← Chapters

အပိုင်း(၁၇၀၃)

Vol. 124 Ch. 1703

အပိုင်း(၁၇၀၃)

Vol. 124 Ch. 1703

နိဗ္ဗာနလေဟာနယ်အဆင့် ကျင့်ကြံသူများသည် သူတို့၏ အပူဇော်ခံမီးတောက်နယ်မြေများကို သိပ်သည်းဖွဲ့စည်းဖို့ တာအိုစိတ်ဝိညာဉ်များကို ဝါးမြိုရပေ၏။ သူတို့အတွက် အပူဇော်ခံမီးတောက်စိတ်ဝိညာဉ်များစွာလည်း လိုအပ်ပေသည်။ သို့သော် ထိုနယ်မြေသည် အပြင်အားတစ်ခုသာ ရှိသေး၏။ စိတ်ဝိညာဉ်လေဟာနယ်အဆင့် ရောက်မှသာ အပူဇော်ခံမီးတောက်နယ်မြေကို သူတို့၏ကိုယ်ပိုင်ခန္ဓာကိုယ်နှင့် သမူဟဖြစ်စွာ ပေါင်းစပ်နိုင်မည်ပင်။ ထိုအခါ အပူဇော်ခံမီးတောက်စိတ်ဝိညာဉ်များသည် သူတို့ကို ပူဇော်သမှုပြုမည်ဖြစ်၍ အစွမ်းထက်မန္တာန်များကိုလည်း အသုံးပြုလာနိုင်မည်ပင်။

လေဟာနယ်နယ်ပယ်လေးခုသည် အဆင့်တက်ရန် အလွန်ခက်ခဲလှ၏။ စိတ်ဝိညာဉ်လေဟာနယ်အဆင့်မှ ဆန်းကြယ်လေဟာနယ်အဆင့်သို့ တက်လှမ်းရန်မှာ အခက်ခဲဆုံးပင်။ ယင်းသို့ အဆင့်တက်နိုင်ရန်အတွက် ဆန်းကြယ်အနှစ်သာရတစ်ခု လိုအပ်ပေသည်။

အနှစ်သာရများကို အထည်ဒြပ်နဲ့ ဆန်းကြယ်သိမ်မွေ့သော အနှစ်သာရဟူ၍ နှစ်ပိုင်းခွဲထား၏။ ဒြပ်စင်ငါးခု အနှစ်သာရများကို အထည်ဒြပ်အနှစ်သာရများဟု ယူဆနိုင်သည်။ ယင်းတို့မှာ ရရှိဖို့ လွယ်ကူပြီး နားလည်နိုင်စွမ်း အများအပြား မလိုအပ်ပေ။ ပမာဏများများ စုဆောင်းနိုင်ဖို့သာ လိုပြီး ထိုအနှစ်သာရသည် တဖြည်းဖြည်း ပြီးပြည့်စုံလာမည် ဖြစ်သည်။

ဝမ်လင်း၏မီးနှင့်မိုးကြိုး အနှစ်သာရများမှာ ထိုသို့သော အထည်ဒြပ်အနှစ်သာရများ ဖြစ်၏။

သို့သော် ကံမ္မ၊ သေခြင်းရှင်ခြင်း၊ အမှန်အမှားကဲ့သို့ ဆန်းကြယ်အနှစ်သာရများလည်း ရှိသေး၏။ ထိုအနှစ်သာရများသည် ရရှိနိုင်ဖို့ ခက်ခဲလွန်းလှ၏။ အကြောင်းမှာ သင်သည် ယင်းသို့အနှစ်သာရများကို မရှာနိုင်၊ နားလည်ဆင်ခြင်ခြင်းဖြင့်သာ ရရှိပိုင်ဆိုင်နိုင်ခြင်းကြောင့် ဖြစ်၏။

ထို့ကြောင့်လည်း ဆန်းကြယ်လေဟာနယ်အဆင့် ကျင့်ကြံသူ အရေအတွက် အနည်းငယ်သာ ရှိနေခြင်းပင်။ ဆန်းကြယ်အနှစ်သာရတစ်ခုကို ပိုင်ဆိုင်နိုင်ဖို့မှာ အလွန်ခက်ခဲလှသည် မဟုတ်လား။

လူတစ်ယောက်သည် လေဟာနယ်ဂိတ်တံခါးကို ဆန်းကြယ်အနှစ်သာရဖြင့် ချိုးဖျက်ပါက စိတ်ဝိညာဉ်လေဟာနယ်အဆင့်၏ အတားအဆီးကို ဖြတ်ကျော်ဖို့ အတော်လေး လွယ်ကူသွားမည် ဖြစ်၏။ သို့ပေမည့် ဆန်းကြယ်အနှစ်သာရတစ်ခုဖြင့် တတိယအဆင့်ကို တက်လှမ်းနိုင်သည့်သူမှာ လက်ချိုးရေ၍ ရပေသည်။

တတိယအဆင့်သို့ ရောက်လာပြီးနောက် အနှစ်သာရတစ်ခုကို ထပ်မံ ပြီးပြည့်စုံစေဖို့မှာ ခက်ခဲလှသော်လည်း နှစ်ပေါင်းများစွာ ကုန်လွန်လာခဲ့သည့်နောက် ထူးခြားသောလူများနှင့် ပါရမီရှင်များသည် ကြိုးစားခဲ့ကြရာ တဖြည်းဖြည်း သူတို့သည် နည်းလမ်းတစ်ခုကို ဖမ်းဆုပ်မိလာကြသည်။

ထိုနည်းလမ်းသည် အလွန်ထူးခြားလှ၏။ ထိုနည်းလမ်းမှာ သူတို့၏ မရေမတွက်နိုင်သော အပူဇော်ခံမီးတောက်စိတ်ဝိညာဉ်များကို ကျင့်ကြံစေခြင်း ဖြစ်၏။ ထိုအပူဇော်ခံမီးတောက်စိတ်ဝိညာဉ်များ၏ ကျင့်ကြံမှုနှုန်းသည် တတိယအဆင့်ကျင့်ကြံသူတစ်ယောက်၏ အကူအညီကြောင့် မြန်ဆန်စွာ တိုးတက်နိုင်သည်။ သူတို့က တောင်နှင့်မြစ်များ၊ သံသရာစက်ဝန်းများကိုပါ ဖန်တီးကြရာ သို့ဖြစ်၍ အပူဇော်ခံမီးတောက်နယ်မြေအတွင်းရှိ လူများသည် သူတို့ဟာ ပုံရိပ်ယောင်လောကတွင် ရှိနေသည်ကိုပါ မသိနိုင်ကြတော့ပေ။

ယင်းက အပူဇော်ခံမီးတောက်စိတ်ဝိညာဉ်များကို ပုံရိပ်ယောင်စွမ်းအားကို ရရှိစေနိုင်၏။ နှစ်ပေါင်းများစွာ ကုန်လွန်လာသည့်နောက် ဆန်းကြယ်အနှစ်သာရများနှင့် စိတ်ဝိညာဉ်တစ်ခု မွေးဖွားလာနိုင်၏။

ထိုဆန်းကြယ်အနှစ်သာရ မွေးဖွားလာသည်နှင့် တတိယအဆင့်ကျင့်ကြံသူက ၎င်းကို ဝါးမြိုပေမည်။ ပုံရိပ်ယောင်နှင့်အနှစ်သာရတို့မှာ တတိယအဆင့်ကျင့်ကြံသူ ခန္ဓာကိုယ်၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်သည့်အတွက်ကြောင့် ထိုဝါးမြိုခြင်းမှာ ပြီးပြည့်စုံမည်ပင်။

အလားတူပင် အပူဇော်ခံမီးတောက်စိတ်ဝိညာဉ်များ၏ ကျင့်ကြံမှုက ပုံရိပ်ယောင် ဖြစ်နေလျှင်ပင် သူတို့၏ အပူဇော်ခံမီးတောက်နယ်မြေကနေ ထွက်လာသည့်နောက်၌ သူတို့သည် သာမန်သေမျိုးအဖြစ်သို့ ပြန်ရောက်ရှိနိုင်မည်ပင်။

မရေမတွက်နိုင်သော နှစ်များစွာ ကုန်လွန်လာသည့်နောက် တစ်စုံတစ်ယောက်သည် သူတို့နေထိုင်သော လောကမှာ အစွမ်းထက်တည်ရှိမှုတစ်ခု(တတိယအဆင့်ကျင့်ကြံသူ)၏ အပူဇော်ခံမီးတောက်နယ်မြေ ဖြစ်သည်ကို ရှာတွေ့ဖို့ ကြိုးစားလာပါကလည်း အဖြေရလိမ့်မည် မဟုတ်ပေ။

ဝမ်လင်းသည် ဆင့်ခေါ်ခြင်းမြစ်ကြယ်အဖွဲ့အစည်းအတွင်း လျှောက်လှမ်းလာရင်း သူ၏နတ်ဘုရားအာရုံသည် ဦးခေါင်းထံမှ ပြန်ရောက်လာ၏။ သူက ထိုဦးခေါင်းကို ဖမ်းဆုပ်လိုက်ပြီး စိတ်ဝိညာဉ်ရှာဖွေခြင်းကို အသုံးပြုလိုက်ရာ တတိယအဆင့်ကျင့်ကြံသူ သက်လတ်ပိုင်းလူ၏ မှတ်ဉာဏ်တော်တော်များများကို ရရှိသွား၏။

သူက ညာလက်ကို ဝေ့ယမ်းလိုက်ရာ နောက်ထပ်ဦးခေါင်းတစ်လုံးသည် သူ၏နောက်ရှိ ဦးခေါင်းထောင်သောင်းချီထဲ ထည့်ပေါင်းသွားလေ၏။ ဤကား ပထမဆုံးသော တတိယအဆင့်ကျင့်ကြံသူတစ်ယောက်ဦးခေါင်း ဖြစ်လေ၏။ သို့သော် ၎င်းတတိယအဆင့်ကျင့်ကြံသူ၏ ဦးခေါင်းမှာ နောက်ဆုံးတော့ ဖြစ်လိမ့်မည် မဟုတ်တာ ကျိန်းသေသည်။

ဆင့်ခေါ်ခြင်းမြစ်၌ တတိယအဆင့်ကျင့်ကြံသူ ထပ်မကျန်တော့ပေ။ ရှိလဲ့လျှင်လည်း သူတို့ ထွက်ပြေးသွားကြသည်မှာ ကြာနေလောက်ပြီ ဖြစ်၏။ ဝမ်လင်းက အလင်းတန်းအလား ရွှေ့လျားရင်း ဆင့်ခေါ်ခြင်းမြစ်ကို ဖြတ်သန်းသွားလာနေ၏။

သူ ဖြတ်ကျော်ခဲ့သော ဂြိုဟ်တိုင်းမှာ သွေးလွှမ်းခဲ့သည်သာ။ မရေမတွက်နိုင်သော ပြင်ပနယ်မြေမှ ကျင့်ကြံသူများ၏ ဦးခေါင်းပြတ်များမှာ သူ့နောက်တွင် ကပ်ပါလာကြသည်။

ဝမ်လင်း ရှေ့ဆက်နေရင်း ပိုပိုများပြားသော ဦးခေါင်းပြတ်များ သူ၏နောက်တွင် စုဝေးလာနေသည်။ ဦးခေါင်းပြတ် အရေအတွက်မှာ တစ်သောင်း၊ တစ်သောင်းခွဲကနေ ငါးသောင်းနီးပါးထိ ရှိလာ၏။

ဦးခေါင်းပြတ်ငါးသောင်းဟူသည်မှာ ရိုးရှင်းသလို ထင်ရ၏။ သို့သော် သင်သည် ယင်းဦးခေါင်းများကို တွေ့မြင်ပါက ထိုမြင်ကွင်းသည် မည်သည့်ကျင့်ကြံသူကိုမဆို တုန်လှုပ်သွားစေနိုင်၏။ အဝေးကနေပင် သွေးနံ့တို့ကို သိသိသာသာ ရနေမည် ဖြစ်၏။

စစ်ထူနန်နှင့် အတွင်းနယ်မြေမှ ကျင့်ကြံသူထောင်ချီ ရောက်လာချိန်၌ သူတို့သည် ဝမ်လင်း သွားခဲ့သောလမ်းကြောင်းခြေရာအတိုင်း နောက်ကနေ လိုက်ပါလာကြသည်။

ဝမ်လင်းနှင့် သူတို့ကြား အကွာအဝေးသည် ကြီးမားသော်လည်း ဝမ်လင်းက လူတိုင်း၏ရှေ့တွင် ဓားတစ်လက်အလား ဦးဆောင်၍ ရှေ့ဆက်နေပေသည်။ ထိုသူများကလည်း သူ့နောက်ကနေ လိုက်လာကြသည်ပင်။

ဝမ်လင်းသည် ဆင့်ခေါ်ခြင်းမြစ်ထံမှ သူ၏နတ်ဘုရားအာရုံကို ပြန်ရုတ်သိမ်းလိုက်၏။ သူသည် ဒီကြယ်အဖွဲ့အစည်း၌ ပြင်ပနယ်မြေကျင့်ကြံသူများ မကျန်တော့ဟု ဆုံးဖြတ်ပြီးနောက် တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းထံ ခြေလှမ်းတင်သည်။ သူ၏နောက်တွင် ဦးခေါင်းပြတ်ငါးသောင်း၏ နာကျင်စူးဝါးစွာ အော်ဟစ်သံများကိုလည်း ကြားနေရ၏။

တိမ်ပင်လယ်သည် အစတုန်းက စစ်ပွဲ၏ ရှေ့ဆုံး၌ ရှိခဲ့၏။ ထိုကြယ်အဖွဲ့အစည်း၌ နှစ်ဖက်လုံးမှ ကျင့်ကြံသူမြောက်များစွာ သေဆုံးခဲ့ကြသည်။ ဝမ်လင်း ဝင်ရောက်လာသည်နှင့် သူက မရေမတွက်နိုင်သော တစ္ဆေများ၏ အော်ငြီးသံတို့ကို ကြားလိုက်ရသလိုမျိုး ခံစားမိရသည်။

သူ မျက်လုံးမှိတ်လိုက်၏။ ၎င်းအသံကို ခံစားကြည့်ပြီးနောက် သူသည် မျက်လုံး ပြန်ဖွင့်လာသည်။ သူ၏အကြည့်ထံမှ သတ်ဖြတ်လိုစိတ်တို့ လှစ်ဟပေါ်သည်။ သူသည် ဦးခေါင်းပြတ်ငါးသောင်း သူ၏နောက်တွင် လွင့်မြောကပ်ပါလျက် ရှေ့ဆက်တိုးလာ၏။ တုန်လှုပ်ချောက်ခြားဖွယ်မြင်ကွင်းပင်။

“ဦးခေါင်းငါးသောင်းဟာ သေခြင်းရှင်ခြင်းအစီအရင်ကို ပုံဖော်ဖို့ လုံလောက်ပြီ…” ဝမ်လင်းသည် တိမ်ပင်လယ်ထံ ခရီးဆက်လာနေစဉ် အတိတ်တုန်းက လွင့်မြောနေသော ကုန်းမြေများ၏ တစ်ဝက်ကျော်မှာ ပျက်စီးပြိုလဲနေခဲ့ပြီ ဖြစ်၏။

ကျန်သည့်ကုန်းမြေများကိုလည်း ပြင်ပနယ်မြေမှ ကျင့်ကြံသူများက သိမ်းပိုက်ထားကြသည်။ သူတို့သည် ဒီတိမ်ပင်လယ်ကြယ်အဖွဲ့အစည်းသို့ ရောက်နေသည်မှာ အချိန်ကြာနေပြီ ဖြစ်၏။ အကြောင်းမှာ တိမ်ပင်လယ်သည် စစ်ပွဲ၏ရှေ့တန်း ဖြစ်ခဲ့ပြီး အတွင်းနယ်မြေရှိ ကျင့်ကြံသူများမှာ သိပ်မကျန်တော့ပေ။ အများစု၊အားလုံးနီးပါးမှာ သေဆုံးခဲ့ကြပြီ ဖြစ်သည်။

တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းတစ်ခုလုံးသည် ပြင်ပနယ်မြေ၏ ကုန်းမြေထု ဖြစ်လာခဲ့သည်။

ဝမ်လင်း၏ နတ်ဘုရားအာရုံ ဖြန့်ကျက်ကာ ချက်ခြင်း ဒီကြယ်အဖွဲ့အစည်းတစ်ခုလုံးကို ခြုံလွှမ်းပစ်၏။ သူ၏စိတ်ထဲတွင် တိမ်ပင်လယ်ရှိ အရာအားလုံး ပေါ်လာသည်။ ထိုအခါ ဝမ်လင်း၏စိတ်ထဲရှိ ဒေါသမှာ မုန်တိုင်းတစ်ခုလား ပြင်းထန်ထကြွလာ၏။

သူသည် သူ၏နတ်ဘုရားအာရုံကို ဖုံးကွယ်မထားပေ။ အလွန်လွှမ်းမိုးနိုင်သောနည်းလမ်းကို သုံး၍ တိမ်ပင်လယ်ရှိ ပြင်ပနယ်မြေမှ ကျင့်ကြံသူများကို သူ ရောက်ရှိလာပြီ ဖြစ်ကြောင်းကို ပေါ်ပေါ်ထင်ထင် သိစေလိုက်သည်။

ပြင်ပနယ်မြေမှ ကျင့်ကြံသူများသည် ဝမ်လင်း၏နတ်ဘုရားအာရုံကို ခံစားမိသည့်အခါ နိုးနိုးကြားကြား ဖြစ်ကုန်၏။ သူတို့သည် ကောင်းကင်ထက်သို့ အထိတ်တလန့်‌ မော့ကြည့်ကာ မကောင်းသောခံစားမှုများ ရလာသည်။

ဝမ်လင်း၏နတ်ဘုရားအာရုံသည် မုန်တိုင်းတစ်ခုအလား တိမ်ပင်လယ်အနှံ့သို့ ရိုက်ခတ်သွား၏။

တိမ်ပင်လယ်၏အတွင်းနက်ပိုင်း၌ ရှားပါးလှသော ဂြိုဟ်တစ်လုံး ရှိနေသည်။ ယင်းဂြိုဟ်သည် ကောင်းကင်ဘုံချိုးဖျက်ခြင်းကလန်၏ ဂြိုဟ်တစ်လုံး ဖြစ်ခဲ့ဖူးသည်။ သို့သော် ခုချိန်တွင်မူ ၎င်းဂြိုဟ်မှာ အပျက်အစီးပုံ ဖြစ်နေလေပြီ။

ဂြိုဟ်တစ်ခုလုံးကို အပြာရောင်၊ခရမ်းရောင်ရှိ ပင်လယ်ရေညှိပင်များ ဖုံးလွှမ်းထားသည်။ ထိုရေညှိပင်များ၏ အလယ်၌ ပေရာချီထူထဲသော အကိုင်းအခတ်များဖြင့် ခရမ်းရောင်ပန်းပင်တစ်ပင် ရှိနေ၏။

ထိုပန်းပင်သည် ပေတစ်သောင်းကျော် ရှည်လျား၍ ထင်ထင်ရှားရှား ရှိလှ၏။ ထိုပန်းပင်သည် ဖူးပွင့်နေခြင်း မရှိပေ။ သို့သော် ပန်းပင်ထိပ်၌ ပေတစ်ရာခန့်ကြီးမားသော အငုံတစ်ခု ရှိလေသည်။

ထိုပန်းအငုံသည် လုံးဝန်းကာ အပြင်ဘက်ကနေ မြင်နိုင်၏။ ထိုပန်းအငုံထဲ၌ အမျိုးသမီးတစ်ယောက် ထိုင်နေသည်။ သူမသည် အလွန်လှကာ အလင်းဝတ်ရုံကို ဝတ်ဆင်ထားသည်။ ထိုနေရာတွင် ထိုင်၍ သူမသည် ကျင့်ကြံနေသည်။

ထိုပန်းအငုံထံမှ နိဗ္ဗာနလေဟာနယ်အလယ်အဆင့် ကျင့်ကြံသူတစ်ယောက်၏ အော်ရာ ထွက်ပေါ်နေ၏။ ဝမ်လင်း၏အော်ရာ တိမ်ပင်လယ်တခွင် ပျံ့နှံ့လာသည့်အခါ ထိုပန်းအငုံထဲရှိ အမျိုးသမီးသည် မျက်လုံး ဖွင့်လာသည်။

သူမ၏အကြည့်ထဲ၌ တုန်လှုပ်မှုတို့ ကြီးစိုးနေ၏။ သူမ မျက်လုံးဖွင့်လာစဉ် ဂြိုဟ်ပေါ်ရှိ ပင်လယ်ရေညှိပင်များသည် လှုပ်ရှားကုန်သည်။

ထိုဂြိုဟ်ကို အဝေးမှ ကြည့်ပါက နယ်မြေချိပ်ပိတ်ခြင်းအစီအရင်၏ မြူများ ပြည့်ဖုံးနေသော အပေါက်နေရာတွင် မြောလွင့်နေသော ဧရာမကုန်းမြေထု တစ်ခု ရှိနေသည်။ ၎င်း၏ပတ်လည်တွင် ပြင်ပနယ်မြေမှ ကျင့်ကြံသူများစွာသည် လှုပ်ရှားသွားလာကာ ကျောက်တုံးများကို သယ်ဆောင်ပြီး ကျောင်းဆောင်တစ်ခု ဆောက်နေကြသည်။

ထိုကျောင်းဆောင်သည် ပုံကြမ်းအသွင် ရှိနေလေပြီ။ ၎င်း၏ထိပ်၌ ရုပ်တုတစ်ခု ရှိ၏။ ထိုရုပ်တုတွင် အနက်ရောင်တောင်ပံကြီးနှစ်ဖက် ရှိကာ ၎င်းသည် ကြမ်းကြုတ်ထည်ဝါမှုကို ပေးစွမ်းနေသည်။ ထိုရုပ်တုမှာ ဧရာမလင်းနို့ကြီး၏ ရုပ်တု ဖြစ်၏။

အနီရောင်ဝတ်ရုံဖြင့် အဘိုးအိုတစ်ယောက်သည် ထိုရုပ်တုပေါ်တွင် ထိုင်နေ၏။ သူ၏မျက်ခုံးနှစ်ခုကြားတွင် အနက်ရောင်လင်းနို့အမှတ်အသားတစ်ခု ရှိသည်။ ဝမ်လင်း၏နတ်ဘုရားအာရုံ ပျံ့လွင့်ရိုက်ခတ်လာချိန်၌ ထိုအဘိုးအိုသည် အလန့်တကြား မျက်လုံးဖွင့်လာသည်။ သူသည် ရုတ်တရက် ထရပ်ကာ ကောင်းကင်ထက်သို့ မော့ကြည့်လိုက်၏။ သူ၏မျက်နှာမှာ ဖြူရောလာခဲ့သည်။

တစ်ချိန်တည်းမှာ အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်း၌ ပြင်ပနယ်မြေမှ ကျင့်ကြံသူများ စုဝေးနေကြသည်။ ကျင့်ကြံသူ သောင်းချီနှင့် တတိယအဆင့်ကျင့်ကြံသူများပါ ရှိနေကြသည်။ ထိုထဲမှ တစ်ချို့လူများဆို ဝမ်လင်းကို သတ်ခဲ့ရာတွင် ပါဝင်သူများပင်။

ပြင်ပနယ်မြေမှ ကျင့်ကြံသူသောင်းချီသည် စက်ဝန်းအသွင် ရှိနေကြ၏။ သူတို့အုပ်စုမှာ ဟင်းလင်းပြင်အနှံ့တွင် ရှိနေသည်။ သူတို့သည် ပင်ပန်းနေသည့်ပုံ ပေါ်၏။ သို့သော် သူတို့၏ ကြမ်းကြုတ်ရန်လိုမှုများမှာ တစ်စက်လေးပင် လျော့ပါးခြင်း မရှိလေပေ။

ထိုကျင့်ကြံသူသောင်းချီက ဂြိုဟ်ပေါင်း(၉၉၉)ခုနှင့် ဖွဲ့စည်းထားသော ဧရာမအစီအရင်ကြီး ပတ်ပတ်လည်တွင် ရှိနေကြသည်။ ထိုဂြိုဟ်တစ်ခုစီပေါ်၌ အတွင်းနယ်မြေမှ ကျင့်ကြံသူအချို့ ရှိကြ၏။ သူတို့သည် ဒီနေရာတွင် ခုခံနေသည်မှာ အချိန်အတော်ကြာခဲ့ပြီ ဖြစ်သည်။

ထိုအစီအရင်ကြီး၏ ဗဟိုချက်၌ ပလ္လင်တစ်ခု ရှိသည်။ ၎င်းပလ္လင်ကို မြူလွှာတစ်ခုက ခြုံလွှမ်းထားသည်။ ထိုပလ္လင်ပေါ်တွင် လူတစ်ယောက် ထိုင်နေသည်။

ကျင့်ကြံခြင်းဂြိုဟ်တစ်ခုပေါ်၌ မထူးခြားနားအကြည့်ဖြင့် အမျိုးသမီးတစ်ယောက် ထိုင်နေ၏။ သူမက အောက်နှုတ်ခမ်းကို ကိုက်ထားလျက် ရှိပြီး သူမ၏မျက်လုံးထဲတွင် မျှော်လင့်ချက်မဲ့မှုတို့ ဖြည်းဖြည်းချင်း ပေါ်လာနေသည်။

နောက်ထပ်ဂြိုဟ်တစ်ခုပေါ်တွင် မူပင်းမေ ရှိနေ၏။ သူမ၏ ဆံပင်ရှည်ကို လှပစွာ ထုံးချည်ထားသည်။ သူမက အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏လှပသောမျက်နှာထက်၌ စိတ်ရှုပ်ထွေးမှုတို့ ရှိသည်။

ဝမ်လင်း သိသောလူများသည်လည်း ထိုဂြိုဟ်များပေါ်တွင် ရှိနေကြသည်။

***

All Chapters