ပြတ်ပြတ်သားသားတိုက်ပွဲ(၂)
Vol. 124 Ch. 1710
“ပြင်ပနယ်မြေက ကျင့်ကြံသူတွေ…မင်းတို့အားလုံးဟာ ငါ့ရဲ့ အတွင်းနယ်မြေကို ကျူးကျော်လာတာ နှစ်ပေါင်းတစ်ရာ ရှိခဲ့ပြီ။ လူပေါင်းများစွာကိုလည်း သတ်ဖြတ်ပစ်ခဲ့ကြပြီးပြီး။ အခု မင်းတို့အားလုံးက ထွက်မသွားချင်မှတော့ သတ်ဖြတ်ဖို့ ဆုံးဖြတ်ပြီးမှတော့ မင်းတို့ ထွက်သွားဖို့ မလိုတော့ဘူး။ ဒီနေ့ ပြတ်ပြတ်သားသား တိုက်မယ်…” ဝမ်လင်းသည် ထိုသို့ ပြောလိုက်ရင်း သူ့ညာလက်ကို ပင့်မြှောက်ကာ ကောင်းကင်ထက်သို့ လက်ညွှန်လိုက်သည်။ ကျယ်လောင်စွာ တုန်ဟည်းသံ ပဲ့တင်ထပ်သွားပြီး ကြီးမားသည့် မလှုပ်မယှက်ဘီးတစ်ခု ပေါ်ပေါက်လာ၏။
“သတ်…” ဝမ်လင်းသည် မာန်သွင်းကာ ရှေ့သို့ တိုးဝင်လာ၏။
ဝမ်လင်း ထိုသို့ အော်ဟစ်လိုက်စဉ် ကျန်သည့်အတွင်းနယ်မြေမှ ကျင့်ကြံသူများသည် သွေးများ ဆူပွက်လာကြသည်။ မည်သူကမျှ ဂြိုဟ်အစီအရင်အတွင်း ပုန်းကွယ်မနေတော့ဘဲ ရှေ့ထွက်လာကြသည်။
“သတ်…”
ထိုသို့ ထိုးထွက်လာသူများထဲတွင် ချင်းလင်၊ အရှင်ဟုန်ရှန်၊ ဆင့်ခေါ်ခြင်းမြစ်မှ အမျိုးသမီး၊ မူပင်းမေ၊ နတ်ဘုရားကလန်၊ အတွင်းနယ်မြေမှ ကျင့်ကြံသူများစွာ ပါဝင်ပေ၏။
အတွင်းနယ်မြေ၌ ကျန်နေသေးသော ကျင့်ကြံသူများမှာ ရှစ်သောင်းပင် မပြည့်တော့ပေ။ သို့သော် ထိုလူရှစ်သောင်းက သေရမည်ကို မတွန့်ပေ။ ဝမ်လင်း၏ ဟိန်းအော်သံက သူတို့ကို ရူးသွပ်သွားစေသည်။
“သေရေးရှင်ရေးအစီအရင်…သက်ရှိအားလုံးကို ဖိနှိပ်စေ…” ဝမ်လင်းသည် ကောင်းကင်ထက်သို့ လက်ညွှန်လိုက်၏။ မလှုပ်မယှက်ဘီးသည် စတင်လည်ပတ်လာသည်။ ၎င်းသည် ဖြည်းဖြည်းချင်း လည်ပတ်လာရင်း ကြောက်မက်ဖွယ်ဖိအားသည် ပျံ့နှံ့ကာ ပြင်ပနယ်မြေရှိ ကျင့်ကြံသူထောင်သောင်းချီပေါ်သို့ ဆင်းသက်လာသည်။
ကျယ်လောင်စွာ မြည်ဟည်းသံတို့ ပဲ့တင်ထပ်၏။ ပြင်ပနယ်မြေမှ ကျင့်ကြံသူထောင်သောင်းချီသည် ထိုဖိအားကြောင့် သွေးအန်လိုက်ရသည်။ အချို့မှာ တိုက်ရိုက် ပေါက်ကွဲကာ သေဆုံးသွားသည်။
သို့ပေမည့် ပြင်ပနယ်မြေမှ ကျင့်ကြံသူများသည် များပြားလွန်းလှ၏။ ခဏတာ အကြောက်အလန့် ဖြစ်သွားပြီးနောက် ပြင်ပနယ်မြေမှ ကျင့်ကြံသူများသည် မာန်သွင်းအော်ဟစ်ကြသည်။ သူတို့သည် ဖိအားကို ခုခံကာ အတွင်းနယ်မြေမှ ကျင့်ကြံသူများနှင့် ရုန်းကန် တိုက်ခိုက်ကြလေ၏။
အတွင်းနယ်မြေမှ ကျင့်ကြံသူများသည် ဂြိုဟ်အစီအရင်မှ ပျံသန်းထွက်လာ၏။ ဝမ်လင်းသည် ရှေ့ဆုံးကနေ သေခြင်းရှင်ခြင်းအစီအရင်ကို အသုံးပြု၍ ကျင့်ကြံသူထောင်သောင်းချီကို တုန်လှုပ်စေကာ ပြင်ပနယ်မြေမှ ဆန်းကြယ်လေဟာနယ်အဆင့် ကျင့်ကြံသူများထံ ဦးတည်ဝင်ရောက်လာသည်။
သူ၏ရည်ရွယ်ချက်မှာ ဒီနေရာရှိ တတိယအဆင့်ကျင့်ကြံသူများကို သတ်ပစ်ရန် ဖြစ်၏။
သူ၏အကြည့် ဝေ့ခတ်သွားစဉ် ကျင့်ကြံသူထောင်သောင်းချီကြား၌ ဝမ်လင်းပထမဆုံး မြင်လိုက်ရသည်မှာ စောင်းတစ်လက်နှင့် ကောင်းကင်ဘုံအင်ပါယာကိုယ်လုပ်တော် ဖြစ်၏။ အတိတ်တုန်းက သူမသည် ငါးခုမြှုပ်နှံ့ခြင်းမန္တာန်ကို သုံး၍ ဝမ်လင်းကို အလွန်အမင်း နာကျင်စေခဲ့ဖူးသည်။ ထိုနာကျင်မှုသည် နက်ရှိုင်းသောအမုန်းတရားကို ဖြစ်စေဖို့ လုံလောက်၏။ ဝမ်လင်းသည် သူမ၏အဆင့်အတန်း၊ အလှတရားတို့ကို လစ်လျူရှုကာ သူမကို သတ်ရပေမည်။
ခြေတစ်လှမ်းဖြင့် သူသည် အလင်းတန်းအဖြစ် ပြောင်းကာ ပြင်ပနယ်မြေရှိ စစ်တပ်အုပ်ထဲ ဝင်ရောက်လာ၏။ သူ ဖြတ်သန်းလာစဉ် မြည်ဟည်းသံများကို ပေးစွမ်းသည်။ သူ့ ရှေ့ရှိ ပိတ်နေသောလူတိုင်းမှာ ပျက်စီး သေဆုံးကုန်သည်။ သူ ရှေ့ဆက်တိုးလာစဉ် သူ၏နောက်တွင် သွေးလမ်းကို ခင်း၏။
ပြင်ပနယ်မြေမှ ကျင့်ကြံသူများ၏ ခန္ဓာကိုယ်များသာ ပျက်စီး၍ သေဆုံးသွားကြခြင်းပင်။ သို့သော် သူတို့၏ဦးခေါင်းများကမူ ပကတိအတိုင်း ရှိ၏။ ယင်းဦးခေါင်းများက ဝမ်လင်းနောက်ကနေ ကပ်ပါလာကာ လူသားဦးခေါင်းဝတ်ရုံရှည်ကြီးအလား။
ထိုလူသားဦးခေါင်း ဝတ်ရုံရှည်ကြီးသည် ဝမ်လင်း ရှေ့ဆက်လာစဉ် ပို၍ ကြီးမားလာ၏။ ၎င်း၏ ဦးခေါင်းအရေအတွက်မှာ တိုးပွားလာသည်။
သူ ရှေ့ဆက်လာစဉ် ကျယ်လောင်စွာ မြည်ဟည်းသံတို့ ပဲ့တင်ထပ်၏။ ဝမ်လင်း၏ မြဲမြံစွာ ကြည့်နေခြင်း ခံရသော ကောင်းကင်ဘုံကိုယ်လုပ်တော်၏အမူအရာမှာ ကြီးစွာ ပြောင်းလဲသွားသည်။ သူမသည် နောက်သို့ အမြန်ဆုတ်၏။ ဝမ်လင်းသည် စိတ်ဝိညာဉ်လေဟာနယ်အလယ်အဆင့်တွင်သာ ရှိနေသေးသော်လည်း လီကောင်း၏မြားကြောင့် သူမသည် ဝမ်လင်းကို ကြောက်ပေ၏။ ထို့ကြောင့် သူမသည် ဝမ်လင်း၏ ကျင့်ကြံမှုအဆင့်ကို လစ်လျူရှုထားသည်။
သူမ၏အမြင်၌ ဝမ်လင်းကို အနိုင်ရဖို့မှာ အလွန်ခက်ခဲပေသည်။ သူနှင့်တိုက်ခိုက်ရခြင်းက သူမအဖို့ သေဆုံးသွားရနိုင်၏။
ယင်းမှာ ပြောမပြတတ်သောခံစားမှု ဖြစ်၏။ သို့သော် ထိုခံစားချက်က သူမစိတ်နှလုံးတွင်း၌ သာ၍ အားကောင်းလာနေသည်။
သူမ နောက်ဆုတ်သွားစဉ် ဝမ်လင်းသည် အကွာအဝေးတစ်ခုကနေ နီးကပ်လာ၏။ သူ ရှေ့သို့ ရွှေ့လျားလာစဉ် သွေးများနေရာအနှံ့သို့ ပြန့်ကြဲကာ မရေမတွက်နိုင်သော ကျင့်ကြံသူများ သေဆုံးရလေ၏။ ဝမ်လင်း၏နောက်တွင် ဦးခေါင်းများက မြောလွင့်ကပ်ပါလာ၏။ သူ့ထံမှ လောကကို ဖျက်စီးပစ်မည့် အော်ရာမျိုး ပေးစွမ်းနေသည်။
ခြေတစ်လှမ်းဖြင့်ပင် ဝမ်လင်းသည် ထိုကောင်းကင်ဘုံကိုယ်လုပ်တော်နှင့် ပေတစ်ထောင်အတွင်း ရောက်လာ၏။ သူ၏မျက်လုံးတို့မှာ နီရဲနေသည်။ သူသည် ရှေ့သို့ လှမ်းလာရင်း မာန်သွင်းလိုက်၏။ သည်ခြေတစ်လှမ်းဖြင့် သူသည် ကောင်းကင်ဘုံအင်ပါယာကိုယ်လုပ်တော်၏ ပေတစ်ရာအကွာသို့ ရောက်လာသည်။
ကောင်းကင်ဘုံကိုယ်လုပ်တော်၏ မျက်နှာသည် ဖြူရောသွားကာ သူမသည် ဝမ်လင်းထံမှ သတ်ဖြတ်လိုစိတ်ကို ခံစားမိပေ၏။ သူမက အံတင်းတင်းကြိတ်၍ လေဟာနယ်ထံ လက်ဝေ့ယမ်းလိုက်၏။ ထိုအခါ ဝမ်လင်း ရင်းနှီးသော ရှေးဟောင်းစောင်းတစ်လက် ထွက်ပေါ်လာသည်။
သူမက ထိုစောင်းကို ရှေ့သို့ နေရာချကာ လက်ဖြင့် ထိ၏။ ဂီတသံစဉ်များ စတင် ပေါ်လာကာ အသံလှိုင်းတစ်ခုဖြစ်ပေါ်၍ ဝမ်လင်းထံ တိုးဝင်လာသည်။
ဝမ်လင်း၏အမူအရာမှာ ကြမ်းကြုတ်နေ၏။ သူ၏မျက်ခုံးနှစ်ခုကြားရှိ ရှေးဟောင်းနတ်ဘုရားကြယ်များ မြန်ဆန်စွာ လှည့်ပတ်လာသည်။ သူ၏ခန္ဓာကိုယ်မှ တစီစီအသံများ ထွက်ပေါ်လာ၏။ သို့သော် သူ၏ခန္ဓာကိုယ်သည် ချဲ့ကားကြီးမားလာခြင်း မရှိပေ။ ထိုအစား သူ့ရှေးဟောင်းနတ်ဘုရားစွမ်းအားများက သူ့ခန္ဓာကိုယ် နေရာလက်မကျန်တွင် စုဝေးသည်။
ခြေတစ်လှမ်းဖြင့် ဟင်းလင်းပြင်ကိုယ်တိုင် တုန်ဟည်းကာ အတောမသပ်အသံလှိုင်းများ ပဲ့တင်ထပ်သည်။ ထိုအသံလှိုင်းများသည် အမှန်ပင် အားကောင်းလှပြီး ဝမ်လင်းကို တော်တော်လေး ထိခိုက်စေနိုင်၏။ သို့သော် သည်အခိုက်၌ သူသည် ဂရုမစိုက်ပေ။ သူက သူ၏အစွမ်းထက်ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်ဖြင့် ၎င်းနာကျင်မှုကို တောင့်ခံကာ ရှေ့သို့ တရကြမ်း တိုးဝင်လာသည်။
ဝမ်လင်းနီးကပ်လာသည်ကို တွေ့မြင်သည့်အခါ ထိုကောင်းကင်ဘုံအင်ပါယာကိုယ်လုပ်တော်၏ မျက်နှာမှာ ဖြူရောသွား၏။ တုံ့နှေးမနေဘဲ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ စောင်းပေါ်သို့ ဖိချလိုက်သည်။ စောင်းသည် ကျယ်လောင်စွာ ပဲ့တင်ထပ်ကာ အသံလှိုင်းငါးခု ပေါ်လာ၏။
“ငါးခုမြှုပ်နှံ့ခြင်းမန္တာန်…နှလုံး၊အသည်း၊သရက်ရွက်၊အဆုပ်၊ကျောက်ကပ်…” ကောင်းကင်ဘုံအင်ပါယာကိုယ်လုပ်တော်က စူးစူးရှရှ အော်သံ ပြု၏။ သူမက ညာလက်ကို ပင့်မြှောက်ကာ ဝမ်လင်းထံ ဖိချလိုက်သည်။
ထိုဖိချမှုကြောင့် ဝမ်လင်း၏ခန္ဓာကိုယ်မှာ တုန်ယင်သွား၏။ သူ ပြင်းထန်စွာနာကျင်မှုကို ခံစားလိုက်ရသည်။ သို့သော် သူသည် အတိတ်တုန်းကနှင့် မတူတော့ပေ။ ခုချိန်၌ သူက စိတ်ဝိညာဉ်လေဟာနယ်အလယ်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေလေပြီ။ သူ၏ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်နှင့်ဆို သူသည် ဆန်းကြယ်လေဟာနယ်အဆင့် ကျင့်ကြံသူများကို သတ်နိုင်နေပြီ ဖြစ်၏။
ပြင်းထန်သောနာကျင်မှုက အရင်ကလို မခံမရပ်နိုင် ဖြစ်နေဆဲပင်။ သူ၏အတွင်းအင်္ဂါများသည် စတင်ပျက်စီးလာ၏။ သို့သော် ဝမ်လင်းက သာ၍ မြန်၏။ သူ၏ ပြတ်သားမှုနှင့်သတ်ဖြတ်လိုစိတ်တို့ဖြင့် ဝမ်လင်းသည် ညာလက်သီးတစ်လုံး ပစ်သွင်းလိုက်လေ၏။
ကျယ်လောင်စွာ မြည်ဟိန်းသွား၏။ ဝမ်လင်း၏ရှေ့တွင် ရှေးကလန်ဝင်သုံးယောက်၏ အရိပ်များနှင့်အတူ ရှေးလူဦးခေါင်းပေါ်လာ၏။ ယင်းတို့သည်လည်း လက်သီးဆုပ်ကာ ပစ်သွင်းကြ၏။
အဝေးမှ ကြည့်ပါက ထိုမြင်ကွင်းသည် တုန်လှုပ်ဖွယ်ပင်။ ဝမ်လင်း၏ လက်သီးချက်က ဒီကြယ်အဖွဲ့အစည်းကို တုန်ခါသွားစေနိုင်၏။ ပြင်ပနယ်မြေမှ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် အလန့်တကြား နောက်ဆုတ်ကြသည်။ ဝမ်လင်း၏လက်သီးချက် ထိုးထွက်လာစဉ် ပေတစ်သောင်းမြင့်မားသော အရိပ်တစ်ခုက ကောင်းကင်ဘုံအင်ပါယာကိုယ်လုပ်တော်ထံသို့ ပျံသန်းဝင်လာ၏။
ချက်ခြင်းပင် ထိုပုံရိပ်ယောင်လက်သီးချက်က ကောင်းကင်ဘုံအင်ပါယာကိုယ်လုပ်တော်ပေါ်သို့ ကျရောက်ကာ သူမ၏ငါးခုမြှုပ်နှံ့ခြင်းမန္တာန်မှ လှိုင်းများနှင့် ထိပ်တိုက်တွေ့သည်။
တိုက်ပွဲကွင်းပြင်၌ ကျယ်လောင်စွာ မြည်ဟည်းသံ ပဲ့တင်ထပ်သွား၏။ လက်သီးချက်မှာ ပျက်စီးသွားပြီး နောက်ဆုတ်နေသော ကောင်းကင်ဘုံအင်ပါယာကိုယ်လုပ်တော်မှာ သွေးအန်လိုက်ရ၏။
ဝမ်လင်း၏ပါးစပ်ထောင့်မှလည်း သွေးများ စီးကျ၏။ သည်တစ်ကြိမ်၌ သူသည် ကောင်းကင်ဘုံအင်ပါယာကိုယ်လုပ်တော်၏ မူလခန္ဓာကိုယ်နှင့် တိုက်ခိုက်နေခြင်းဖြစ်၏။ သူမသည် သည်လောကမှလူ မဟုတ်ပေ။ အင်မောတယ်ကောင်းကင်ဘုံနယ်မြေမှ ရောက်လာခဲ့သူ ဖြစ်၏။
ထိုကောင်းကင်ဘုံအင်ပါယာကိုယ်လုပ်တော်က ပါးစပ်ထောင့်မှသွေးကို သုတ်လိုက်၏။ သူမမျက်လုံးထဲရှိ အကြောက်တရားက ပိုအားကောင်းလာသည်။ သူမသည် သည်နေရာရှိ လူတိုင်းထက် သူမ၏အသက်ကို ပို၍ တန်ဖိုးထားပေ၏။ သူမသည် ဒီလောကမှလူ မဟုတ်မှန်း နားလည်ထားသည်။ သည်နေရာမှာ လှိုဏ်ဂူလောကမျှသာ ဖြစ်ပြီး သူမ၏အဆင့်အတန်းသည် ဒီလှိုဏ်ဂူထက် သာလွန်မြင့်မားပေသည်။ ထိုသို့တွေးလေ သူမသည် သေရမှာ ပိုကြောက်မိလေပင်။
သူမ နောက်ဆုတ်နေစဉ် ဝမ်လင်းသည် ရှေ့သို့ တရှိန်ထိုး တိုးဝင်လာ၏။ သူ၏ဒဏ်ရာများကိုလည်း လစ်လျူရှုထားသည်။ သူ့မျက်လုံးထဲ၌ သတ်ဖြတ်လိုစိတ်သာ ခိုင်မာနေသည်။ ကောင်းကင်ဘုံအင်ပါယာကိုယ်လုပ်တော်သည် ချိပ်ဟန်တစ်ခု ဖြစ်စေလိုက်ရာ ရွှေရောင်လင်းလက်သွားသည်။ ကောင်းကင်ဘုံသွေးမျိုးဆက်စွမ်းအားသည် ကြယ်များကြား ပျံ့နှံ့လေသည်။
ကောင်းကင်ဘုံသွေးမျိုးဆက်စွမ်းအားသည် ဖိအားတစ်ခုအဖြစ် ပြောင်းကာ သည်ဧရိယာကို ခြုံလွှမ်းလာသည်။
“ဝမ်လင်း…။ ငါတို့ကြားမှ ကြီးကြီးမားမား ရန်ငြှိုးမရှိဘူး။ နင် ဘာကြောင့်…”
ကောင်းကင်ဘုံအင်ပါယာ ကိုယ်လုပ်တော်၏စကားသည် ထက်ရှ၏။ သို့သော် သူမ၏စကားအဆုံးမသပ်နိုင်ခင်မှာပင် သူမအသံသည် နာကျင်စွာအော်သံအဖြစ်သို့ ပြောင်းလဲသွား၏။ သူမသည် ကောင်းကင်ဘုံမန္တာန်များ အသုံးပြုခြင်းကို လက်လျှော့ကာ နောက်သို့ အသည်းအသန် ဆုတ်၏။
သူမ ထိုသို့ ပြောလိုက်သည့်အတွက်ကြောင့် ဝမ်လင်း၏လက်ထဲတွင် အုပ်စိုးသူကို သတ်ပစ်ခဲ့သော လေး ပေါ်လာခဲ့ချေပြီ။
သူမ နောက်ဆုတ်လိုက်သည့်အခိုက်၌ ဝမ်လင်းသည် ရှေ့တိုးလာ၏။ သူက လက်ဝေ့ယမ်းလိုက်ရာ လေးသည် ပျောက်ကွယ်သွားသည်။ သူသည် ဒီလေးကို မပစ်လွှတ်ချင်ပေ။ သူက ၎င်းကို ထုတ်ယူလိုက်ခြင်းမှာ တဖက်လူများ သူတို့၏မန္တာန်များ ထုတ်ဖော် အသုံးမပြုရဲအောင်သာ ဖြစ်၏။
သည်အခိုက်တွင် ကောင်းကင်ဘုံအင်ပါယာကိုယ်လုပ်တော် နောက်သို့ ကြောက်လန့်တကြား ဆုတ်နေစဉ် ဝမ်လင်းက သူမထံ လက်ညွှန်ကာ အော်ပြောလိုက်၏။
ရပ်တန့်ခြင်း…။
စကားတစ်ခွန်းဖြင့်ပင် ကောင်းကင်ဘုံအင်ပါယာကိုယ်လုပ်တော်၏ ခန္ဓာကိုယ်သည် ရပ်တန့်သွား၏။ သို့သော် တဒင်္ဂမျှသာ ကြာသည်။ သူမသည် ကောင်းကင်ဘုံသွေးမျိုးဆက် ပိုင်ဆိုင်ထားသူ ဖြစ်၍ တခဏအတွင်း ရပ်တန့်ခြင်းမန္တာန်ကို ချိုးဖျက်နိုင်စွမ်း ရှိသည်။ သို့ပေမည့် ထိုမျှက ဝမ်လင်းအတွက် လုံလောက်လေပြီ။
ဝမ်လင်း နီးကပ်လာစဉ် သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေ၏။ အနက်ရောင်လေပြင်းများ ပေါ်လာကာ နဂါးနက်များအဖြစ်သို့ ပြောင်း၏။ အဆုံးအစမဲ့မိုးများ ရွာသွန်းလာပြီး ပုံရိပ်ယောင်မြေပြင်ထု ပေါ်လာကာ ကွဲကြေပျက်စီးသည်။ ၎င်းမှာ ပေဖန်၏ ကောင်းကင်ဘုံမန္တာန်များ ဖြစ်၏။
သို့ပေမည့် ထိုသည်မှာ အစပျိုးရုံသာ ဖြစ်ပြီး သည်ကောင်းကင်ဘုံမန္တာန်သုံးခုကို အသုံးပြုလိုက်ခြင်းသည် နောက်ဆုံးမန္တာန်ဖြစ်သော လနက်ကြယ်လင်သောကောင်းကင်ကို အသုံးပြုဖို့အတွက်ပင်။
ထိုမန္တာန်ပေါ်လာသည်နှင့် သွေးလတစ်စင်း ပေါ်လာ၏။ ၎င်း၏အရိပ်သည် ကောင်းကင်ဘုံအင်ပါယာကိုယ်လုပ်တော်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။
“လနက်ကြည်လင်သောကောင်းကင်…” ဝမ်လင်းသည် မာန်သွင်းလိုက်၏။ ထိုအခါ ကောင်းကင်ဘုံကိုယ်လုပ်တော်၏ မျက်နှာထက်တွင် လအမှတ်အသားတစ်ခု ပေါ်လာသည်။ သူမထံမှ စူးစူးရှရှအော်သံ ထွက်ပေါ်လာပြီး သူမ၏လှပသောမျက်နှာမှာ ပွင့်ဟသွားသည်။ သူမသည် လှည့်၍ ဝမ်လင်းကို ရက်စက်လိုဟန် ကြည့်သည်။ သူမသည် ထွက်ပြေးခြင်းကို လက်လျှော့ကာ ဝမ်လင်းထံ ပြေးဝင်လာတော့၏။
ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်၏။ သူတို့၏ခန္ဓာကိုယ်နှစ်ခုမှာ ထိပ်တိုက်တွေ့သည်။ သူတို့၏မန္တာန်များ ထိပ်တိုက်တွေ့သည်။ သို့သော် ကောင်းကင်ဘုံအင်ပါယာကိုယ်လုပ်တော်၏ ခန္ဓာကိုယ်မှာ နောက်သို့ လွင့်ထွက်သွားသည်။ သူမ၏မျက်နှာမှာ သေလောက်အောင် ဖြူရောသွားပြီး သွေးအန်ထွက်သည်။
ဝမ်လင်းကလည်း နောက်ဆုတ်၏။ သူလည်း သွေးအန်လိုက်ရသည်ပင်။ သို့ပေမည့် သူသည် ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရပြီးနောက် ရှေ့သို့ တဖန် တိုးဝင်လာ၏။ သူက ညာလက်ကို ပင့်မြှောက်ကာ မာန်သွင်းဟစ်အော်သည်။ စစ်စိတ်ဝိညာဉ်လက်ဝါး ပေါ်လာ၏။
ဧရာမလက်ဝါးချက်က ပေါ်လာသည်နှင့် ကောင်းကင်ဘုံအင်ပါယာကိုယ်လုပ်တော်ထံ တရှိန်ထိုး ဝင်ရောက်လာ၏။
ကောင်းကင်ဘုံအင်ပါယာကိုယ်လုပ်တော်၏ အမူအရာသည် ကြီးစွာ ပြောင်းလဲသွား၏။ သူမသည် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ ကောင်းကင်ဘုံစွမ်းအင်များကို အလျင်အမြန် စုစည်းသည်။ ဝိုးတဝါးအရိပ်တစ်ခု သူမ၏ရှေ့တွင် ပေါ်လာ၏။ ထိုအရိပ် ပုံစံအသွင် မဖွဲ့တည်ခင်မှာပင် ဝမ်လင်း၏အသံက သူမ၏နားထဲ ဝင်ရောက်လာ၏။
“အင်မောတယ်ကောင်းကင်ဘုံကုန်းမြေရဲ့ ကျင့်ကြံသူ၊ တာအိုခုနစ်ခုကလန်ရဲ့ ကလန်ခေါင်းဆောင်ရဲ့ ကိုယ်လုပ်တော်။ ငါ အရာအားလုံးကို မသိဘူးလို့ နင် ထင်နေတာလား…”
ထိုအမှန်တရား ဖွင့်ဟပြောလိုက်ချိန်၌ ကောင်းကင်ဘုံအင်ပါယာကိုယ်လုပ်တော်၏ မန္တာန်သည် ခဏတာ တုန့်ဆိုင်းသွား၏။ သူမ၏မျက်လုံးထဲတွင် မယုံကြည်နိုင်မှုတို့ ပြည့်လာ၏။ သူသည် ဝမ်လင်းက ထိုအကြောင်းအရာများကို သိနေလိမ့်မည်ဟု မမျှော်လင့်ထားမိခဲ့ပေ။
ထိုစဉ် ဝမ်လင်း၏လက်၌ သွေးအလင်း လင်းလက်သွားပြီး သွေးဓား ပေါ်လာ၏။ ဝမ်လင်းက သူ့လက်ကို ပင့်မြှောက်ကာ ခုတ်ပိုင်းချလိုက်သည်။
***