အလုံးစုံကောင်းကင်ထံ ဦးတည်ခြင်း
Vol. 124 Ch. 1705
ဝဲကတော့ထံမှ သေခြင်းရှင်ခြင်းအစီအရင်သည် ဆင့်ကဲတိုးတက်ကာ ဘီးအဖြစ်သို့ သိပ်သည်း ဖြစ်ပေါ်သည်။ ထိုဘီး မရွှေ့လျားပါက သေခြင်းရှင်ခြင်းသည်လည်း လှုပ်ရှားခြင်း ရှိလိမ့်မည် မဟုတ်ပေ။ ၎င်း လှုပ်ရှားပါက သေခြင်းရှင်ခြင်းသည်လည်း လည်ပတ်ပေမည်။
ထိုဧရာမသေခြင်းရှင်ခြင်းဘီး လည်ပတ်သည့်အခါ အကွာအဝေးတစ်ခုမှ ကျယ်လောင်စွာ တုန်ဟည်းသံများ ထွက်ပေါ်လာသလား ထင်ရလေ၏။ ထိုအသံသည် လေဟာနယ်ကို ချိုးဖျက်ကာ မြူများဖြင့် ဝန်းရံထားသော ဧရိယာသို့ ရောက်လာ၏။ ထိုဘီး ရွှေ့လျားသည့်အခါ သေခြင်းရှင်ခြင်းမှာ သတ်မှတ်လိုက်ပြီး ဖြစ်၏။
ထိုဘီးထံမှ ပြင်းထန်သောဖိအား ထွက်ပေါ်လာကာ ချိပ်ပိတ်နယ်မြေအစီအရင်ရှိ အပေါက်ထဲသို့ တစ်ဝက်ကျော်ကျော် ဖြတ်သန်းဝင်ရောက်ပြီးသော ကုန်းမြေထုပေါ်သို့ ကျဆင်းလာသည်။
ထိုဖိအားသည် သေခြင်းရှင်ခြင်းကို ဖိနှိပ်မည်။ ၎င်းသည် စိတ်ဝိညာဉ်များနှင့်မူလစိတ်ဝိညာဉ်များကို ထုတ်နှုတ်ပစ်လေမည်။
ကုန်းမြေထု တုန်ခါလာရင်း ၎င်း၏အနားစွန်းများ တစ်လျှောက်၌ မရေမတွက်နိုင်သော အက်ကြောင်းများ ပေါ်လာ၏။ ၎င်း၏ပျက်စီးမှုက အလျင်အမြန် ပျံ့လာ၏။
ဘီးသည် လည်ပတ်နေရင်း ကုန်းမြေထု တုန်ခါမှုက ပို၍ ကျယ်လောင်လာ၏။
ကုန်းမြေထု ပေါ်ရှိ ကျင့်ကြံသူများစွာ၏ မျက်နှာများ ဖြူရောကုန်ကာ ဖိနှိပ်မှုကြောင့် သွေးများ အန်ထွက်ရလေ၏။ သူတို့၏ခန္ဓာကိုယ်များထံမှ အသံဗလံများ ထွက်ပေါ်ကာ နာကျင်သောအမူအရာများ ဖြစ်ကုန်၏။
ကျင့်ကြံမှုအဆင့်နိမ့်သူများဆို ဖိအားကြောင့် သူတို့၏ခန္ဓာကိုယ်များ ပေါက်ကွဲထွက်ကုန်၏။ သူတို့၏မူလစိတ်ဝိညာဉ်များကမူ သူတို့၏ဦးခေါင်းများထဲ၌ ချိပ်ပိတ်ခြင်း ခံရသည်။ ထို့နောက် ထိုဦးခေါင်းများသည် လေထဲသို့ ပျံသန်းတက်လာကြ၏။
ထိုကုန်းမြေပေါ်ရှိ ကြီးမားလှသော ကျောင်းဆောင်မှာလည်း တုန်ခါလာကာ အက်ကြောင်းများ ထလာ၏။ ဘီးက လည်ပတ်နေသည်။ သိပ်မကြာခင်မှာ ထိုကျောင်းဆောင်သည် ပျက်စီးခြင်း ဆိုက်ရောက်လေ၏။
ထိုကုန်းမြေပေါ်ရှိ အဘိုးအို၏ ပါးစပ်ထောင့်မှ သွေးများစီးကျလာသည်။ သူ၏မျက်လုံးထဲတွင်လည်း အကြောက်တရားတို့ ပေါ်လာ၏။ သူသည် ရုန်းကန် အော်ဟစ်ကာ ခုန်တက်လိုက်၏။ ထို့နောက် သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေရာ အနက်ရောင်လေပြင်းများ သူ့ဘေးပတ်လည်တွင် ပေါ်လာပြီး ဧရာမပါးစပ်ကြီးတစ်ခုအသွင် ပြောင်းလဲသည်။ ထိုပါးစပ်ကြီးက သေခြင်းရှင်ခြင်းဘီးကို ဝါးမြိုပစ်လိုက်သည့်နှယ် ပျံသန်းထွက်လာသည်။
ဝမ်လင်းက ထိုသို့အပြုအမူကို ကိုယ့်ကိုယ်ကိုယ်အထင်ကြီးနေခြင်းဟု သတ်မှတ်လိုက်၏။
ထိုအဘိုးအိုက သူ့ကိုယ်သူ အထင်ကြီးကာ ဝမ်လင်း၏ သေခြင်းရှင်ခြင်းအစီအရင်ကို ဝါးမြိုဖို့ ကြိုးစားရဲသည်လား။ သူသည် ထိုသို့လုပ်နိုင်ရန် မထိုက်တန်ပေ။ ဝမ်လင်း၏မျက်လုံးထဲ၌ အေးစက်မှု ဖြတ်ပြေးကာ သူသည် အေးစက်စက်နှာခေါင်းရှုံ့လိုက်သည်။
ဘီး လည်ပတ်နေရင်း အဘိုးအိုကို လေပြင်းနက်များ ဝန်းရံထားပြီး ပါးစပ်က ပို၍ ကျယ်လာ၏။ ၎င်းပါးစပ်ကြီးသည် ပေတစ်သိန်းထိ ချဲ့ကားထွက်လာကာ သေခြင်းရှင်ခြင်းဘီးကို ဝါးမြိုနိုင်ရုံမျှ ဖြစ်လာ၏။
ထိုအဘိုးအိုအနေဖြင့် သူ ဒီလိုလုပ်ကို လုပ်ရပေမည်။ သူသည် မလွတ်မြောက်နိုင်တော့သည်ကို သိထား၏။ သူ သေရတော့မည်ဖြစ်ရာ အရာအားလုံးကို စွန့်စားလုပ်ဆောင်ရတော့မည် မဟုတ်လား။ သူ အောင်မြင်ခဲ့လျှင် ရှင်သန်နိုင်ရုံသာမက ကျော်ကြားမှုလည်း ရလာမည် ဖြစ်၏။
ထိုအဘိုးအိုကြောင့် ဖြစ်ပေါ်လာသော ဧရာမပါးစပ်ကြီးက သေခြင်းရှင်ခြင်းဘီးကို ဝါးမြိုလေ၏။ သို့သော် ထိုအခိုက်အတန့်၌ သည်ပါးစပ်အတွင်းထံမှ နာကျင်စွာအော်မြည်သံ လှိုက်ထွက်လာ၏။ အတွင်းဘက်မှ တုန်လှုပ်ဖွယ်အားတစ်ခု ပေါက်ကွဲထွက်လာသည်။ ထိုအား၌ သေခြင်းရှင်ခြင်း၊ ဖိနှိပ်ခြင်းအားတို့ ပါဝင်လေသည်။
ဧရာမပါးစပ်ကြီးသည် ဘန်းခနဲ မည်ကာ ပျက်စီးသွားကာ အစိတ်စိတ်အမွှာမွှာ လွင့်စင် ပြန့်ကြဲသည်။ အံ့ဖွယ်မြင်ကွင်းပင်။ ကောင်းကင်ကို ဖုံးလွှမ်းထားသော တိမ်စိုင်များ လွင့်ကြဲသွားသည်နှင့်ပင် တူနေသေး၏။ အနက်ရောင်လေပြင်းများ ပြိုပျက်ပြီး သေခြင်းရှင်ခြင်းဘီးသည် ထပ်မံ ပေါ်လာချေပြီ။
ချက်ခြင်းပင် ထိုဘီးထံမှ ပြင်းထန်သောအားတစ်ခု ထွက်ပေါ်လာကာ ထိုအဘိုးအို၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လေ၏။ သူသည် သွေးအန်လိုက်ရပြီး ကျောင်းဆောင်အပျက်အစီးပုံထဲ လွင့်စင်ကျရောက်သွားသည်။
ကျယ်လောင်စွာ မြည်ဟည်းသံတို့ ပဲ့တင်ထပ်ကာ ကုန်းမြေပေါ်၌ အက်ကြောင်းများ ပိုမို ပြည့်ဖုံးလာ၏။ အဘိုးအို ပြုတ်ကျသွားသော နေရာတွင် ပေတစ်သောင်းနက်သော တွင်းချိုင့်တစ်ခု ပေါ်လာသည်။
ထိုတွင်းချိုင့်ထဲ၌ အဘိုးအို၏ခန္ဓာကိုယ်မှာ ဒဏ်ရာဗရပွ ဖြစ်နေပြီ။ သူ့ဝတ်ရုံမှာလည်း သွေးများ စွန်းထင်းနေသည်။ သူသည် အလွန်အားနည်းသွား၏။ သူ၏မျက်လုံးထဲရှိ အကြောက်တရားမှာ အကန့်အသတ် ရောက်လာသည်။ သူသည် ရုန်းကန်ထဖို့ ကြိုးစားလေ၏။
သို့ပေမည့် ထိုအခိုက်တွင် ဝမ်လင်းသည် သူ၏အင်္ကျီလက်အိုးကို ဝေ့ယမ်းကာ အောက်ဘက်သို့ ညွှန်လိုက်သည်။ ကောင်းကင်ထက်ရှိ မလှုပ်မယှက် ရှိနေသော ဘီးက ကိုးလမခန့် နိမ့်ဆင်းသွား၏။ ထိုအခါ ဖိအားသည် လောကကိုပါ တစစီ ဖြစ်စေနိုင်လောက်၏။
ယင်းဘီး နိမ့်ဆင်းလာသည့်အခါ ရုန်းကန်ထလိုက်သော အဘိုးအိုသည် သွေးထပ်အန်ရ၏။ သူသည် တိုးမြင့်လာသောဖိအား၏ ဖိနှိပ်ခြင်းကို ခံထားရပြီး လွတ်မြောက်ဖို့ငှာ ရုန်းကန်နိုင်စွမ်း မဲ့ရသည်။ သူသည် မြေပြင်ထုထဲ ထပ်မံ လွင့်စင်ကျရောက်ပြန်သည်။
ကုန်းမြေသည် ဆက်လက် ပျက်စီးလာနေ၏။
ကုန်းမြေပေါ်ရှိ ကျန်သည့် ပြင်ပနယ်မြေကျင့်ကြံသူများစွာမှလည်း သေဆုံးရသည်။ ပိုအစွမ်းထက်သော သူများသည် ကုန်းမြေထက်၌ ထိုင်၍ ဖိအားကို ခုခံနိုင်နိုင်၏။ သူတို့၏မျက်နှာများမှာလည်း သေလောက်အောင် ဖြူရောနေပြီး မျက်လုံးများထဲတွင် မျှော်လင့်ချက် မဲ့နေကြလေပြီ။
“တိမ်ပင်လယ်ရဲ့ သတ်ဖြတ်မှုတွေ အပြီးသပ်သွားပြီ…” ဝမ်လင်းသည် မျက်လုံးမှိတ်ကာ သူ့ညာလက်ကို ဝေ့ယမ်းလိုက်လေ၏။
သေခြင်းရှင်ခြင်းဘီးသည် ကုန်းမြေထံသို့ ပို၍ ကျဆင်းလာပြန်၏။ ထိုအခိုက်တွင် တွင်းချိုင့်ထဲရှိ အဘိုးအိုသည် သူ့ဘဝအဆုံးသပ်ချိန် နောက်ဆုံးအကြိမ်အဖြစ် နာကျင်စွာ အော်ဟစ်လိုက်ရသည်။
သူ၏ခန္ဓာကိုယ်သည် ပေါက်ကွဲကာ မူလစိတ်ဝိညာဉ်နှင့်စိတ်ဝိညာဉ်တို့သည် သူ့ဦးခေါင်းထဲ၌ ချိပ်ပိတ်ခံလိုက်ရသည်။ ခန္ဓာကိုယ် ပေါက်ကွဲသွားပြီးနောက် သူ၏ဦးခေါင်းသည် လေထဲသို့ ပျံသန်းတက်လာ၏။
ထိုအဘိုးအို သေဆုံးသွားချိန်၌ ကျန်သည် ပြင်ပနယ်မြေမှ ကျင့်ကြံသူအားလုံးမှာလည်း ပေါက်ကွဲ သေဆုံးကုန်သည်။
အားလုံး အသတ်ခံရကာ ကုန်းမြေမှာလည်း လုံးဝ ပျက်စီးသွားလေသည်။
ချိပ်ပိတ်နယ်မြေအစီအရင်၏ အပေါက်ဝထဲ ဝင်ရောက်နေသော ကုန်းမြေ၏ တခြားတစ်ဝက်သည်ပင် မလွတ်မြောက်နိုင်ပေ။ ၎င်းကုန်းမြေအပိုင်းသည်ပါ အမှုန့်အမွှားအဖြစ်သို့ ပြောင်း၍ ကြယ်များကြား ပျောက်ကွယ်သွားရသည်။
ဝမ်လင်း မျက်လုံးပြန်ဖွင့်လာချိန်၌ တတိယအဆင့်ကျင့်ကြံသူ အဘိုးအို၏ဦးခေါင်း အပါအဝင် ဦးခေါင်းထောင်ချီသည် သူ့ထံ ပျံသန်းလာကြ၏။ ယင်းတို့သည် သူ၏နောက်ရှိ ဦးခေါင်းထောင်းသောင်းချီ၏ အစိတ်အပိုင်း ဖြစ်လာရသည်။
သူသည် တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းသို့ နောက်ဆုံးအနေဖြင့် တစ်ချက်ကြည့်လိုက်ပြီးနောက် သူ သွားရောက်ရမည့် နောက်ဆုံးနေရာထံ ခြေလှမ်းလိုက်သည်။
ထိုနေရာသည် အလုံးစုံကောင်းကင် ဖြစ်၏။ ထိုနေရာတွင် ဝမ်လင်း သိသောလူများစွာ ရှိနေသည်။ ထိုနေရာသည် နောက်ဆုံးတိုက်ပွဲဖြစ်နေသည့်နေရာလည်း ဟုတ်သည်။
ဝမ်လင်းသည် အလုံးစုံကောင်းကင်ထံသို့ ခြေလှမ်းလာစဉ် ကြယ်များကြား၌ ဦးခေါင်းထောင်သောင်းချိ၏ အော်ဟစ်သံများ ပဲ့တင်ထပ်သည်။ သူ၏အောက်ဘက်တွင် မလှုပ်မယှက်သေခြင်းရှင်ခြင်းဘီးက လိုက်ပါလာသည်။
“ကံမ္မအစီအရင်…ဖြစ်ပေါ်စေ…” ဝမ်လင်း၏အသံ ခပ်ဖျော့ဖျော့ ပဲ့တင်ထပ်လာသည်။ ကျင့်ကြံသူထောင်သောင်းချီ၏ ဦးခေါင်းများသည် သူ့အထက်သို့ ပျံသန်းလာကာ လည့်ပတ်၍ နောက်ထပ် ဝဲကတော့တစ်ခု ဖြစ်လာသည်။
ဝမ်လင်းက သူ့ညာလက်ကို ပင့်မြှောက်၍ လက်ဖြန့်ကားလိုက်သည်။ ထို့နောက် အောက်ဘက်သို့ ဖိချလိုက်ရာ ဝဲကတော့သည် မြန်ဆန်စွာ လှည့်ပတ်သည်။ ဦးခေါင်းထောင်သောင်းချီသည် အတူတူ ပေါင်းစပ်သွားသည့်အလား ထင်ရလေ၏။
ဝမ်လင်းက သူ့ညာလက်ကို ဖြည်းဖြည်းချင်း လက်သီးပြန်ဆုပ်သည်။ ထိုအခါ လောကသည် တုန်ဟည်း၍ ဝဲကတော့သည် လည်ပတ်နေရာကနေ ရုတ်တရက် ရပ်တန့်သွားသည်။ ၎င်းသည် ကံမ္မဘီးအဖြစ်သို့ ပြောင်းလဲကာ ဝမ်လင်း၏အထက်တွင် လွင့်မြေလေ၏။
ဝမ်လင်း၏အထက်အောက်တွင် ဘီးတစ်ခုစီ ရှိနေကြသည်။ သူသည် သေခြင်းရှင်ခြင်းနှင့် ကံမ္မတို့ကို ထိန်းချုပ်မည့် ကောင်းကင်ဘုံနတ်ဘုရားတစ်ပါးအလား။ သူ၏အဖြူရောင်ဆံပင်များက လွင့်ဝဲနေလျက် အေးစက်စက်သတ်ဖြတ်ခြင်းဆန္ဒကို ပေးစွမ်းသည်။
“အလုံးစုံကောင်းကင်…” ဝမ်လင်း၏ပုံရိပ်က ရှေ့သို့ ဖျတ်ခနဲ ရောက်သွား၏။ သူသည် အထက်အောက်ရီဘီးနှစ်ခုနှင့်အတူ ပျောက်ကွယ်သွားလေသည်။ ထို့နောက် သူသည် အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းတွင် ပြန်ပေါ်လာသည်။
အလုံးစုံကောင်းကင်၌ ပြင်ပနယ်မြေကျင့်ကြံသူ ထောင်သောင်းချီသည် ဂြိုဟ်ပေါင်း(၉၉၉)ခု အစီအရင်ကို ဝန်းရံထားကြ၏။ ထိုဂြိုဟ်ပေါ်များပေါ်ရှိ ရှိနေသည့် အတွင်းနယ်မြေကျင့်ကြံသူများသည် သနားစရာကောင်းသည့်အနေအထား ဖြစ်နေကြသည်။ သူတို့အားလုံးသည် အတွင်းနယ်မြေသည် ဤစစ်ပွဲတွင် ရှုံးနိမ့်သွားပြီကို သိလေသည်။
ထိုကျင့်ကြံခြင်းဂြိုဟ် (၉၉၉)လုံးသည် အတွင်းနယ်မြေတစ်ခုလုံး၏ ကြယ်အဖွဲ့အစည်းလေးခုထံမှ ယူဆောင်ထားခဲ့ခြင်း ဖြစ်ကာ အတွင်းနယ်မြေ၏ အုတ်မြစ်လည်း ဟုတ်သည်။ သို့ပေမည့် ယင်းတို့သည် ပြင်ပနယ်မြေမှ လူများ၏ အစွမ်းထက်မန္တာန်များ တရစပ်ထိုးနှက်လာသည့်အပေါ် မခုခံနိုင်တော့မည့် အရိပ်အယောင် ပြသလာသည်။ ယင်းဂြိုဟ်များသည် အချိန်မရွေး ဖျက်စီးခံရတော့မည့်အလား။
ဟင်းလင်းပြင်သည်ပင် တုန်ခါမြည်ဟည်းနေ၏။ ကျင့်ကြံခြင်းဂြိုဟ်များထဲမှ တစ်လုံးသည် ဆက်တိုက်ထိုးနှက်တိုက်ခိုက်မှုကို ဆက်၍ တောင့်မခံနိုင်တော့ဘဲ နောက်ဆုံးတွင် ပျက်စီးသွား၏။ မုန်တိုင်းတစ်ခု ထိုဧရိယာကို ရိုက်ခတ်သွားသည်။
ထိုဂြိုဟ်၏ မြေကြီးထုသည် တစစီဖြစ်၏။ ပင်လယ်ပြင်မှာ အငွေ့ပျံသွားသည်။ ထိုဂြိုဟ်တစ်ခုလုံးသည် တစစီဖြစ်ကာ ဂြိုဟ်၏စိတ်ဝိညာဉ်မှာ ဖျက်စီးခံရသည်။
ထိုဂြိုဟ် ပျက်စီးသွားစဉ် ပြင်ပနယ်မြေမှ ကျင့်ကြံသူများသည် မာန်သွင်းအော်ဟစ်လိုက်ကြ၏။ ပြင်ပနယ်မြေမှ ကျင့်ကြံသူရာထောင်ချီ တရကြမ်း ဝင်ရောက်လာသည်။ သူတို့သည် ရတနာအမျိုးမျိုးကို ထုတ်၍ ထိုဂြိုဟ်အစီအရင်အပေါ် နောက်ထပ် အရူးအမူး တိုက်ခိုက်မှုကို စတင်သည်။
ထိုသို့သော အဖြစ်အပျက်များသည် လွန်ခဲ့သောလအနည်းငယ်အတွင်း နေရာအစုံ၌ ဖြစ်ပွားနေ၏။ ၎င်းအဖြစ်သနစ်များသည် ဒီအစီအရင်တစ်ခုလုံးကို လုံးဝ ပျက်စီးစေဖို့ မလုံလောက်သော်လည်း သူတို့သည် ဂြိုဟ်များစွာကို ဖျက်စီးနိုင်ခဲ့ကြသည်ပင်။
ယနေ့တွင် သည်နေရာ၌ ကျင့်ကြံခြင်းဂြိုဟ်(၉၉၉)လုံး မရှိတော့ပေ။ သုံးရာပင် မပြည့်လေတော့ပေ။
ဆန်းကြယ်လေဟာနယ်အဆင့်အောက်ရှိ တတိယအဆင့်ကျင့်ကြံသူအားလုံးမှာ တိုက်ခိုက်နေကြ၏။ ဆန်းကြယ်လေဟာနယ်အဆင့် ကျင့်ကြံသူအားလုံးကတော့ အေးစက်စက်ဖြင့် စောင့်ကြည့်နေသည်။ သူတို့တည်ရှိမှု၏ ရည်ရွယ်ချက်မှာ အတွင်းနယ်မြေရှိ ကျင့်ကြံသူများ ဒီဂြိုဟ်အစီအရင်ကို နှစ်ဦးနှစ်ဖက်လုံး ထိခိုက်စေမည့် နည်းလမ်းဖြင့် ဖျက်စီးပစ်ခြင်းကနေ တားဆီးရန်အတွက်ပင်။
သည်နေရာ၌ ပြင်ပနယ်မြေရှိ ဆန်းကြယ်လေဟာနယ်အဆင့် ကျင့်ကြံသူ ငါးယောက် ရှိနေ၏။ သုံးယောက်မှာ ကောင်းကင်ဘုံကိုယ်လုပ်တော်များ ဖြစ်သည်။ ထိုသုံးယောက်ထဲမှ နှစ်ယောက်သည် ဝမ်လင်းကို ချောင်ပိတ်သတ်ဖြတ်ခဲ့ရာ၌ ပါဝင်ခဲ့ကြသူများပင်။ တခြားတစ်ယောက်ကမူ ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး တော်ဝင်အမျိုးသမီးတစ်ယောက်အသွင် ရှိသည်။
ထို့အပြင် ဝမ်လင်း သိသော ဆန်းကြယ်လေဟာနယ်အဆင့် ကျင့်ကြံသူနှစ်ယောက်လည်း ရှိ၏။ သူတို့သည် ဝမ်လင်းကို သေလုနီးနီး ဖြစ်အောင် တိုက်ခိုက်ခဲ့ကြသော ဝတ်ရုံနက်အဘိုးအိုနှင့် အဘွားအိုတို့ ဖြစ်ကြသည်။
အုပ်စိုးသူ၊ သေဆုံးသွားပြီ ဖြစ်သော သက်လတ်ပိုင်းလူ၊ အရှင်လေဟာနယ်နတ်ဘုရားတို့ကလွဲ၍ သူ့အား သတ်ဖြတ်ရန် ကြံစည်ခဲ့သော လူတိုင်းသည် ဒီနေရာတွင် ရှိနေကြသည်။
ထိုဆန်းကြယ်လေဟာနယ်အဆင့် ကျင့်ကြံသူများ ဒီနေရာတွင် ရှိနေခြင်းကြောင့် အတွင်းနယ်မြေမှ ကျင့်ကြံသူများသည် ဂြိုဟ်အစီအရင်ကို နှစ်ဖက်သွားဓားအဖြစ် ဖျက်စီးပစ်ဖို့ မလုပ်နိုင် ဖြစ်နေရသည်။ သူတို့သည် ဂြိုဟ်များတစ်ခုပြီးတစ်ခု ဖျက်စီးခံနေရခြင်းကို ကြည့်နေရုံသာ တတ်နိုင်တော့သည်။
ဆန်းကြယ်လေဟာနယ်အဆင့် ကျင့်ကြံသူများအပြင် ဒီနေရာ၌ တတိယအဆင့်ကျင့်ကြံသူ ခုနစ်ယောက်လည်း ရှိ၏။ သူတို့သည် နိဗ္ဗာနလေဟာနယ်အဆင့်ကနေ စိတ်ဝိညာဉ်လေဟာနယ်အဆင့်ထိ ရှိကြ၏။ ထိုခုနစ်ယောက်သည် ပြင်ပနယ်မြေကျင့်ကြံသူများကို ဦးဆောင်ကာ အဘက်ဘက်ကနေ တိုက်ခိုက်နေကြသည်။
အလုံးစုံကောင်းကင်တခွင်၌ ကျယ်လောင်စွာ တုန်ဟည်းသံတို့ ပဲ့တင်ထပ်ကာ လူတိုင်း၏စိတ်ကို လှုပ်ခါစေသည်။
ထိုခုနစ်ယောက်အပြင် ပြင်ပနယ်မြေရှိ ကျင့်ကြံသူများကြား၌ နောက်ထပ်အမျိုးသမီးတစ်ယောက်လည်း ရှိ၏။ ထိုအမျိုးသမီးသည် အလွန်လှသည်။ သူမက အစီအရင်ကို အေးစက်စက် ကြည့်နေ၏။ သို့သော် သူမ၏မျက်လုံးထဲ၌ စိုးရိမ်ပူပန်နေသည့် အရိပ်အယောင် ရှိနေသည်။
သူမသည် သူမ၏ကိုယ်ပွားကို ဆုံးရှုံးသွားခဲ့သော မြင့်မြတ်သောဆရာသခင်ယွင်လော၏ မူလခန္ဓာကိုယ် ဖြစ်ပေ၏။
***