← Chapters

ပြတ်ပြတ်သားသားတိုက်ပွဲ(၁)

Vol. 124 Ch. 1709

ပြတ်ပြတ်သားသားတိုက်ပွဲ(၁)

Vol. 124 Ch. 1709

တောက်ဖေရှန်၏ခန္ဓာကိုယ်သည် တုန်ယင်သွား၏။ ထိုအကြည့်က သူ၏စိတ်ကို တုန်ခါသွားစေသည်။ သူသည် ဝမ်လင်းအကြောင်းကို ကြားခဲ့ဖူးပြီးသား ဖြစ်၏။ သို့သော် ဝမ်လင်းသည် ခြိမ်းခြောက်မှုတစ်ခုဟု လုံးဝ မထင်ခဲ့ပေ။ အုပ်စိုးသူနှင့် တခြားသူများက ဝမ်လင်းကို ထောင်ဖမ်း၍ သတ်ဖြတ်ခဲ့ပြီဟု ကြားခဲ့ရသည့်နောက် သူသည် ဝမ်လင်းသည် ဘာမှ မဟုတ်တော့ဟု တွေးထားခဲ့သည်။

သို့ပေမည့် ခုချိန်တွင်မူ ဝမ်လင်း မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို သူ သဘောပေါက်သွားခဲ့လေပြီ။ အုပ်စိုးသူကို သတ်ပစ်ဖို့ မြားတစ်ချက်သာ လိုခဲ့၏။ ထိုအရာကို သူ မယုံကြည်နိုင် ဖြစ်ရ၏။ သူ၏စိတ်နှလုံးထဲရှိ အကြောက်တရားသည် အထွတ်အထိပ် ရောက်လာသည်။

ခုချိန်၌ ဝမ်လင်း၏ အကြည့်ခံရသည့်အခါ သူ့နှလုံးမှာ မြန်ဆန်စွာ ခုန်ပေါက်လေ၏။ ဝမ်လင်း၏အကြည့်က ဓားသွားအလား ကောင်းကင်ကို ဖြတ်၍ တောက်ဖေရှန်ပေါ်သို့ ကျရောက်နေ၏။ တောက်ဖေရှန်သည် အလိုလိုနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်မိသွား၏။ သူ၏စဉ်းစားဉာဏ်ပင် ဆုံးရှုံးလုမတတ် ဖြစ်သွားရ၏။ ဝမ်လင်း၏စကားများက သူ့အတွက် သေခြင်းတရား၏ ခေါ်သံအလား။

သူသည် နိဗ္ဗာနလေဟာနယ်အဆင့်တွင်သာ ရှိသေး၏။ ဝမ်လင်းနှင့် ရင်ဆိုင်ရသည့်အခါ သူသည် တောင်တစ်လုံးကို မော့ကြည့်ရသကဲ့သို့ ခံစားမိရလေ၏။

သူသည် မူပင်းမေကို မစော်ကားခဲ့သင့်ပေ။ သူသည် ချိပ်ပိတ်နယ်မြေအရှင်၏အမျိုးသမီးအကြောင်း အတွေးမမှားခဲ့သင့်ပေ။

သည်အရာက သူ၏သေဆုံးခြင်းအတွက် အကြောင်းတရား ဖြစ်လာခဲ့လေပြီ။ သို့ပေမည့် အဆုံးသပ်၌ သူသည် တတိယအဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်နေဆဲပင်။ သူသည် တုန်လှုပ်ကာ အဆုံးစွန်ကြောက်လန့်နေသော်လည်း သူ့စိတ်ထဲတွင်မူ ကြည်လင်မှုတစ်ခု ရှိနေသေး၏။ သူက သေရတော့မည်ကို သေချာနေသည်။ သို့ဖြစ်၍ မျှော်လင့်ချက်တစ်ခုသာ ရှိခဲ့လျှင် ၎င်းမှာ မူပင်းမေသည် ဖြစ်ပေလိမ့်မည်။

ဝမ်လင်း ထိုသို့ ပြောလိုက်စဉ် တောက်ဖေရှန်က ခြေလှမ်းအနည်းငယ် အလိုလို ဆုတ်သွားပြီးနောက် တုံ့နှေးမနေဘဲ မူပင်းမေထံ ဦးတည်ဝင်လာ၏။ သူ၏မျက်လုံးထဲတွင် ရူးသွပ်မှုတို့ ပြည့်လာ၏။

ရှင်သန်ဖို့အတွက် ရူးသွပ်မှု။

သူသည် မူပင်းမေကို ဖမ်းကာ သူ၏အသက်ရှင်မှုအတွက် အလဲအလှယ် လုပ်ရမည်။ ဤကား သူ၏နောက်ဆုံး မျှော်လင့်ချက်ဖြစ်၏။

ပေတစ်ရာအကွာအဝေးမှာ တတိယအဆင့်ကျင့်ကြံသူတစ်ယောက်အတွက် ဘာမှ မဟုတ်ပါ။ သို့သော် စောင့်ကြည့်နေသူက မည်သူဖြစ်သနည်းပေါ် မူတည်ပေသည်။ ဝမ်လင်း၏အမြင်၌ တောက်ဖေရှန်းသည် အရည်အသွေး မပြည့်မှီပေ။

သူက မူပင်းမေနှင့် ဆယ်ပေအတွင်း ရောက်လာ၏။ သို့သော် သူမက တစ်စက်လေးမှ မရှောင်ပေ။ တောက်ဖေရှန်ကိုသာ အေးစက်စက်ကြည့်နေ၏။ သူမ၏မျက်လုံးထံမှ အထင်သေးမှုတို့ လှစ်ဟပေါ်နေသည်။

ဝမ်လင်း၏အမူအရာမှာ တည်ငြိမ်နေလျက်သာ။ သူက ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်၏။ သူ၏အမြန်နှုန်းသည် တောက်ဖေရှန်စိတ်ကူးနိုင်သည်ထက် ပိုလွန်၏။ သူ ချက်ခြင်းလိုလို မူပင်းမေ၏ ရှေ့သို့ ရောက်သွားပြီးနောက် သူ့လက်ကို ဆန့်ထုတ်လိုက်သည်။

“မင်း သေချင်နေတာပဲ…” ဝမ်လင်းက အေးစက်စက် ပြောလိုက်၏။ သူသည် တောက်ဖေရှန်၏ ခန္ဓာကိုယ်ကို ဆုပ်ကိုင်လျက် ရှေ့သို့ ခြေလှမ်း၏။ တောက်ဖေရှန်သည် ဝမ်လင်း သူ့ကို လေထဲသို့ ဆွဲပစ်လိုက်ချိန်၌ သူ၏ ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်တော့ပေ။ သူသည် အောက်ဘက်ရှိ မြေပြင်ပေါ်သို့ ဆောင့်ကျသွား၏။

ကျယ်လောင်စွာ တုန်ဟည်းသွား၏။ နာကျင်စွာအော်ဟစ်သံ ပဲ့တင်ထပ်သည်။

တောက်ဖေရှန်၏ ခန္ဓာကိုယ် မြေပြင်ထက်သို့ ပစ်ချခံလိုက်ရပြီးနောက် ဝမ်လင်းက သူ့ကို လေထဲသို့ ထပ်မံ ပစ်လွှတ်လိုက်၏။ ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်သွား၏။ သူ ပြောခဲ့သလိုပင် မူပင်းမေမှာ သူ၏ချစ်သူ မဟုတ်၊ သို့သော် ဝမ်ပိုင်၏အမေ ဖြစ်၏။ သည်တောက်ဖေရှန်က သူမအပေါ် မကောင်းသောရည်ရွယ်ချက်များ ထားရှိခဲ့ပေ၏။ ထိုအရာမှာ ဝမ်လင်း လုံးဝ ခွင့်မပြုနိုင်သောအရာ ဖြစ်၏။

သူသည် ရှေ့သို့ ခြေလှမ်းကာ တောက်ဖေရှန်ထံ ချက်ခြင်း ရောက်လာ၏။ သူ့ညာလက်ဖြင့် တောက်ဖေရှန်၏ရင်ဘက်ကို လက်ညွှန်လိုက်ရာ စွမ်းအားတစ်ခုသည် ထိုသူ၏ခန္ဓာကိုယ်ထဲ မြင့်တက်လာ၏။ ထိုစွမ်းအားသည် တောက်ဖေရှန်၏ ညာလက်ထံ ဦးတည်သွားကာ အသွေးအသားများအဖြစ် ပေါက်ကွဲထွက်သွားစေသည်။

တန့်မနေဘဲ ဝမ်လင်းက နောက်ထပ် လက်ညွှန်လိုက်ပြန်သည်။ ကျယ်ကျယ်လောင်လောင် တုန်ဟည်းသံ ပဲ့တင်ထပ်ကာ တောက်ဖေရှန်၏ ဘယ်လက်မှာ ပျက်စီးရသည်။

တောက်ဖေရှန်သည် လက်နှစ်ဖက် ဆုံးရှုံးသွားပြီးနောက် နာကျင်စွာ အော်ဟစ်နေ၏။ ဝမ်လင်းရှေ့တွင် သူသည် အစွမ်းမဲ့ရသည်။ ပြင်ပနယ်မြေမှ ကျန်သည့်ကျင့်ကြံသူများမှာ မြားချက်ကြောင့် တုန်လှုပ်နေသည်ဖြစ်ရာ မည်သူကမျှ သူ့ကို မကယ်တင်ဝံ့ကြပေ။

ဝမ်လင်းက သူ့ညာလက်ဖြင့် အကြိမ်များစွာ လက်ညွှန်၏။ တောက်ဖေရှန်၏ခြေထောက်များ တစစီ ဖြစ်သည်။ နောက်ဆုံးလက်ဝါးချက်မှာ သေခြင်းလက်ဝါး ဖြစ်၏။ တောက်ဖေရှန်၏ ခြေလက်များကို ဖျက်စီးပစ်ပြီးနောက် သူသည် တောက်ဖေရှန်၏ နှဖူးပေါ်သို့ ကြမ်းတမ်းစွာ ရိုက်ချလိုက်လေ၏။

တောက်ဖေရှန်၏ ခန္ဓာကိုယ်ထဲ၌ တစီစီအသံများ ပဲ့တင်ထပ်သည်။ သူသည် သွေးများစွာ အန်ထုတ်လိုက်ရပြီး သူ၏မျက်လုံးသည် မှိန်ဖျော့သွားလေ၏။ သူ၏နာကျင်စွာအော်သံများသည်ပင် အားပျော့သွားရသည်။

ထို့နောက် သူ၏ခန္ဓာကိုယ်သည် တုန်ယင်ကာ ပေါက်ကွဲသွား၏။ သွေးများ နေရာအနှံ့သို့ ပြန့်ကြဲသွားသည်။ ဝမ်လင်းက သူ၏အင်္ကျီလက်အိုးကို ဝေ့ယမ်းကာ ထိုသွေးစက်များကို လွင့်စင်သွားစေ၏။

သူ၏ခန္ဓာကိုယ် ဖျက်စီးခံရပြီးနောက် တောက်ဖေရှန်၏ မူလစိတ်ဝိညာဉ်မှာ အပြင်းအထန် ဒဏ်ရာရ၏။ သို့သော် မသေသေးပေ။ သူသည် ပျက်စီးနေသော ခန္ဓာကိုယ်မှ ပျံသန်းထွက်ကာ အသိလွတ်နေစဉ် ဝမ်လင်းက သူ့လည်တိုင်ကို ဖမ်းကိုင်လိုက်ကာ ကြမ်းတမ်းစွာ ညှစ်ချလိုက်သည်။ ဘန်းခနဲ ပေါက်ကွဲကာ တတိယအဆင့်နိဗ္ဗာနလေဟာနယ်ကျင့်ကြံသူမှာ သေဆုံးသွားတော့၏။

ထိုသွေးလွှမ်းသောမြင်ကွင်းက ပြင်ပနယ်မြေမှ ကျင့်ကြံသူများကို ပင့်သက်ရှိုက်ကာ နောက်ဆုတ်သွားစေ၏။ ချင်းရွှေရှေ့ရှိ ဗလတောင့်တောင့်လူမှာ သူ၏ဦးရေပြား ထုံထိုင်းသွားသလို ခံစားမိလိုက်၏။ သူသည် နောက်သို့ ချက်ခြင်း ဆုတ်သည်။

သို့ပေမည့် သူ နောက်ဆုတ်လိုက်သည့်အခိုက်တွင် ဝမ်လင်းက ရုတ်တရက် လှည့်ကြည့်လာ၏။ သူ၏နီရဲနေသော မျက်လုံးများက ဗလတောင့်တောင့်လူပေါ်သို့ မြဲမြံစွာ ကျရောက်လာသည်။ ထိုလူ တုန်ယင်သွား၏။ ခဏတာ တုန့်နှေးသွားပြီးနောက် သူသည် ပိုမြန်ဆန်စွာ ထွက်ပြေးလေသည်။

“မင်းက ငါ့စီနီယာအစ်ကိုကို ထိခိုက်စေခဲ့တယ်။ ငါ မင်းကို ဘယ်လိုလုပ် လွှတ်ပေးနိုင်ပါ့မလဲ…” ဝမ်လင်းသည် ဖျတ်ခနဲ လှုပ်ရှားလိုက်ရာ ဗလတောင့်တောင့်လူ၏ နောက်တွင် ပေါ်လာသည်။ သူက ညာလက်ကို ဝေ့ယမ်းလိုက်၏။

ဗလတောင့်တောင့်လူသည် ရူးသွပ်စွာအော်ဟစ်၍ ရုတ်တရက် နောက်လှည့်လိုက်၏။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်များဖြစ်စေကာ သူ့လက်ဝါးချက်သည် ဝမ်လင်းထံ တရှိန်ထိုး ဝင်ရောက်လာ၏။

ကျယ်လောင်သော တုန်ဟည်းသံတို့ ပဲ့တင်ထပ်ကာ ဗလတောင့်တောင့်လူသည် သွေးအန်လိုက်ရ၏။ သူ့လက်နှစ်ဖက်မှ အက်သံများ ထွက်ပေါ်လာကာ ပျက်စီးသွားသည်။ သူ၏ခန္ဓာကိုယ်သည် နောက်ဘက် ပေတစ်ထောင်ကျော်ထိ လွင့်စင်ထွက်သွားစဉ် သူသည် နာကျင်စွာ အော်ဟစ်လိုက်ရသည်။

ဝမ်လင်း၏မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်တို့ ပြည့်နှက်လာသည်။ သူသည် ဗလတောင့်တောင့်လူကို မှီလာ၏။ သူ့ညာလက်သည် နီးကပ်ကာ ထိုလူ၏ ရင်ဘက်ထံ ဦးတည်သွားသည်။ ဗလတောင့်တောင့်လူ၏ မျက်လုံးထဲတွင် မျှော်လင့်ချက်မဲ့မှုကြောင့် ရူးသွပ်မှုတို့ ပေါ်လာ၏။ သူက မာန်သွင်းလျက် သူ့လျှာထိပ်ကို ကိုက်ကာ သွေးမြားတစ်စင်းကို ထွေးထုတ်လိုက်သည်။ ၎င်းသည် သွေးလေပြင်းအဖြစ် ပြောင်း၏။ ထို့နောက် မုန်တိုင်းတစ်ခုအသွင် ဝမ်လင်းထံ တရှိန်ထိုး ဝင်ရောက်လာသည်။

ထိုမုန်တိုင်းအတွင်း၌ မိုးကြိုးလုံးများစွာ ပါရှိသည်။

“တတိယအဆင့်ကို လေအနှစ်သာရနဲ့ ရောက်ခဲ့ပြီးတဲ့နောက် ငါဟာ မပြည့်စုံတဲ့ မိုးကြိုးအနှစ်သာရကိုလည်း ပိုင်ဆိုင်ခဲ့တယ်။ ဒါဟာ တကယ်ကို ရှားလှတယ်…”

ဝမ်လင်းသည် ဝေ့ခတ်ကြည့်လိုက်၏။ သို့သော် သူ့လက်များကမူ တစ်စက်လေးမှ ရပ်မသွားပေ။ သူ့လက်ဝါးသည် မုန်တိုင်းပေါ်သို့ ကျရောက်သွားပြီးနောက် လက်ချောင်းများကို လက်သီးအသွင်ဆုပ်ကာ နောက်သို့ ပြန်ဆွဲငင်ယူလိုက်သည်။

ထိုအခါ သွေးမုန်တိုင်းသည် ပျက်စီးသွား၏။ ၎င်း ပျက်စီးနေရင်း အတွင်းရှိ မိုးကြိုးသည် တုန်ခါသည်။ ဝမ်လင်းသည် ဒီလောကရှိ မိုးကြိုးများ၏ အရှင်သခင် ဖြစ်၏။ သူ၏မိုးကြိုးအနှစ်သာရမှာ ပြီးပြည့်စုံခြင်းအဆင့် ရောက်ခဲ့ပြီးပင်။ မိုးကြိုးအားလုံးမှာ သူ့ကို နာခံရမည်သာ။

“ထွက်သွားစမ်း…” ဝမ်လင်းသည် အော်ဟစ်လိုက်၏။ မုန်တိုင်းအတွင်းရှိ မရေမတွက်နိုင်သော မိုးကြိုးလုံးများသည် အဘက်ဘက်သို့ ပြန့်ကြဲသွားသည်။ မျက်စိတစ်မှိတ်အတွင်း ယင်းတို့အားလုံး သဲလွန်စမရှိ ပျောက်ကွယ်သွားလေ၏။

လေနှင့်မိုးကြိုးစွမ်းအားသည် ဝမ်လင်း၏ တစ်ချက်တိုက်ခိုက်ခြင်းကိုပင် မခုခံနိုင်ပေ။ မုန်တိုင်း ဖျက်စီးခံလိုက်ရပြီးနောက် ဝမ်လင်းသည် ရှေ့သို လှမ်းကာ ဗလတောင့်တောင့်လူ၏ဘေးတွင် ပေါ်လာသည်။

သူက ညာလက်ကို ပင့်မြှောက်၍ သူ့လက်ချောင်းကို ဓားတစ်လက်အသွင် ဖြစ်စေသည်။ ထို့နောက် ထိုလူ၏ ရင်ဘက်ထံ ညွှန်လိုက်၏။

“ငါ့စီနီယာအစ်ကိုကို ဒဏ်ရာရစေခဲ့တဲ့အတွက် အပြစ်ပေးတဲ့အနေနဲ့ မင်းဟာ ဒီလောကမှာ အဆိုးရွားဆုံးနာကျင်မှုကို ခံစားရစေမယ်…” ထိုလက်ညွှန်ချက်နှင့်အတူ ဗလတောင့်တောင့်လူ၏ လည်တိုင်သည် စတင် ဖောင်းကြွလာသည်။ သူ၏ခန္ဓာကိုယ်တွင်းရှိ သွေးများ မြန်ဆန်စွာ စီးဆင်းကုန်၏။ ဝမ်လင်းလက်ချောင်း၏ စုပ်ယူခြင်း ခံရသည့်နှယ်။

ချက်ခြင်းပင် ဗလတောင့်တောင့်လူသည် နာကျင်စွာအော်ဟစ်လိုက်ရပြီး သူ့မျက်နှာမှာ ဖြူရောသွားသည်။ သူ၏ခန္ဓာကိုယ်ထဲရှိ သွေးအားလုံးမှာ သူ့လည်ပင်းသို့ သိပ်သည်းသည်။ သူ၏လည်တိုင်သည် ခရမ်းရင့်ရောင်ဖြစ်လာကာ ၎င်းပေါ်၌ အဖုအပိန့် ဖြစ်ပေါ်လာသည်။

ထိုအဖုတွင် သူ့ခန္ဓာကိုယ်ထဲရှိ သွေးအားလုံး ပါဝင်သည်။ သူ၏ခန္ဓာကိုယ်ထဲရှိ သွေးအားလုံးသည် ချက်ခြင်းပင် စုစည်းလာခြင်းတည်း။

ထိုခရမ်းရင့်ရောင်အဖုသည် ပေါက်ကွဲကာ သွေးများစွာ ပန်းထွက်၍ သွေးတစ်စက်တစ်လေမျှ မကျန်တော့ပေ။ သူ၏အော်သံမှာ အသည်းလှိုင်နာကျင်စွာ အော်ဟစ်လိုက်သည့်အသံမျိုး ဖြစ်၏။

ထိုသို့သော် နာကျင်မှုကို ဖော်ပြရန်ပင် ခက်ခဲမည်ပင်။ ကျင့်ကြံသူများသည်ပင် ယင်းသို့နာကျင်မှုကို တောင့်ခံနိုင်ဖို့ မဖြစ်နိုင်လုနီးနီးပင်။

သို့ပေမည့် ထိုမျှနှင့်အဆုံးမသပ်သေးပေ။ သွေးအားလုံး ထုတ်နှုတ်ခံရသော်လည်း စုပ်အားက ကျန်နေဆဲ ဖြစ်၏။ ထို့ကြောင့် သူ၏အသက်ဓာတ်များပါ စုပ်ယူခံရသည်။ သူ့လည်တိုင်မှ အသက်ဓာတ်မြောက်များစွာ စုပ်ယူခြင်း ခံရ၏။ သူသည် အော်ဟစ်နေရင်း ခဏအကြာတွင် အရိုးစုအဖြစ် ပြောင်းသွားတော့သည်။

သူ၏မျက်လုံးသည် ဖောင်းကြွနေကာ သူ၏အမူအရာမှာ ကြောက်မက်ဖွယ် ဖြစ်နေ၏။ သို့ပေမည့် သူ့မျက်နှာတွင် သွေးရောင်မရှိလေတော့။ သူ သေဆုံးသွားသည့်အလား။

သို့ပေမည့် ဝမ်လင်း၏လက်ချောင်းများထံမှ စုပ်အားသည် လျော့ပါးမသွားဘဲ ပိုတိုးပွားလာ၏။ ထိုပြင်းထန်သောဖိအား၏ အောက်၌ ဗလတောင့်တောင့်လူ၏ အရိုးစုခန္ဓာမှာ တုန်ယင်လာ၏။ ထို့နောက် သူ၏နာကျင်စွာအော်ဟစ်သံများ အားပျော့ကာ သူ့အရိုးများ စတင် အရည်ပျော်ကြ၏။

သူ၏ခန္ဓာကိုယ်မှာ အရည်ဖြစ်သွား၏။ သူ၏မူလစိတ်ဝိညာဉ်လည်း ထုတ်နှုတ်ခြင်း ခံရသည်။ ထိုအဖြစ်က ကြည့်ရှုနေသော ကျင့်ကြံသူအားလုံး၏စိတ်ကို ခပ်ပြင်းပြင်း ရိုက်ချသွားလေ၏။

သူတို့သည် တတိယအဆင့်၊ နိဗ္ဗာနလေဟာနယ်အဆင့်ကျင့်ကြံသူတစ်ယောက်၏ ခန္ဓာကိုယ်မှ အရာအားလုံး စုပ်ယူခံရသည်ကို ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်ခဲ့ရ၏။ အဆုံးသပ်၌ ၎င်းတို့မှာ ဝမ်လင်း၏လက်ထဲတွင် အခိုးအငွေ့အလုံးအသွင် ဖြစ်တည်သည်။ ယင်းအခိုးအငွေ့အလုံးမှာ ဗလတောင့်တောင့်လူ ဖြစ်လေ၏။

ထိုအခိုးအငွေ့အလုံးကို ကိုင်ထားလျက် ဝမ်လင်းသည် ချင်းရွှေရှေ့သို့ ရောက်လာ၏။ သူက လွတ်နေသောလက်ဖြင့် မျက်လုံးမှိတ်ကာ သေအံ့မူးမူး ဖြစ်နေသော ချင်းရွှေပေါ်သို့ ဖိချလိုက်၏။

ထိုအခါ ချင်းရွှေ၏ခန္ဓာကိုယ်သည် တုန်ခါသွား၏။ ရုတ်တရက် သူ မျက်လုံးဖွင့်လာသည်။ အနက်ရောင်အခိုးအငွေ့တန်းများ သူ၏ခန္ဓာကိုယ်ထံမှ ထိုးထွက်လာသည်။ ယင်းတို့သည် ထွက်ခွာရမည်ကို ဝန်လေးနေသေး၏။ သို့သော် ဝမ်လင်း၏အစွမ်းထက်ကျင့်ကြံမှုကြောင့် ထိုအခိုးအငွေ့များသည် ချင်းရွှေ၏ခန္ဓာကိုယ်ထံမှ အတင်းအကြပ် ထုတ်ပယ်ခြင်း ခံရသည်။

အနက်ရောင်အခိုးအငွေ့တန်းများ လွင့်ပါးပျောက်ကွယ်သွားနေစဉ် ချင်းရွှေ၏မျက်လုံးတို့မှာ မှိန်ဖျော့နေဆဲ ဖြစ်သော်လည်း သူ့ထံရှိ သေခြင်းအော်ရာမှာ လွင့်ပါးပျောက်ကွယ်သွားလေပြီ။ ထို့နောက် သူ၏ခန္ဓာကိုယ်၌ အသက်ဓာတ်များ စတင် ပြန်ရောက်လာ၏။

ချင်းရွှေ၏ခန္ဓာကိုယ်မှ အဆိပ်ကို ဖယ်ရှားပစ်ပြီးနောက် ဝမ်လင်းက ဗလတောင့်တောင့်လူထံမှ ထုတ်နှုတ်ထားသော အခိုးအငွေ့အလုံးကို ချင်းရွှေထံ တွန်းထုတ်သည်။

“ဒါကို စုပ်ယူပြီးရင် စီနီယာအစ်ကိုရဲ့ ပြန်ကောင်းမွန်နှုန်းက ပိုမြန်လာလိမ့်မယ်…”

ဝမ်လင်းသည် ချင်းရွှေဘေးရှိ မင်သက်သာ သူ့ကို စိုက်ကြည့်နေသော ပန်းရောင်ဝတ်စုံဖြင့်အမျိုးသမီးကို ကြည့်လိုက်၏။ ထို့နောက် သူသည် ကောင်းကင်ထက်သို့ လှည့်ကြည့်လိုက်၏။

All Chapters