ ဧရာမအက်ကြောင်းတစ်ခု ပေါ်လာလေသည်။ စုပ်အားတစ်ခုပေါ်လာကာ ပူစည်ဖောင်းသုံးရာနီးပါးကို ဆွဲငင်လာ၏။ ကျိုးဇီဟောင်မှာလည်း သူတို့ကြား၌ ပါဝင်နေသည်။
***