တတိယအဆင့်ကျင့်ကြံသူကို သတ်ပစ်ခြင်း…
Vol. 123 Ch. 1702
သေဆုံးခြင်းအော်ရာသည် သိပ်သည်းနေသော်လည်း ဒီအက်ကြောင်းအဟအတွင်း၌ ခေါင်းတုံးပြောင်လူတစ်ယောက် ထိုင်နေ၏။ ထိုသူသည် ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ ရံဖန်ရံခါ သူ၏ ဦးခေါင်းပြောင်ထံမှ စိတ်ဝိညာဉ်များ၏ မျက်နှာများ ထွက်ပေါ်ကာ အသံတိတ် အော်ဟစ်နေသည်ကို တွေ့မြင်ရပေလိမ့်မည်။
သူ လက်ဝေ့ယမ်းလိုက်ရာ ပူစည်ဖောင်းသုံးရာသည် သူ့ထံ တရှိန်ထိုး ဦးတည်ဝင်လာကြ၏။
ထိုခေါင်းပြောင်လူက ရုတ်တရက် မျက်လုံး ဖွင့်လာ၏။ သူသည် ပူစည်ဖောင်းများအတွင်းရှိ အတွင်းနယ်မြေ၏ ကျင့်ကြံသူသုံးရာကို ရက်စက်မည့်အကြည့်ဖြင့် ကြည့်သည်။
“အတွင်းနယ်မြေက ငါ့မြေအောက်လောကကလန် မြင့်မားလာဖို့အတွက် အခွင့်အရေးတစ်ခုပဲ။ လူတွေ ပိုသေလေလေ၊ သေခြင်းအော်ရာဟာ ပိုအားကောင်းလာလေပဲ။ အသက်ရှင်လျက် စိတ်ဝိညာဉ်တွေလည်း ရှိနေကြတယ်။ ရှေးဟောင်းကြယ်အဖွဲ့အစည်းမှာဆိုရင် ငါဟာ လူအများကြီးကို သတ်လိုက်ရင် အုပ်စိုးသူကောင်စီရဲ့ အပြစ်ပေးတာကို ခံရလိမ့်မယ်…” ထိုလူသည် ကျေနပ်ဟန် ပြုံး၍ သူ၏အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်ရာ ပူစည်ဖောင်းသုံးရာသည် တစ်ခုပြီးတစ်ခု ပေါက်ကွဲလေတော့၏။
ထိုပူစည်ဖောင်းများ ပေါက်ကွဲခြင်းက ဆင့်ခေါ်ခြင်းမြစ်၏ ကျင့်ကြံသူသုံးရာ၏ သေဆုံးခြင်းအော်ရာများကို လှစ်ဟပေါ်ထွက်စေသည်။ သူတို့၏မျက်နှာများသည် နာကျင်မှုကြောင့် ရှုံ့တွနေ၏။ ပူစည်ဖောင်းများ ပေါက်ကွဲသွားပြီးနောက် သူတို့၏ခန္ဓာကိုယ်များသည် သွေ့ခြောက်လာသည်။
သူတို့၏ဒွာရပေါက်များထံမှ အသက်ဓာတ်အမျှင်တန်းများ ထွက်လာကာ သူတို့၏ခန္ဓာကိုယ်ပတ်လည်တွင် စုဝေး၍ အရိပ်များ ဖြစ်ပေါ်သည်။ ထိုအရိပ်များသည် မူလစိတ်ဝိညာဉ်များကဲ့သို့ ဖြစ်၏။
ကျိုးဇီဟောင်၏ အမူအရာမှာလည်း ရှုံ့တွနေ၏။ သူမ၏ခန္ဓာကိုယ်သည် တုန်ယင်နေသည်။ သူမ၏အသက်ဓာတ်များသည် ခန္ဓာကိုယ်မှ မြန်ဆန်စွာ လွတ်ကင်း၍ သူမ၏ခန္ဓာကိုယ်နှင့် ပုံတူအရိပ်တစ်ခု ဖြစ်ပေါ်လာသည်။ ကျိုးဇီဟောင်၏ အသက်ဓာတ်အရိပ်နှင့် တခြားသူများ၏ အသက်ဓာတ်အရိပ်တို့က ထိုခေါင်းပြောင်လူထံ ပျံသန်းလာကြသည်။
“မြေအောက်လောက အတိသုခ ဝါးမြိုခြင်း…” ထိုခေါင်းပြောင်လူက မာန်သွင်းကာ သူ့လက်ကို ဝေ့ယမ်းလိုက်၏။ အရိပ်သုံးရာသည် ပိုမြန်ဆန်စွာ ရွှေ့လျားကာ သူ့ထံ နီးကပ်လာသည်။
သူ ပါးစပ်ဟကာ ယင်းအရိပ်များကို ဝါးမြိုတော့မည့်အခါ၌ အေးစက်စက်နှာခေါင်းရှုံ့သံ ပဲ့တင်ထပ်သွား၏။
ထိုနှာခေါင်းရှုံ့သံသည် ကျယ်လောင်စွာ မြည်ဟည်းလာသည့်အလား အသံလှိုင်းတစ်ခုကို ဖန်တီးသည်။ ခေါင်းပြောင်လူသည် တုန်ယင်သွားပြီး ဆန့်တန်းထားသော သူ့လက်နှစ်ဖက်မှာလည်း အသွေးအသားပုံအဖြစ်သို့ ပျက်စီးခြင်း ဆိုက်၏။ သူသည် သွေးအန်ကာ နောက်သို့ အလန့်တကြား မြန်ဆန်စွာ ဆုတ်သည်။
အရိပ်သုံးရာက သူတို့၏မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လာကြ၏။ သူတို့သည် စိတ်ရှုပ်ထွေးဟန်ဖြင့် ဘေးပတ်လည်သို့ ကြည့်လိုက်သည်။
“ဘယ်သူလဲ။ မြေအောက်လောကကလန်ကို ရောက်လာတဲ့ ဘယ်က တတိယအဆင့်ကျင့်ကြံသူများလဲ။ ဒီအဘိုးအိုက မြေအောက်လောကကလန်ရဲ့ ခေါင်းဆောင်ပဲ။ ငါ့အနေနဲ့ စီနီယာ့ကို ဘာများ စော်ကားမိခဲ့လို့လဲ…ငါလည်း မသိရပါလား…”
ထိုခေါင်းပြောင်လူသည် တုန်ရီကာ လန့်နေ၏။ သူ့နှလုံးမှာလည်း ထိတ်လန့်၍ အခုန်မြန်နေသည်။
တဖက်လူက အေးစက်စက်သာ နှာခေါင်းရှုံ့လိုက်ရုံ ရှိသေး ထိုစွမ်းအားက သူ့လက်ကို ပျက်စီးသွားစေခဲ့သည် မဟုတ်လား။ သူ၏ခန္ဓာကိုယ်ထဲရှိ သွေးနှင့်စွမ်းအင်များပါ ရှုပ်ထွေးကုန်ပြီး သူ့မူလစိတ်ဝိညာဉ်သည် ပျက်စီးလုနီးနီး ဖြစ်သွားရလေ၏။
သူသည် ပဥ္စမကောင်းကင်ဘုံဒုက္ခအဆင့် ဖြစ်သည်။ ထို့ကြောင့် သူသည် ချက်ခြင်းပင် တဖက်လူက တတိယအဆင့်ကျင့်ကြံသူဖြစ်မှန်း သိရှိလိုက်၏။ သို့ပေမည့် သူသည် ထိုတတိယအဆင့် ကျင့်ကြံသူက ဘာကြောင့် ဒီကို ရောက်လာပြီး သူ့ကို အပြစ်ပေးသည်ကို နားမလည်နိုင် ဖြစ်နေသည်။
သူသည် ထိုတတိယအဆင့် ကျင့်ကြံသူမှာ ရှေးဟောင်းကြယ်အဖွဲ့အစည်းမှ မဟုတ်ဘဲ အတွင်းနယ်မြေက ဖြစ်နေသည်ဟု မခန့်မှန်းမိပေ။ သူက အတွင်းနယ်မြေရှိ ကျင့်ကြံသူအားလုံးသည် အလုံးစုံကောင်းကင်တွင် စုစည်း၍ နောက်ဆုံးအနေဖြင့် ရုန်းကန်နေရပြီး သူတို့အဖို့ ဒီနေရာသို့ ရောက်လာရန်မှာ မဖြစ်နိုင်ဟု သိထား၏။
သူသည် အထိတ်တလန့်ဖြစ်နေစဉ် သူ့အမြင်ကို အဖြူရောင်အလင်းတစ်ခုက ဖုံးလွှမ်းသွား၏။ သူသည် အက်ကြောင်းထံသို့ မော့ကြည့်လိုက်ရာ လူတစ်ယောက်သည် သေခြင်းအော်ရာကို ဖြတ်၍ လျှောက်လာသည်ကို တွေ့မြင်လိုက်ရသည်။
ထိုလူငယ်၏အမူအရာမှာ သုန်မှုန်နေ၏။ သူ၏နောက်တွင်လည်း နာကျင်စွာအော်ဟစ်နေသော ဦးခေါင်းထောင်ချီ ရှိနေသည်။ ထိုအော်သံများက ခေါင်းပြောင်လူ၏ စိတ်ကို တုန်ရီသွားစေသည်။ သူသည် အဖြူရောင်ဝတ်စုံဖြင့်လူငယ်ကို ကြည့်ကာ အတော်လေး ရင်းနှီးသလို ခံစားမိ၏။
“သင်…သင်က…” ဦးခေါင်းပြောင်လူငယ်၏စိတ်မှာ ဆောက်တည်ရာမရ ဖြစ်သွား၏။ ခဏတာ မင်သက်သွားပြီးနောက် ထိုလူငယ်ထံမှ ရင်းနှီးသောအော်ရာက သူ့ကို နာမည်တစ်ခုအား အမှတ်ရသွားမိစေသည်။ ထိုနာမည်ကို အမှတ်ရလိုက်သည်နှင့် ခေါင်းပြောင်လူသည် မထိန်းချုပ်နိုင်ဘဲ အော်ဟစ်လိုက်မိ၏။ သူသည် အော်ဟစ်ရင်း နောက်သို့ အလန့်တကြား ဆုတ်သည်။
“မြေအောက်လောကကလန်ဝင်တွေ…ဒီဂြိုဟ်ကနေ မြန်မြန် ထွက်ပြေးကြတော့…မြန်မြန်…မြန်မြန်…”
ဝမ်လင်း၏မျက်လုံးထဲ၌ အေးစက်မှု ဖျတ်ခနဲ ပေါ်၏။ သူက သူ့ညာလက်ကို လေဟာနယ်ထဲသို့ ဆန့်ထုတ်လိုက်သည်။ ဧရာမပုံရိပ်ယောင်လက် ပေါ်လာကာ ထိုခေါင်းပြောင်လူထံ တရှိန်ထိုး ဝင်ရောက်သွားသည်။
ထိုခေါင်းပြောင်လူသည် လက်ဖြင့် ဖမ်းဆုပ် ညှစ်ခြေပစ်ခြင်း ခံလိုက်ရ၏။ သူသည် နာကျင်စွာ အော်ဟစ်လိုက်ရပြီး သူ၏ခန္ဓာကိုယ်သည် ပျက်စီးသွားလေသည်။
သို့မေပည့် သူ၏ဦးခေါင်းကမူ သူ့မူလစိတ်ဝိညာဉ်၊ စိတ်ဝိညာဉ်တို့နှင့်အတူ အကောင်းတိုင်း ကျန်ခဲ့ကာ ချိပ်ပိတ်ခံလိုက်ရသည်။ ဝမ်လင်းက သူ့လက်ကို ပြန်ရုတ်လိုက်ရင်း ထိုဦးခေါင်းကို သူ၏နောက်ရှိ ဦးခေါင်းပြတ်ထောင်ချီထံ ထည့်ပေါင်းလိုက်သည်။
တစ်ချိန်တည်းမှာ ဂြိုဟ်အနှံ့အပြင်းကနေ မြေအောက်လောကကလန်ဝင်များသည် ပျံသန်းထွက်လာကြ၏။ သူတို့အားလုံးသည် စိတ်ရှုပ်ထွေးနေကြသည်။ သို့သော် သူတို့သည် ဒီဂြိုဟ်ကနေ ထွက်ပြေးဖို့ကို တုန့်နှေးမနေကြပေ။
သူတို့သည် မည်သို့ဖြစ်ပျက်နေသည်ကို မသိကြသော်လည်း ကလန်ခေါင်းဆောင်၏ အမိန့်က သူတို့အတွက် မိုးကောင်းကင်လိုပင်။ သူတို့သည် သေသည့်အထိ ထိုအမိန့်ကို နာခံမည် ဖြစ်၏။
ဝမ်လင်းသည် လှည့်လိုက်၏။ သူ၏အကြည့်မှာ အေးစက်နေသည်။ သူက ညာလက်ကို ဝေ့ယမ်းလိုက်ပြီး သူ၏ညာမျက်လုံးထဲတွင် မိုးကြိုးတို့ လင်းလက်သည်။ မိုးကြိုးတန်းကြီးတစ်ခု ပေါ်လာကာ ဝမ်လင်းကို ဗဟိုပြု၍ အဘက်ဘက်သို့ ကွဲထွက်သွားသည်။
ထိုအခိုက်အတန့်တွင် လျှပ်စီးတန်းများသည် ဒီနက်မှောင်သောဂြိုဟ်အနှံ့သို့ ပြန့်ကြဲသွားသည်။ မိုးကြိုးတုန်ဟည်းသံများ မြည်ဟည်းလေ၏။ မိုးကြိုးတန်းတစ်ခုစီသည် သေမိန့်အလား မြေအောက်လောကကလန်ဝင်တိုင်းပေါ်သို့ ခပ်နှိပ်သွား၏။ သူတို့၏ခန္ဓာကိုယ်များ ပေါက်ကွဲကာ မိုးကြိုးသည် သူတို့၏ဦးခေါင်းများကို ယူဆောင်လာလေ၏။
အော်သံဟစ်သံများ ဒီဂြိုဟ်အနှံ့ ပဲ့တင်ထပ်သွား၏။ ဝမ်လင်းသည် ထိုအရာများကို လစ်လျူရှု၍ စိတ်ရှုပ်ထွေးနေသော မူလစိတ်ဝိညာဉ်သုံးရာကို ကြည့်လိုက်သည်။ သူက လက်ကို ညင်သာစွာ ဝေ့ယမ်းလိုက်ရာ ထိုမူလစိတ်ဝိညာဉ်များသည် သူတို့၏ခန္ဓာကိုယ်များထဲ ပြန်ဝင်ရောက်သွားကြသည်။
ဝမ်လင်းသည် ရှေ့သို့ ခြေလှမ်းလိုက်၏။ သူ ခြေလှမ်းလိုက်သည့်အခိုက်တွင် မိုးကြိုးတန်းသည် ဦးခေါင်းပြတ်များကိုယူကာ ပြန်ရောက်လာခဲ့ပြီ။ ခုချိန်၌ ဝမ်လင်း၏နောက်တွင် ဦးခေါင်းပြတ်တစ်သောင်းနီးပါး ရှိနေလေပြီ။ မိုးကြိုးက သူ၏ညာမျက်လုံးထံ ပြန်ဝင်ရောက်သွားသည်။
အသက်ရှုစာအကြိမ်အနည်းငယ်အတွင်း မြေအောက်လောကကလန်ဝင်များ မည်သူမျှ အသက်ရှင်လျက် မရှိတော့ပေ။
လေထဲတွင် ရှိနေရင်း ဝမ်လင်းက သူ့ညာလက်ကို ပင့်မြှောက်ကာ မြေပြင်ထက်သို့ ဖိချလိုက်၏။ ဂြိုဟ်ပတ်လည်ရှိ အဆုံးမဲ့သေခြင်းအော်ရာသည် ပင်လယ်လှိုင်းအလား သူ့ထံ ပျံသန်းလာသည်။
အဆုံးသပ်၌ အဆုံးမဲ့သေခြင်းအော်ရာသည် ဝမ်လင်း၏ညာလက်ထံ သိပ်သည်းကာ သေခြင်းတရားကို ကိုယ်စားပြုလေ၏။ ၎င်းသည် အခိုးအငွေ့လုံးအဖြစ် ဖြစ်ပေါ်၍ မြန်ဆန်စွာလှည့်ပတ်သည်။
ထိုသေဆုံးခြင်းအော်ရာသည် ဝမ်လင်း၏ ယူဆောင်ခြင်းခံလိုက်ရသည့်အခါ ဒီဂြိုဟ်သည် အသက်ဓာတ်တို့ ပြန်ပြည့်လာ၏။ ပူစည်ဖောင်းများစွာသည် ချိုးဖျက်ခံရကာ ဆင့်ခေါ်ခြင်းမြစ်မှ ကျင့်ကြံသူများစွာသည် သူတို့၏လွတ်လပ်မှုကို ပြန်ရရှိသွားကြ၏။
ဝမ်လင်းသည် သူ၏အကြည့်ကို ဂြိုဟ်ထံမှ ပြန်ရုတ်သိမ်းလိုက်၏။ ထို့နောက် သူသည် ကောင်းကင်ထက်သို့ ခြေလှမ်းလိုက်သည်။ သူ၏လက်ထဲတွင် သေခြင်းအော်ရာအခိုးအငွေ့အလုံးကို ကိုင်ထားလေ၏။ သူသည် ထိုအလုံးကို ခပ်ကြမ်းကြမ်း ချေမွလိုက်ရာ ကြောက်မက်ဖွယ်သေခြင်းအော်ရာသည် ကောင်းကင်ထက်သို့ ထိုးထွက်သွားသည်။
“မင်း ရောက်လာမှတော့…ထွက်မသွားနဲ့တော့…” ဝမ်လင်းသည် သေခြင်းအော်ရာ ပျံသန်းသွားသော မိုးကုပ်စက်ဝန်းစွန်းသို့ ကြည့်နေရင်း သူ၏အသံသည် အေးစက်နေသည်။ ဟင်းလင်းပြင်သည် တွန့်ခေါက်ပုံပျက်သွားကာ သက်လတ်ပိုင်းလူတစ်ယောက် လှမ်းထွက်လာသည်။
ထိုလူသည် တာအိုဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏အမူအရာမှာ အလေးအနက် ဖြစ်နေ၏။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေရဦ သူ့ပတ်လည်တွင် လိပ်အကာဒိုင်းတစ်ခု ပေါ်လာလေ၏။ သေခြင်းအော်ရာသည် ထိုလိပ်ခွံဒိုင်းပေါ်သို့ ကျရောက်သွားသည်။
ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်ကာ ယင်းဒိုင်းပေါ်တွင် အက်ကြောင်းများ ပေါ်လာ၏။ သို့ရာတွင် ၎င်းသည် ကျိုးပျက်သွားခြင်း မရှိဘဲ သက်လတ်ပိုင်းလူထံ ပြန်ကန်ဝင်သွားလေ၏။
“ချိပ်ပိတ်နယ်မြေအရှင်…ဝမ်လင်း…။ မင်း မသေသေးဘူးပဲ…” ထိုသက်လတ်ပိုင်းလူသည် နောက်ဆုတ်၏။ သူ၏မျက်လုံးထဲတွင် တုန်လှုပ်မှုတို့ ရှိလာသည်။ သူသည် ဝမ်လင်း၏ နတ်ဘုရားအာရုံကို ကြည့်ရှုနိုင်ခဲ့၏။ သို့သော် သူသည် ဝမ်လင်းကို မမြင်ပေ။ သူသည် ဝမ်လင်းက ပြင်ပနယ်မြေကျင့်ကြံသူထောင်ချီကို ဖျက်စီးခဲ့သည်ကို တွေ့မြင်သည့်အခါ သူသည် ချက်ခြင်းပင် သူ့နတ်ဘုရားအာရုံကို ပြန်ရုတ်သိမ်းလို၏။ သို့သော် သူ နောက်မဆုတ်နိုင်ခင်မှာပင် သူသည် ဝမ်လင်းကြောင့် ပုန်းကွယ်နေရာကနေ ထွက်လာရလေ၏။
ဝမ်လင်းသည် စကားတစ်ခွန်းမှ မဆိုပေ။ သူမျက်လုံးထဲ သတ်ချင်စိတ်တို့သာ ရှိ၏။ သူသည် ချက်ခြင်းပင် သက်လတ်ပိုင်းလူထံ နီးကပ်သွားကာ သူ၏ဒိုင်းကို ကြမ်းတမ်းစွာ ရိုက်ချလိုက်သည်။
ကျယ်လောင်စွာ တုန်ဟည်းသံ ဖြစ်ပေါ်သွား၏။ အက်ကြောင်းများ ဒိုင်းပေါ်တွင် ပေါ်လာသည်။ သက်လတ်ပိုင်းလူသည် ဖြူရောသွားကာ သူ၏ပါးစပ်ထောင့်မှ သွေးများ စီးကျလာ၏။ သူသည် အလန့်တကြား နောက်ဆုတ်လေသည်။
“မင်း ငါ့ကို ဒီနေရာရောက်လာအောင် ဖြားယောင်းခဲ့တာပဲ။ မင်းရဲ့ ကျင့်ကြံမှုအဆင့်ကို ဖုံးကွယ်ထားခဲ့တယ်…” ထိုလက်ရိုက်ချက်၏စွမ်းအားကြောင့် သက်လတ်ပိုင်းလူသည် ဝမ်လင်း၏ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်အော်ရာ ထွက်ပေါ်လာသည်ကို ရှင်းလင်းစွာ ခံစားမိပေသည်။ သူ၏နှလုံးသားမှာ အပြင်းအထန် တုန်ခါနေ၏။ သူ့စိတ်ထဲမှ သတ်ဖြတ်ရန် အတွေးအားလုံးလည်း ပျောက်ကွယ်သွားသည်။ သူသည် ချက်ခြင်း ထွက်ပြေးလိုနေ၏။
သို့ပေမည့် သူသည် ဒီနေရာသို့ မျှားခေါ်ခံရပြီးမှတော့ ဝမ်လင်းက သူ့ကို မည်သို့ လွတ်မြောက်စေပါ့မည်နည်း။ ဝမ်လင်းသည် အေးစက်စက်နှာခေါင်းရှုံ့ကာ သူ့လက်ကို ပင့်မြှောက်လိုက်သည်။ သူသည် ထပ်မံ ရိုက်ချလိုက်၏။ သူ၏လက်ဝါးချက်တွင် ကံမ္မ ပါဝင်ပေ၏။ ထိုလက်ဝါးချက်က ဒိုင်းပေါ်သို့ ကျရောက်သွားရာ ယင်းဒိုင်းသည် တိုက်ရိုက်ပျက်စီးသွား၏။ ထိုဒိုင်းနှင့် သက်လတ်ပိုင်းလူထံမှ အော်ရာတစ်ခု ထုတ်နှုတ်ခြင်း ခံလိုက်ရသည်။
ထိုသက်လတ်ပိုင်းလူ၏မျက်နှာသည် ဖြူရောနေ၏။ ဒိုင်း ပျက်စီးသွားသည့်နောက် သူက နောက်သို့ ထပ်ဆုတ်သည်။ သူသည် ထွက်ပြေးနိုင်စွမ်းမရှိမှာ စိုးရွှံ့နေ၏။ ထိုအခိုက်၌ သူသည် အံတင်းတင်းကြိတ်ကာ ထွက်မပြေးတော့ရန် ဆုံးဖြတ်လိုက်၏။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ သူ၏မျက်ခုံးနှစ်ခုကြားသို့ ညွှန်၍ အဟတစ်ခုကို ဖန်တီးဖွင့်လှစ်သည်။ ယင်းကား သူ၏ခန္ဓာကိုယ်နှင့် ပေါင်းစည်းထားသော အပူဇော်ခံမီးတောက်လောကနယ်မြေပင် ဖြစ်၏။
သူက သူ၏အပူဇော်ခံမီးတောက်လောကကို ဖွင့်လှစ်လိုက်သည့်အခါ၌ ဝမ်လင်းသည် သူ့ညာလက်ကို ရှေ့သို့ ညွှန်လိုက်လေသည်။
“ရပ်တန့်ခြင်း…”
စကားတစ်ခွန်းဖြင့်ပင် သက်လတ်ပိုင်းလူ၏ခန္ဓာကိုယ်မှာ ရပ်တန့်သွား၏။ ထိုအခိုက်တွင် ဝမ်လင်းသည် အနားရောက်လာကာ သူ့လက်ဝါးဖြင့် ထိုလူ့ကို ရိုက်ချလိုက်သည်။ ကျယ်လောင်စွာ မြည်ဟည်းသံတို့ ထိုသက်လတ်ပိုင်းလူ၏ခန္ဓာကိုယ်အတွင်း ပဲ့တင်ထပ်ချေ၏။ ထို့နောက် ဝမ်လင်း၏လက်က ထိုသူ့နှဖူးထံ ရွှေ့လျားသွားသည်။
ဘန်းခနဲ ပေါက်ကွဲသံနှင့်အတူ သက်လတ်ပိုင်းလူသည် တုန်ရီလျက် သူ၏ဒွာရပေါက်များထံမှ သွေးများ စီးကျသည်။ သူ၏မျက်လုံးထဲ၌ ရုန်းကန် ကြောက်လန့်မှုတို့ ရှိနေပြီး သူသည် ရပ်တန့်ခြင်းမန္တာန်ကို ချိုးဖျက်နိုင်ဖို့ ကြိုးစား၏။
သို့သော် ဝမ်လင်း၏ရှေ့တွင် သူ့အတွက် အခွင့်အရေး မရှိလေပေ။ ဝမ်လင်း၏မျက်လုံးထဲ၌ အေးစက်မှု ဖြတ်ပြေးသွား၏။ သူက ထိုလူ၏ စိတ်ကို ပြိုလဲပျက်စီးစေကာ သူ့လက်ဝါးနှစ်ဖက်နှင့်အတူ ချိပ်ပိတ်လိုက်သည်။ ထို့နောက် သူ့ညာလက်ကို ထိုသက်လတ်ပိုင်းလူ၏ လည်တိုင်ထံ ဝေ့ယမ်းလိုက်၏။
သွေးများ နေရာအနှံ့သို့ ပြန့်ကြဲသွား၏။ သက်လတ်ပိုင်းလူ၏ဦးခေါင်းနှင့် ခန္ဓာကိုယ်မှာ ခွဲထွက်သွားရလေပြီ။ သူ၏ခန္ဓာကိုယ်သည် အသွေးအသားပုံအဖြစ် ပျက်စီးကာ ဝမ်လင်းက ထိုသူ၏ဦးခေါင်းကို ဖမ်းဆုပ်လိုက်သည်။
“ဆန်းကြယ်လေဟာနယ်အဆင့်အောက်က ဘယ်သူမဆို ငါ့ပြိုင်ဘက် မဟုတ်ဘူး…”
ဝမ်လင်းသည် လှည့်ထွက်၍ လက်ထဲတွင် သွေးတစ်စက်စက်ကျနေသော တတိယအဆင့်ကျင့်ကြံသူတစ်ယောက်၏ ဦးခေါင်းပြတ်ကို ကိုင်ကာ ကြယ်များကြား ရှေ့ဆက်သွားလေသည်။
***