ပြတ်ပြတ်သားသားတိုက်ပွဲ(၃)
Vol. 124 Ch. 1711
ဝမ်လင်းသည် သတ်ဖြတ်သည့်အခါ၌ ကိုယ်ပိုင်အစီအစဉ်များ အမြဲ ရှိပေ၏။ ထိုအစီအစဉ်များသည် အံ့အားသင့်ဖွယ် မကောင်းလှသော်လည်း သေရေးရှင်ရေး အချိန်တိုအတွင်း၌ အမြဲတမ်း အလုပ်ဖြစ်ပေသည်။
အထူးသဖြင့် သူ၏ အချိန်ကိုက်စွမ်းရည်မှာ နောက်တစ်ဆင့်သို့ ရောက်နေလေ၏။ ဥပမာ ကောင်းကင်ဘုံအင်ပါယာကိုယ်လုပ်တော်က သူမ၏ ကောင်းကင်ဘုံသွေးမျိုးဆက်မန္တာန်ကို အသုံးပြုတော့မည့်အခါ၌ ဝမ်လင်းသည် လီကောင်း၏လေးကို ချက်ခြင်း ထုတ်ဖော်ခဲ့သည်။
ထိုလေး ထွက်ပေါ်လာသည့်အခါ ကောင်းကင်ဘုံအင်ပါယာကိုယ်လုပ်တော်သည် ထိုမန္တာန် ချခင်းခြင်းကို လက်လျှော့ကာ အလန့်တကြား ပြေးခဲ့ရသည်။ ကောင်းကင်ဘုံအင်ပါယာကိုယ်လုပ်တော်သည် ဝမ်လင်းက နောက်ထပ်မြားတစ်စင်း ပစ်လွှတ်မည်၊ မပစ်လွှတ်မည်အပေါ် မသေချာခဲ့ပေ။
ထို့နောက် စစ်စိတ်ဝိညာဉ်လက်ဝါးဖြင့် သူမ၏ အကန့်အသတ်ထိ တွန်းပို့ခဲ့ကာ သူမ ကောင်းကင်ဘုံသွေးမျိုးဆက်မန္တာန်ကို ထပ်မံ အသုံးပြုတော့မည့်အခါ၌ ဝမ်လင်းက စကားဖြင့် သူမကို တုန်လှုပ်စေခဲ့ပြန်သည်။
ထိုစကားက ကောင်းကင်ဘုံအင်ပါယာကိုယ်လုပ်တော်ကို တခဏ တန့်သွားစေခဲ့သည်။ သို့ပေမည့် ကျင့်ကြံသူများအတွက် ထိုတဒင်္ဂသည် အမှားကြီးတစ်ခု ဖြစ်၏။
ကောင်းကင်ဘုံအင်ပါယာကိုယ်လုပ်တော် တုန်လှုပ်ကာ ဟန့်သွားစဉ် စစ်စိတ်ဝိညာဉ်လက်ဝါး နီးကပ်လာ၏။ တစ်ချိန်တည်းမှာ ဝမ်လင်းက သွေးဓားဖြင့် ခုတ်ပိုင်းလိုက်သေးသည်။ အဖြစ်အပျက်များမှာ မြန်ဆန်လှချေ၏။ ကြောက်မက်ဖွယ် တုန်ဟည်းသံပဲ့တင်ထပ်၏။ စစ်စိတ်ဝိညာဉ်လက်ဝါး ကျရောက်သွားစဉ် သွေးဓားက ခုတ်ပိုင်းလိုက်ပြီးပင်။ ယင်းက ကောင်းကင်ဘုံအင်ပါယာကိုယ်လုပ်တော်အတွက် သေရေးရှင်ရေး ဖြစ်သွားသည်။ သူမ၏အော်သံသည် တဖြည်းဖြည်း မှိန်ဖျော့သွားကာ ခန္ဓာကိုယ် တုန်ယင်ပျက်စီးလေ၏။ ထို့နောက် သူမ၏စိတ်ဝိညာဉ်ပါ ဖျက်စီးခံလိုက်ရသည်။
ဝမ်လင်းသည်လည်း သွေးအန်လိုက်ရ၏။ သူမ သေဆုံးတော့မည့်အခိုက်၌ သူမ၏ သွေးမျိုးဆက်မန္တာန်က ပြီးပြည့်စုံသွားခဲ့၏။ ၎င်းကို စစ်စိတ်ဝိညာဉ်လက်ဝါးက ခြုံလွှမ်းထားသော်လည်း ၎င်း၏စွမ်းအားက ဝမ်လင်း၏ခန္ဓာကိုယ်ထဲ ဝင်ရောက်လာခဲ့သည်။
ထိုအခါ ဝမ်လင်း၏ခန္ဓာကိုယ်သည် တုန်ယင်လျက် သွေးအန်ကာ နောက်ထပ် ပေတစ်ထောင်ထိ ဆုတ်သွားရ၏။
သူသည် သူကိုယ်တိုင် ဒဏ်ရာရစေကာ လူတစ်ယောက်ကို သတ်နိုင်ခဲ့၏။ သို့သော် ၎င်းမှာ ထိုက်တန်ပေသည်။
သူ ကောင်းကင်ဘုံအင်ပါယာကိုယ်လုပ်တော်ကို သတ်ဖြတ်လိုက်ချိန်၌ အတွင်းနှင့်အပြင်နယ်မြေကြား သတ်ဖြတ်ပွဲက သွေးမြစ်တစ်စင်း ဖြစ်ပေါ်သည့်အထိ ရောက်နှင့်နေခဲ့ပြီးပင်။ သတ်သံဖြတ်သံများ၊ အော်ဟစ်သံများ ကြယ်များကြား၌ ပဲ့တင်ထပ်နေ၏။
ဝမ်လင်းက သွေးအန်လျက် နောက်ဆုတ်ရသည်။ သူသည် သူ့ခန္ဓာကိုယ်ကို ဟန်ချက်ထိန်းလိုက်စဉ် အန္တရာယ်ကို ရုတ်တရက် ခံစားမိလိုက်၏။ ဝမ်လင်းက ထိုအန္တရာယ်ကို ရှောင်လိုက်ရာ ဓားစွမ်းအင်တန်းတစ်ခု ဖြတ်ကျော်သွားသည်ကို မြင်လိုက်ရသည်။ ထိုဓားစွမ်းအင်တန်းက ကြယ်များကြား ပျံ့နှံ့သွားရာ ဧရာမဟင်းလင်းပြင်အက်ကြောင်းတစ်ခုကို ဖွင့်ဟသွားသည်။
ဝမ်လင်းကို အသေသတ်ရာ၌ ပါဝင်ခဲ့ဖူးသည့် ဝတ်စုံနက်အဘိုးအိုက ဝမ်လင်း ဒဏ်ရာရသွားသည်ကို အခွင့်ကောင်းယူကာ အလစ်တိုက်ခိုက်လိုက်ခြင်းပင်။ ထိုအဘိုးအိုသည် ဓားတစ်လက်ကို ဆုပ်ကိုင်ထား၏။ ဓားစွမ်းအင်တန်းက သူ့ထံ တရှိန်ထိုး ဝင်ရောက်လာသည်။
“သူ ဒဏ်ရာရသွားပြီ။ အခု သူ့ကို သတ်ဖို့ အကောင်းဆုံးအခွင့်အရေးပဲ…”
ဝမ်လင်း၏မျက်လုံးထဲ၌ အေးစက်မှု ပြည့်လာ၏။ သူက ချက်ခြင်း နောက်ဆုတ်သည်။ သူ၏ခန္ဓာကိုယ်သည် အနက်ရောင်အခိုးအငွေ့အဖြစ်သို့ ပြောင်းကာ အတွင်းနယ်မြေနှင့် ဆန့်ကျင်တိုက်ခိုက်နေသော ပြင်ပနယ်မြေအုပ်စုထံသို့ နောက်ဆုတ်သွားသည်။
မြူအသွင်သူ့ခန္ဓာကိုယ်သည် ပြင်ပနယ်မြေရှိ ကျင့်ကြံသူများထံ ခြုံလွှမ်းသွား၏။ နာကျင်စွာအော်ဟစ်သံများ ပဲ့တင်ထပ်ကာ ထိုမြူများ လမ်းကြောင်းတစ်လျှာက်တွင် အလောင်းများသည် အသက်ဓာတ်ခမ်းခြောက်ကာ အသွေးအသားများ ဖြည်းဖြည်းချင်း ပြန့်ကြဲသွားသည်။
ဝတ်ရုံနက်အဘိုးအို၏ မျက်လုံးထဲရှိ သတ်ဖြတ်လိုစိတ်မှာ ပို၍ အားကောင်းလာ၏။ သူက ဝမ်လင်းနောက်သို့ လိုက်လာနေသည်။
ဝမ်လင်းသည် မြူအဖြစ်ပြောင်း၍ မြန်ဆန်စွာ နောက်ဆုတ်နေ၏။ ထိုမြူနှင့် ထိမိသော ပြင်ပနယ်မြေမှ ကျင့်ကြံသူများသည် ဆိုးဆိုးဝါးဝါးသေဆုံးကုန်သည်။ အသက်ရှုစာအနည်းငယ်အချိန်အတွင်း ပြင်ပနယ်မြေမှ ကျင့်ကြံသူထောင်ချီ သေဆုံးသွားရ၏။
ထိုအခိုက်တွင် ဝတ်ရုံနက်အဘိုးအိုသည် ပိုမြန်ဆန်စွာ ရွှေ့လျားလာ၏။ ခြေတစ်လှမ်းဖြင့် သူသည် မြူအသွင်ပြောင်းထားသော ဝမ်လင်းနား နီးကပ်လာ၏။ ထို့နောက် သူ့ဓားကို ပင့်မြှောက်ကာ ခုတ်ပိုင်းချလိုက်သည်။
ကြောက်မက်ဖွယ်ဓားစွမ်းအင်တန်း ပေါ်လာ၏။
ဓားစွမ်းအင် နီးကပ်လာစဉ် မြူသည် မြန်ဆန်စွာ ကြုံ့၍ ဝမ်လင်း၏ခန္ဓာကိုယ် ပြန်ပေါ်လာ၏။ ပြင်ပနယ်မြေမှ ကျင့်ကြံသူများစွာကို ဝါးမြိုပြီးနောက် သူ၏ဒဏ်ရာအများစုမှာ ပြန်ကောင်းမွန်လာ၏။
သူ၏ခန္ဓာကိုယ် ပြန်ဖွဲ့စည်းစဉ်၌ ဝမ်လင်း၏မျက်လုံးထဲတွင် အေးစက်မှု လှစ်ခနဲ ဖြတ်ပြေးသွားသည်။ အဘိုးအို နီးကပ်လာစဉ် ဝမ်လင်းက သူ့ညာလက်ကို ပင့်မြှောက်လိုက်၏။
“ကံမ္မအစီအရင်…” ထိုသို့ဖြင့် ကံမ္မအစီအရင်ကြောင့် ဖြစ်ပေါ်လာသော မလှုပ်မယှက်ကံမ္မဘီးသည် ဝမ်လင်း၏ရှေ့တွင် ပေါ်လာ၏။ ဝမ်လင်းက ၎င်းကို တွန်းထုတ်လိုက်ရာ ထိုဧရာမကံမ္မာဘီးသည် ရှေ့သို့ ပျံသန်းသွားကာ အဘိုးအိုခုတ်ပိုင်းလိုက်သော ဓားချက်နှင့် ထိပ်တိုက်တွေ့သည်။
ကျယ်လောင်စွာ မြည်ဟည်းသံ ပဲ့တင်ထပ်၏။ အဘိုးအို၏ဓားစွမ်းအင်သည် ပြန့်ကြဲသွား၏။ သူသည် သွေးအန်ကာ နောက်ဆုတ်လိုက်ရသည်။ ကံမ္မအစီအရင်မှာလည်း ပျက်စီးကာ တစစီဖြစ်သွား၏။ သို့ပေမည့် ထိုအစီအရင် ဆုံးရှုံးမှုက ဝမ်လင်း၏စိတ်နှလုံးကို မနာကျင်စေပေ။ ဝမ်လင်း၏မျက်လုံးထံမှ ဆန်းကြယ်သောအလင်းတစ်ခု လှစ်ဟပေါ်၏။ သူက စတင်ရယ်မောသည်။ ထို့နောက် သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေသည်။ သူ့ညာလက်သီးကို ဆုပ်ကာ ဝေ့ယမ်းလိုက်လေ၏။
“ကံမ္မအစီအရင်…ပုံစံဖြစ်ပေါ်စေ…။ မင်းရဲ့ ဓားဟာ ငါ့ကံမ္မအစီအရင် ဖြစ်စေတဲ့ ကံမ္မအကြောင်းရင်း။ တစစီဖြစ်သွားတဲ့ဘီးဟာ ကံမ္မအကျိုးဆက်…။ ကံမ္မအစီအရင် ပွင့်ဟစေ…” ဝမ်လင်းသည် သူ့လက်ကို ဝေ့ယမ်းလိုက်ရာ ပြန့်ကြဲသွားသော ကံမ္မအစီအရင်သည် ဗရမ်းဗတာအခိုးအငွေ့များအဖြစ် ပြောင်းလဲကာ သည်ဧရိယာကို ခြုံလွှမ်း၏။ ကံမ္မအခိုးအငွေ့အမျှင်တန်း ငါးသောင်းကျော် ရှိလေ၏။
ထိုအမျှင်တန်းတစ်ခုစီသည် အဘိုးအိုထုတ်လွှတ်လိုက်သော ဓားစွမ်းအင်ထံ တိုးဝင်လာ၏။ ထို့အတွက် ဓားစွမ်းအင်တန်းငါးသောင်းကျော် ပေါ်လာသည်။ ယင်းကား ကံမ္မအစီအရင် ဖြစ်၏။
ဝမ်လင်းက သူ့လက်ကို ဝေ့ယမ်းလိုက်ရာ ကံမ္မအစီအရင်ကြောင့် ဖြစ်ပေါ်လာသော ဓားစွမ်းအင်သည် ပြင်ပနယ်မြေကျင့်ကြံသူများထံ ပြန့်ကြဲသွား၏။ နာကျင်ထိတ်လန့်စွာ အော်သံများ ပဲ့တင်ထပ်သွား၏။ ချက်ခြင်းပင် ဓားစွမ်းအင်တန်းငါးသောင်းကျော်သည် ပြင်ပနယ်မြေ ကျင့်ကြံသူငါးသောင်းကျော်ကို သတ်ဖြတ်လိုက်လေပြီ။
သူတို့၏သေဆုံးခြင်းက ဟင်းလင်းပြင်ကို အနီရောင်စွန်းထင်းသွားစေသည်။
“ကောင်းကင်ဘုံအင်ပါယာကိုယ်လုပ်တော်ဟာ သတ်ဖို့ ခက်ခဲတယ်။ ဒါပေမဲ့ မင်းလို ဆန်းကြယ်လေဟာနယ်အစောပိုင်းအဆင့် တစ်ယောက်ကို သတ်ဖို့ကတော့ လွယ်လွယ်လေးပဲ…” ဝမ်လင်းသည် ပျက်စီးသွားသော ကံမ္မအစီအရင်ကို ဖြတ်ကျော်လှမ်းကာ အဘိုးအိုထံ တိုးဝင်လာသည်။
“ဘယ်လက်ဟာ ရှင်ခြင်း၊ ညာလက်ဟာ သေခြင်း၊ သေခြင်းရှင်ခြင်းချိပ်ဟန်…” ဝမ်လင်းသည် အဘိုးအိုထံ နီးကပ်လာပြီး အဘိုးအို အသုံးပြုရန် ကြိုးစားနေသော မန္တာန်များကို လုံးဝ လစ်လျူရှုထား၏။ သူ့ဘယ်လက်ကို ဖိနှိပ်ချ၏။ သူ့ညာလက်က ကပ်ပါလာသည်။ သေခြင်းရှင်ခြင်းအော်ရာသည် အဘိုးအို၏ခန္ဓာကိုယ်နှင့် ထိမိကာ ကျယ်လောင်စွာ မြည်ဟည်းသံ ပဲ့တင်ထပ်သည်။
အဘိုးအိုသည် သွေးအန်ကာ နောက်သို့ ဆုတ်ရ၏။ သူ၏အမူအရာမှာ ကြမ်းကြုတ်နေသည်။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ထုတ်ဖော်ကာ မန္တာန်တစ်ခုကို အသုံးပြုရန် အစပြုသည်။ သို့သော် ဝမ်လင်းသည် ထိုအခြင်းအရာတို့ကို မမြင်သည့်အလား။ သူက မျက်လုံးမှိတ်လိုက်၏။ သည်အခိုက်တွင် လောကမှာ အတုအယောင် ဖြစ်သွားသည်။
သူ မျက်လုံးမှိတ်လိုက်သည့်အခိုက်တွင် သူသည် ရှေ့သို့ မြန်ဆန်စွာ တိုးလာကာ အဘိုးအို၏မန္တာန်များကို ဖြတ်ကျော်လာသည်။ သူသည် အဘိုးအို၏ရှေ့သို့ ရောက်လာသည့်အခါ သူ့ညာလက်ဖြင့် အဘိုးအို၏ရင်ဘက်ပေါ် ဖိရိုက်ချသည်။ သူ့လက်ချောင်းများကို လက်သီးအသွင် ပြန်ဆုတ်ကာ နောက်ပြန်ဆွဲယူသည်။
“ကံမ္မလက်ဝါးချက်…”
ကျယ်လောင်စွာ ပေါက်ကွဲသံ မြည်ဟည်းသွား၏။ အဘိုးအိုသည် နာကျင်စွာ အော်ဟစ်လိုက်ရကာ နောက်ဆုတ်သည်။ အဘိုးအို၏အနှစ်သာရ အစိတ်အပိုင်းတစ်ခုမှာ ဝမ်လင်း၏ ထုတ်နှုတ်ခြင်း ခံလိုက်ရသည်။ သည်အခိုက်တွင် ဝမ်လင်းသည် မျက်လုံးပြန်ဖွင့်လာ၏။ သူ့ညာလက်ဖြင့် ညှစ်ချေလိုက်ရာ အဘိုးအို၏အနှစ်သာရအစိတ်အပိုင်းသည် ကြေမွသွားသည်။
ထိုအဘိုးအိုသည် နောက်ဆုတ်နေစဉ် ဝမ်လင်းက သူ့ဘယ်လက်ကို ဝေ့ယမ်း၍ သူ၏သိုလှောင်နေရာလွတ်ကို ဖွင့်လှစ်သည်။ သူက ခုနစ်ရောင်စုံလက်သည်းများကို ဖမ်းဆုပ်ကိုင်ကာ ဝေ့ယမ်းလိုက်သည်။
ထိုခုနစ်ရောင်စုံလက်သည်းများသည် အံ့မခန်းနှုန်းဖြင့် ရွှေ့လျားကာ ထိုအဘိုးအို၏ရင်ဘက်ပေါ်သို့ စိုက်သွား၏။ အဘိုးအို၏မျက်လုံးထဲတွင် ကြောက်ရွှံ့မှု ပြည့်နှက်လာကာ သူ၏ပါးစပ်ထောင့်မှ သွေးများ စီးကျလာသည်။ ထိုအဖြစ်က သူ့ကို ပိုမြန်ဆန်စွာ ဆုတ်သွားစေသည်။
ဝမ်လင်း နောက်ကလိုက်မည့်အချိန်တွင် သတ်ဖြတ်ခြင်းဆန္ဒအလင်းတန်းတစ်ခု နီးကပ်လာ၏။ အပြာရောင်ဝတ်ရုံဖြင့် နောက်ထပ် ကောင်းကင်ဘုံကိုယ်လုပ်တော်တစ်ယောက်သည် နီးကပ်လာသည်။ သူမကို အပြာရောင်အလင်းက ခြုံလွှမ်းထား၏။ သူမ နီးကပ်လာချိန်၌ အပြာရောင်ဖဲကြိုးစတစ်ခုသည် ဝမ်လင်းထံ တရှိန်ထိုး ဦးတည်လာသည်။
ထိုအမျိုးသမီး၏နောက်တွင် ချင်းလင်သည် မြန်ဆန်စွာ လိုက်ပါလာသည်။ သူတို့သုံးယောက်သည် အစောပိုင်းတုန်းက တိုက်ခိုက်နေသည်မှာ သိသာ၏။ သို့သော် ကောင်းကင်ဘုံအင်ပါယာကိုယ်လုပ်တော်သည် သူတို့၏တိုက်ခိုက်မှုကနေ ထွက်လာပြီး ဝမ်လင်းနောက် လိုက်လာခြင်းပင်။
ပိုဝေးသောနေရာ၌ ဆင့်ခေါ်ခြင်းမြစ်မှ ခရမ်းရောင်ဝတ်စုံနှင့်အမျိုးသမီးသည် နတ်ဆိုးတစ်ပါးအလား ရှိနေ၏။ သူမသည် နိဗ္ဗာနလေဟာနယ်အဆင့် တော်တော်များများကို သတ်ပစ်ခဲ့ပြီး ဖြစ်၏။ သူမသည် နောက်ဆုံးနှစ်ယောက်နှင့် တိုက်ခိုက်နေသည်။
ပြင်ပနယ်မြေမှ ဆန်းကြယ်လေဟာနယ်အဆင့် အဘွားအိုက သူမနှင့် တိုက်ခိုက်နေ၏။ ကောင်းကင်ဘုံအင်ပါယာကိုယ်လုပ်တော်သုံးယောက်မှ နောက်ဆုံးတစ်ယောက်သည် အရှင်ဟုန်ရှန်နှင့် တိုက်ခိုက်နေသည်။ အရှင်ဟုန်ရှန်မှာ သူမကို မယှဉ်သာသည်မှာ ထင်ရှား၏။ သူသည် နောက်သို့ ဆက်တိုက် ဆုတ်နေရသည်။
အကွာအဝေးတစ်ခု၌ အတွင်းနယ်မြေမှ ကျင့်ကြံသူများစွာသည် သေဆုံးကုန်ကြသည်။ သို့သော် ပြင်ပနယ်မြေမှ ကျင့်ကြံသူ တစ်သိန်းကျော်လည်း သေဆုံးခဲ့ကြပြီး ဖြစ်၏။ သတ်သံဖြတ်သံများသည် အလုံးစုံကောင်းကင်အနှံ့ ပဲ့တင်ထပ်နေသည်။
ဝမ်လင်းသည် ရုတ်တရက် လှည့်၏။ သူ၏မျက်လုံးထဲတွင် ရူးသွပ်မှု ပေါ်လာသည်။ ပြင်ပနယ်မြေမှ ဆန်းကြယ်လေဟာနယ်အဆင့် ကျင့်ကြံသူများသည် မသေဆုံးသေးပါက သည်တိုက်ပွဲမှာ အဆုံးသပ်မည် မဟုတ်သေးပေ။ သူ လှည့်ကြည့်လိုက်သည့်အခိုက်တွင် သူ၏ရှေးဟောင်းနတ်ဘုရားကြယ်များ လင်းလက်သွား၏။ အင်ပါယာမီးပြင်းဖို ပေါ်လာသည်။ ၎င်း ပေါ်လာသည်နှင့် ၎င်းသည် ဝတ်ရုံနက်အဘိုးအို၊ ကောင်းကင်ဘုံအင်ပါယာကိုယ်လုပ်တော်တို့ အပါအဝင် ပတ်ဝန်းကျင်ဧရိယာကို ဖုံးလွှမ်းသည့်အထိ ချဲ့ကားသွားလေ၏။
အင်ပါယာမီးပြင်းဖိုသည် ညင်သာသောအလင်းကို ထုတ်လွှတ်၍ ချင်းလင်ကို တွန်းထုတ်၏။ တစ်ချိန်တည်းမှာ ၎င်းက ဝတ်ရုံနက်အဘိုးအိုနှင့် ကောင်းကင်ဘုံအင်ပါယာကိုယ်လုပ်တော်တို့ကို ဝါးမြိုပြီးနောက် ရုတ်ချည်း ကြုံ့သွားလေသည်။
ကျယ်လောင်စွာ တုန်ဟည်းသံများ အင်ပါယာမီးပြင်းဖိုထံမှ ထွက်ပေါ်လာသည်။ ၎င်းသည် ဝတ်ရုံနက်အဘိုးအိုနှင့် ကောင်းကင်ဘုံအင်ပါယာကိုယ်လုပ်တော်တို့ကို ဝါးမြိုခဲ့သော်လည်း ယင်းနှစ်ယောက်ကို သန့်စင်ပစ်ဖို့မှာ အလွန်ခက်ခဲလှ၏။ မိုးကြိုးပစ်သံတမျှ ကျယ်လောင်သံများ ပဲ့တင်ထပ်နေရင်း ၎င်းသည် အင်ပါယာမီးပြင်းဖို ချိုးဖျက်ခံရမည့်အလား ခံစားချက်ကို ပေးစွမ်းသည်။
ဝမ်လင်း၏ခန္ဓာကိုယ် ရွှေ့လျားသွားကာ သူသည် အင်ပါယာမီးပြင်းဖိုထိပ်၌ ထိုင်ချလိုက်၏။ ထို့နောက်
အင်မောတယ်ခန္ဓာကိုယ်မှ ဖြစ်ပေါ်လာသော ရွှေရောင်သွေးစက် ပျံသန်းထွက်လာသည်။ သူက ၎င်းသွေးစက်ကို ထိုအင်ပါယာမီးပြင်းဖိုပေါ် ဖိနှိပ်လိုက်၏။ ထိုအခါ မီးပြင်းဖိုသည် ကြောက်မက်ဖွယ်ရွှေရောင်အလင်းကို ထုတ်လွှတ်လာသည်။
ကောင်းကင်ဘုံသွေးမျိုးဆက်နဲ့ ရှေးဟောင်းသွေးမျိုးဆက်၊ ဒီနှစ်ခုကို အင်ပါယာမီးပြင်းဖိုထဲ ငါ ပေါင်းစပ်ပြီး သင်တို့နှစ်ယောက်ကို နှစ်ပေါင်းတစ်သန်းကြာ ချိပ်ပိတ်တယ်…” ဝမ်လင်းသည် သူ၏အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်ကာ သူကိုယ်တိုင်ဖန်တီးထားသော အချိန်စီးဆင်းခြင်း ပေါ်လာ၏။ ၎င်းသည် ဧရာမကျောက်တံခါးချပ်အဖြစ်သို့ ပြောင်းကာ အင်ပါယာမီးပြင်းဖိုပေါ်သို့ ဖိနှိပ်သွားသည်။
ထိုကျောက်တံခါးပေါ်လာသည့်အခါ အချိန်သည် မြန်ဆန်စွာ စီးဆင်းသွားသည်။ ဝမ်လင်း၏ ခုလက်ရှိ ကျင့်ကြံမှုအဆင့်ဖြင့် သူသည် အချိန်ကို အဆုံးအဆမဲ့ စီးဆင်းအောင် လုပ်နိုင်စွမ်း ရှိပေသည်။
ဝမ်လင်းသည် အင်ပါယာမီးပြင်းဖို ထိပ်တွင် ထိုင်နေရင်း သူ့နှဖူးထက်၌ ချွေးများ ပြန်လာ၏။ သူ၏မျက်လုံးမှာ ချင်းချင်းနီရဲနေသည်။ သူက မာန်သွင်းလိုက်လေ၏။
“စီနီယာချင်းလင်၊ အရှင်ဟုန်ရှန်၊ ဆင့်ခေါ်ခြင်းမြစ်က စီနီယာ…။ သင်တို့သုံးယောက် ငါ သေခြင်းရှင်ခြင်း၊ အမှန်အမှားအစီအရင် ချခင်းဖို့အတွက် လုံလောက်တဲ့အချိန်ရအောင် နောက်ဆုံးကျန်တဲ့ ဆန်းကြယ်လေဟာနယ်အဆင့် ကျင့်ကြံသူနှစ်ယောက်ကို ထိန်းထားပေးပါ…”
သူတို့သုံးယောက်သည် ခေါင်းညိတ်လိုက်ကြ၏။ သူတို့သည် ကျန်သည့်ဆန်းကြယ်လေဟာနယ်အဆင့် ကျင့်ကြံသူနှစ်ယောက်ကို တားဆီးထားရန် အတူတူ လုပ်ဆောင်ကြ၏။ ထို့ကြောင့် ထိုနှစ်ယောက်သည် ဝမ်လင်းကို အနှောက်အယှက် မပေးနိုင်တော့ပေ။
ဝမ်လင်းက သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေသည်။ သူ၏မျက်လုံးထဲတွင် ရူးသွပ်မှု ပြည့်နှက်လာသည်။ သည်တိုက်ပွဲက ခုနစ်ရောင်စုံတာအိုသခင်နှင့် တစ္ဆေအိုကြီးကျန့်တို့ကြား ကစားပွဲတစ်ခု ဖြစ်လေ၏။ သူတို့သည် တခုခုသောရည်ရွယ်ချက်အတွက် သည်လိုလုပ်ဆောင်နေခြင်း ဖြစ်ရမည်။
သည့်နောက်တွင် ဝမ်လင်းသည် ဒီတိုက်ပွဲကို အဆုံးသပ်ဖို့ ပြင်ပနယ်မြေမှ ကျင့်ကြံသူများကို သတ်ဖြတ်ခြင်းအပေါ် စိတ်ထဲမထားတော့ပေ။ သူက ထိုနှစ်ယောက် မည်သည့်အရာကို ရှာဖွေနေသည်ကို အတိအကျ သိမြင်ချင်၏။
***