ချင်းရွှေရဲ့သမီး
Vol. 124 Ch. 1706
“သူ လွယ်လယ်နဲ့ သေမှာ မဟုတ်ဘူး။ ငါ ခန့်မှန်းမိခဲ့တဲ့ အနာဂတ်ဟာ အမှန်ပဲလား။ ဒါမှမဟုတ် မှားပဲမှားနေမလား…” ယွင်လော၏ စိတ်နှလုံးထဲရှိ ပူပန်မှုသည် အချိန်ကုန်လာသည်နှင့်အမျှ ပိုအားကောင်းလာသည်။
သူမသည် အတိတ်တုန်းက ထိုမြင်ကွင်းပုံရိပ်များကို လုံးဝ မမေ့ပစ်နိုင်ချေ။ သူမ၏ကျင့်ကြံမှုအဆင့်ဖြင့် သူမသည် အတိတ်တုန်းက ရှေးဟောင်းကြယ်အဖွဲ့အစည်းကို ဖျက်စီးပစ်သည့် ပုံရိပ်ကို ရှင်းလင်းစွာ တွေ့မြင်ခဲ့ရသည်။
ဤအခိုက်အတန့်၌ သူမသည် စိတ်ထဲရှိ ပူပန်မှုကို ဖိနှိပ်ထားရ၏။ သူမသည် ကျောက်စိမ်းအလား သူမ၏လက်ကို ပင့်မြှောက်လိုက်၏။ ဘေးပတ်ပတ်လည်ရှိ ကျင့်ကြံသူအားလုံးသည် ရှေ့သို့ တရကြမ်း ဝင်ရောက်လာသည်။
ပြင်ပနယ်မြေမှ ကျင့်ကြံသူများသည် ဂြိုဟ်အစီအရင်ထံသို့ အရပ်ရှစ်မျက်နှာကနေ တိုးဝင် တိုက်ခိုက်လာကြ၏။
ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်သည်။ သိပ်မကြာခင်တွင် ကြောက်မက်ဖွယ်လှိုင်းတစ်ခု ပျံ့လွင့်လာ၏။ စောင့်ကြည့်နေသော ဆန်းကြယ်လေဟာနယ်အဆင့် ကျင့်ကြံသူများသည် သူတို့၏လက်များကို ဝေ့ယမ်းလိုက်ရာ ထိုတုန်ခါလှိုင်းသည် လွင့်ပြယ်၍ ပြင်ပနယ်မြေမှ ကျင့်ကြံသူများကို တိုက်ခိုက်နိုင်စွမ်း ကင်းမဲ့သွားသည်။
မူပင်းမေသည် ဂြိုဟ်တစ်ခုပေါ်တွင် မားမားရပ်နေ၏။ သူမ၏ဘေးပတ်လည်တွင် နတ်ဘုရားကလန်ဝင်များ ဝန်းရံလျက်ရှိသည်။ နတ်ဘုရားကလန်၏ ခေါင်းဆောင်အဖြစ် မူပင်းမေသည် သူမ၏ အတုမရှိစွဲဆောင်မှုနှင့် ဝမ်လင်း၏ စကားများကို သုံး၍ နတ်ဘုရားကလန်ကို စုစုစည်းစည်း ဖြစ်စေခဲ့သည်။ ထိုစဉ်ကစ၍ နတ်ဘုရားကလန်သည် အမြဲတမ်း သူမ၏စကားကို နာခံကာ တိမ်ပင်လယ်၊ ဆင့်ခေါ်ခြင်းမြစ်၊ တောက်ပသောလေဟာနယ်နှင့် သည်နောက်ဆုံး တိုက်ပွဲများတွင် ရွတ်ရွတ်ချွံချွံ တိုက်ခိုက်ခဲ့ကြသည်။
သူတို့သည် သေဆုံးခဲ့ရ၏။ ဒဏ်ရာများ ရခဲ့ကြ၏။ သူမကိုယ်တိုင်လည်း နှစ်ကြိမ်တိုင်တိုင် သေလုနီးနီး ဖြစ်ခဲ့ရသည်။ သို့သော် နတ်ဆိုးကလန်မှ လူထောင်ချီမျှ ကျန်နေသေးပေသည်။
“ကလန်ခေါင်းဆောင်…ကျေးဇူးပြုပြီး ဗဟိုချက်ပလ္လင်ရှိသွားပါ။ ငါတို့ ဒီနေရာကို စောင့်ကြပ်နိုင်ပါတယ်…” မူပင်းမေ၏ ဘေးမှ ဆံဖြူအဘိုးအိုတစ်ယောက်သည် သူမကို ဝမ်းနည်းဟန်ဖြင့် ကြည့်ကာ လက်နှစ်ဖက်ဆုပ်၍ ပြောလိုက်သည်။
သူ ထိုသို့ ပြောလိုက်စဉ် ဘေးပတ်ပတ်လည်မှ နတ်ဘုရားကလန်ကျင့်ကြံသူအားလုံးကလည်း မူပင်းမေကို ကြည့်ကြ၏။ သူတိုသည် လက်နှစ်ဖက်ဆုပ်ကာ သည်စကားကို တူညီစွာ ထပ်ပြောသည်။
“ကလန်ခေါင်းဆောင်…ကျေးဇူးပြုပြီး ပလ္လင်ရှိ သွားပါ။ ငါတို့ ဒီနေရာကို စောင့်ကြပ်နိုင်ပါတယ်…”
မူပင်းမေ၏မျက်ဝန်းတို့မှာ တည်ငြိမ်လျက်ပင်။ သူမသည် သူမ၏နောက်သို့ လိုက်၍ မရေမတွက်နိုင်သော တိုက်ပွဲများကို ဖြတ်သန်းခဲ့သော နတ်ဘုရားကလန်ဝင်များကို မကြည့်ပေ။ သူမသည် အစီအရင်ကို တရစပ်ထိုးနှက် တိုက်ခိုက်နေသော ကောင်းကင်ထက်ရှိ ပြင်ပနယ်မြေမှ ကျင့်ကြံသူထောင်သောင်းချီထံ မော့ကြည့်လိုက်သည်။
သူမနှင့် ပြင်ပနယ်မြေမှ ကျင့်ကြံသူများကြား၌ ဂြိုဟ်အစီအရင်မှ အလင်းအကာအရံ ရှိနေ၏။ ထိုအကာအရံကို ပြင်ပနယ်မြေမှ ကျင့်ကြံသူများသည် ဝုန်းဒိုင်းကြဲတိုက်ခိုက်နေကြသည်။ ထိုအလင်းအကာ ပျက်စီးသွားသည်နှင့် ဒီကျင့်ကြံခြင်းဂြိုဟ်မှာ အမြစ်ဖြုတ်ခံရမည်ပင်။
ထိုပြင်ပနယ်မြေမှ ကျင့်ကြံသူများကြား၌ အစိမ်းရောင်ဝတ်ရုံဖြင့် လူငယ်တစ်ယောက် ရှိနေ၏။ သူသည် အလွန်ချောမောသည်။ သို့သော် သူ့ထံမှ မကောင်းဆိုးဝါးဆန်သောအော်ရာကို ပေးစွမ်းသည်။ သူသည် မန္တာန်ဖြင့် လှပသောအမျိုးသမီး တစ္ဆေပုံရိပ် မြောက်များစွာကို ဖန်တီးထား၏။ သူတို့သည် နာကျင်စူးရှစွာ အော်ဟစ်ကာ အလင်းအကာအရံကို တိုက်ခိုက်နေသည်။
ထိုလူငယ်၏အကြည့်က အလင်းအကာကို ထွင်းဖောက်ကာ မူပင်းမေထံ ကျရောက်သွား၏။ သူက ပြုံးလိုက်သည်။
“အလှလေး…စိတ်မပူပါနဲ့။ ဒီအလင်းအကာအရံက မကြာခင် ပျက်စီးတော့မှာ။ နင်ဟာ သေသွားတဲ့ ချိပ်ပိတ်နယ်မြေအရှင်ရဲ့ အမျိုးသမီးလို့ ငါ ကြားခဲ့ရတယ်။ ငါဟာ တစ်စုံတစ်ယောက်ရဲ့ အမျိုးသမီးနဲ့ ကျင့်ကြံဖို့ အမြဲတမ်း စိတ်ဝင်စားနေခဲ့တာ…”
အလင်းအကာအရံ၏ အပြင်ဘက်ကနေ ၎င်းအသံ ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။
ထိုလူငယ်သည် ဆန်းကြယ်လေဟာနယ်အဆင့် ကျင့်ကြံသူများအောက်ရှိ တတိယအဆင့်ကျင့်ကြံသူခုနစ်ယောက်ထဲတွင် တစ်ယောက်အပါအဝင် ဖြစ်၏။
သူက ညာလက်ကို ပင့်မြှောက်ကာ ဂြိုဟ်အတွင်းရှိ မူပင်းမေထံ လက်ညွှန်ကာ ပြုံး၍ ဆိုသည်။
“နင်ဟာ ငါ့အပိုင်ပဲ…”
မူပင်းမေ၏မျက်လုံးတို့မှာ အေးစက်လာသည်။ ထိုလူငယ်၏နာမည်မှာ တောက်ဖေရှန်ပင် ဖြစ်၏။ တောက်ဖေကလန်ရှိ၏ ခေါင်းဆောင်ဖြစ်သလို စုံတွဲကျင့်ကြံခြင်း၌ ထူးချွန်သူ တစ်ယေက် ဖြစ်သည်။ သူ၏စိတ်ထားမှာ ရက်စက်တတ်၏။ နတ်ဘုရားကလန်၏ တပည့်များစွာသည် သူ့ကြောင့် သေဆုံးခဲ့ရပြီး ဖြစ်သည်။
ထိုတောက်ဖေရှန်သည် အမျိုးသမီးများကိုသာမက ရုပ်ချောသော အမျိုးသားများကိုပါ သဘောကျတတ်သူ ဖြစ်သည်။ မူပင်းမေသည် သေရေးရှင်ရေး နှစ်ကြိမ် ကြုံခဲ့ရသည်။ တစ်ကြိမ်မှာ ထိုလူ၏ အမဲလိုက်ခံရခြင်းကြောင့်ပင်။ ချင်းရွှေသာ ကူညီဖို့ လှုပ်ရှားခဲ့သည်ကြောင့်သာ မဟုတ်ပါက သူမအဖို့ အရှက်ရခြင်းကနေ လွတ်မြောက်ဖို့ ခက်ခဲခဲ့ပေလိမ့်မည်။
“ကလန်ခေါင်းဆောင်…ကလန်ခေါင်းဆောင် ဗဟိုချက်ပလ္လင်ရှိ သွားဖို့ ငါ တောင်းဆိုချင်ပါတယ်။ ဒီအဘိုးအိုက ချိပ်ပိတ်နယ်မြေအရှင် သေတာကို မယုံဘူး။ သင် တစ်ခုခု ဖြစ်သွားလို့ ချိပ်ပိတ်နယ်မြေအရှင် ပြန်ရောက်လာခဲ့ရင်…ငါတို့…”
မူပင်းမေ၏ ဘေးရှိ ဆံဖြူအဘိုးအို၏အသံသည် စိတ်ပူပန်မှုတို့ ပြည့်နေ၏။
“ငါဟာ နတ်ဘုရားကလန်ရဲ့ ခေါင်းဆောင်လေ…” မူပင်းမေသည် ခပ်တိုးတိုး ဆိုသည်။ သူမ၏စကားထဲ၌ ပြတ်သားမှုတို့ ပြည့်နှက်သည်။
နောက်ထပ်နေရာတစ်ခု၌ ပန်းရောင်ဝတ်စုံနှင့် အမျိုးသမီးတစ်ယောက်က ဂြိုဟ်တစ်ခုပေါ်တွင် ရပ်နေ၏။ သူမ၏နောက်တွင် တောက်ပသောလေဟာနယ်၏ ကျင့်ကြံခြင်းမဟာပိတ်မှ ကျင့်ကြံသူများ ရှိနေသည်။ မဟာမိတ်အဖွဲ့အစည်းသည် လွန်ခဲ့သောနှစ်များတည်းက ပျက်စီးသွားခဲ့ပြီ ဖြစ်သော်လည်း ကျင့်ကြံသူများ ကျန်နေသေး၏။ သို့ပေမည့် တိုက်ပွဲ ဆက်လက် ဖြစ်နေရာ ကျန်သည့်ကျင့်ကြံသူများမှာ သုံးထောင်ပင် မပြည့်တော့ပေ။
ထိုကျင့်ကြံသူ သုံးထောင်နီးပါးသည် တောက်ပသောလေဟာနယ်မှ လာခဲ့ခြင်း ဖြစ်၏။ သူတို့သည် ပင်ပန်းနေပြီ ဖြစ်သော်လည်း နေရာတွင် ရပ်နေကြဆဲပင်။ သူတို့က ပန်းရောင်ဝတ်စုံဖြင့် အမျိုးသမီးနောက်တွင် ရပ်ကာ သေဖို့ အသင့်ဖြစ်နေကြသည်။
သူတို့၏အထက်၌ ဂြိုဟ်အစီအရင်မှ အလင်းအကာ၏ အပြင်ဘက်တွင် ပြင်ပနယ်မြေမှ ကျင့်ကြံသူထောင်သောင်းချီသည် ဆက်တိုက် တိုက်ခိုက်နေသည်။ ထိုအုပ်စုကြား၌ သက်လတ်ပိုင်းလူတစ်ယောက် ရှိကာ သူသည် လေနှင့်မိုးကြိုးတို့ဖြင့် တိုက်ခိုက်နေသည်။ အတောမသပ်လေနှင့်မိုးကြိုးတို့သည် ဂြိုဟ်အစီအရင်ပေါ်သို့ အဆက်မပြတ် ကျဆင်းနေသည်။
သူ၏ တစ်ကိုယ်တည်း တိုက်ခိုက်မှုများက ကျင့်ကြံသူထောင်သောင်းချီ၏ တိုက်ခိုက်မှုနှင့် ညီမျှသည်။
ထိုလူသည် တတိယအဆင့်ကျင့်ကြံသူ ခုနစ်ယောက်ထဲမှ တစ်ယောက် ဖြစ်၏။ သူ၏ ခန္ဓာကိုယ်မှာ တောင်ကြီးတစ်တောင်အလား ကြီးမားလှသည်။ သူသည် ကျင့်ကြံသူထောင်သောင်းချီနှင့်အတူ မာန်သွင်း၍ တိုက်ခိုက်လေ၏။ ထိုတိုက်ခိုက်မှုများကြောင့် အလင်းအကာသည် ပုံပျက်ယွင်းကာ မတည်မငြိမ် ဖြစ်လာသည်။
“အရာအားလုံး အဆုံးသပ်တော့မယ်…။ ဒါလည်း ကောင်းတာပါပဲလေ…” ပန်းရောင်ဝတ်စုံနှင့် အမျိုးသမီးက သူမ၏မောပန်းမှုကို ကွယ်ဝှက်ထား၏။ သူမ၏ခန္ဓာကိုယ်သည် အတော့်ကို အားနည်းနေလေပြီ။ သူမသည် ကောင်းကင်ထက်မှ သူမ၏အကြည့်ကို ပြန်ရုတ်ကာ တောက်ပသောလေဟာနယ်မှ သူမ၏ရောင်းရင်းကျင့်ကြံသူများကို ကြည့်လိုက်သည်။
သူမသည် တစ်စုံတစ်ခုကို ပြောချင်နေ၏။ သို့သော် သူမ၏စကားများသည် အဝေးမှ တုန်ဟည်းမြည်သံကြောင့် နှောက်ယှက်ခံလိုက်ရသည်။
အကွာအဝေးတစ်ခုမှ ဂြိုဟ်တစ်လုံး ပျက်စီးသွားသည်။ ထိုဂြိုဟ်ပေါ်ရှိ အတွင်းနယ်မြေမှ ကျင့်ကြံသူထောင်ချီသည် အပြာရောင်ဝတ်ရုံဖြင့် အဘိုးအိုတစ်ယောက်၏ လက်ဝေ့ယမ်းမှုကြောင့် သေဆုံးကုန်သည်။ နောက်ထပ်ဂြိုဟ်တစ်လုံး ဖျက်စီးခံလိုက်ရလေပြီ။
သည်အစီအရင်သည် မူလတုန်းက ဂြိုဟ်ပေါင်း(၉၉၉)ခုနှင့် ဖွဲ့စည်းထားခြင်း ဖြစ်၏။ ဂြိုဟ်တစ်ခုစီကနေ အလင်းအကာဖြစ်ပေါ်ကာ အလင်းလွှာ(၉၉၉)ခုသည် အတူတူ စုဝေး၍ အားကောင်းသောတန်ပြန်ကန်အားတစ်ခုကို ဖြစ်ပေါ်ခြင်းပင်။
သို့ပေမည့် ဂြိုဟ်များ ဖျက်စီးခံရ၊ အလင်းအကာများ တစစီ ဖြစ်ကုန်နေရင်း ဒီဂြိုဟ်အစီအရင်၏စွမ်းအားမှာ မြန်ဆန်စွာ လျော့ကျလာသည်။
ပန်းရောင်ဝတ်စုံဖြင့် အမျိုးသမီးက ခေါင်းလှည့်ကာ ခပ်တိုးတိုး ပြော၏။ “အတွင်းနယ်မြေ ကျင့်ကြံသူတစ်ယောက်အဖြစ် မွေးဖွားခဲ့ပြီး အတွင်းနယ်မြေမှာပဲ စိတ်ဝိညာဉ်တစ်ခုအဖြစ် သေဆုံးမယ်…။ ငါ့စိတ်ထဲမှာ အနည်းငယ်အလိုမကျတာတစ်ခုပဲ ရှိတယ်။ ငါ ဘယ်သူလဲဆိုတာ သူ့ကို မပြောရသေးဘူး…”
ပြင်ပနယ်မြေမှ ကျင့်ကြံသူထောင်သောင်းချီသည် ဂြိုဟ်အစီအရင်၏ အနောက်ဘက်ပိုင်းကို တရကြမ်း ထိုးနှက်နေ၏။ အလင်းအကာသည် ပျက်စီးတော့မည့် ဖြစ်၏။ ထိုဂြိုဟ်ပေါ်တွင် ရှီဇီဟောင်၊ အလုံးစုံကောင်းကင်မှ ကျင့်ကြံသူများ၊ ကျန်းကုန်းလီ၊ ရှန်ကုန်းဟူတို့လည်း ရှိနေကြသည်။
အရှင်မီးတောက်လည်း သူတို့ကြား၌ ရှိနေသည်။
သူတို့အားလုံးသည် အလုံးစုံကောင်းကင်မှ ကျင့်ကြံသူများ ဖြစ်ကြ၏။ သူတို့သည် ကျင့်ကြံသူထောင်သောင်းချီကို ရင်ဆိုင်ရသည့်အခါ အကူအညီမဲ့သလို ခံစားမိနေသည်။ အလင်းအကာ တဖြည်းဖြည်း ချိုးဖျက်ခံရသည်ကို ကြည့်နေရ၏။ သူတို့သည် အလင်းအကာ ပျက်စီးသွားသည်နှင့် သူတို့၏ နောက်ဆုံးလက်ကျန်စွမ်းအားများကို အသက်နှင့်ရင်း၍ ပေါက်ကွဲစေဖို့ စောင့်ဆိုင်းနေကြ၏။
“အလင်းအကာ ပျက်စီးသွားတာနဲ့ ငါတို့ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲလိုက်ကြမယ်။ မင်းတို့အားလုံး အဆင်သင့် ဖြစ်ကြပြီလား…” အရှင်မီးတောက်က ထိုသို့ ဆိုလိုက်၏။
သူတို့သည် ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲရန် ရွေးချယ်မည့် ပထမဆုံးအုပ်စု မဟုတ်ပေ။ သည်နေရာရှိ ကျင့်ကြံခြင်းဂြိုဟ်များပေါ်မှ အားလုံးနီးပါးသည် အလင်းအကာ ချိုးဖျက်ခံရသည့်အခါ ကိုယ့်ကိုယ်ကိုယ်ဖောက်ခွဲ ပစ်ခဲ့ကြ၏။
အကွာအဝေးတစ်ခုထံမှ ကျယ်လောင်စွာ မြည်ဟည်းသံ ပဲ့တင်ထပ်၏။ အလင်းအကာဖျက်စီးခံရပြီးနောက် နောက်ထပ်ဂြိုဟ်တစ်လုံး ပျက်စီးသွားပြန်ပြီ။
ထိုဂြိုဟ်ထံမှ စူးရှရှ ရယ်သံ ထွက်ပေါ်လာကာ အလင်းတန်းအဖြစ် ပြင်ပနယ်မြေကျင့်ကြံသူများထံ ဦးတည် ပျံသန်းလာသည်။ ထိုအစိမ်းရောင်အလင်းတန်း ပေါ်လာသည်နှင့် ပြင်ပနယ်မြေရှိ ဆန်းကြယ်လေဟာနယ်အဆင့် ကျင့်ကြံသူများထံမှ ရယ်မောသံ ထွက်ပေါ်လာသည်။ ဝမ်လင်းကို တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သော အဘိုးအိုက ထိုအစိမ်းရောင်အလင်းတန်းနှင့် ထိပ်တိုက်တွေ့လိုက်သည်။
ကျယ်လောင်စွာ ပေါက်ကွဲသံနှင့်အတူ အစိမ်းရောင်အလင်းသည် အနည်းငယ်လွင့်ပါးကာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရ၏။ တဖက်တွင်လည်း ထိုအဘိုးအိုသည် ပေတစ်ထောင်ထိ နောက်ဆုတ်ရသည်။ သူ၏မျက်လုံးသည် တောက်ပသွား၏။ သူသည် ညစ်ပြုံးပြုံးကာ ချိပ်ဟန်တစ်ခုကို ဖြစ်စေ၏။ မြူနက်များ ဒီဧရိယာတွင် ပြည့်နှက်လာတော့သည်။
“မင်းဟာ အစွမ်းထက်ပါတယ်…မိုးကောင်ကင်ဘုံနယ်မြေရဲ့ အင်ပါယာချင်းလင်၊ မင်းဟာ ပြီးခဲ့တဲ့ချိပ်ပိတ်နယ်မြေအရှင်ရဲ့ တပည့်တစ်ယောက်ဖြစ်ဖို့ တကယ်ထိုက်တန်တယ်။ မင်းရဲ့ ကျင့်ကြံမှုအဆင့်ဟာ ငါ့လောက် အစွမ်းမထက်ပေမယ့် မင်းဟာ အပူဇော်ခံမီးတောက်စွမ်းအားကို ငှားယမ်းအသုံးပြုနိုင်စွမ်း ရှိနေတယ်…”
ထိုအစိမ်းရောင်အလင်း ပြန့်ကြဲသွားချိန်၌ ချင်းလင်၏ခန္ဓာကိုယ် လှစ်ဟပေါ်လာသည်။ သူ၏မျက်နှာမှာ ဖြူရောနေ၏။ သူသည် ဒဏ်ရာအပြင်းအထန် ရထားလေ၏။
ချင်းလင် ပေါ်လာသည်နှင့် ဂြိုဟ်အစီအရင်ထံမှ အေးစိမ့်စိမ့်အော်ရာတစ်ခု ထွက်ပေါ်လာသည်။ ခရမ်းရောင်ဝတ်ရုံဖြင့် အမျိုးသမီးတစ်ယောက် လှမ်းထွက်လာ၏။ သူမ၏အမူအရာမှာ နူးညံ့၏။ သို့သော် သူမ၏မျက်လုံးထဲ၌ သတ်ဖြတ်လိုစိတ် ပြည့်နှက်သည်။ သူမသည် ဆင့်ခေါ်ခြင်းမြစ်မှ လာခဲ့ခြင်း ဖြစ်ကာ ဆင့်ခေါ်ခြင်းမြစ်၏ အရှင်သခင်လည်း ဖြစ်သည်။
သူမ လှမ်းလျှောက်ထွက်လာသည့်အခါ ဆန်းကြယ်လေဟာနယ်အဆင့် ကျင့်ကြံသူများထဲမှ တစ်ယောက်သည် ရယ်မောလေ၏။ ဝမ်လင်း၏ အတွင်းအင်္ဂါများကို ဖျက်စီးခဲ့သော အမျိုးသမီးက ခရမ်းရောင်ဝတ်စုံနှင့်အမျိုးသမီးထံ ပျံသန်းဝင်လာသည်။
ဂြိုဟ်အစီအရင်၏အတွင်းနက်ပိုင်း၌ မြူများ ခြုံလွှမ်းထားသော ပလ္လင်တစ်ခု ရှိသည်။ ထိုနေရာတွင် ချင်းရွှေထိုင်နေ၏။ သူ၏ပုံရိပ်ကို မြူများ ဖုံးထားသည်။ သူ၏ခန္ဓာကိုယ်သည် တုန်ယင်ကာ နာကျင်မှုကို တောင့်ခံနေရ၍ သူ့အမူအရာမှာ ရှုံ့တွနေ၏။
သူ၏ဒွာရပေါက်များကို အနက်ရောင်အမျှင်တန်းခုနစ်ခု ခြုံလွှမ်းထားသည်။ ချင်းရွှေ မည်မျှ ရုန်းကန်ပါစေ ထိုအမျှင်တန်းများကို မဖယ်ထုတ်နိုင် ဖြစ်နေ၏။
အရှင်ဟုန်ရှန်က သူ့နောက်တွင် ထိုင်နေ၏။ သူ့လက်ချောင်းများဖြင့် ချင်းရွှေ၏ နောက်ကျောဘက်ကို အဆက်မပြတ် ကျရောက်နေစေသည်။ သူသည် ချင်းရွှေ ထိုအနက်ရောင်အမျှင်တန်းများ ထုတ်ပယ်နိုင်အောင် ကူညီပေးနေခြင်းပင်။
“အရှင်ဟုန်ရှန်…ငါ့ကို စိတ်မပူနဲ့တော့…” ချင်းရွှေသည် မျက်လုံးဖွင့်လာ၏။ သူ့မျက်လုံးထဲတွင် အနက်ရောက်အစက်ခုနစ်ခု ဝိုးတဝါး လှည့်ပတ်နေသည်။
“ငါသာ မင်းကို မကူညီပေးရင် မင်း နောက်လေးဆယ့်ငါးမိနစ်အတွင်း သေသွားလိမ့်မယ်…” အရှင်ဟုန်ရှန်၏ နှဖူးထက်တွင် ချွေးပြန်နေလေပြီ။ သူသည် ညာလက်ကို ဝေ့ယမ်းလိုက်ရာ အနက်ရောင်အလင်းတန်းတစ်ခု ပေါ်လာသည်။ သူ ချင်းရွှေနောက်တွင် ရှိနေရင်း ရုပ်သေးတစ်ရုပ် ထိုးထွက်လာ၏။
ချင်းရွှေသည် အံတင်းတင်းကြိတ်ကာ မာန်သွင်းအော်ဟစ်လိုက်၏။ သူ၏သတ်ဖြတ်ခြင်းအနှစ်သာရသည် ပေါက်ကွဲထွက်လာကာ အရှင်ဟုန်ရှန်၏လက်ချောင်းနှင့် ထိတိုက်သည်။ သူ၏ခန္ဓာကိုယ်သည် တုန်ယင်ကာ သွေးများစွာ အန်ထုတ်လိုက်ရ၏။ ထို့နောက် သူသည် နောက်လှည့်ကာ အော်ပြောလိုက်သည်။
“ငါ့ကို စိတ်မပူနဲ့တော့…”
အရှင်ဟုန်ရှန်သည် ချင်းရွှေကို လေးလေးနက်နက် ကြည့်လိုက်၏။ သူ၏မျက်လုံးထဲတွင် ဝမ်းနည်းမှုတို့ ရှိနေသည်။ထို့နောက် သူသည် ထရပ်ကာ ပလ္လင်၏အပြင်ဘက်သို့ ခြေလှမ်းလိုက်၏။ ကျယ်လောင်စွာ မြည်ဟည်းသွားသည်။ ပြင်ပနယ်မြေမှ ဆန်းကြယ်လေဟာနယ်အဆင့် အဘွားအိုက သူ့ကို နှာခေါင်းရှုံ့၍ ဆီးကြိုနေသည်။
ချင်းရွှေသည် ပလ္လင်ပေါ်တွင် အသက်မနည်း ရှိနေရစဉ် သူ၏ပါးစပ်မှ အနက်ရောင်သွေးဓားတစ်လက် ပျံသန်းထွက်သွားသည်။ သူ၏အမြင်သည် ဝေဝါးသွား၏။ သူသည် အတင်းအကန် ခေါင်းမော့ကာ အကွာအဝေးတစ်ခုရှိ ဂြိုဟ်တစ်လုံးထံ ကြည့်လိုက်၏။ ထိုဂြိုဟ်ပေါ်တွင် ပန်းရောင်ဝတ်စုံဖြင့်အမျိုးသမီး ရှိနေသည်။
“သူမပဲ…သူမပဲ ဖြစ်မှာပါ…” ချင်းရွှေ၏ မျက်လုံးထဲ၌ နူးညံ့မှု ပေါ်လာ၏။ သူသည် လွန်ခဲ့သောနှစ်များတည်းက သတိပြုမိခဲ့သည်။ သို့သော် မသေချာခဲ့ပေ။
ဤအခိုက်၌ ပန်းရောင်ဝတ်ရုံဖြင့်အမျိုးသမီး ရှိနေသော ဂြိုဟ်၏ အလင်းအကာသည် ဗလတောင့်တောင့်လူကြီး၏ လေနှင့်မိုးကြိုးကို သုံးကာ ဖျက်စီးခြင်း ခံလိုက်ရသည်။ ထိုလူက ရယ်မောကာ ကျင့်ကြံသူထောင်သောင်းချီနှင့်အတူ တိုးဝင်လာတော့သည်။
***